Showing posts with label ( ၃၁ ) ဘုံ. Show all posts
Showing posts with label ( ၃၁ ) ဘုံ. Show all posts

Saturday, May 10, 2014

★ ★ ★ အပါယ် ( ၄ ) ဘုံ


( ၃၁ ) ဘုံအကြောင်းတင်ပေးပါလို့ မောင်လေးညီမလေးတွေက ပြောတာနဲ့ တင်ပေးတာပါ .....
စာများတဲ့အတွက် ဘုံကြီးတစ်ခုချင်းစီ ခွဲတင်ပေးပါ့မယ် .....

ဘူမိစတုက္က ဆိုတာကတော့ သတ္တဝါတို့တည်ရာ ဘုံကြီး လေး ခုကိုခေါ်တာ ပါ ....

★ ★ ★ ( ၁ ) အပါယ် ( ၄ ) ဘုံ

★ ★ ★ ( ၂ ) ကာမသုဂတိဘုံ ( ၇ ) ဘုံ နှင့် ........... ဗြဟ္မာဘုံ နှစ်ဆယ်ဖြစ်တဲ့

★ ★ ★ ( ၃ ) ရူပါဝစရဘုံ ( ၁၆ ) ဘုံ

★ ★ ★ ( ၄ ) အရူပါဝစရ ( ၄ ) ဘုံ

ဆို တဲ့ ဘုံလေးခု စုစုပေါင်း ( ၃၁ ) ဘုံကို ဘူမိစတုက္က လို့ဆိုလိုတာပါ ...။

★ ★ ★ ( ၁ ) အပါယ် လေး ဘုံ

ကုသိုလ်ကောင်းမှု ပြုခွင့် မရ ပါပဲ အကုသိုလ်တို့သာ များပြားသော အရပ်ဌာန

ကိုခေါ်တာပါ ဒုက္ခတိဘုံ လို့လဲခေါ်ပါတယ်

အပါယ် ( ၄ ) ဘုံရှိပါတယ် ။

★ ★ ( က ) ငရဲ

★ ★ ( ခ ) တိရစ္ဆာန်၊

★ ★ ( ဂ ) ပြိတ္တာ၊

★ ★ ( ဃ ) အသူရကာယ် ........ တဲ့

★ ★ ( က ) ငရဲဘုံ ( ဒေါသ လွန်ကဲသူ ... ဒေါသအားကြီး သူ များ )

ငရဲဘုံဆိုတာကတော့ .... ချမ်းသာ ကင်းသော ကြီးစွာသော ဆင်းရဲခြင်း ရှိသော အရပ်ပါ ... သတ္တ၀ါတို့ကံ အရင်းခံပြီး ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇ ရုပ်တရား ကိုခေါ်တာ ပါ မကောင်းမူဒုစရိုက် ကျူးလွန်သူတို့ ကျရောက်ခံနေဖို့ရာ ငရဲဘုံ တည်ရှိနေ တာပါ ။

ငရဲဘုံဟာ သတ္တ၀ါတို့ ကံအားလျော်စွာ အမျိုးမျိုး တည်ရှိနေရုံမျှ မက လူ့ဘုံနှင့် နီးကပ်သော မြေတွင်းမှာပင် လောဟကုမ္ဘီ သံရည်ငရဲရှိကြောင်းကို ကျမ်းဂန်တို့၌ တွေ့ပါတယ်။

★ ဒေါသ၏ ဆိုးကျိုးကြောင့်ငရဲရောက်သူများးး

တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ် သို့မဟုတ် ကြောက်ရွံ့ ထိတ်လန့် သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရပါတယ်။

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ ဒေါသဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး လက်နက်ဘေး သတ္တန္တရ ကပ်ဆိုက်တတ်ပြီး ....

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လောင်မီး ကျ၍ ဖျက်ဆီးခြင်းကို ခံရပါတယ်

အဒေါသ (ဒေါသနည်း) ချင်လျှင် မေတ္တာများများပွား ပါ။

ငရဲကြီး ရှစ်ထပ်ရှိပါတယ် ....

★ (၁) သိဉ္စိုးငရဲ၊
အမျက်စောင်းမာန် ၊ ရက်စက်ပြန်၊ ရောက်ရန် သိဉ္ဇိုးမှာ။

ငရဲထိန်းများက ငရဲသားတို့ ၏တကိုယ်လုံးကို အပိုင်းပိုင်းဖြတ် သံတင်းပုတ်ကြီးများနှင့် ကျေမွအောင်ထုကာ ညှင်းဆဲသတ်ဖြတ်နေ၏၊
သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည်
အသက်ရှင်လျက် အမြဲတစေ ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကိုသဥ္ဖိုင်းငရဲ ဟုခေါ်သည်။

အကုလိုလ်ကံ မကုန်မချင်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လိုက် တင်းပုတ်ဖြင့် ကျေမွအောင် ပြင်းစွာထုရိုက်ခံရလိုက် သံသရာလည်နေသော ငရဲဘုံ

★ (၂) ကာဠသုတ်ငရဲ၊
သူတော်ရဟန်း၊ ပြောညှဉ်းပန်း၊ ဆဲခန်း ကာဠမှာ။

ငရဲထိန်းတို့က သားကောင်ကိုလိုက်သကဲ့သို့ အတင်းလိုက်ကြပြီး မောဟိုက်၍ ဆက်မသွားနိုင်မှ ဖမ်းပြီး ငရဲသားတို့ ၏တကိုယ်လုံးကို မျဉ်းနက်ကြိုးဖြင့်တိုင်းထွာ၍ အမျိုးမျိုးခုတ်ရွေ၊ ညှင်းဆဲသတ်ဖြတ်နေ၏။

သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည် အသက်ရှင်လျက် အမြဲတစေ ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကို ကာဠသုတ်ငရဲ ဟုခေါ်သည်

★ (၃) သံဃာတငရဲ၊
သတ္တဝါအား၊ လေးနှင့်မျှား၊ သတ်ငြား ဃာတမှာ။

ငရဲထိန်းများက ငရဲသားတို့ ကို အလျှံတပြောင်ပြောင်တောက်လောင်နေသော သံမြေပြင်အတွင်း၌ ခါးသို့ တိုင်အောင်မြှုပ်ထားပြီးအလျှံပြောင် သံတောင်ကြီးတို့ သည် အရပ်လေးမျက်နှာမှ အလှည့် ကျထွက်၍ မုန့် မုန့် ညက်ညက်ကြေမွအောင် ကြိတ်ချေ သတ်ဖြတ်နေသည်၊

သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည် အသက်ရှင်လျက် အမြဲတစေ ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကိုသံဃာတ ငရဲဟုခေါ်သည်။

★ (၄) ရောရုဝငရဲ၊
သူ့မယား-လင်၊ ပြစ်မှားချင်၊ ရောက်လျှင် ရောရုဝ။

မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာ

အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသောငရဲ

★ (၅) မဟာရောရုဝငရဲ၊
ခိုးတိုက်ကောက်ကျစ်၊ ပစ္စည်းညှစ်၊ ရောက်လစ် ရောမဟာ။

မီးခိုးတို့တစ်ငရဲလုံးဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့

မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောငရဲ

★ (၆) တာပနငရဲ၊
ပြည်ရွာ-မြို့ပြ ၊ ဖျက်ဆီးကြ၊ အဓမ္မ တာပန္နာ။

ငရဲသို့ကျရောက်သော သတ္တ၀ါများကို မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သောငရဲ

★ (၇) မဟာတာပနငရဲ၊
သဒ္ဓါ စေတနာ၊ မပါတိုက်ဖျက်၊ တရားပျက်၊ ရောက်ချက် မဟာတာ။

မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်

ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောငရဲ

★ (၈) အ၀ီစိငရဲ
ပွဲကြည့်-ပွဲက၊ ဤနှစ်ဝ၊ ရောက်ရ ဝီစိသာ။
ကံမှာပဉ္စိ၊ နိဒိဋ္ဌိနှင့်၊ အရိယူကံ၊ အာဏာလှန်၊ ရောက်ရန် ဝီစိမှာ။

မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြား မရှိပြည့်ကျပ် နေအေင် ဆင်းရဲဒုက္ခ နှင့် ၄င်းဆင်းရဲ့ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုး တို့ဆက်စပ်နေသော ငရဲ
တို့ပါ .....

ငရဲအထပ်တိုင်း မှာ

(၁) ဘင်ပုပ်ငရဲ၊

အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့ အနံ့တွေလည်း ရှုရတယ်။ အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ ။

(၂) ပြာပူငရဲ၊

အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားပါတယ်။

(၃) လက်ပံတောငရဲ၊

လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီးလက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။

(၄) သန်လျက်ရွက်တောငရဲ၊

သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။

( ၅ ) ကြိမ်ပိုက်ချောင်း ငရဲ။

အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊ ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါ

( ၆ ) သံရည်ပူငရဲ

( ၇ ) ကြေးရည်ပူငရဲ

( ၈ ) ပွက်ပွက်ဆူနေတဲ့ ရေပူငရဲဆိုပြီး ငရဲငယ် ရှစ်ဘုံ ၀န်းရံနေတာပါ…။

(လောကပညတ္ထိကျမ်းမှာတော့ ငရဲကြီးရှစ်ထပ်လုံးရဲ့ အရပ်၈မျက်နှာမှာ ဥဒဿ ငရဲငယ် ရှစ်ဘုံဝန်းရံထားတယ်လို့ဆိုပါတယ် )

★ ★ ယမမင်း

စတုမဟာရာဇ်နတ်တို့တွင် အပါအ၀င်ဖြစ်ပြီး ဝေမာနိက ပြိတ္တာမင်း အမျိုးအစားကို ယမမင်း လို့ခေါ်တာပါ ...။

ယမမင်းတို့ဟာ တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး .... တစ်ခါတစ်ရံမှာတော့ သူ့ရဲ့မကောင်းမူကံ အကျိုးကို (ရိုးရိုးပြိတ္တာများကဲ့သို့) ခံစားရတတ်ပါတယ်...။

ယမမင်း လေးပါးရှိပါတယ် ငရဲဘုံအ၀င် အရပ် လေးနေရာမှာစောင့်ကြပ်ရပြီး ငရဲရောက်လာသူများကို စစ်ဆေးမေးမြန်းကြရပါတယ်။

ဒါပေမယ့် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရ တာမဟုတ်ပါဘူး

အကုသိုလ်ကြီး၍ ထင်ရှားသူတို့က တစ်ခါတည်းငရဲကို တန်းကျတာပါ…။

အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပါတယ်…။

ဒါကြာင့် ယမမင်းရဲ့ စစ်ဆေးမှုဆိုတာ အပြစ်ရှာလို၍မဟုတ်ပဲ ငရဲက လွတ်သင့်က လွတ်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဆိုတာထင်ရှားပါတယ်…. ဒါကြောင့် ယမမင်း ဆိုတာ တရားစောင့်သော မင်းကောင်းမင်းမြတ်လို့ ပြောရင်ပိုမှန်မှာပါ ….

ယမဿ ရညောတိ ယမရာဇာ နာမ ဝေမာနိကပေတရာဇာ, ဧကသ္မိံ ကာလေ ဒိဗ္ဗဝိမာနေ ဒိဗ္ဗကပ္ပရုက္ခဒိဗ္ဗဥယျာနဒိဗ္ဗနာဋကာဒိသမ္ပတ္တိံ အနုဘဝတိ, ဧကသ္မိံ ကာလေ ကမ္မဝိပါကံ, ဓမ္မိကော ရာဇာ။ န စေသ ဧကောဝ ဟောတိ, စတူသု ပန ဒွါရေသု စတ္တာရော ဇနာ ဟောန္တိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)(ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ်)

ဘုရားရှင်ဟာ နုစဉ်အခါက ယမမင်းဖြစ်ခဲ့ဖူးကြောင်း မိန့်တော်မူဖူးပါတယ်….

ရဟန်းတို့ ငါသည် ရှေးယမမင်းဖြစ်စဉ်အခါက မကောင်းမှုအကုသိုလ်ပြုကုန်သူတို့သည် အထူးထူးအပြားပြား ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားရသည်ကို မြင်သောအခါ-

၁။ ငါသည် လူ့အဖြစ်ကို ရရင် ကောင်းမှာပဲ။

၂။ ထိုအခါ လောကမှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်ရင်ကောင်းမှာပဲ။

၃။ ထိုဘုရားရှင်ကို ဆည်းကပ်ရရင် ကောင်းမှာပဲ။

၎။ ထိုဘုရားရှင်သည် ငါ့အား တရားဟောရင် ကောင်းမှာပဲ။

၅။ ငါသည် ထိုဘုရားရှင်၏ တရားကို သိနားလည်ရင် ကောင်းမှာပဲ။

ဟု အကြံဖြစ်ခဲ့ဖူးပါသည်လို့ဟောခဲ့ပါတယ်။

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ယမဿ ရညော ဧတဒဟောသိ – ‘ယေ ကိရ, ဘော, လောကေ ပါပကာနိ အကုသလာနိ ကမ္မာနိ ကရောန္တိ တေ ဧဝရူပါ ဝိဝိဓာ ကမ္မကာရဏာ ကရီယန္တိ။ အဟော ဝတာဟံ မနုဿတ္တံ လဘေယျံ။ တထာဂတော စ လောကေ ဥပ္ပဇ္ဇေယျ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ တဉ္စာဟံ ဘဂဝန္တံ ပယိရုပါသေယျံ။ သော စ မေ ဘဂဝါ ဓမ္မံ ဒေသေယျ။ တဿ စာဟံ ဘဂဝတော ဓမ္မံ အာဇာနေယျ’န္တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)

ရဟန်းတို့ ငါသည် ဒီ ဒေ၀ဒူတသုတ်ကို အခြားသော သမဏ ဗြဟ္မဏ တို့ထံမှ ကြားလို့ ဆိုတာ မဟုတ်၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ခံစားဖူးသည့်အတိုင်းသာ ဒီသုတ်ကို ဟောခြင်းဖြစ်၏ လို့ဘုရားရှင်ကမိန့်တော်မူဖူးပါတယ်...။

တံ ခေါ ပနာဟံ, ဘိက္ခဝေ, နာညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သုတွာ ဝဒါမိ, အပိ စ ယဒေဝ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝါဟံ ဝဒါမီ’’တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)

★ ★ ငရဲထိန်း

ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ်များဖြစ်ပါတယ်

ငရဲထိန်း များ၏ အလုပ်မှာ ကုသိုလ်မများ အကုသိုလ်မကြီး ငရဲသို့ကျရောက်လာသူများကို ကယ်တင်ရန်အလို့ငှါ စစ်ဆေးမေးမြန်း ကယ်တင်ရန် .... ယမမင်းထံပို့ခြင်း၊ငရဲသို့ ရောက်ပြီးသူများကို စောင့်ကြပ်ရခြင်းဖြစ်သည်။ (ငရဲမီးစသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံမည့်သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)

အချို့(ကေစိ)ဆရာတို့က ငရဲစောင့် (ငရဲထိန်း)ဟူသည် မရှိ၊ ယန္တရားနှင့်တူသည် လို့ဆိုကြပါတယ် … ဒီအဆိုဟာ အဘိဓမ္မာနဲ့ဆန့်ကျင်နေပါတယ် ….

သမာန ဆရာတို့ကတော့ ငရဲထိန်းရှိပါတယ် လူပြည်မှာဆို အာဏာသား ပါးကွက်သား တို့နဲ့တူပါတယ်လို့ဆိုကြပါတယ်။

တတ္ထ ဧကစ္စေ ထေရာ ‘‘နိရယပါလာ နာမ နတ္ထိ, ယန္တရူပံ ဝိယ ကမ္မမေဝ ကာရဏံ ကာရေတီ’’တိ ဝဒန္တိ။ တေသံ တံ ‘‘အတ္ထိ နိရယေ နိရယပါလာတိ, အာမန္တာ, အတ္ထိ စ ကာရဏိကာ’’တိအာဒိနာ နယေန အဘိဓမ္မေ (ကထာ။ ၈၆၆) ပဋိသေဓိတမေဝ။ ယထာ ဟိ မနုဿလောကေ ကမ္မကာရဏကာရကာ အတ္ထိ, ဧဝမေဝ နိရယေ နိရယပါလာ အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)

(ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ်)

★ ★ ယမမင်းစစ်ဆေးပုံ

ဒေ၀ဒူတ သုတ္တန်ပါဠိတော်လာ ယမမင်းစစ်ဆေးပုံကိုပြောပြပါ့မယ်….. လူ့ပြည်မှာရှိသော ငရဲရဲ့ ရှေ့ပြေးတမန် ( ၅ ) ပါးလို့ခေါ်တဲ့ ကလေး သူအို သူနာ သူသေ အကျဉ်းကျသူ တွေကို ဒေ၀ဒူတ ( ၅ ) ဦးလိုကခေါ်ပါတယ် ….

ယမမင်းက မိမိထံရောက်လာတဲ့ ငရဲသားတွေကို ဒေ၀ဒူတ ( ၅ ) မျိုးကိုဖော်ပြစစ်ဆေးပါတယ် …. စစ်ဆေးပုံကဒီလိုပါ ….။

ယမမင်း................မောင်မင်း... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကို မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။

ငရဲသား.....................တွေ့ခဲ့ဘူးပါသည်အရှင်။

ယမမင်း.....................မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်သောအခါ ထိုကလေးများကိုကြည့်ရူ၍ “ငါသည် ဘာမျှ နားမလည်ရှာသေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေနေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်နိုင်သေးအံ့တကား။ ယခုနှယ်က ကိုယ် နူတ် နှလုံးများကို စောင့်စည်း လျက် ကောင်းကောင်းနေ ပြီးဒါန သီလ ဘာဝနာစသော ကောင်းမှုကုသိုလ်တို့ကို လုပ်မှသာ တော်တော့မည်”လို့ အကြံအစည်များ မဖြစ်ခဲ့ဘူးလားလို့ကြင်နာစွာမေးပါတယ်

ငရဲသား................ကျွန်တော် မေ့လျော့နေသည့်အတွက် ကုသိုလ်ကောင်းမူဘက်၌ စိတ် မ၀င်စားမိခဲ့ပါ။

ယမမင်း...........................မောင်မင်း... မကောင်းမူကို ဆွေမျိုးဉာတကာ ဆရာမိဘစသူ တို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ မိမိအပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ဤနည်းအတိုင်း သူအိုကိုညွှန်ပြ၍ ဒုတိယအကြိမ်မေး၏။

သူနာကိုညွှန်ပြ၍ တတိယအကြိမ်မေး၏။

သူသေကိုညွှန်ပြ၍ စတုတ္ထအကြိမ်မေး၏။

အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ်မေး၏။

၅-ကြိမ်တိုင်အောင်မေး၍ ကုသိုလ်ကောင်းမူကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသည့်အခါတုန်းက မိမိအား အမျှဝေဖူးသလား”ဟု စဉ်းစား၏။

(ဤအချက်ကိုထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှပေးဝေကြသည်။) စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။

ယမမင်းက ပြောခြင်းကြောင့်ဖြစ်စေ၊ မိမိဘာသာ သတိရ၍ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်ရှိ၏။

ထိုနေရာမျိုးကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။

ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။

ထိုအခါ ငရဲကောင်သတ္တ၀ါကို ငရဲထိန်းတို့ ယူဆောင် ကြလေတော့သည်။

((((((( အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ ))))))

(((((( ဒေ၀ဒူတသုတ်က နှစ်သုတ်ရှိပါတယ်။ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ ၁-သုတ်၊ အဲ့ဒီနှစ်သုတ်ကို ဖတ်ကြည့်လို့ ရှိရင် ငရဲအကြောင်းသိကောင်းစရာတွေ အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။)))))))

★ ★ ( ခ ) တိရစ္ဆာန်ဘုံ

( ဇောမရှိသူ .... ဥါဏ်မရှိသူ .... မောဟလွှမ်းမိုးသူ .... သူများလုပ်လျှင် လိုက်လုပ်တတ်သူ ... ပေါ့ပေါ့နေပေါ့ပေါ့စား .... နောက်လိုက်လိုလူ များသွားရာဘုံ ... )

စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း သာသိသော ဘုံသားများ

အလျားလိုက်သွားတတ်သော သတ္တဝါများ နေထိုင်ရာ အရပ်ဖြစ်၏။ သီးခြား ဘုံဌာနဟု မရှိပေ။ သူတို့၏ ခန္ဓာကိုယ်သာလျှင် သူတို့၏ ဘုံဖြစ်၏။

မောဟ၏ ဆိုးကျိုးကြောင့်တိရစ္ဆာန်ဖြစ်သူများ

တွေဝေမိုက်မဲသော မောဟစိတ်ဖြင့် သေခဲ့လျှင် တိရစ္ဆာန်ဘုံ သို့ ရောက်ရသည်။

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမမောဟဓါတ်များ အားကြီးလျှင် ကမ္ဘာကြီးတစ်ခုလုံး ရောဂန္တရကပ် ဆိုက်ရောက်သည်။

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လေ ဖျက် သဖြင့် ပျက်စီးရသည်။

မောဟနည်းချင်လျှင် အမောဟ (ပညာ) အဖြစ်များအောင် လုပ်ရမည်။

အမောဟ ဖြစ်အောင် သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ များများပွားပေးရပါမည်။

တွေဝေသောမောဟသည် စိတ်အလုပ်မရှိမှသာ ဖြစ်ပေါ်နိုင်သောကြောင့် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ သုဘ၊ မရဏနုဿတိ လေးမျိုးတွင် တစ်မျိုးမျိးပွားများလိုက်သည်နှင့် ပေါ်မလာတော့ပါ။

★ ★ ( ဂ ) ပြိတ္တာဘုံ

( လောဘကြီးသူ .... သားသမီး ... ပစ္စည်း ဥစ္စာ ... စသည် တစ်စုံတစ်ရာကို စွဲလမ်းပြီး သေ သူများ )

သရဲ၊ မင်၊ ကျပ် စသည် တို့နေထိုင်ရာဘုံ

ချမ်းသာမှ ဝေးသော အရပ်သို့ ရောက်သော သတ္တဝါကို ပြိတ္တာဟု ခေါ်၏။ ဘုံဌာန သီးခြား မရှိ။
ပြိတ္တာ ၁၂-မျိုးရှိပါတယ်

(၁) ဝန္တာသပြိတ္တာ - တံတွေး, နှပ်ချွဲ, အန်ဖတ်စားတက်သောပြိတ္တာ၊

(၂) ကုဏပါသပြိတ္တာ-အကောင်ပုပ်ကို စားတက်သောပြိတ္တာ၊

(၃) ဂူထခါဒကပြိတ္တာ - ကျင်ကြီးကို စားတက်သောပြိတ္တာ၊

(၄) အဂ္ဂိဇာလမုခပြိတ္တာ - ခံတွင်းက မီးထွက်စေတက်သော ပြိတ္တာ၊

(၅) သုစိမုခပြိတ္တာ - ခံတွင်း အပ်နဖားမျှလောက်ရှိသော ပြိတ္တာ

(၆) တဏှာဋ္ဋိကပြိတ္တာ - အစာငတ်, ရေငန်ခြင်းတဏှာဖြင့် အနှိပ်စက်ခံရသော ပြိတ္တာ၊

(၇) သုနိဇ္ဈာမကပြိတ္တာ - မီးလောင်ငုတ်နှင့်တူသောပြိတ္တာ၊

(၈) သတ္ထင်္ဂပြိတ္တာ - လက်နက်နှင့်တူသော ခြေလက်အင်္ဂါရှိသောပြိတ္တာ၊

(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်မျှလောက် ကိုယ်အင်္ဂါရှိသောပြိတ္တာ၊

(၁၀) အဇရင်္ဂပြိတ္တာ - စပါးကြီးမြွေနှင့်တူသော ကိုယ်အင်္ဂါ ရှိသော ပြိတ္တာ၊

(၁၁) ဝေမာနိကပြိတ္တာ - ဘုံဗိမာန်၌ဖြစ်သောပြိတ္တာ၊

(၁၂) မဟိဒ္ဓိကပြိတ္တာ - တန်ခိုးကြီးမားသောပြိတ္တာ၊ ....တို့ပါ

★ ★ ( ဃ ) အသူရကာယ်ဘုံ

( လောဘစိတ်ဖြင့် မနာလို ၀န်တို ....တွန့်တိုသောသူများ )

ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ နေရာဘုံပြိတ္တာ မျိုးပင် ဖြစ်၏။
စားစရာ သောက်စရာ မရှိ၊ အမြဲတမ်း ဒုက္ခခံစားနေရသော သတ္တဝါများ ဖြစ်၏။
ဘုံဌာန သီးခြား မရှိ။ တစ်စုံတစ်ခုကို လိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘ၀ ရောက်သည်။

လောဘ၏ ဆိုးကျိုးကြောင့် ပြိတ္တာ ဖြစ်ရပုံ ကြောက်မက်ဖွယ်ကောင်းပုံကို မဃဒေ၀ ၌
ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊
ကာယအဆင်း၊ ကိုယ်အတွင်းဝယ်၊
မွေးညှင်းဆံစု၊ ရုပ်ဝတ္တု၌၊
တစ်ခုခုတပ်၊ စွဲကပ်စွန်းညိ၊
ဇောဝိထိဖြင့် စုတိပုဂ္ဂိုလ်၊
ထိုထိုပိုးလောက်၊ စားသောပြန်ကာ
ဖြစ်တတ်စွာဟု၊ ကျမ်းလာမုချ၊ဤသို့ပြ၏။
ဟူ၍ စပ်ဆိုတော်မူထားပါသည်။

အဓိပ္ပါယ်ကား "ပြင်ပဥစ္စာကိုသာ စွဲလန်းမှမဟုတ်၊ မိမိ၏ခန္ဓာကိုယ်မှ အသား၊ အသွေး၊ အမွှေး၊ ဆံပင် စသည်တို့ကို စွဲလန်းတပ်မက်သော လောဘစိတ်ဖြင့်သေခဲ့လျှင် မိမိခန္ဓာကိုယ်ကို ပြန်၍စားသောက်ရသော ပိုးလောက်ပြိတ္တာများ" ဖြစ်ရသည်ဟု ဆိုလိုပေသည်။

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ လောဘဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး အငတ်ဘေး ဒုဗ္ဘိကန္တရကပ် ဆိုက်တတ်သည်။

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် ရေလွှမ်းမိုး ဖျက်ဆီးခြင်းကို ခံရသည်။

လောဘနည်းချင်လျှင်တော့ ဒါန များများပြုရမှာပါ….

ဓုတင်ဆောက်တည်ခြင်း အသုဘဘာဝနာ ရှုခြင်းအားဖြင့်လည်း ပယ်သတ်လို့ရပါတယ်။

★ မှတ်ရန်တစ်ခုကတော့….

★ ★ ဤအသူရကာယ်နှင့်မဆိုင်သော အခြား အသုရာ လေးမျိုး ရှိပါသေးတယ်…..

(၁) မြင်းမိုရ်တောင်အောက်၌ နေသော တာဝတိံသာနတ်တိုရဲ့ ဆန့်ကျင်ဘက်နတ်များ ကိုလည်း အသုရာ လို့ခေါ်ပါတယ်

(၂) ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်လျက် နေရသော နတ်ငယ်ကလေးများကိုလည်း အသုရာ

(၃) တစ်ခါ တစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများကိုလည်း အသုရာ

(၄) စကြာဝဠာကြီး သုံးခု၏ အစပ်အကြား၌ဖြစ်သော လောကန္တရိက်ငရဲသားများကိုလည်း အသုရာ လို့သုံးနှုံးထားပါတယ်။

(ဗုဒ္ဓဝင်အဋ္ဌကထာ)

( ၃၁ ) ဘုံအကြောင်းနှင့်စပ်လျှဉ်း၍ ..... အကိုးအကားတရားများ ကျမ်းများ ဆိုဒ်များ

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်
(ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်) ကိုအထူးကိုးကားပါသည။်
အွန်လိုင်းမှတ်စုစာအုပ်စာမျက်နှာ
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ( အသေမြတ်ချင် သေနည်းသင်)
ပေတဝတ္ထုပါဠိ ၊ အဌကထာ (စတုမဟာရာဇ)
ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ္တံ
လောကပညတ္တိကျမ်း
(ဗုဒ္ဓဝင်အဋ္ဌကထာ)
မဃဒေဝ
အာဠာဝက သုတ်
အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
http://www.nandathitsa.com/ .... များမှကိုးကားပါတယ်...

ချမ်းမြေ့ကြပါစေရှင် .....

★ ★ ★ ကာမသုဂတိ (၇) ဘုံ



ကာမ တဏှာနှင့် တကွဖြစ်သော ကောင်းသောဘဝ အရပ်ဌာနများ ဖြစ်ပါတယ် …

( ၁ ) လူ့ဘုံ ( မနုဿ ) နှင့်နတ်ပြည် ( ၆ ) ထပ် ဖြစ်တဲ့.....
( ၂ ) စတုမဟာရာဇ်
( ၃ ) တာဝတိံသာ
( ၄ ) ယာမာ
( ၅ ) တုသိတာ
( ၆ ) နိမ္မာန,ရတိ
( ၇ ) ပရနိမ္မိတဝသဝတ္တီ

စတဲ့ ဘုံ ( ၇ ) ခုကို ကာမသုဂတိ ၇-ဘုံ လို့ခေါ်တာပါ ….။

★ ★ ★ ( ၁ ) လူ့ဘုံခေါ် မနုဿ ဘုံ

ဒါန၊ သီလ၊ ပညာတည်းဟူသော ကုသိုလ်တရားပြုလုပ်နိုင်သောတစ်ခုတည်းသော ဘုံ။

မကောင်းမှုကို လုပ် လျှင်လည်း ပဉ္ဖနန္တရိယကံ (မိဘသတ်မှု စသည်) တိုင်အောင် ပြုနိုင်ကြပြီး
ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြသော ထက်မြက်သောစိတ် ရှိသည့် သူများနေသောဘုံလို့ခေါ်ပါတယ်…။

လူသေရင် လူဖြစ်နိုင်သလို နတ်လည်းဖြစ်နိုင်ပါတယ်။
ဗြဟ္မာလည်းဖြစ်နိုင်သလို တိရစ္ဆာန်လည်း ဖြစ်နိုင်ပါတယ်။
ငရဲသားလည်း ဖြစ်နိုင် ပါသေးတယ်
လူစိတ်နဲ့နေ၊ လူစိတ်နဲ့သေရင် လူဖြစ်လိမ့်မယ်။
နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်လိမ့်မယ်။
ဗြဟ္မာစိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲသေရင် ဗြဟ္မာဖြစ်လိမ့်မယ်။
ဒီလိုပါပဲ။ တိရစ္ဆာန်စိတ်နဲ့နေ၊ တိရစ္ဆာန်စိတ်နဲ့ သေရင်တော့ တိရစ္ဆာန်ဖြစ်မှာပဲ။

နတ်ပြည်ခြောက်ထပ်က နတ်တွေကလူ့ဘုံ၊ လူ့ဘ၀ကို အကောင်းဆုံး သုဂတိလို့သတ်မှတ်ပါတယ်။
လူ့ဘုံ ဆိုတာ လမ်းဆုံလမ်းခွပါ။
လူ့ဘုံကနေ အထက်ဘ၀ဂ်ထိ တက်နိုင်တယ်။
အောက်အ၀ီစိထိ ဆင်းနိုင်တယ်။
ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ဆိုတာ လူ့ဘ၀ကနေ သွားကြရတာပါ။

ဒါကြောင့် နတ်တွေနတ်သက်ကြွေစုတေခါနီးရင် နတ်အချင်းချင်း နတ်ပြည်ပြန်မလာကြဖို့ လူပြည်ကိုပဲအာရုံထားဖို့ တိုက်တွန်းကြပါတယ်…
လူ့ပြည်မှာတရားကျင့်ကြံအားထုတ်ပြီး မင်္ဂဖိုဟ်နိဗ္ဗာန်ကို ရောက်စေရန်ကြိုးစားဖို့ တိုက်တွန်းကြပါတယ်။

အဲဒီအကောင်းဆုံး လူ့ဘ၀ဆို တာ စိတ်ကောင်း၊ စေတနာကောင်းကြောင့်ဖြစ်လာရတာပါ။ စိတ်ကောင်း စေတနာကောင်းဆိုတာ ကူညီချင်စိတ်၊ ရိုင်းပင်းချင်စိတ်၊ မျှတစိတ်၊ အတ္တပရမျှတတဲ့စိတ်၊ ပရဟိတကို သယ်ပိုးဆောင်ရွက်လို စိတ်စတဲ့ စိတ်ကောင်း၊စိတ်မြတ်တွေပါ။
အဲဒီစိတ်တွေနဲ့နေသူ သေသူဟာ လူစိတ်နဲ့နေသူ သေသူပါ။

နတ်စိတ်ဆိုတာ ဒါန သီလ စတဲ့ ကုသိုလ်တွေနဲ့ယှဉ်တဲ့စိတ်ပါ
ဗြဟ္မာစိတ်ဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး နဲ့ ယှဉ်တဲ့ စိတ်ပါ။
နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်မှာပါ
ဗြဟ္မာ စိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲ့ သေရင်ဗြဟ္မာဖြစ်မှာပါ။
လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန၊ ဣဿာမစ္ဆရိယ စတာတွေနဲ့ နေရင်၊ သေရင် တော့တိရစ္ဆာန် သို့မဟုတ် ငရဲရောက်ရမှာပါ။

တစ်ခါက တောဒေယျဆိုတဲ့ ပုဏ္ဏားသူကြွယ်ကြီးတစ်ဦးဟာ လောဘ၊ ဒေါသအတ္တမာနစတဲ့ တိရစ္ဆာန်စိတ်နဲ့နေ တိရစ္ဆာန်စိတ်နဲ့သေတဲ့တွက် သေပြီး နောက်ခွေးဖြစ်ရရှာပါတယ်။

အပါယ် စိတ်နဲ့နေလို့ဝက်ဖြစ်ရတာတွေ၊ နွားဖြစ်ရတာတွေရှိသလို ပြိတ္တာဖြစ်ရတာတွေ၊ ငရဲရောက်ရတာတွေ မြောက်မြားစွာရှိပါတယ်။

အရေးကြီးတာက မိမိတို့ဘယ်စိတ်နဲ့နေကြမှာလဲ။ဘယ်စိတ်နဲ့သေကြမှာလဲဆိုတာပါ။

★ ★ ★နတ်ပြည် ( ၆ ) ထပ်

နတ်ဟူသည် မြန်မာစကား“နာထ”ဟူသော ပါဠိမှ ဆင်းသက်လာသည် ဟု ဝေါဟာရ လိနတ္တဒီပနီကျမ်းက ဖွင့်ဆိုထားသည်။ နာထ ၊ နာတ်၊ နတ် ဟုခေါ်ဝေါ်ကြ ပါတယ်။

နာထ၏ အနက်အဓိပ္ပါယ်မှာ ကိုးကွယ်ရာဖြစ်သည်။ လောကီ၊ လောကုတ္တရာ အကျိုးတို့အတွက် လူသားတို့ကိုးကွယ်ရာဖြစ်သောကြောင့် ဟု ခေါ်ဆိုနေကြသည်။ နတ်ကို ပါဠိဘာသာအားဖြင့် “ဒေဝ”ဟု၍၎င်း၊ “ဒေဝတာ”ဟု၍၎င်း ခေါ်ဝေါ်သုံးစွဲခဲ့ပြီး စည်းစိမ်ဥစ္စာကို ပေးတတ်သူ၊ ပူဇော်သက္ကာရကို ခံယူထိုက်သူ၊ ညွှန်ကြားဆုံးမတတ်သူ၊ ဆိုပြီး ပဋ္ဌာန်းမူလ ဋီကာကျမ်း ဝိသုဒ္ဓိမဂ် မဟာဋီကာကျမ်းတို့မှာ ဖော်ပြထားပါတယ် ...။
နတ်ြဖစ်ခြင်း အကြောင်း ၃-ပါး

★ ★ နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး။

( ၁ ) သစ္စံ ဘဏေ-အမှန်ကိုသာ ဆိုပြောရာ၏၊
( ၂ ) န ကုဇ္ဈေယျ-အမျက်မထွက် စိတ်မဆိုးရ၊
( ၃ ) အပ္ပမ္ပိ ဒဇ္ဇာ-တောင်းခံလာက နည်းနည်းဖြစ်ဖြစ် ပေးလှူရာ၏။

★ ★ နတ်ပြည်၌ မရကောင်းသော ကမ္မဋ္ဌ္မာန်း ၁၂-ပါး

• အသုဘ ၁ဝ-ပါး၊
• ကာယဂတာသတိ၊
• အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏၊
နတ်ပြည်၌ အာရုံငါးပါးကာမဂုဏ် တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများကို မရနိုင်ပေ။

★ ★ နတ် စုတေ့ သေဆုံးခြင်း အကြောင်း(၄)ပါး

• အာယုက္ခယ = သက်တမ်းကုန်၍ သေခြင်း၊
• ပုညက္ခယ = ကုသိုလ်ကောင်းမှုကုန်၍ သေခြင်း၊
(ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင် လာဖြစ်သော နတ်သားတို့သည် ကုသိုလ် ကောင်းမှုကုန်သောအခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်းမစေ့ခင် စုတေ့ ရသည်။)
• အာဟာရက္ခယ = စားနေကျ သောက်နေကျ အချိန် မစားမသောက်မိ၍ သေခြင်း၊
(နတ်သားတစ်ဦးသည် ကာမဂုဏ်ခံစားနေ၍ စားချိန်ကို သတိမရဘဲ တစ်နပ်စာမျှ မစားဘဲနေ လိုက်လျှင် နောက်ဘယ်နှစ်ကြိမ်စားစား အသက်မရှည် နိုင်ပေ။)
• ကောဓာဘိဘ၀န = ဒေါသထွက်၍ သေခြင်း၊
(နတ်သားများသည် နတ်သမီးများနှင့် ပျော်ပါးနေသောအခါ တခြားနတ်များက လာရောက်ဖက် ပြိုင်တာမျိုး ရှိတတ်သည်။ ထိုအခါ ဖက်ပြိုင်လာသော နတ်ကို ဒေါသထွက် တတ်သည်။ ဒေါသထွက်သောနတ်၏ ကိုယ်ခန္ဓာသည် မီးလောင်သကဲ့သို့ ပူပြီး စုတေ့ရသည်။ ဖက်ပြိုင်သော နတ်ကလည်း ဒေါသထွက်လျှင် စုတေ့ရသည်။ ထို့ကြောင့် မိမိကို ဒေါသထွက်မှန်းသိသည်နှင့် ဒေါသမထွက်ခင် တခြားနေရာသို့ ရှောင်သွားရသည်။ သို့မှသာ အသက်ချမ်းသာရာရ၏။)

★ ★ ပုဗ္ဗနိမိတ်(၅)ပါး

နတ်သား၊ နတ်သမီး တစ်ပါးပါး သက်တမ်းကုန်၍ စုတေ့တော့မည် ဆိုလျှင် လူ့တို့၏ အရေအတွက် (၇)ရက်မြောက်တွင် ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်။

• ပဋိသန္ဓေအခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်းကုန်ခြင်း၊
• နတ်အ၀တ်ပုဆိုးများ ညှိုးနွမ်းကုန်ခြင်း၊
• ကိုယ်ခန္ဓာ၏ လက်ကတီးကြားမှ ချွေးများ ယိုထွက်လာခြင်း၊
• ကိုယ်ရောင်ကိုယ်ဝါ မှေးမိှန်လာခြင်း၊
• နတ်များ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင် မထိုင်နိုင်ဖြစ်လာခြင်း တို့ဖြစ်သည်။
ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်ကို နတ်တိုင်းမသိကြပေ။ ပညာရှိသောနတ်များက သာ သိကြသည်။ ပုဗ္ဗနိမိတ်(၅)ပါး ထင်လာပြီးလျှင် နတ်သက် ကြွကြ သည်။

★ ★ ★ နတ်ပြည် ခြောက်ထပ် ရှိပါတယ်
• စတုမဟာရာဇ်
• တာဝတိံသာ
• ယာမာ
• တုသိတာ
• နိမ္မာနရတိ
• ပရနိမ္မိတ၀သ၀တ္တီ

စတုမဟာရာဇ် သည် အောက်ဆုံးဖြစ်ပြီး ပရနိမ္မိတ၀သ၀တ္တီ ကတော့ အပေါ်ဆုံးဘုံဖြစ်ပါတယ် …။

★ ★ ★ စတုမဟာရာဇ်

စတု (လေးပါး ) မဟာရာဇ ( ကြီးမြတ်သောမင်းကြီးများ )
ဓတရဋ္ဌ၊
ဝိရူဠက၊
ဝိရူပက္ခ၊
ကုဝေရ
လို့ခေါ်တဲ့နတ်မင်းကြီးလေးပါးကို ပါဠိလို စတုမဟာရာဇ လို့ခေါ်ပြီး ထိုနတ်မင်းကြီးလေးပါးနေတဲ့ဘုံကိုတော့ စတုမဟာရာဇ်ဘုံ
ထို နတ်မင်းကြီးလေးပါးကို ဆည်းကပ်ခစားရတဲ့ လက်အောက်ခံနတ်တို့ကိုတော့ စတုမဟာရာဇိက နတ်များလို့ခေါ်ပါတယ် ….။

ထိုနတ်မင်းကြီး လေးပါးတို့သည် လောကကြီးကို စောင့်ရှောက်နေကြသည့် နတ်မင်းကြီးများ ဖြစ်သောကြောင့် စတုလောကပါလ နတ်မင်းကြီးများဖြစ်ကြောင်း ပေတ ၀တ္တုပါဠိ နှင့် အဋ္ဌကထာ တို့မှာ ဟောကြားဖွင့်ဆို ထားပါတယ်။

★ ဓတရဋ္ဌနတ်မင်း

ငွေရောင်တောက်ပသော မြင့်မိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေ နေကြ သော နတ်) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။

★ ၀ိရူဠကနတ်မင်း

မြရောင်တောက်ပသော မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ၀မ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါန၀ရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။

★ ၀ိရူပက္ခနတ်မင်း

ဖန်ရောင်တောက်ပသော မြင့်မိုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။

★ ကုဝေရ ( ခေါ် ) ဝေဿ ဝဏ် နတ်မင်းကြီး

စတုမာရာဇ်နတ်များတွင် ကုဝေရနတ်မင်းကြီး ကိုဝေဿ ဝဏ် နတ်မင်းကြီ လို့လဲခေါ် ပါတယ် စတုမဟာရာဇ်ဘုံမှာ တန်ခိုးအကြီးဆုံး နတ်မင်းကြီးဖြစ်တဲ့ အပြင် လောကမှာ အကြီးမြတ်ဆုံးလက်နက်ကြီး လေးခုကို အသီးသီးပိုင်ဆိုင်တဲ့ တန်ခိုးရှင် နတ်မင်းကြီး လေးပါး ထဲမှာ တစ်ပါး အပါ အ၀င်ဖြစ်ပါတယ်…။ ဒီတန်ခိုးရှင်တွေကတော့…

( ၁ ) ၀ဇီရ စိန်လက်နက်ခေါ် ၀ရဇိန်လက်နက် ကို ကိုင်ဆောင်သော သိကြားမင်း ။

( ၂ ) သံတင်းပုတ်လက်နက် ကိုကိုင်ဆောင်သော ဝေဿ၀ဏ်နတ်မင်း

( ၃ ) မျက်စောင်းလက်နက် ဖြင့် ယမမင်း

(၄ ) ဘွဲ့ဖြူ နတ်ပုဆိုးလက်နက်နှင့် အာဠာဝကဘီလူးမင်းတို့ပါ ….

(သုတ္တနိပါတ်၊ အာဠာဝကသုတ်)

ဝေဿ ဝဏ် နတ်မင်းကြီးကတော့ ရွှေရောင်တောက်ပသော မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်ပါတယ်။

စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင့်မိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင့်မိုရ်တောင်အောက်ခြေအထိ တည်ပါတယ် ….။

ဗိမ္ဗိသာရဘုရင်ဟာ စတုမဟာရာဇ်ဘုံတွင် ဝေဿ ၀ဏ်နတ်မင်းကြီး၏ အခြံအရံ ဇန၀သဘ နတ်စစ်သူကြီးဖြစ်ပါတယ်။
စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။ လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။
လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။

အာဠာဝကသုတ်
သုတ်ပါ ထေယျပါဠိတော်၊ အာဋာနာဋိယ သုတ်နှင့် သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ

★ ★ ★ တာဝတိံသာ

မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သော သူတို့၏နေရာဖြစ်သော ဘုံကို တာဝတိံသာ နတ်ဘုံလို့ခေါ်တာပါ။

တာဝတိံသာ နတ်ပြည်သည် ယူဇနာတစ်သောင်း ကျယ်ပြန့်ပြီး တံခါးပေါင်း တစ်ထောင်ရှိပါတယ်။

နတ်ပြည်၏အလယ်မှာ ရတနာခုနှစ်ပါး စီချယ်ထားတဲ့ ဝေဇယန္တာပြာဿ ဒ်ကြီး တစ်ခုရှိပြီး ထီးတံခွန်တို့နဲ့ ဝိုင်းရံထားလျက် ရှိပါတယ် ။

ထို့ပြင် နန္ဒာရေကန်နှင့် နတ်သစ်ပင်၊ ပန်းပင်တို့ဖြင့် ဝေဆာသော
• နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် နတ်တို့နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။
• ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် အဖျော် ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။
• စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ အာသာဝတီနွယ်နီ နတ်ပန်း ဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့် ဝင်ထွက်ရာ ဥယျာဉ်တော်။
• မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် နတ်သားနတ်သမီး တို့ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။
• မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် လှပဆန်းကြယ် နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိရာဥယျာဉ်တော်စတဲ့ ဥယျာဉ်ကြီး( ၅ ) ခုရှိပါတယ် ။

ထို့အပြင် တာဝတိံသာနတ်ပြည်မှာပဲ ပင်လယ်ကသစ်ပင်ဆိုတဲ့ အပင်ရှိပြီး ဒီအပင်ရင်းမှာတော့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တည်ရှိပါတယ် ။
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာဟာ ခေါင်ရမ်းပွင့် အရောင်အသွေးကဲ့သို့ နီတွေးသော အရောင် အဆင်းရှိပြီး …. အလွန်နူးညံ့သော ကမ္ဗလာဖြစ်လို့ သိကြားမင်းထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင်ပြန်၍ ပြည့်မြဲပြည့်သော ကမ္ဗလာ ဖြစ်တယ်လို့ ပြောကြ ပါတယ် ။

တာဝတိံသာ၌ ကုသိုလ်ကောင်းမှုပြုရန် စူဠာမဏိစေတီတော် ရှိပါတယ် မြတ်စွာဘုရားရဲ့ ဆံတော်၊ မကိုဋ်တော် သာမက လက်ယာအထက်စွယ်တော်ပါ ကိန်းဝပ်တည် ရှိပါတယ်။
သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီးလည်း ရှိပါတယ် ။ သုဓမ္မာဇရပ်ကြီမှာ နတ်တို့၏ အစည်းအဝေးများကို ကျင်းပပြုလုပ်ကြပါတယ်။

တာဝတိံသာမှ အထက်ယာမာ စသောနတ်ပြည်များ၌ကား အာကာသဋ္ဌ (ခေါ်) အာကသဇိုဝ်း နတ်များသာ နေထိုင်ကြပါတော့တယ်….။
တာဝတိံသာနတ်သက် သည် အနှစ်(၁၀၀၀)ဖြစ်ပါတယ် ။
လူတို့၏ နှစ်အရေအတွက် သုံးကုဋေခြောက်သန်းရှိပါတယ်
လူတို့၏ နှစ်(၁၀၀)သည် တာဝတိံသာနတ်၌ (၁)ရက် ဖြစ်သည်။

( မှတ်စုစာအုပ် မှကိုးကားပါသည် )

★ ★ ★ ယာမာ

ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံဖြစ်သည်။
တာဝတိံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာဘုံတွင်လည်း သုယာမနတ်မင်း အုပ်ချုပ်သည်။
ယင်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်းရသည်
ယာမာနတ်သက်သည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၂၀၀၀)ရှိသည်။ လူတို့၏အရေအတွက်အားဖြင့် (၁၄)ကုဋေ(၄)သန်းရှိသည်။
လူတို့၏ နှစ်(၂၀၀)သည် ယာမာနတ်ပြည်၌ (၁)ရက် ဖြစ်သည်။
( မှတ်စုစာအုပ် )

★ ★ ★ တုသိတာ

ကြီးကျယ်မြင့်မြတ်သောစည်းစိမ်ကျက်သရေ တို့နှင့် ပြည့်စုံကြ၍ နှစ်သက်ရွှင်လန်း ခြင်း သို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။

ထိုဘုံ၌ဖြစ်ကြသော နတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက် ပျော်ပါးနေကြရသော ကြောင့် တုသိတာ နတ်ဘုံဟု ခေါ်သည်။

သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။

ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။

ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ “သေတကေတု”မည်သောနတ်မင်း ဖြစ်လေသည်။

ဘုရားအလောင်း၏မယ်တော် စသည့် သူတော်ကောင်း ပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ်သည်။

အနာထပိဏ်သူဌေးသည် ဤ တုသိတာနတ်ဘုံတွင်နတ်သားဖြစ်ရသည်။
တုသိတာနတ်သက်သည် နှစ်ပေါင်း(၄၀၀၀)ရှိသည်။

လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၅၇)ကုဋေ နှင့် ခြောက်သန်းရှိသည်။

လူတို့၏ နှစ်(၄၀၀)သည် တုသိတာနတ်(၁)ရက် ဖြစ်သည်။

★ ★ ★ နိမ္မာနရတိ

နိမ္မာနရတိနတ်ပြည်သည် တုသိတာနတ်ဘုံ၏အထက် ယူဇနာ(၄၂၀၀၀) ကွာသော ကောင်း ကင်ပြင်တွင် ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်များနည်းတူ ပန်းဆိုင်းဆွဲသကဲ့သို့ တည်ရှိသည်။

ထိုပြည်ရှိနတ်တို့သည် ပင်ကိုယ်ရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလိုကြသည့်အခါ မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်လေ့ရှိသော နတ်များဖြစ်ကြသည်။

အောက်နတ် ပြည်လေးထပ်တို့၌ အမြဲတမ်းထားသော ကိုယ်ပိုင်ဇနီးမောင်နှံ ရှိကြသကဲ့သို့ နိမ္မာနရတိနတ်ပြည်၌လည်း အမြဲတမ်း ဇနီးမောင်နှံများ ရှိကြသည်။

ထိုနတ်တို့သည် အပိုအလွန် စည်းစိမ်ခံစားလိုမှသာ မိမိတို့လိုရာ အဆင်း၊ အသံစသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော်ပျော်ပိုက် နေတတ် ကြသည်။

ထို့ကြောင့် ထိုနတ်တို့ကို `နိမ္မာနရတိ´နတ်များဟုခေါ်ကြသည်။
(နိမ္မာန=လိုရာစည်းစိမ်ကို မိမိဘာသာ ဖန်ဆင်း၍ + ရတိ=မွေ့လျော်ကြသည့် နတ်များ၏ဘုံ)

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ မိဖုရားဟောင်း ဖြစ်ဖူးကြသော မနာပကာယိကာ မည်သော နိမ္မာနတိနတ်သမီးတို့သည် အရှင်အနုရုဒ္ဓါ မထေရ်ထံ လာကြ၍ အမျိုးမျိုး ဖန်ဆင်းပြကြပါသတဲ့။

ထိုနတ်ပြည်ကို အုပ်ချုပ်သောနတ်မင်းကား “သုနိမ္မိတနတ်မင်းကြီး” ဖြစ်သည်။

ဝိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရား ဖြစ်ရသည်။

ထိုနတ်တို့၏သက်တမ်းသည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၈၀၀၀)ရှည်၍ လူသားတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၂၃၀)နှင့် လေးသန်း ရှိ၏။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည် ( မှတ်စုစာအုပ် )

★ ★ ★ ပရနိမ္မိတ၀သ၀တ္တိ

မိမိတို့အလိုရှိရာကို ကိုယ်တိုင်မဖန်ဆင်းဘဲ အစေအပါးနတ်များ၏ အလိုက်သိစွာ စိတ်တိုင်းကျ ဖန်ဆင်းပေးသော ကာမဂုဏ်စည်းစိမ်ချမ်းသာကို စံစားကြသော နတ်တို့၏ စံရာဘုံဖြစ်သည်။

“၀သ၀တ္တိနတ်မင်း”က အုပ်ချုပ်သည်။

ဤနတ်ဘုံမှာ မြတ်စွာဘုရားကိုပင် အမြဲတမ်း လိုက်လံနှောက်ယှက်လေ့ရှိသော မာရ်နတ် မင်းသည်လည်း သီးသန့်စံလျက်ရှိသည်။

ပရနိမ္မိတ၀သ၀တ္တိ နတ်သက်သည် နှစ်ပေါင်း(၈၀၀၀)ရှိသည်။
လူတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၉၂၁)နှင့် ခြောက်သန်း ရှိ၏။
လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တိ နတ်ပြည်၏ တစ်ရက်ဖြစ်သည်။
( မှတ်စုစာအုပ် )

★ ★ ★ ★ ★ အပါယ်ဘုံလေးဘုံနဲ့ ကာမသုဂတိဘုံ (၇) ဘုံကို .... ကာမဘုံ( ၁၁ )ဘုံလို့ခေါ် ပါတယ် ( ကာမ ကိုသုခ အထင်နဲ့ ခံစားမွေ့လျှော်နေကြတဲ့ဘုံတွေပေါ့ )

★ ★ ★ အကိုးအကားတရားများ
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်
သင်္ဂြိုဟ်ဘာသာဋီကာ’ နှင့် (ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်) ကိုအထူးကိုးကားပါသည။်
အွန်လိုင်းမှတ်စုစာအုပ်စာမျက်နှာ
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ( အသေမြတ်ချင် သေနည်းသင်)
ပေတဝတ္ထုပါဠိ ၊ အဌကထာ (စတုမဟာရာဇ)
ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ္တံ
လောကပညတ္တိကျမ်း
(ဗုဒ္ဓဝင်အဋ္ဌကထာ)
မဃဒေဝ
အာဠာဝက သုတ်
အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
သုတ်ပါ ထေယျပါဠိတော်၊ အာဋာနာဋိယ သုတ် သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ ( ဝေဿ၀ဏ်နတ်)

ချမ်းမြေ့ကြပါစေရှင် .....

Saturday, May 3, 2014

ဗြ ဟ္မာ ဘုံ ( ၂၀ )



ဗြဟ္မာ

မင့်မြတ်သော ဈာန် သမာပတ်များဖြင့်ပြည့်စုံပြီး  ဗြဟ္မ၀ိဟာရတရားလေးပါးကို စောင့်ထိန်းသော သူများကို ဗြဟ္မာ ဟုခေါ်သည်။

ကာမဂုဏ်အာရုံ နဲနိုင်သမျှ နဲမှသာ ဈာန်စသည့်တရားများ ရရှိနိုင်ပြီး  ဗြဟ္မာဘုံ (၂၀)
(((( ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ ၊ ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊ နေဝသညာနာသညာယတန )))) သို့ရောက်ရှိနိုင်ပါတယ်။

( ၃ ) ရူပါဝစရဘုံ ( ၁၆ ) ဘုံ
( ၄ ) အရူပါဝစရ ( ၄ ) ဘုံ   ဆိုပြီးဗြဟ္မာဘုံ ( ၂၀ ) ကို - ၂ ပိုင်း ခွဲခြားထားပါတယ်။

ရူပဗြဟ္မာဘုံ( ၁၆ ) ဘုံ 

ရူပဗြဟ္မာ

ဤရူပဗြဟ္မာ များသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားစွာနေကြသည်။
ယောင်္ကျား မိန်းမ(ဖိုမ) အင်္ဂါများမရှိပေ။
သို့သော် ပုံသဏ္ဍာန်မှာ ယောင်္ကျားပုံ ဖြစ်သည်။
ဗြဟ္မာများ နေထိုင်ပုံမှာ ယောကီကြီး များ နေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။
အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသောဗြဟ္မဝိဟာရတရားလေးပါးကို ပွားများနေကြသည်။
အချို့ကား ဈာန် သမာပတ် ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။ ၄င်းဘုံတွင်

( ၁ ) ပထမဈာန် ( ၃ ) ဘုံ
   ၁ … ဗြဟ္မပါရိသဇ္ဖာ ဘုံ
  ၂ ... ဗြဟ္မပုရောဟိတာ ဘုံ
  ၃ ... မဟာဗြဟ္မာ ဘုံ

( ၂ ) ဒုတိယဈာန် ( ၃ ) ဘုံ
  ၄ ... ပရိတ္တာဘာ ဘုံ
  ၅ ... အပ္ပမာဏာဘာ ဘုံ
  ၆ ... အာဘဿရာ ဘုံ

( ၃ ) တတိယဈာန် ( ၃ ) ဘုံ
    ၇ … ပရိတ္တာသုဘာ ဘုံ
    ၈ ... အပ္မမာဏာသုဘာ ဘုံ
    ၉ ... သုဘကိဏှာ ဘုံ

( ၄ ) စတုတ္ထဈာန် ( ၇ ) ဘုံ ရှိပါတယ် …။
      ၁၀  ... ဝေဟပ္ဖိုလ် ဘုံ
     ၁၁ ... အသညသတ် ဘုံ
     ၁၂ ... အဝိဟာ ဘုံ
     ၁၃ ... အတပ္ပါ ဘုံ
     ၁၄ ... သုဒဿာ ဘုံ
     ၁၅ … သုဒဿီ ဘုံ
     ၁၆ ...  အကနိဋ္ဌ ဘုံ

ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိပြီး
ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြါတယ် ....

ပထမဈာန( ) ဘုံ 

ဗြဟ္မပါရိသဇ္ဇာ
((( မဟာဗြဟ္မာမင်း၏ ကျေးကျွန်အစေအပါးပရိသတ် ဖြစ်ကြသောဗြဟ္မာငယ်များ  )))

ဗြဟ္မပုရောဟိတာ
((((မဟာဗြဟ္မာမင်း၏ မှူးမတ်ကြီးများ ပုရောဟိတ်ကြီးများသဖွယ်ဖြစ်သော ဗြဟ္မာလတ်များ ))))

မဟာဗြဟ္မာ
ပါရိသဇ္ဖာ၊ ပုရောဟိတာဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာကြီးဖြစ်သည်။ စကြ၀ဠာတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ကို အစိုးရကြ၍ မြင့်မြတ်သာလွန်သော အဓိပတိဗြဟ္မာပင် ဖြစ်သည်။

ကမ္ဘာတည်စကတည်ရှိသော ဤမဟာဗြဟ္မာကြီး ကိုပင် အခြားသော ဘာသာဝင်များက `ထာဝရ ဘုရား´ဟုခေါ်ကြသည်။

 ( ဗြဟ္မာမင်းကို အောက်တန်း ဗြဟ္မာတို့က တမင်ကိုယ်ထင်မပြလျှင် မမြင်နိုင်ကြပေ )

ပထမဈာန်ရ ဗြဟ္မာတို့ နေထိုင်ရာဘုံ များမှာ အဆင့်ဆင့် မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြပေမယ့် အသက် အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော ကျင့်စဉ် အားလျော်စွာ ကွာခြားကြပါတယ်။

ဘုရားရှင်အောင်နိုင်တော်မူတဲ့  အောင်ခြင်း ရှစ်ပါးထဲက ပကဗြဟ္မာကြီးဟာ ပထမဈာန်ဘုံကပါ …

သူဟာအခြွေအရံပေါတယ် .. ဘုန်းတန်ခိုးကြီးတယ် …ပြီးတော့ ကမ္ဘာပေါင်းများစွာ အသက်ရှင်တဲ့အတွက် …  ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်အမြဲ၏ ၊ ထာဝရခိုင်ခံ့တည်တံ့၏  စသည်ဖြင့်  သဿသမိစ္ဆာဒါဌိအယူကို စွဲယူနေတဲ့ ဗြဟ္မာကြီးပေါ့ ….

မြတ်စွာဘုရားက ပကဗြဟ္မာကြီးရဲ့  မိစ္ဆာဒိဌိစိတ်အကြံကို သိတော်မူတော့ ဗကဗြဟ္မာကြီးကို ဆုံးမကယ်ချွတ်ရန် ဗြဟ္မာပြည်သို့ ကြွတော်မူခဲ့ပါတယ်….  မြတ်စွာဘုရားကိုမြင်လျှင် ဗကဗြဟ္မာကြီးက …

အသျှင်မြတ် လာပါလော့၊ အသျှင်မြတ် (အသျှင်မြတ်၏) လာခြင်းသည် ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ်ဤဗြဟ္မလောက သို့ လာခြင်း၏ အလှည့်ကို ကြာမြင့်မှပင် ပြုဘိ၏၊

အသျှင်မြတ် ဤဗြဟ္မလောကသည်မြဲ၏၊ ဤဗြဟ္မ လောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည်သီးသန့်ဖြစ်၏၊ ဤဗြဟ္မ လောကသည် ရွေ့လျောခြင်းသဘော မရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သောထွက်မြောက်ရာလည်း မရှိ ဟု ဆို၏။

ဒီအခါမှာ ထက်ရပ် ၀န်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိသတ်ရှေ့မှာ မြတ်စွာဘုရားက  အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား ...
မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊
မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊
မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊
သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊
ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။
 (ပထမဈာန်) ဗြဟ္မာဘုံလောက၌ ပဋိသန္ဓေ နေသူ၊ အိုသူ၊ သေသူ၊ ရွေ့လျားသူ၊ တဖန်ရောက် လာသူများ ရှိနေပါလျက် မရှိဟုလည်းဆို၏ ၊
ဤ ပထမဈန်လောကမှ တပါး ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဗြဟ္မာဘုံလောကများ၊ မဂ်ဖိုလ်နှင့် နိဗ္ဗန်ဟူသော သာလွန် မြင့်မြတ် သောထွက်မြောက်ရာ များရှိပါလျက် မရှိဟုလည်းဆို၏ စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန် တော်မူလေသည်။

ထိုအခါ ဗကဗြဟ္မာက .... ရဟန်းကြီး……ဤလောက၌ သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏ တို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါးအခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြ၏ ။ သင် သည် အခြားလွတ် မြောက်ရာကို တွေ့လိမ့်မည်မဟုတ်’ ဟုပြောဆိုပြန်လေသည်။

 မြတ်စွာဘုရားက- ဗြဟ္မာ… ဤပထမဈာန်ဘုံလောကမှ တပါးသော ဘုံဘ၀ လောကများ ရှိသေးသည် သာ။ သင်သည်အာဘဿရ ဗြဟ္မာ့ဘုံဘ၀မှ စုတေခဲ့၍ ဤပထမဈာန်ဘုံဘ၀သို့ ရောက်လာ ရသူဖြစ်၏။ ထိုအာဘဿရဘုံဘ၀ကို သင်ကမသိမမြင်တော့သော်လည်း ငါဘုရားသိမြင်၏ …. 

ထိုမျှမက ဗက ဗြဟ္မာ၏ ရှေးဘ၀က ကျင့်ခဲ့သော တရားများ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဘကိဏှဘုံ ၊ အာဘ ဿရ ဘုံများ ၌ ဗကဗြဟ္မာဖြစ်ခဲ့ ပုံများ၊ ရှေးလူဘ၀တွင် ဗကဗြဟ္မာလောင်း ရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ် ကံများ ကိုပါ အကျယ်တ၀င့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ်ဘ၀ဖြစ်စဉ်မျာိးကု ထင်မြင်မှတ်မိ သတိရလာလေ၏ ။

ထို့ပြင် မြတ်စွာဘုရားက ဓါတ် ( ၆ ) ပါးတရားကို ဆက်လက်ဟောပြတော်မူရာ-
ဗကဗြဟ္မာကြီးသည် မိမိ၏ သဿသမိစ္ဆာဒိဌိအယူဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်မထားနိုင် တော့ချေ။ သို့ရာတွင် မိမိ၏အရှုံးကို ဖုံးကွယ်လို၍ တန်ခိုးချင်းပြိုင် ရန်ပြောဆိုသည်။

ရဟန်းကြီး…..သင်၏ အရှေ့မှောက်၌ ယခုပင် ကျွန်ုပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလော့ ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက

သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့ ဟုမိန့်၏

သို့သော် … ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်ဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် ပဒေသာပင်အတွင်းသို့ ၀င်၍ ပုန်းအောင်းနေ၏ ။

သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏ ။

မကြံသာသည့်အဆုံး ဆောင့်ကြောင့်ထိုင်နေသော ဗကဗြဟ္မာကို ဗြဟ္မာများက ပြောင်လှောင်သဖြင့် ဗကဗြဟ္မာကြီး မျက်နှာ မသာမယာ ရှိလေတော့သည် ။

ဗြဟ္မာ…….သင် မပုန်းကွယ်နိုင်လျှင် ငါဘုရားပုန်းကွယ်ပြမည် ဟုမြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်စေတော်မူ လျက် တရားဓမ္မကို ဟောပြတော်မူလေ၏ ။

 မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင် ကျွတ် တမ်း ၀င်ကြလေသည်။
ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေ တော့ သည်။

( ) ဒုတိယဈာန် ( ) ဘုံ 

ပရိတ္တာဘာဘုံ
အပ္ပမာဏာနှင့် အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ကိုယ်ရောင်မတောက်ဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာ တို့နေထိုင်ရာဘုံကို ပရိတ္တာဘာဘုံ ဟုခေါ်သည်။

အပ္ပမာဏာဘာ
အတိုင်းအရှည် ပမာဏကို မပြောပြနိုင်လောက်အောင်ပင် များလှစွာသော ကိုယ်ရောင် ကိုယ်ဝါရှိသော ဗြဟ္မာ တို့နေထိုင်ရာဘုံကို အပ္ပမာဏာုဘာ ဘုံဟု ခေါ်သည်။

အာဘဿရာဘုံ
တိမ်တိုက်မှ လျှပ်စီးများ ကွန့်မြူး၍နေသကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါများသည်လည်း စိတ်ကြည်လင်သည်နှင့်အမျှ ခန္ဓာကိုယ်မှ တလျှပ်လျှပ် ထွက်ပေါ်နေကြသော ဗြဟ္မာများဖြစ်သည်။

ဤသုံးဘုံမှာ ဒုတိယဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။
ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။

( ) တတိယဈာန်ဘံ ( ) ဘုံ 

ပရိတ္တာသုဘာဘုံ
အောက်ဘုံများမှ ဗြဟ္မာများထက် ကိုယ်ရောင်ကိုယ်ဝါ သာလွန်သော်လည်း အထက်ဗြဟ္မာများ ကဲ့သို့ မတောက်ပသော ဗြဟ္မာများဖြစ်သည်။

အပ္မမာဏာသုဘာဘုံ
အတိုင်းမသိ၊ ပမာဏမရှိ၊ တင့်တယ်သည့် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာများဖြစ်သည်။

သုဘကိဏှာဘုံ
တင့်တယ်သည့် ကိုယ်ရောင်ကိုယ်ဝါဖြင့် ရောပြွန်းသော ဗြဟ္မာများဖြစ်သည်။ (မှတ်ချက်။ ။ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။)

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ 

( ) စတုတ္တဈာန်ဘုံ ( ) ဘုံ 

ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ  ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ ၊ သုဒဿာဘုံ ၊ သုဒဿီဘုံ
အကနိဋ္ဌဘုံ ဟူ၍ စတုတ္ထဈာန် ၇-ဘုံ ရှိ၏။

ဝေဟပ္ဖိုလ်ဘုံ

ပြန့်ပြောကြီးမားသောအကျိုးရှိသော ဗြဟ္မာကြီးများ၏ ဌာန

အသညသတ်ဘုံ

စိတ်, စေတသိက်တို့ မရှိဘဲ ရုပ်ခန္ဓာကြီးသာရှိသော ဗြဟ္မာကြီးများ၏ ဌာန

အသညသတ်ဗြဟ္မာ

လူပြည့်တွင်ကျင့်ကြံအားထုတ် လျှက် ...  ဈာန်ရပြီသောအခါ တချို့က စိတ်ဝိညာဉ်နှင့်အမှတ် သညာရှိ၍သာ မြင်ချင်၊ ကြားချင်၊ နံချင်၊ စာချင်၊ တွေ့ချင်၊ ထိချင်၊ သိချင်သော သဘောများဖြစ်နေရသည်။ စိတ်နှင့်သညာသာမရှိလျှင် အင်မတန် အေးမြပေလိမ့်မည် ဟု စိတ်နှင့် သညာအပေါ် အတော်များစွာ အပြစ်မြင်နေ၏။

ထိုသို့ အပြစ်မြင်သည့် အတိုင်းပင် စိတ်သည် စက်ဆုပ်ဖွယ်၊ စိတ်သည်စက်ဆုပ်ဖွယ် ဟု ကြပ်ကြပ် အပြစ်ရူမိသောအခါ  သညာဝိရာဂ - ဘာဝနာ ခေါ် စိတ်သညာနှင့် နာမ်အားလုံးကို ရွံမုန်းသော ကမ္မဋ္ဌာန်းတစ်မျိုး ပေါ်လေသည်။

ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ်ဗြဟ္မာ့ဘုံ၌ ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ မသိတော့၊ ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ်၊ တချို့က ထိုင်၊ တချို့က အိပ်လျက် နေလေသည်။

 ဤဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှာ တပြင်တည်း ရှိ၏။

အဝိဟာဘုံ = မိမိတို့ဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းများစွာကြာအောင် တည်နေသော ဗြဟ္မာကြီးများ၏ ဌာန

အတပ္ပါဘုံ = မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာကြီးများ၏ ဌာန

သုဒဿာဘုံ = အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်ဖွယ်အလွန်ကောင်းသော) ဗြဟ္မာကြီးများ၏ ဌာန

သုဒဿီဘုံ = သူတစ်ပါးကို ပကတိစက္ခု၊ ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာကြီးများ၏ ဌာန

အကနိဋ္ဌဘုံ = စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သောသဘော မရှိကြ၊ အထက်တန်းကျသော ဗြဟ္မာကြီးများ၏ ဌာန

ဤအဝိဟာဘုံမှ အကနိဋ္ဌဘုံ ၅-ဘုံကို စင်ကြယ်သော ပုဂ္ဂိုလ်များ၏နေရာ သုဒ္ဓါဝါသ ၅-ဘုံဟု ခေါ်၏။
အနာဂါမ်ပုဂ္ဂိုလ်များမှာ ဤဘုံများတွင် ဖြစ်၏။

အရူပဘုံ (အရူပဗြဟ္မာ ၄-ဘုံ)

အရူပဗြဟ္မာ

ဤဗြဟ္မာလောင်းတို့ကမူ ဈာန်ရိုးရိုး ရပြီးနောက် ရုပ်ခန္ဓာ ကြီးရှိနေ၍သာ အရာရာ အပြစ်များရ ဆင်းရဲဒုက္ခ များရလေသည်။ စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြေ့ပေလိမ့်မည် ဟု ရုပ်ကို အပြစ်ရူကာ ဘာဝနာပွားများသောအခါ  ရူပ၀ိရာဂ - ဘာဝနာ ခေါ်သော ရုပ်ခန္ဓာကို ရွံမုန်းသော ကမ္မဋ္ဌာန်းတစ်မျိုးပေါက်လေသည်။

ထိုပုဂ္ဂိုလ်စုတေလျှင် အရူပဘုံဟုခေါ်သော ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ တည်ရှိလေတော့၏။ ဤစိတ်ဝိညာဉ်အစဉ်ကိုပင် အရူပဗြဟ္မာဟု ခေါ်ဝေါ်ရလေသည်။

(ဘာသာခြားတို့ကမူ ဤဗြဟ္မာ -မျိုးကို ယုံကြည်ဖို့ ခဲယဉ်းပေလိမ့်မည်။)

ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံဆိုသော်လည်း တကယ့်ဘုံဗိမာန် ရှိသည်မဟုတ်။

( ၁၇ ) အာကာသာနဉ္စာယတနဘုံ
 အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသေန္ဓေတည်နေလျက် ... ကမ္ဘာနှစ်သောင်း အသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၁၈ ) ၀ိညာဏဥစ္စာယတနဘုံ
 ဝိညာဏဉ္စယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် ကမ္ဘာလေးသောင်း အသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၁၉ ) အာကိဉ္စာညာယတနဘုံ
 အာကိဉ္စညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။ကမ္ဘာခြောက်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၂၀ ) နေဝသညာနာသညာယတနဘုံ
 နေဝသညာနာသညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။ ကမ္ဘာရှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ ဟုခေါ်သည်။
ဤ ၄-ခုမြောက်ဘုံကိုပင် ဘ၀ဂ်ဟုခေါ်သည်။

ဗြဟ္မာ့ပြည်၌ ဖြစ်ရသူတို့သည် အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ အောက်ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့်ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကြလေတော့သည်။ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန်ကုန်သောအခါ လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေနေကြရပြန်သည်။ သို့ရာတွင် ဈာန်မရမီက မိမိအားထုတ်ခဲ့သော ကုသိုလ်အဟုန်ကြောင့် ရုတ်တရက် အောက်တန်းမကျသေးဘဲ ဒွိဟိတ် တိဟိတ် ပုဂ္ဂိုလ် (ဒွိဟိတ် လူနတ်၊ တိဟိတ် လူနတ်)များ ဖြစ်ပြီးလျှင် ထိုလူနတ်အဖြစ်မှ တစ်ဆင့် ကံအကြောင်းမသင့်၍ လျှော့ကျရပြန်သောအခါ အပါယ် ၄-ပါး၌ ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင်များလည်း ဖြစ်ခွင့်ရှိကြလေပြန်သည်။

...........................................................................................................

ရူပါဝစရစိတ် ၁၅-ပါး
 
၁။ ရူပါဝစရ ကုသိုလ်စိတ် ၅-ပါး (ရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ ရူပဈာန်ကုသိုလ်စိတ်များ)
၂။ ရူပါဝစရ ၀ိပါက်စိတ် ၅-ပါး (ရူပဈာန်ကုသိုလ်၏ အကျိုးစိတ်များ)
၃။ ရူပါဝစရ ကြိယာစိတ် ၅-ပါး (ရူပဈာန်ရ ရဟန္တာတို့၏ ရူပဈာန်စိတ်များ)



ဤစိတ်တို့သည် ရူပဗြဟ္မာဘုံတို့၌ အများအားဖြင့် ဖြစ်ကြသော်လည်း ရူပကုသိုလ်စိတ်နှင့် ရူပကြိယာစိတ်တို့သည် လူ့ဘုံ၌လည်း ဖြစ်နိုင်ကြ၏။ 
ဈာန်ရသည်အထိ သမထဘာဝနာ ပွားများကြသော သူတို့၌ ဖြစ်နိုင်ကြ၏။ ရူပကုသိုလ်စိတ်တို့သည် ဈာန်ရသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်နှင့် အနာဂါမ်တို့၌ ဖြစ်ကြ၏။ 
 ရူပကြိယာစိတ်တို့သည် ဈာန်ရသည့် ရဟန္တာအရှင်မြတ်တို့၌ ဖြစ်ကြ၏။ ရူပါဝစရ ၀ါပါက်စိတ်တို့သည် ရူပဗြဟ္မာတို့၏ ပဋိသန္ဓေစိတ်များ ဖြစ်ကြ၏။

ဈာန်ဟူသည်မှာ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ(ဥပေက္ခာ)၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါတို့၏ အပေါင်းအစုဖြစ်၏။

ဝိတက် = ယှဉ်ဖက် စိတ်စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်းသဘော၊
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော
ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော
သုခ = ချမ်းသာသည့် ခံစားခြင်းသဘော
(ဥပေက္ခာ) = ချမ်းသာ ဆင်းရဲမဖြစ်ဘဲ အလယ်အလတ် ခံစားခြင်းသဘော
ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ စိုက်ဝင်တည်တံ့ခြင်းသဘော

ဤဈာန်အင်္ဂါစေတသိက်တို့သည် စိတ်နှင့်စေတသိက် အပေါင်းအစုက ဘာဝနာအာရုံ၌ စူးစိုက်၍ တည်နေကြရန် ဆောင်ရွက်ပေးကြ၏။

ပထမဈာန်တွင် ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါး ပါဝင်ကြ၏။
အလေ့အကျင့်များလာသည့်အခါ ၀ိတက်မပါဘဲ ဈာန်သို့တက်နိုင်၏။ ထိုဈာန်ကို ဒုတိယဈာန်ဟုခေါ်သည်။ 
တတိယဈာန်တွင် ၀ိစာရကိုပါ ထပ်ပယ်သဖြင့် ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးသာ ကျန်၏။ 
စတုတ္ထဈာန်တွင် ပီတိကိုပါ ထပ်ပယ်သဖြင့် သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးသာ ကျန်၏။ ပဉ္စမဈာန်တွင် သုခထက် ပိုမို သိမ်မွေ့သော ဥပေက္ခာနှင့် ဧကဂ္ဂတာဟူ၍ ဈာန်အင်္ဂါ ၂-ပါးသာ ပါဝင်၏။

ရူပါဝစရကုသိုလ်စိတ် ၅-ပါး

၁။ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန် ကုသိုလ်စိတ် ၁၊
၂။ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန် ကုသိုလ်စိတ် ၁၊
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန် ကုသိုလ်စိတ် ၁၊
၎။ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန် ကုသိုလ်စိတ် ၁၊
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန် ကုသိုလ်စိတ် ၁၊

ရူပါဝရစ၀ိပါက်စိတ် ၅-ပါးနှင့် ရူပါဝစရကြိယာစိတ် ၅-ပါးတို့ကို အထက်ပါအမည်များ အတိုင်းပင် ခေါ်ဆို၏။ `ကုသိုလ်စိတ်´နေရာ၌ `၀ိပါက်စိတ်´သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲပေးရန်သာ လိုအပ်၏။

ဤလူ့ဘ၀၌ ပထမဈာန်ရအောင် အားထုတ်သောသူသည် ထိုဈာန်မပျက်ဘဲကွယ်လွန်လျှင် ပထမဈာန်ဝိပါက်စိတ်ဖြင့် ပထမဈာန်ရူပဘုံ၌ ဥပပတ်ပဋိသန္ဓေဖြစ်ရ၏။ အခြားဈာန်ကုသိုလ်စိတ်တို့ကလည်း အလားတူ အကျိုးပေးကြပါသည်။

ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်(မေတ္တာရိပ်)
အရူပါဝစရစိတ် ၁၂-ပါး
 
၁။ အရူပါဝစရကုသိုလ်စိတ် ၄-ပါး (အရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ အရူပဈာန် ကုသိုလ်စိတ်များ)
၂။ အရူပါဝစရ၀ိပါက်စိတ် ၄-ပါး (အရူပဈာန် ကုသိုလ်၏ အကျိုးစိတ်များ)
၃။ အရူပါဝစရကြိယာစိတ် ၄-ပါး (အရူပဈာန်ရ ရဟန္တာတို့၏ အရူပဈာန်စိတ်များ)



အရူပါဝစရကုသိုလ်စိတ် ၄-ပါး

၁။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် ၁၊
၂။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ၀ိညာဏဉ္စာယတန ကုသိုလ်စိတ် ၁၊
၃။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကိဉ္စညာယတန ကုသိုလ်စိတ် ၁၊
၎။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော နေ၀သညာနသညာယတန ကုသိုလ်စိတ် ၁၊

အရူပါဝစရ၀ိပါက်စိတ် ၄-ပါးနှင့် အရူပါဝစရကြိယာစိတ် ၄-ပါးတို့ကို အထက်ပါ အမည်များအတိုင်းပင် ခေါ်ဆိုပါသည်။ `ကုသိုလ်စိတ်´ နေရာ၌ `၀ိပါက်စိတ်´ သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲရန်သာလိုပါသည်။

အရူပဈာန်စိတ်များ ဖြစ်ပေါ်လာပုံ

ရူပါဝစရပဉ္စမဈာန်ကို ကောင်းစွာ လေ့ကျင့်ထားပြီးသောသူသည် ရုပ်ခန္ဓာ၏ အပြစ်ကိုမြင်၍ ရုပ်နှင့် မဆက်ဆံသော အရူပဈာန်ကို အလိုရှိသော် ကသိုဏ်းနိမိတ်ကို လျစ်လျူရူလျက် အာကာသဟူ၍ ကောင်းကင်ပညတ်ကို အာရုံပြုကာ ဘာဝနာပွားများရ၏။ ဈာန်ဇောကျသည့်အခါ အာကာသကို အာရုံပြုသော အာကာသာနဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် အာကာသာနဉ္စာယတနစိတ်(၀ိညာဏ်)ကို အာရုံပြု၍ ဘာဝနာဆက်ပွားလျှင် ဈာန်ဇောကျသည့်အခါ ၀ိညာဏဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် ထိုအာကာသာနဉ္စာယတနစိတ်၏ စိုးစဉ်မျှ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုလျက် ဘာဝနာ ဆက်ပွားလျှင် ဈာန်ရောက်သည့်အခါ အာကိဉ္စညာယတနကုသိုလ်စိတ် ဖြစ်၏။

ဤတတိယ ရုပ္ပ၀ိညာဏ်ကို အာရုံပြု၍ နောက်တစ်ဆင့်မြင့်သော ဈာန်သို့ရောက်အောင် ဘာဝနာဆက်ပွားသော် နေ၀သညာနာသညာယတနကုသိုလ်စိတ် ဖြစ်၏။ ဤစိတ်သည် `သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်´ဟု ဆိုရလောက်အောင် အလွန်သိမ်မွေ့သော စိတ်ဖြစ်၏။

ရဟန္တာအရှင်မြတ်တို့က အထက်ပါနည်းအတိုင်း ရူပါဝစရပဉ္စဈာန် ကြိယာစိတ်ကို အခြေခံပြီးနောက် ဆက်လက်အားထုတ်သွားကြလျှင် အရူပါဝစရ ကြိယာစိတ်များကို ရရှိကြ၏။

အရူပါဝစရစိတ် ၁၂-ပါးလုံးပင် ပဉ္စမဈာန်စိတ်များ ဖြစ်ကြ၏။

ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်(မေတ္တာရိပ် )

 ( ၃၁ ) ဘုံအကြောင်းနှင့်စပ်လျှဉ်း၍ ..... အကိုးအကားတရားများ ကျမ်းများ ဆိုဒ်များ


 မောင်ဝိဇ္ဖာ "ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း"
ဓမ္မာစရိယဦးအေးနိုင်‎`ဗုဒ္ဓကျမ်းလာ နတ်ဒေ၀ါများ
ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်
(ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်) ကိုအထူးကိုးကားပါသည။်
အွန်လိုင်းမှတ်စုစာအုပ်စာမျက်နှာ
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ( အသေမြတ်ချင် သေနည်းသင်)
ပေတဝတ္ထုပါဠိ ၊ အဌကထာ (စတုမဟာရာဇ)
ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ္တံ
လောကပညတ္တိကျမ်း
(ဗုဒ္ဓဝင်အဋ္ဌကထာ)
မဃဒေဝ
အာဠာဝက သုတ်
အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
http://www.nandathitsa.com/ .... များမှကိုးကားပါတယ်..