Friday, August 1, 2014

လင်မုဆိုး မယားသောတပန်


မောင်လေး ညီမလေးတို့ရေ ... ကိုယ်ချင်းစာတရား အကြောင်း ပုံပြင်တစ်ပုဒ်ပါ ....
မောင်လေးညီမလေးတွေ သိလွယ် နားလည်လွယ် စိတ်ဝင်စားအောင် ... ဇတ်လမ်းလေးလို ရေးပေးထားတာပါ ... ရဟန္တာမတွေအကြောင်းလိုမျိုးလေးလေ ...

★ ★ ဟော .... မောင်ကြီး … ပြန်လာပြီလား … မောလာလားမောင်ကြီး ရယ် ရေအေးအေးလေး သောက် လိုက် ပါအုန်း …….

အော်… ဒီနေ့သားကောင်ကြီး ရခဲ့တာပဲ …. မောင်ကြီးခနနားအုန်းနော် … နှမ အသားတွေ ကိုင်ပြီး မနက် ရွာထဲမှာသွားရောင်းဖို့ ပြင် လိုက်အုန်းမယ် …..

ဟူးး … တောဝက်ရလာတယ် ရှင်မရေ … တော်တော်လေးတဲ့ကောင်ကြီးကွာ … မနဲထမ်းလာ ရတယ် … ကဲ ကဲ ရှင်မ လုပ်စရာရှိတာသွားလုပ်ချေတော့ ….

✔ ✔ မိန်းမရွယ် … အိမ်အောက်ဆင်းသွားပြီး ကွပ်ပစ်ပေါ်မှာတင်ထားတဲ့ …. ဟင်းစားကို … စတင် လှီးဖြတ်နေခဲ့ပါတယ် ….

★ ★ ဟင်း …. စိတ်မချမ်းသာလိုက်တာ … မောင်ကြီးကို သနားလိုက်ပါဘိ …. ဒီလောက် စိတ် သဘော ထား ဖြူစင်တဲ့မောင်ကြီးဟာ … သားကောင်တွေ သတ်ဖြတ်ရောင်းစား ၀မ်းစာ ရှာလို့ အပါယ် လေးဘုံ ကို ကျိန်းသေသွားရတော့မယ် ..

ငါဟာ ဒါတွေကို သိရက် မြင်နေရက် … ငါ့ခင်ပွန်းကိုမကယ်နိုင်တာ … သိတ်ဆိုးတာပဲ …ငါဟာ သူ့အတွက်မိန်းမကောင်း မိန်းမမြတ် မဟုတ်တော့ဘူး …

ခက်တာက သူ့အသက်သတ် ၀မ်းစာ ရှာတဲ့ အလုပ်ကို စွန့်လွှတ်ဖို့ ပြောတာလဲ ဘယ်လိုမှပြောလို့မရဘူး ….

မောင်ကြီးကို ဘုရားရှင်နဲ့ တစ်ကြိမ် တစ်ခါလောက် တွေ့စေချင် လိုက်တာ … တစ်ကြိမ် ထဲတွေ့ပြီး ဘုရားရှင်ရဲ့ တရားကို … ကျမမောင်ကြီးကို ခနလေးဖြစ်ဖြစ် ကြားနာ ခိုင်းလိုက်ရရင် … ကျမ သေပျော် ပါပြီ ရှင်….

✔ ✔ သူမကတော့ ….. ဗုဒ္ဓရဲ့တရားကို နာယူခဲ့ရပြီး သောတပန်ဖြစ်နေတဲ့ အမျိုးသမီးပေါ့ … သောတပန် ဆိုတာ အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိ မရှိတော့ဘဲ ရတနာသုံးပါးကို ယုံမှားသံသယ လုံးဝ မရှိ တော့တဲ့ သူပေါ့…

သို့သော် ကိလေသာ မကုန်သေးတဲ့အတွက် မုဆိုးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက် ရတာ ကတော့ ရှေးရေးစက်ကြောင့်ပါ …..

ဒီလိုပါ …. ကဿပ ဘုရှားရှင်လက်ထက်တော်အခါ က ဒီအမျိုးသမီးနဲ့ မုဆိုးဟာ … လင်မ ယား တော်ခဲဖူးပါတယ် …

ပြီးတော့ အလှူတွေလဲ အတူတူပြုခဲ့ဖူး ရေစက်ချလှူဒါန်းခဲ့ဖူး ကြတဲ့အတွက် … ဂေါတမ ဘုရားရှင် လက်ထက်တော်မှာ … ရှေးဘ၀ က ပြုခဲ့တဲ့ရေစက်ကြောင့် …. လင်မယား လာတော်ရတဲ့အပြင် … အတူတူ ကျွတ်တန်းဝင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ …

နှမ … ပင်ပန်းနေပြီလား … ဘာလိုလိုနဲ့ မောင်ကြီးတို့လက်ထပ်တာ ဆယ်နှစ် တင်းတင်း ပြည့်တော့ မယ် …. လာမယ့် လဆန်းရက်ဆို မောင်ကြီးတို့ ပေါင်းဖက်တာ ( ၁၀ ) နှစ် တင်းတင်းပြည့်ပြီ …. အဲ့ဒီနေ့ရောက်ရင် နှမ ဘာလိုချင်လဲ ဘာလုပ်ချင်လဲ မောင်ကြီးကိုပြော ... နှမဆန္ဒအားလုံးမောင်ကြီးဖြည့်ဆည်းပေးမယ် ….

★ ★ ဟင် …. တစ်ကယ်ပြောတာလားမောင်ကြီး … နှမဆန္ဒကို တစ်ကယ်ဖြည့် ဆည်းပေး မှာလားဟင် … ပျော်လိုက်တာမောင်ကြီးရယ် … ဘာပဲဖြစ်ဖြစ်လိုက်လျှော မယ် မဟုတ် လားမောင်ကြီး ….

ဒါပေါ့ချစ်နှမ …. နှမဆန္ဒရှိရာ ပြောသာပြောပါ ….

★ ★ ဒါဆိုရင်ဖြင့်မောင်ကြီးရယ် … အဲ့ဒီနေ့ရောက်တဲ့အခါ … အမဲလိုက်တာကိုနားပြီး … ဗုဒ္ဓဆီ သွား တရားချီးမြှင့်ဖို့တောင်းပန်ပြီး နှမအတွက် တရား တစ်ပုဒ်လောက် နာလာခဲ့ပေး ပါ မောင်ကြီးရယ် …

ဒီဆန္ဒကတော့ နှမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒပါပဲ … နော်မောင်ကြီး …

ဟင် …. ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်နော်နှမ … ကျုပ်က သူ့အသက်သတ်သူ … ဗုဒ္ဓက သူ့အသက်လွှတ်သူ … ဘယ်လိုမှမဖြစ်ပါဘူးကွာ …

★ ★ ဒီလိုဆိုရင်တော့ နှမ မောင်ကြီးဆီက တောင်းဆိုစရာ ဘာမှ မရှိတော့ပါဘူး … နှမ ဒီအခွင့် အရေး တစ်ခုရဖို့ စောင့်နေခဲ့တာ .. နှစ်များစွာကြာနေခဲ့ပါပြီ ….

မောင်ကြီးကို ဗုဒ္ဓဆီ သွားချင်စေချင်တာ … နှမဘ၀ရဲ့တစ်ခုတည်းသောဆန္ဒပါ … ဒီဆန္ဒပြည့်ဝ သွားရင် … နှမဘ၀ ပြီးပြည့်စုံ သွားပါပြီ မောင်ကြီးရယ် …

ဟင်း … ခက်တော့ခက်တယ် နှမ .. ကျုပ်ကလဲ တရားနာတာကို စိတ်ကမရှည်တတ် … မေတ္တာထားတယ်ဆိုတာလဲမသိ …

တောင်နဲ့မြောက်ဆန့်ကျင်နေတဲ့ သူနှစ်ဦးတွေ့ဖို့ဆိုတာ ..ဘယ်လိုဖြစ်နိုင်မှာလဲ …. အင်းလေ … နှမ ဒီလောက်ဆန္ဒ ပြင်းပြမှတော့ … ကျုပ်သွားပါ့မယ် .. ကတိပေးပါတယ် …

★ ★ ဟယ် …. ၀မ်းသာလိုက်တာ မောင်ကြီးရယ် … ကျမဘ၀ရဲ့ အပျော်ရွှင်ရဆုံးနေ့ဟာ ဒီနေ့ပါပဲ ….

✔ ✔ ဒီလိုနဲ့ …. သတ်မှတ်တဲ့ရက် ရောက်တဲ့အခါ … မုဆိုးကြီးဟာ …. မယားအလိုကျ ဘုရားထံသွားခဲ့ပါတယ် … အလုံးစုံကို သိမြင်တော်မူတဲ့ ဗုဒ္ဓဟာ စင်္ကြန် လျှောက်ရင်း အသင့်စောင့်တော်မူနေတာပေါ့ …ဘုရားရှင်ရှေ့မှောက်ရောက်တော့ … မုဆိုးကြီးက …

အရှင်ဘုရား … တပည့်တော် ဇနီးက တပည့်တော် ကို အရှင်ဘုရားထံ တစ်ခေါက် သွားပြီးတရားနာစေချင်တာ သူ့ဘ၀အတွက် တစ်ခုတည်းသောဆန္ဒလို့ ပြောပါတယ်ဘုရား …

ဒီအတွက် တပည့်တော် ဘုရားရှင်ထံမှောက် လာရတာပါဘုရား … ဒါကြောင့် တရား တိုတိုလေး တစ်ပုဒ်လောက်ချီးမြှင့်ပါဘုရား ....

★ ★ ★ ချစ်သား … သင်ကြိုက်တာကို သင်လုပ် … သင်မကြိုက်တာကို သင်မလုပ်နဲ့ ….

အရှင်ဘုရား တရားသာ မြန်မြန်ဟောပါဘုရား …. တပည့်တော် တရားနာချင်ပါတယ်ဘုရား … ပြီးရင်ပြန်ချင်ပါတယ်ဘုရား ….

★ ★ ★ ချစ်သား …. ငါဘုရားဟောပြီးပါပြီ ....

ဟင် … ဟောပြီးသွားပြီလားဘုရား … တစ်ကယ်လားဘုရား … ဒီတရားကျတော့ အရှင်ဘုရား ကို ဦးချသလောက်တောင် မကြာလိုက်ပါလားဘုရား …. ဦးတင်ပါတယ်ဘုရားး … တပည့်တော်တာဝန် ကျေပါပြီဘုရား … ပြန်ပါတော့မယ်ဘုရား ….

✔ ✔ ဒီလိုနဲ့ မုဆိုးကြီးလဲ ၀မ်းသာအားရ အပြေးပြန်လာတာပေါ့ ... လမ်းထိပ်ရောက်ကထဲက မယားကို လှမ်းအော်ပြောတာပေါ့ ... သူကတာဝန်ကြီးတစ်ခုကိုကျေခဲ့တာကိုး ....

ရှင်မရေ … ရှင်မ … ကျုပ်ဘုရားရှင်ထံရောက်ခဲပြီ … ဘုရားရှင်က ကျုပ်ကို မဆူဘူး … မဆုံးမဘူး … ပြီးတော့ ကျုပ်ကို တရားတစ်ခွန်းပဲဟောလိုက်တယ် … သင်ကြိုက်တာသင်လုပ် သင်မကြိုက် တာ သင်မလုပ်နဲ့တဲ့ …

ကဲကြည့် မင်းကသာ ကျုပ်အမဲလိုက်တာ တစ်ချိန်လုံးစိတ်မချမ်းမသာဖြစ်နေတာ …. ဗုဒ္ဓက သင်ကြိုက် တာသင်လုပ် … သင်မကြိုက်တာ သင်မလုပ်နဲ့တဲ့ …. ကဲ ရှင်မစိတ်ချမ်းသာတော့နော် …

★ ★ အမလေး …မောင်ကြီးရယ် … လမ်းမကနေကိုအားရ၀မ်းသာအော်လာတာပါလား …. ထိုင်ပါအုန်း ..ရေလေးလဲအမောပြေသောက်ပါအုန်းမောင်ကြီးရယ် ….

★ ✔ အဘ … ဗုဒ္ဓက အဘကို ဘာတွေဟောလိုက်တုန်းအဘ … ကျုပ်တို့ကို ပြန်ပြောပြပါအုန်း ….

အဟေး … အဘကပြောတယ် … အရှင်ဘုရား … ဇနီးဆန္ဓကိုဖြည့်ပေးချင်လို့ လာတာပါဘုရား ..တရားတိုတိုလေးပဲ ချီးမြှင့်ပါဘုရားဆိုတော့ … ဗုဒ္ဓက သင်ကြိုက်တာသင်လုပ် … သင်မကြိုက်တာ သင်မလုပ်နဲ့ ကဲ … ငါဘုရားဟောပြီးပြီ ပြန်တော့တဲ့ … ဒါနဲ့အဘလဲ ၀မ်းသာပြီးပြန်လာတာ သား တို့ရဲ့ ….

★ ✔ ဟုတ်လား အဘ … ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရတယ်လား …. ဒါဆိုရင် တော့ တော်သေး တာပေါ့ … လာအဘ အချိန်စောသေးတယ် ..အမဲလိုက်ထွက်ကြမယ် …

✔ ✔ ဒီအခါမှာပဲ … အမျိုးသမီးက ဗျုန်းဆို … လေးနဲ့မြားကိုကောက်ကိုင်ပြီး မုဆိုးကြီးကို ချိန်လိုက် ပါတော့တယ် ….

ဟင် … ရှင်မ … မင်းသွားခိုင်းလို့ ဗုဒ္ဓဆီသွားခဲ့တယ်လေ … တရားတိုတို ဟောပါလို့ ပြော မိတာ စော်ကားသလိုဖြစ်သွားပြီ ထင်တယ် … တောင်ပန်ပါတယ်ရှင်မရယ် …

★ ★ မောင်ကြီး … အခု ကျမ မောင်ကြီးကိုချိန်ထားတဲ့လေးနဲ့မြှား အကြောင်းမောင်ကြီးသိလား ….

သိတာပေါ့နှမရယ် … ကျုပ်ကိုယ်တိုင်သားကောင်တွေကိုသတ်လာတာ … အဲ့ဒီ ချိန်ထား တာကြီး ကို ဖယ်လိုက်ပါကွယ် … မတော်လွတ်ထွက်သွားမှ … ကိုယ်ကျိုးတွေနဲကုန်ပါ့မယ် …

★ ★ ဒါဆိုရင် … မောင်ကြီးကို … ကျမက ဒီမြှားနဲ့ ပြစ်သတ်မယ်ဆိုရင် ရော ..မောင်ကြီး သဘောကျမလား …..

ရက်စက်လိုက်တာနှမရယ် … ကိုယ်ချင်းမစာပြောရက်လိုက်တာ …. ဘယ်ကြိုက်ပါ့မလဲ … ကျုပ်နာလွန်းလို့ ဆံ့တငင်ငင် သေသွားမှာပေါ့လို့ ….

ကျုပ်ကိုချိန်ထားတဲ့ မြှားကြီးကို …. မြန်မြန် ဖယ်လိုက်ပါ ရှင်မရယ် … ကျုပ် အသက်တောင် မရှူ ၀ံ့ဘူး ….

★ ★ အဲ့တာ ဘုရားရှင်ပြောတဲ့ … သင်မကြိုက်တာ … သင်မလုပ်နဲ့ … သင်ကြိုက်တာသင်လုပ် ဆိုတဲ့စကားပါပဲ ….

သံသရာမှာ သင်လည်း … ချားရဟတ်လို တစ်ပတ် ပြန်လည်တဲ့အခါ … သင်သာ သားကောင်ဖြစ် ခဲ့ရင် … သင့်မျက်စိရှေ့မှာ … ဆန့်တငင်ငင် မချိမဆံ့ အသက်ထွက်သွားတဲ့ သားကောင် ရဲ့ခံစား ချက်ကို … သင်ကိုယ်တိုင်ခံစားရမှာ ….

ဟင် … ဘုရား ဘုရား ဘုရား … ဟုတ်ပေသားပဲ … ငါ့လိုပဲ သူတို့ကြောက်ကြမှာပဲ … ငါလဲပဲ သူတို့လို တချိန်ချိန် ပြန်ခံရမှာပါလား …

✔ ✔ မုဆိုးကြီးဟာ … မယားစကားအဆုံး …. အဲ့ဒီနေရာမှာပဲ … သောတပန် တည် သွားပါတယ် …

ဘုရားရှင်လက်ထက်တော်မှာ … ဘုရားရှင်တရားကိုတိုက်ရိုက်မဟုတ်ပဲ … တဆင့်ပြန်ပေးမှ .. သောတပန်သူဟာ … ဒီမုဆိုးကြီးတစ်ယောက်ပဲဖြစ်ပါတယ် …

ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားဆိုတာကို ဖော်ညွှန်းတဲ့ အကောင်းဆုံး သာဓကပါပဲ ….

ဒီတော့ ... မောင်လေးညီမလေးတို့တွေလဲ … ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ပါ … ကိုယ်မကြိက်တာ … ကိုယ်မလုပ်မိအောင် ကြိုးစားကြည့်နော် …..

ကဲ မောင်လေးညီမလေးတို့က ဇာတ်တော်နာမည်လေး … ပြောပြကြပါ …

ခုဒ္ဒကနိကာယ် ကပါ ….

ချမ်းမြေံကြပါစေရှင် .....

No comments:

Post a Comment