Friday, October 31, 2014

သမိုင်းလိမ်ဌေးလွင်ဦးရဲ့ ကျွန်ုပ်တို့နားလည်အပ်သောဗုဒ္ဓဘာ

မောင်လေးညီမလေးတို့ရေ .....
ဒီတစ်ခါလဲ သမိုင်းလိမ်ဌေးလွင်ဦးရဲ့ ကျွန်ုပ်တို့နားလည်အပ်သောဗုဒ္ဓဘာဆိုတဲ့ ....
ဘုရားရှင်က တမန်တော်မိုဟာမက်လို ရုပ်ထုကိုးကွယ်တာတားမြစ်ထားပါတယ်ဆိုပြီး ဘုရားဟောတွေကို ...လိုရာဆွဲ ပြန်ရေး ပြီးဘာသာပြန်ထားတာလေးကိုရှင်းထားတာလေးပါ .....

ရုပ်ပွားဆင်းတု
သမိုင်းတွင် ကျွန်ုပ်တို့၏ ကိုယ်တော်မုဟမ္မဒ်ကြီးနှင့် နောက်လိုက် သံဃာအပေါင်းအား အာရဗ် ရုပ်ပွားဆင်းတု ၀ါ ဒီများ၏ တိုက်ခိုက်ထိုးနှက်မှုအား အကြောင်းပြုလျှက်၎င်း၊ ကျွန်ုပ်တို့၏ ကျမ်းတော်မြတ် ကုရ်အံ၌ ရုပ်ပွားဆင်း တု ကိုးကွယ်ခြင်း မပြုရဟု သွန်သင်ထားခြင်းကြောင့်၎င်း ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များ အနေဖြင့် ညီ နောင် ဗုဒ္ဓသာသနာဝင် (အများစု) ၏ ရုပ်ပွား ဆင်းတု ကိုးကွယ် ဆည်းကပ်သည့် ဓလေ့အား မနှစ်မြို့ စိတ်မချမ်း သာ ဖြစ်လျှက်ရှိသည်။ တနည်းအားဖြင့် မြန်မာ မူဆ လင်နှင့် မြန်မာဗုဒ္ဓဘာသာများကြားတွင် ထိုအချက်သည် ယုံ ကြည်ကျင့်ကြံမှု ပိုင်း ဆိုင်ရာ အက်ကွဲရသည့် အခြေခံ အကြောင်း ချက်များအနက် တစ်ခု ဖြစ်နေပေသည်။
ထိုအချက်အား ဖြေရှင်းရန် (၁) ကျွန်ုပ်တို့ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အံနှင့်- အစ္စလာမ့်သမိုင်း အား အတတ်နိုင်ဆုံး နှံ့စပ် ရန် လေ့လာသင့်သည်။ (၂) ညီနောင် မြန်မာဗုဒ္ဓသာသနာဝင်များ၏ သာသနာ့သမိုင်းနှင့် ပိဋကတ် ကျမ်းတော်အား အတတ်နိုင် ဆုံး နှံ့စပ်ရန် လေ့လာသင့်ပေသည်။ သို့မှသာ- အက်ကွဲမှုအား စနစ်တကျ စေ့စပ် ဖာထေးပေးနိုင်မည် ဖြစ်သည်။ ထို့အတွက် ဤဆောင်းပါးတို၌ အနည်းငယ်မျှ အကျဉ်းချုပ် တင်ပြပေးလိုပါ သည်။
ဗုဒ္ဓဘာသာများဘက်မှ ကြည့်လျှင်– သူတို့၏ ရုပ်ပွားဆင်းတု တည်ထား ဆည်းကပ်နေ ခြင်းမှာ ကိုးကွယ်မှား မဟုတ်ချေ။ ကိုးကွယ်မှား ဆိုသည်မှာ ထိုအရာအား ကိုးကွယ်ရမည်၊ ကိုးကွယ်သင့်သည်၊ ထိုသို့သော ကိုးကွယ်မှု အယူကြီးအား ကိုးကွယ်မှားဟု ခေါ်ဆိုနိုင် မည် ဖြစ်သည်။
ယခုမူ- ကိုယ် တော်ဂေါတမကိုယ်တိုင်က ရုပ်ပွား ဆင်းတု တည်ထားကိုးကွယ်ခြင်းများ၊ ရုပ် ခန္ဓာအား သဒ္ဓါလွန် ဆည်းကပ် ပူ ဇော်မှုများအား- တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှိက်၍ သော်လည်းကောင်း သွန်သင်ခဲ့ခြင်း မရှိသလို- ထို အရာများအား ကိုးကွယ်ဆည်းကပ်ခြင်းမှ ကိုးကွယ်မှား ဖြစ်သည်ဟု ဆုံးမခဲ့ပြီး ဖြစ်တော့သည်။ ၎င်းကို ပိဋ ကတ်တော်၌–

ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။ နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံသစ်ပင် စေတီ ပုတိုးတို့ကို၎င်း တည်ထား ကိုးကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ် ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒက ပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊ ၁၈၉)

အထက်ပါ ပါဠိတော်မှာ အနည်းငယ် ရှင်းစရာ ဖြစ်သော စကားလုံးမှာ စေတျာနိ ခေါ် စေတီ ဟူသည့် စကားလုံးပင် ဖြစ်သည်။ ထို စကားလုံးသည် တည်ထားကိုးကွယ်ခြင်း ဟု အနက်ကိုပေး သည့် စေတိယျ ဟု ဆင့်ပွားခြင်း ဖြစ်၍- ရုပ်ဝတ္ထု၊ စိတ်ကူးပုံဖွဲ့ အာရုံ တည်ဝတ္ထု မှန်သမျှ အကြုံးဝင် ပေသည်။ ထိုသို့- တည်ထားကိုးကွယ်မှု မှန် သမျှအား ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေး ကင်းသော ကိုးကွယ်ခြင်းမဟုတ်- ဒုက္ခခပ်သိမ်းမှ မလွတ်မြောက် နိုင်ကြောင်း ကိုယ်တော်ဂေါတမက ပြောပြသွန်သင်ပြီး ဖြစ်သည်။
ထိုမျှမက- ကိုယ်တော်သည် သူသက်ရှိထင်ရှား ရှိစဉ်ကပင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကြည်ညို သဒ္ဓါ လွန်မှုအား တားမြစ်ခဲ့ကြောင်း– ကိုယ်တော့အား ဆည်းကပ်ဖူးမျှော်သော ရှင်ဝက္ကိလိအား ဆိုဆုံးမ ခြင်းဖြင့် ဖေါ်ပြခဲ့လေ သည်။

အလံ ၀က္ကလိ ကိံ ရူပေ၊ ရမသေ ဗလနန္ဒိတေ။ ယော ဟိပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။ အပဿ မာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။

ဝက္ကလိ မသင့်တော်- လူမိုက်တို့သာ နှစ်သက်အပ်သော ရုပ်အဆင်း၌ သင်သည် အဘယ့်ကြောင့် မွေ့လျှော် နေ ဘိသနည်း။ ပညာ ရှိသော အကြင်သူသည် သူတော်ကောင်းတရားကို မြင်၏၊ ထိုသူ သည်ငါ့ကို မြင်သည် သာ တည်း။ သူတော်ကောင်းတရားကို မမြင်သောသူသည် ငါ့ကို မြင်သော်လည်း မမြင်သည် မည်၏။ (အပဒါန ပါဠိ တော်- ၀က္ကလိတ္ထေရအပဒါန- ၅၃။ ၅၄)
(ရုပ်ပွားများ ဖြစ်တည်လာသည့် သမိုင်းနှင့် ရုပ်ပွားဆင်းတု မကိုးကွယ် မဆည်းကပ်သော ဗုဒ္ဓဘာသာ ဂိုဏ်း များအား ဆက် လက်ဖေါ်ပြပေးပါမည်။)
မေတ္တာရပ်ခံချက်— ဤဆောင်ပါးတွင် ဆွာဟာဗာကြီးများအား သံဃာတော်များဟု ဘာသာပြန်ခဲ့ခြင်းမှာ– ဆွာ ဟာဗီကြီးများ သည် လောကဒွန်ယာ သံသရာအား ပါယ်သတ်ထားသူများ ဖြစ်လျှက် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်နေသူများကြောင့် ဖြစ်ပေ သည်။ သံဃာ ဟူသည် သံ-ဟနီတီတိ သံဃော- သံသရာအား ပါယ်သတ် နိုင်သူအား သံဃာဟု ခေါ်သည်ဟု အထကထာများ၌ ဖွင့်ဆို ထားပေသည်။
http://islaminmyanmar.blogspot.com/2012/03/blog-post_18.html
https://www.facebook.com/photo.php?fbid=1379498372282898&set=a.1376882049211197.1073741829.100006682441171&type=1&theater&notif_t=like
==================================================

★ ★ ★ ဖြေရှင်းချက်
အပေါ်ပိုင်းကစာတွေကတော့... သိလဲမသိ... နားလည်းမလည်လို့... မပြောတော့ပါဖူး.... သာသနာတော်နဲ့ပတ်သက်တဲ့ အကြောင်းလေးပဲရှင်းပြပါရစေ...။ တဆိတ်ရှင်... ရှင်တို့တွေ မသိတဲ့ ကျမတို့သာသနာတော်ရဲ့ သမိုင်းနဲ့ အနှစ်သာရကို... ဘာလို့ ဟိုလိမ် ဒီလိမ် လိုက်စွက်ဖက်နေရတာလဲရှင်...

(((( ဗုဒ္ဓဘာသာများဘက်မှ ကြည့်လျှင်–........ ဆုံးမခဲ့ပြီး ဖြစ်တော့သည်။ )))))
(((((( ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။ နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။))))))
((((( အလံ ၀က္ကလိ ကိံ ရူပေ၊ ရမသေ ဗလနန္ဒိတေ။ ယော ဟိပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။ အပဿ မာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။ )))))
****(ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံ သစ်ပင်(((( စေတီပုတိုးတို့ကို၎င်း = ဒီစကားကိုထပ်ဖြည့်ထားတယ် ))))) တည်ထားကိုးကွယ်ကြကုန်၏။
ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။
(ခုဒ္ဒကပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊၁၈၉)*** )))))))

★ ★ ★ ဟုတ်ကဲ့ပါ ..... အခါတစ်ပါး၌ မြတ်စွာဘုရားရှင်ဟာ အင်္ဂတိုင်း မဂဓတိုင်းတို့၏အကြား တစ်ခုသော သဲစုတွင် နေတော် မူစဉ် တပည့်တို့အား တောတောင်ကိုကိုးကွယ်ကုန်လော့ သစ်ပင်ကို ကိုးကွယ်ကုန်လော့ စတဲ့ အယူမှားကို ကိုးကွယ်ဆည်းကပ်တဲ့ အဂ္ဂိဒတ္တရသေ့ကို အကြောင်းပြုပြီး-
၁။ ဗဟုံဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။ .... အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
ဘယတဇ္ဇိတာ၊..... ဘေးဖြင့်ထိတ်လန့်ကုန်သော။
၂။ နေတံခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။.. .နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
၃။ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော၊... စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
၎။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။... အရိယဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
၅။ ဧတံခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။....... ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဆိုပြီး ဒီဂါထာငါးခုကို ဟောတော်မူခဲ့တဲ့အတွက် အဂ္ဂိဒတ္တ ဗြဟ္မာဏ ရသေ့ကြီး နှင့်တစ်ကွ တပည့်တစ်သောင်းတို့ဟာ ဧဟိဘိက္ခု ...ရဟန်းပြုပြီး ရဟန္တာတွေဖြစ်ကုန်ကြပါတယ် .....

★ ★ ဗဟု ...... များစွာကုန်သော။
မနုဿာ ..... လူတို့သည်။
ပဗ္ဗတာနိစ .... တောင်တို့ကိုလည်းကောင်း။
ဝနာနိစ ... တောတို့ကိုလည်းကောင်း။
အာရာမရုက္ခစေတျာနိစ ..... အရံ,အဓိကရ သစ်ပင်တို့ကို လည်းကောင်း။
ဝေ၊ စင်စစ်။ သရဏံ ..... ကိုးကွယ်ရာဟူ၍။
ယန္တိ .... ဆည်းကပ်ကုန်၏။
တထာပိ၊ ...... ထိုသို့ဆည်းကပ်ကုန်သော်လည်း
ဧတံ၊ ...... ဤတောတောင် သစ်ပင်အပေါင်းသည်။
ခေမံ၊ .... ဘေးကင်းသော။
သရဏံ၊ ..... ကိုးကွယ်ရာသည်။
နဟောတိ၊ .... မဖြစ်။
ဧတံ၊ ..... ဤတောတောင်သစ်ပင်အပေါင်းသည်။
ဥတ္တမံ၊ မြတ်သော။ သရဏံ၊ .... ကိုးကွယ်ရာသည်။
နဟောတိ၊ .... မဖြစ်။
ဧတံ သရဏံ၊ ဤတောတောင် သစ်ပင်ကို ကိုးကွယ်ခြင်းကို။
အာဂမ္မ၊ ... စွဲ၍။
သဗ္ဗဒုက္ခာ၊ .... ခပ်သိမ်းသောဆင်းရဲမှ။
နမုစ္စတိ၊ .... မလွတ်။
ယောစ၊ ... အကြင်သူသည်ကား။
ဗုဒ္ဓဉ္စ၊ ... မြတ်စွာဘုရားကိုလည်းကောင်း။
ဓမ္မဉ္စ၊ ... တရားတော်ကိုလည်းကောင်း။
သံဃဉ္စ၊ ... သံဃာတော်ကိုလည်းကောင်း။
သရဏံ၊ ... ကိုးကွယ်ရာဟူ၍။
ဂတော၊ ... ဆည်းကပ်၏။
သော၊ ... ထိုရတနာသုံးပါးကို ဆည်းကပ်သောသူသည်။
ဒုက္ခံ၊ ... ဒုက္ခသစ္စာလည်းကောင်း။
ဒုက္ခသမုပ္ပါဒံ၊ .... ဒုက္ခဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာလည်းကောင်း။
ဒုက္ခဿ စ အတိက္ကမံ၊ ... ဒုက္ခကိုလွန်မြောက်ရာဖြစ်သော နိရောဓသစ္စာလည်းကောင်း။ အရိယံ၊ မြတ်သော။
အဋ္ဌင်္ဂိကံ၊ ... အင်္ဂါရှစ်ပါးရှိသော။
ဒုက္ခူပသမဂါမိနံ၊ ... ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။
မဂ္ဂံ၊ ... မဂ္ဂသစ္စာလည်းကောင်း။ ၊ ဤသို့။
စတ္တာရိ၊ ... လေးပါးကုန်သော။
အရိယသစ္စာနိ ... အရိယသစ္စာတို့ကို။
သမ္မာ .... ကောင်းစွာ
ပညာယ၊ .... မဂ္ဂပညာဖြင့်။
ပဿတိ၊ .... မြင်၏။
ဧတံ၊ .... ဤရတနာသုံးပါးအပေါင်းသည်။
ခေါ၊ ..... အဟုတ်သဖြင့်။
ခေမံ၊ ..... ဘေးမရှိသော။
သရဏံ၊ ..... ကိုးကွယ်ရာမည်၏။
ဧတံ၊ ..... ဤရတနာသုံးပါးသည်။
ဥတ္တမံ ..... ၊ မြတ်သော။
သရဏံ၊ .... ကိုးကွယ်ရာမည်၏။
ဧတံ သရဏံ၊ ....... ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကို။
အာဂမ္မ ...... စွဲ၍။
သဗ္ဗဒုက္ခာ၊ ..... ခပ်သိမ်းသောဆင်းရဲမှ။
မုစ္စတိ၊ ..... လွတ်၏။

အဲဒီတော့ သစ်ပင် တော တောင်တွေကို ကိုးကွယ်မှုမပြုဘဲ ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးကို သာလျင် ကိုးကွယ်အပ် ကိုးကွယ်ထိုက်ကြောင်း ဟောကြားခဲ့တာပါ….

ဘုရား တရား သံဃာကို ရည်မှန်းတည်ထား တဲ့ စေတီပုထိုးများကို မကိုးကွယ် ထိုက်ဘူး လို့ ဟောခဲ့တာ မဟုတ်ပါဘူး…
အခု ဘာသာပြန်ဆို ချက်ဟာ ဘယ်ပုဂ္ဂိုလ်ပြုစုတဲ့ ဘယ်မူလဲဆိုတာ သိလိုပါတယ်… ပြီးတော့ ဗုဒ္ဓက စေတီ တည်ထိုက် သူလေးပါးဆိုပြီးတော့ လည်း ဟောတော်မူခဲ့ပါတယ်… အဲဒါတွေ ကတော့ .....

(၁) သမ္မာသမ္ဗုဒ္ဓ= သစ္စာလေးပါး မြတ်တရားကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့် ကိုယ်တော်တိုင်လည်းသိ သူတပါးတို့ကိုလည်း သိစေတော်မူသော ဘုရား
(၂) ပစ္စေကဗုဒ္ဓါ= အသီးအခြားပွင့်တော်မူသော ဘုရားငယ်
(၃) သာဝက = ဘုရား၏တပည့်သား သံဃာ
(၄) စက္ကဝတ္တိ ရာဇာ= စကြဝတေးမင်း ဆိုပြီး လေးပါးရှိပါတယ်…

အဲဒီလေးပါးထဲမှာ အမှတ်စဉ် ၂ နဲ့ ၄ တို့က သာသနာတွင်း ကာလမှာ မပေါ်ပေါက်နိုင် မပေါ်ပေါက်ကောင်း တာမို့ သာသနာတွင်း ကာလမှာ ကျန် နှစ်မျိုးသာ လျင် စေတီတည်ထား ကိုးကွယ်ကြပါတယ်…

★ ★ ပြီးတော့ ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှား ရှိတုန်း စေတီပုထိုး တည်ထား ကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ လျှောက်တဲ့အခါ ဘုရားရှင်က .....
စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း...
ပြီးတော့ ဗုဒ္ဓက သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော် မူခဲ့ပါတယ်။

( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။ဗုဒ္ဓကိုယ်တော်တိုင် ငါဘုရားပရိနိဗ္ဗာန်ပြုပြီး ငါဘုရားကိုယ်စား တည်ထားကိုးကွယ် သင့်တဲ့ စေတီ လေးမျိုးလို့ အရှင် အာနန္ဒာကို ဟောကြားခဲ့ပါတယ် .....

အဲဒီတော့ အခုတည်ထား ကိုးကွယ် ပူဇော်နေကြသော စေ တီတော် များ ဆိုတာဟာ ဘုရားရှင် အလိုတော် နဲ့ ကိုက်ညီလို့… ကိုးကွယ်ထိုက် ပါတယ်…

ဘာသာတိုင်းမှာလည်း အခုလို ရည်မှန်းကိုး ကွယ်မှုရှိပါတယ်… အစ္စလာမ်ဘာသာမှာ မရှိဘူးလို့ လုံးဝ ယတိပြတ် ငြင်းဆိုလို့လည်း မရပါဘူး… ဘာလို့ လည်း ဆိုတော့ အစ္စလာမ် ဘာသာဝင်တွေဟာ ကန်တော့လို့ရှိရင် မက္ကာဘက်ကိုသာ ဦးလှည့် ကန်တော့ ရမယ်လို့ ဆိုထားတာကလည်း အဲဒီအချက်ဟာ အထွတ်အမြတ် ထားရာ ကို ရည်မှန်းတယ်ဆိုတဲ့ သက်သေ သာဓက တစ်ခုပဲဖြစ် ပါတယ်…

အဲသလိုပဲ ကျမ တို့ကလည်း ကျမ တို့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ တရားတော်တွေ ရဲ့ ဂုဏ်တော်တွေ ၊သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ရည်မှန်း ပြီးတော့ စေတီ တည်ထား ကိုးကွယ်ကြပါတယ်…

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ဝတ်လဲတော်ကို ဌာပနာပြီး တည်ထားခဲ့တဲ့ ဗြ ဟ္မာပြည်က စေတီ၊ ဆံတော်ကို ဌာပနာပြီး တည်ထားခဲ့တဲ့ တာဝတိံသာ က စေတီ နဲ့ မြန်မာနိုင် ငံက ရွှေတိ ဂုံစေတီတော်တို့ဟာ ဘုရားရှင် အလိုတော်နဲ့ မကိုက် ညီဘူးဆိုရင် တားမြစ်ခဲ့မှာပေါ့…
==================================

(((((( အထက်ပါ ပါဠိတော်မှာ အနည်းငယ် ရှင်းစရာ ဖြစ်သော စကားလုံးမှာ စေတျာနိ ခေါ် စေတီ ဟူသည့် စကားလုံးပင် ဖြစ်သည်။ ထို စကားလုံးသည် တည်ထားကိုးကွယ်ခြင်း ဟု အနက်ကိုပေး သည့် စေတိယျ ဟု ဆင့်ပွားခြင်း ဖြစ်၍- ရုပ်ဝတ္ထု၊ စိတ်ကူးပုံဖွဲ့ အာရုံ တည်ဝတ္ထု မှန်သမျှ အကြုံးဝင် ပေသည်။ ထိုသို့- တည်ထားကိုးကွယ်မှု မှန် သမျှအား ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေး ကင်းသော ကိုးကွယ်ခြင်းမဟုတ်- ဒုက္ခခပ်သိမ်းမှ မလွတ်မြောက် နိုင်ကြောင်း ကိုယ်တော်ဂေါတမက ပြောပြသွန်သင်ပြီး ဖြစ်သည်။ )))))

★ ★ ★ စေတျာနိ ဆိုတဲ့ စကားလုံးကိုတော့ ပါဠိမြန်မာအဘိဓါတ်မှာ ရှာမတွေ့ ပါဘူး.. စေတျာဆိုတဲ့ ပုဒ်ကို ပဲရှာတွေ့ပါတယ်… စေတီယ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲဖြစ် ပါတယ်…

ဒါပေမယ့် နှစ်ခုလုံးရဲ့ မူရင်းပုဒ် ကတော့ စိတျ ဆိုတဲ့ ပုဒ်နဲ့ ဏျဆိုတဲ့ပုဒ် နှစ်ခုကိုပေါင်း ထားခြင်း ပဲဖြစ် ပါတယ်… ရိုသေးလေးစား မြတ်နိုး ပူဇော်ရာဖြစ်သော လို့ အနက် ဖွင့်ထားပါတယ်…
=================================

(((((((( မေတ္တာရပ်ခံချက်— ဤဆောင်ပါးတွင် ဆွာဟာဗာကြီးများအား သံဃာတော်များဟု ဘာသာပြန်ခဲ့ခြင်းမှာ– ဆွာ ဟာဗီကြီးများ သည် လောကဒွန်ယာ သံသရာအား ပါယ်သတ်ထားသူများ ဖြစ်လျှက် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်နေသူများကြောင့် ဖြစ်ပေ သည်။ သံဃာ ဟူသည် သံ-ဟနီတီတိ သံဃော- သံသရာအား ပါယ်သတ် နိုင်သူအား သံဃာဟု ခေါ်သည်ဟု အထကထာများ၌ ဖွင့်ဆို ထားပေသည်။ ))))))

★ ★ ★ သံဃာဆိုတာ ... ရဟန်းအစု အဝေးကိုခေါ် တာပါ ... ရဟန်း ( ၄ ) ပါးရဲ့အထက် ကိုသံဃာလို့သုံးနှုံးပါတယ်ရှင် ....
အတ္တနဲ့ အနတ္တ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့... ဘာသာနှစ်ခုကို ဘာရည်ရွယ်ချက်နဲ့ ဆွဲညှိနေတာလဲသိချင်ပါတယ်ရှင်။ .... ဘယ်ဆွာဟ ဘယ်ပညာရှိတွေက ရှင်ပြောသလို ဘာသာပြန်လိုက်လဲ ... တိတိကျကျလေးသိပါတယ်ရှင် ...

ချမ်းမြေ့ကြပါစေရှင် ......

Saturday, October 18, 2014

မ ဟာ ပ ဇာ ပ တိ




★ ★  ငါသည် ဤ ဘဒ္ဒ ကမ္ဘာမှ ကမ္ဘာတစ်သိန်း ထက်က မာန်ငါးပါးကိုအောင်မြင်တော်မူသော ဘဒုမုတ္တရ ဘုရားရှင်လက်ထက်တော်အခါက ဟံသာဝတီ ပြည့်ရှင်ထံ အမှုထမ်းသော အမတ်ကြီး၏ သမီးဖြစ်ခဲ့၏ ....

တစ်ရံရောအခါ  အဖနှင်တစ်ကွ ကျွန်မ အပေါင်းခြံရံ လျှက် ... မြတ်စွာဘုရားအား ဖူးမြော်ပြီး ..ဘုရားရှင် ၏တရားတော်မြတ်ကို နာကြားခဲ့ရ၏ ...

ငါသည် ဗုဒ္ဓကိုကြည်ညို သည်ဖြစ်၍ ရက်သတ္တပတ်လုံး ... ဘုရားရှင်နှင့် ရဟန်း ရဟန်းမများအားလုံးကို ... များစွာသော အလှူကြီးပေးကာ ဆွမ်း လုပ်ကျွေးပြုစု ခဲ့၏ ...

ခုနှစ်ရက်မြောက်သောနေ့တွင် ..မြတ်စွာဘုရားနှင့် အတူ ကြွရောက်လာသော ... မိထွေးတော် ရဟန်းမကို ( ရတ္တညု ) ဧတဒဂ် အရာထားတော်မူသည်ကို တွေ့ရှိပြီး ... မိထွေးတော်၏ တရားနာကြားခဲ့ရ၏ ....

ထိုအခါ ငါသည် ဘုရားရှင်ခြေရင်း ပျတ်ဝပ်ရှိခိုးလျှက် ... မိထွေးတော်အရာကို ဆုတောင်းခဲ့၏ ....
ထိုအခါ များစွာသော ပရိတ်သတ်အလယ်၌ ဗုဒ္ဓက ဤသို့မိန့်၏ ....

အကြင်အမျိုးသမီးသည် ... မြတ်စွာဘုရားနှင့်တစ်ကွ သံဃာကို ခုနှစ်ရက်ပတ်လုံးလုပ်ကျွေး၏ ... ငါသည် ထိုအမျိုးသမီးကိုဗျာဒိတ်ပေးအံ့ နာကြားကြကုန် ....

ယ္ခု ကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်  သြက္ကာက မျိုးနွယ်ဖြစ်သော ဂေါတမ မြတ်စွာဘုးရားသည် ... လောက
၌ပွင့်အံ့ ... ထိုဘုရားလက်ထက် တွင် အသင်သည် တရားတော်တို့၏ အမွေခံဖြစ်လျှက် ဂေါတမီဟု ထင်ရှားသော .... ဗုဒ္ဓ၏ မိထွေးတော် နှင့် တပည့်သာဝိကာဖြစ်လတ္တံ ..... 

★ ★ ယ္ခု ငါ၏ ဆုတောင်းပြည့်ခဲ့ပေပြီ .... ငါ၏အသက်သည်လည်း ( ၁၂၀ ) တိုင်ပေပြီ .... ငါသည်  မြတ်စွာ ဘုရား နဲ့ အဂ္ဂသာဝက အလုံးစုံ တို့ အပြင် အသျှင် မဟာကသပ အသျှင်နန္ဓ အသျှင်အာနန္ဓာ အသျှင် ရာဟုလာ တို့ရဲ့ ပရိနိဗ္ဗာန်ပြုခြင်းကိုဖူးမြင်ရတော့မယ် မဟုတ်ပေ ...

ဒါကြောင့် ငါသည် ရှေးဦးစွာ အာယုသင်္ခါလွှတ်ပြီးလျှင် လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်ဗုဒ္ဓထံ ခွင့်ပန်ပြီး ငြိမ်းအေးရာသွားရန် အချိန်ကျပေပြီ ....

☆ 。 ☆。ဒီအခါ ခေမာစတဲ့ နန်းတော်မှ အတူတစ်ကွ ရဟန်းပြုကြသော ရဟန်းမ ငါးရာတို့ရဲ့ စိတ်မှာလဲ ပရိနိဗ္ဗာန်ပြုရန် တစ်ပြိုင်နက် အကြံဖြစ်ပေါ်ပြီး အာယု သင်္ခါများလွှတ်ကြ တဲ့အတွက် မြေလှုတ်ခြင်း ဖြစ်ပေါ် ပါတယ်

မကြာမီမှာပဲ ရဟန်းမ ( ၅၀၀ ) ကျောင်းသင်္ခန်းရှေ့ စုဝေး ရောက်လာကြပြီး ....

အရှင်မ ကျွန်ုပ်တို့သည် အိမ်မှ၎င်း ဘ၀မှ၎င်း အတူတစ်ကွ ထွက်မြောက်လာကြပြီး ယ္ခုလဲ ငြိမ်းအေးရာကို အတူတစ်ကွ သွားလိုပါသည် ... ခွင့်ပြုတော်မူပါ ... ကျွန်ုပ်တို့သည် ယ္ခုပင် အာယုသင်္ခါလွှတ်ပြီး နံနက်လင်းသော်  ဗုဒ္ဓထံ ခွင့်တောင်း လျှောက်ထားရန်သွားကြပါတော့မည် .... လို့လျှောက်ပါတယ်

★ ★  ကျွန်ုပ်လဲ ဒီအကြံဖြစ်ပေါ်ခဲ့တဲ့အတွက် အာယုသင်္ခါလွှတ်ခဲ့ပါပြီ ဗုဒ္ဓထံ သွားရောက်ခွင့်ပန်ကြတာပ ...

☆ 。 ☆。 ကျောင်းင်းသင်္ခန်းပြင်ပရောက်တဲ့အခါမှာ ရဟန်းမ ( ၅၀၀ ) က ကျောင်းသင်္ခန်း ကိုနောက်ဆုံး ကြည့်ခြင်း    ဖြင့်ကြည့်ပြီး .....

★ ★  ကျောင်းသင်္ခန်းကို စောင့်ရှောက်ကုန်သော အကြင်နတ်တို့ .... ကျောင်းသင်္ခန်းတွင်ကျန်ခဲ့ကုန်သော အသင်ရဟန်းမတို့ .... ပူဆွေးသောက မဖြစ်ကြလေနှင့် ....

အိုခြင်းသည်၎င်း နာခြင်းသည်၎င်း သေခြင်း သည်၎င်း မုန်းတီးသူတို့ နှင့်ပေါင်းသင်းရခြင်းသည် ၄င်း ချစ်သော သူတို့နှင့်ကွေကွင်းရခြင်းသည် ၄င်း ... ကင်းဝေးရာ ကို ငါတို့ သွားကြအံ့ ...  

ဤကျောင်း အာရာမ် ကို ငါတို့ရှုမြင်ခြင်းသည် နောက်ဆုံး ရှုမြင်ခြင်း ပေတည်း ..... မမေ့ မလျှော့သော လုံလဖြင့် သီလကိုဆောက်တည်ကြပါကုန် .... ငြိမ်းအေးရာအစစ်ကို ရှာကြပါကုန် လော့ ...

☆ 。 ☆。  ကိလေသာမကင်းကုန်သေးသော ဗုဒ္ဓသမီးတော်များ ... ကျောင်းအာရာမ်စောင့်နတ်များ ...တောစောင့်တောင်စောင့် နတ်များက ... ဒီစကားကိုကြားရတဲ့အခါ ... ငါတို့ဘုန်းကံနဲလေစွ တကား လို့ ၀မ်းနဲ ငိုကြွေးကုန်ကြပါတယ် .... 

နောက်တစ်နေ့ နံနက်လင်းတဲ့အချိန်မှာတော့ ... ကြယ်တာရာတို့ကဲ့သို့မြတ်စွာဘုရားရဲ့သမီးတော်တို့ကို မတွေ့ရတော့ ပါဘူး ..ကျောင်းဝင်းဟာ တိတ်ဆိတ် ဆိတ်သုန်းသွားပါတော့တယ် .... 

ဗုဒ္ဓသီတင်းသုံးရာ မဟာဝုန်တောကျောင်းတော်သို့ အသွား ... လမ်းမှာ ပိတ်ပြီး ဥပသကာများက ငိုကြွေး တားမြစ်ကြပြန် ပါတယ် ....

 ☆。 အရှင်မ ကိုးကွယ်ရာမဲ့ကုန်သော ကျွနုပ်တို့ကိုစွန့်ပြီး ... ပရိနိဗ္ဗာန်ပြုရန် မသင့်တော်ပါဘူး ...

 ★ ★ ချစ်သားချစ်သမီးတို့ .... ငါသည် လေးလံသော တဏှာဝန်ကို ချအပ်ပြီ ....  မြတ်စွာဘုရား အရှင်ကောဏ္ဍည အရှင်အာနန္ဒာ အရှင်ရာဟုလာ အရှင်နန္ဒ  တို့လဲ ရှိ၏ ... သံဃာလည်း ချမ်းသာခြင်းရှိ၏ ညီညွှတ်၏  ... တိတ္ထိတို့မာန်မူခြင်းလည်းဖယ်ပျောက်ပြီးဖြစ်၏ 

ငါသည် ကမ္ဘာတစ်သိန်းကြာမြင့်စွာ အကြင်နိဗ္ဗာန်ကို တောင့်တခဲ့၏ ယ္ခုငါရရှိခဲ့ပေပြီ ... အကယ်၍ သင်တို့ငါ့အပေါ် သနားကြင်နာခြင်း ကျေးဇူးစောင့်သိခြင်း ဖြစ်ပါရင် ... သူတော်ကောင်းတရား ကို မိမိကိုယ်တွင်း မြဲမြံစေရန် အားထုတ်ကြပါကုန် ....

☆ 。 ☆。 လို့ ဆုံးမပြီး ရဟန်းမတို့ခြံရံလျှက် ဗုဒ္ဓထံ ကြွခဲ့ ပြီး ဤသို့ လျှောက်ထားပါတယ်  ....

★ ★ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရား ... ကျွန်ုပ်သည် အရှင်၏ မယ်တော် ပါတည်း ....
လုံ့လရှိတော်မူသော မြတ်ဗုဒ္ဓ .... အရှင်သည်ကားကျွန်ုပ်၏ ခမည်းတော်ပါတည်း ....  သူတော်ကောင်း တရား ချမ်းသာပေးတော်မူသော မြတ်စွာဘုရား .... အကျွန်ုပ်သည် အရှင်ဘုရားမှ မွေးဖွားသူ ဖြစ်ပါ၏ ... 

★ ★ လောက၏ကိုးကွယ်ရာ ဖြစ်တော်မူသောမြတ်စွာဘုရား ... ကျွနုပ်သည်.... အရှင်ဘုရားကို တစ်မုဟုတ်မျှ  တပ်ခြင်းကို ငြိမ်းအေးစေနိုင်သော နို့ရည်ကို တိုက်ကျွေးခဲ့ပါ၏ ...
အရှင်ဘုရားသည်ကား ကျွန်ုပ်ကို စင်စစ် ငြိမ်းအေးသော သစ္စာတရားတည်းဟူသော နို့ရည်ကို တိုက်ကျွေးတော်မူပါ၏ ကျွန်ုပ်ကို ကိလေသာအနှောင်အဖွဲ့မှ စောင့်ရှောက်ခဲ့၍ နို့ကြွေးဘိုးမရှိပါ ...

 ★ ★  ကြီးသောလုံ့လ ရှိတော်မူသော ဘုရား မန္ဓတုမည်သော စင်္ကြ၀တေး မင်းတို့၏ အမိသည် ဂုဏ်ကြီးလှ၏ ထိုအမိသည် ပင် ဘ၀ဟူသော သမုဒ္ဒရာ နစ်မြုတ်ရ၏
သားတော်အရှင်ဘုရား အရှင်ဘုရားသည် ကျွန်ုပ်ကို ဘ၀ဟူသော သမုဒ္ဒရာမှ ကယ်တင် ခဲ့ပါပေ၏

 ★ ★ မိန်းမတို့သည် မင်း၏မယ်တော် မိဖုရား ဟူသော အမည်ကို ရလွယ်ပါ၏
 မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်သည် ရခဲ၏

ဒုက္ခ၏ အဆုံးကိုပြုတတ်သောမြတ်စွာဘုရား ကျွန်ုပ်ဆုတောင်းသော ထိုအမည်ကို အရှင်ဘုရားကြောင့် ရအပ်ပြီ ကျွန်ုပ်သည် ငယ်သည်လည်းဖြစ်သော ကြီးသည်လဲဖြစ်သော အလုံးစုံကို သိမြင်ပြည့်စုံ အပ်ပြီ

★ ★ လုံ့လ ရှိသောမူသော မြတ်စွာဘုရား  ကျွန်ုပ်သည် ဤကိုယ်ကောင်ကို စွန့်ပါယ်၍ နိဗ္ဗာန်ပြုလိုပါသည် ခွင့်ပြုတော်မူပါ .... ကြာကဲ့သို့ နူးညံ့သော ခြေတော်အစုံကိုဆန့်တော်မူပါ အရှင်ဘုရား ၏ မြတ်သောခြေ အစုံကို နောက်ဆုံးအကြိမ် ဦးခိုက်ခြင်းပြုပါအံ့ 

ဗုဒ္ဓကမယ်တော်၏ ဆန္ဒကို ပြည့်စေ၏ မယ်တော်လည်း နေလုလင်ကဲ့သို့ အလင်းရောင်ရှိသော သားတော် ဗုဒ္ဓ၏ ခြေအစုံကို ဦးတိုက်၏

 ★ ★ အာဒိစ္စ၀င် မင်းမျိုးတို့၏ မှန်ကင်းသဖွယ်ဖြစ်သော မြတ်စွာဘုရား နောက်ဆုံးဖြစ်သော သေခါနီးအခါ အရှင်ဘုရားအား ရှိခိုးပါ၏ အကျွနုပ်သည် အရှင်ဘုရားကို နောက်တစ်ကြိမ် မဖူးမြင်ရတော့ပါအံ့

★ ★ လောကထက်မြတ်တော်မူသော မြတ်စွာဘုရား မိန်းမတို့သည် အလုံးစုံသော အပြစ်တို့၏တည်ရာ ဟု သိအပ်ပါ၏ ကျွန်ုပ်အားတစ်စုံတရာ အပြစ်သည် ရှိခဲ့ပါက သည်းခံတော်မူပါ

★ ★ လူတို့၏နေမင်းဖြစ်သော မြတ်စွာဘုရား မိန်းမတို့ ၏ ရဟန်းအဖြစ်ကို ကျွန်ုပ်အကြိမ်ကြိမ်တောင်းပန်ခဲ့၏ အကယ်၍ အပြစ်ရှိငြား  ထိုအပြစ်ကိုသည်းခံတော်မူပါ 

 ★ ★ သနားခြင်းတည်ရာဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်၏ ခွင့်ပြုချက်ဖြင့် ရဟန်း မတို့အားဆုံးမခဲ့ပါ၏ ထိုသို့ဆုံးမရာတွင် ကယ်၍ မကောင်းသော ထုတ်ဆောင်ခြင်းရှိအံ့ ထိုအပြစ်ကို သည်းခံတော်မူပါလို့ လျှောက်ထားပါတယ် .... 

  မိခင် သည်းခံဖွယ် မလိုသောအရာအား သည်းခံဖွယ် အဘယ်မှာရှိမည်နည်း ... မိုးသောက်သောအခါ ကွယ်ပျောက်သော နက္ခတ်တတာရာတို့ကိုမြင်ရသောကြောင့် လရေးသည် ကမ္ဘာ့မြင်ကွင်းမှ ပျောက်ကွယ် ထွက်ခွာ သကဲ့သို့   လောကမှလွတ်မြောက်ရန်လိုလားနှစ်သက်ကုန်သော စင်ကြယ်သော ငါ၏ သားသမီး ရဟန်းသံဃာ များ နည်းတူ ငါဘုရားသည်လည်း လောကမှ ပျောက်ကွယ် ထွက်ခွာ ရပေမည် 

☆ 。 ☆。 လသို့အစဉ်လိုက်ကုန်သော ကြယ်တာရာတို့သည် မြင်းမိုရ်တောင်ကို လင်္ကျာရစ်လှည့်သည်ပြုသကဲ့သို့ ... ရဟန်းမများသည် မြတ်သောဗုဒ္ဓကိုလကျာင်္ရစ်ဖူးမြော်ကာတည်ကုန်၏ 

★ ★ သားတော် အရှင်ဘုရား .... အရှင်ဘုရားအား ဖူးမြော်ခြင်းဖြင့်မျက်စိသည် မရောင့်ရဲနိုင် ဘူးပါ
အရှင်ဘုရား၏တရားစကားဖြင့် နားသည်လည်း မရောင့်ရဲနိုင်ဘူးပါ 
အာရုံတစ်ခုသာရှိသော ကျွန်ုပ်၏စိတ်သည် ထိုနိဗ္ဗာန်ရောက်သော တရားအရသာဖြင့် မရောင့်ရဲနိုင်ပါဘူး ..
အရှင်ဘုရားရဲ့ချိုမြိန်သော တရားစကားကို နာကြားခွင့်ရခြင်း ..အရှင်ဘုရား ကိုယ်ကာယတော်ကို ဖူးမြင်ခွင့်ရခြင်း အတွက် အကျွန်ုပ်သည်လည်း ဘုန်းကံကြီးမားသူပင်ဖြစ်ခဲပါ၏ ....

☆ 。 ☆。 ဒီနောက်မှာတော့ ... မဟာပဇာပတိ ဟာ ... ရဟန်း များနှင့်  အရှင်ရာဟုလာ အရှင်နန္ဒ အာရှင်အာနန္ဒာ အရှင်အနုရုဒ္ဓါတို့ကိုလဲ ခွင့်တောင်းခဲ့ပါတယ် ...

★ ★ သားတော်အသျှင်ဘုရားတို့ .... အနာရော၈ါတို့၏ နေရာဖြစ်သော ဒုက္ခ၏ပေါင်းစုရာဖြစ်သော အိုခြင်း သေခြင်းတို့၏ ကျက်စားရာဖြစ်သော ကိုယ်ကောင် ကျွနုပ် ငြီးငွေ့ပါပြီ ...

အထူးထူးသော အပြစ် အညစ်အကြေးတို့ဖြင်းပြွမ်းသော သူတစ်ပါးနှင့်စပ်သော အားထုတ်ခြင်းမရှိသော ကိုယ်ကောင် ၌ အကျွန်ုပ်ငြီးငွေ့ပါပြီ ထို့ကြောင့် ပရိနိဗ္ဗာန်ပြုရန် အလိုရှိပါသည် .... ဒါကြောင့် ချစ်သားတို့ခွင့်ပြုတော်မူပါဘုရား ....

☆ 。 ☆。 ဒီအခါမှာ ရဟန်းကိစ္စမပြီးသေးတဲ့ အရှင်အာနန္ဒာက သေခပုဂ္ဂိုလ် ဖြစ်တဲ့အတွက် .... ၀မ်းနဲပူဆွေးပြီး မျက်ရည်ယိုစီးလျှက် သနားစဖွယ်ငိုကြွေးပါတယ် ...

☆ 。 ☆。 အရှင်အာနန္ဒာဟာ ဗုဒ္ဓလက်ထက်ရဟန်းတော်တွေထဲမှာ .... နူးညံ့သိမ်မွေ့သူ ... ဂရုဏာတရားကြီးမားသူ ... အမျိုးသမီးများအတွက် နိဗ္ဗာန်လမ်းကို ဖွင့်ပေးသူ ... အမျိုးသမီးမျာကို ဇာတ်အနိမ့်အမြင့် ခွဲခြားတဲ့ဓလေ့နဲ့ အမျိုးသမီးများကို နှမ့်ချတဲ့ ဓလေ့ကို ပါယ်စေသူပါ .. မေတ္တာတရား ဂရုဏာ တရား ကြီးမားလွန်းသူ လို့ဆိုရမှာပါ ...

★ ★ သမုဒ္ဒရာကဲ့သို့ နက်နဲသောအကြားအမြင်ရှိသော ဗုဒ္ဓကို အမြဲ မပြတ် လုပ်ကျွေးရခြင်းကို နှစ်ခြိုက်တဲ့ ချစ်သား အာနန္ဒာ ...

★ ★ သားတော်သည် ... အကျွနုပ်၏ ကိုးကွယ်ရာပါတည်း ....
အသျှင့်ကြောင့် အဆုံးဖြစ်သော နိဗ္ဗာန်သို့ရောက်ရပါ၏ ....
သားမောင် ... အသျှင်ဘုရား တိုက်တွန်း အပ်သည်ဖြစ်၍ အကျွန်ုပ်တို့အား ရဟန်းအဖြစ်ကို မြတ်စွာ ဘုရား ခွင့်ပြုတော် မူပါ၏ ...
အရှင်ဘုရားအားထုတ်ခြင်းကြောင့် ရဟန္တာမများစွာ ပေါ်ခဲ့ပါ၏ ... သာတော်၏ကျေးဇူးသည် ကြီးမားလှပါပေ၏ ....
ပုရဏ ကသပ စသော ရှေးတိတ္တိဆရာကြီးတို့ပင်နိဗ္ဗာန်ကို မမြင်နိုင် ....
အရှင်ဘုရား၏ကျေးဇူးတော်အားဖြင့် နိဗ္ဗာန်ကို ( ၇ ) နှစ်မျှပင်ရှိသေးသော ... သတို့သမီးငယ်တို့ သိအပ်ပါ၏ ...
မြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ရှောက်အပ်သော သင်ချစ်သားအာနန္ဒာ ... အရှင့်သားအား ဖူးမြင်ခြင်းသည် နောက်ဆုံးဖူးမြင်ခြင်းပါတည်း ...
သားတော်အာနန္ဒာ အလုံးစုံချုပ်ငြိမ်းခြင်း ဖြစ်သော အကြင်နိဗ္ဗာန်သို့ အကျွန်ုပ်တို့ သွားပါတော့အံ့ ခွင့်ပြုတော်မူပါ ....

★ ★ မြတ်စွာဘုရား အကျွန်ုပ်သည် မွေးဖွားသည်မှ အသက် ၁၂၀ ရှိပါပြီ မြတ်စွာဘုရား ဤမျှလောက် သင့်တော် ပါပြီ ပရိနိဗ္ဗာန်ပြုပါတော့အံ့ ...
မြတ်စွာဘုရား ... မေတ္တာစိတ်ရှိကုန်သာ အကျွန်မတို့သည် အရှင်ဘုရားကိုလုပ်ကျွေးခဲ့ပါ၏ ... ပရိနိဗ္ဗာန်ပြုခြင်းငှာ ခွင့်ပြုတော်မူပါ ....

☆ 。 ☆。 မိခင် ... အသင်တို့သည် ... ပရိနိဗ္ဗာန်ပြုခြင်း၏ အချိန်အခါကို .... သိကုန်ပါလော့ ဟု .... ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ် ...

ထိုအခါ ဂေါတမီ အစရှိသော ရဟန်းမတို့သည် ...  ဗုဒ္ဓနှင့်သံဃာတော်တို့၏ခြေတော် အစုံစုံ ကိုနောက်ဆုံး အကြိမ် ဦးခိုက်လျှက် လက်ျာရစ်ပူဇော်ပြီး ... မိမိတို့စံကျောင်းသို့ ပြန် ကုန်လျှက် မြတ်သောနေ ရာတွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ၏ ...

☆ 。 ☆。 လောက၏ ရှေ့သွား မြတ်စွာဘုရားသည် ... များစွာသောလူအပေါင်းနှင့်တစ်ကွ မိထွေးတော် အမှူးပြုသော ရဟန်းမ တို့အား မုခ်ဝတိုင်အောင် လိုက်ပို့တော်မူ၏ .... အရှင်အာနန္ဒာ မှာ မျက်ရည်များစီးကျလျှက် ....

☆ 。 ☆。 မြတ်သော .. ပဇာပတိ သည် ငိုကြွေးကုန်သော ဥပသိကာမများကို  ပြန်လွှတ်လျှက် ... ထိုညတွင်ပင် ...ပထမဈာန်ကို၎င်း ဒုတိယဈာန်ကို၎င်း တတိယဈာန်ကို၎င်း စတုတ္ထဈာန်ကို၎င်း ၀င်စား၏ ...

အာကာသနဉ္စာယတန ဈာန်ကို၎င်း .. ၀ိဥာဏဉ္စာ ယတန ဈာန် ကို၎င်း ထိုမှတစ်ပါး အာကိဉ္စညာ ယတန ဈာန်ကို၎င်း နေ၀သညာ နာသညာယတနဈာန်ကို၎င်း အစဉ်အတိုင်းဝင်စား၏ ....

မိထွေးတော်ဂေါတမီသည် ... စတုတ္ထဈာန်မှ ပထမဈာန်တိုင်အောင် ပဋိလုံ ... ထို့နောက် ပထမဈာန်မှ စတုတ္ထဈာန်တိုင်အောင် အဏုလုံ ၀င်စား၏ ....

ထိုစတုတ္ထဈာန်မှ ထ၍ ဆီမီးလျှံ ငြိမ်းသကဲ့သို့ ...  ရဟန်းမ ( ၅၀၀ )တို့ အာသ၀ မရှိငြိမ်းလေ၏ ... ကြီးစွာသော မြေလှုတ်ခြင်းဖြစ်၏ .... လျှပ်ပန်းနွယ်တို့ ကောင်းကင်မှပျက်ကြ၏ ...

☆ 。 ☆。 နံက်လင်းသော် မြတ်စွာဘုရားသည် ... အာနန္ဒာအား ... အာနန္ဒာ သွားချေ ... မယ်တော်နှင့်တစ်ကွ ရဟန်းမ ( ၅၀၀ ) ပရိနိဗ္ဗာန်ပြုကြောင်း ရဟန်းတို့အား ... ပြောကြားချေလော့ ဟု မိန့်တော်မူပါတယ် ....

အရှင်အာနန္ဒာသည် ...မျက်ရည်ဖြင့်ပြည့်သော မျက်လုံးအစုံရှိလျှက် ... ရှိုက်ငင်သောအသံဖြင့် ... ရဟန်းတို့ အညီအညွတ်စည်းဝေးကြပါကုန်ဟုလော့ ....

★ ★ ရဟန်းတို့ အကြင် ဂေါတမီသည် .. ဗုဒ္ဓ၏ ခြေအစုံကို နောက်ဆုံးဦးခိုက်ပြီး နေတက်ခြင်းကြောင့်ကင်းပျောက်သောကြယ်တာရာကဲ့သို့ ငြိမ်းအေးရာ နိဗ္ဗာန်သို့ ရောက်လေပြီ

★ ★   မြတ်စွာဘုရားမယ်တော်ဟူသော အမည် ပညတ် ကိုလောက၌ ထားခဲ့လျှက် ... ပရိနိဗ္ဗာန်ပြုပေပြီ .... ဗုဒ္ဓ၏ မယ်တော်အား ပူဇော်သက္ကာရ ပြုကြပါကုန်လို့လျှောက်ထားပါတယ် ...

☆ 。 ☆。 ထို့နောက် အရှင်အာနန္ဒာသည် ... ဂေါတမီ၏ သပိတ်၌  တည်ကုန်သော ဓါတ်တော်တို့ကို ဗုဒ္ဓအားဆက်ကပ်တော်မူ၏ ....

မြတ်စွာဘုရားသည် ... ထိုဓါတ်တော်ကိုလက်ဖြင့်ခံတော်မူလျှက် ဤသို့မိန့်ကြား၏ ...

ကကြီးဆုံးဖြစ်သော ပင်စည်သည် ... အမြဲမရှိခြင်းကြောင့် ပျက်စီးသကဲ့သို့ ... ဘိက္ခူနီသံဃာ၏ အကြီးဆုံး မိထွေးတော်သည် ... ပရိနိဗ္ဗာန်ပြုပေပြီ ...
ထိုဂေါတမီသည် သံသရာ သမုဒ္ဒရာကို ကူးမြောက်လေပြီ ....
ပူလောင်ခြင်းကင်းလေပြီ ...
အေးမြသည်ဖြစ်လျှက်ငြိမ်းအေးလေပြီ ...
အကြင်ဂေါတမီ သည် ဣဒ္ဓိဝိဓ အဘိညာဉ် ( ရှေးဘ၀နေဘူးသော ခန္တာအစဉ် )
ဒိဗ္ဗသော အဘိညာဉ် ( ဒိဗ္ဗစက္ခု အဘိညာဉ် ) ကိုသုတ်သင်ပြီးဖြစ်လေပြီ
အလုံးစုံသော အာသ၀ ကုန်ခမ်းလေပြီ
ဘ၀ အသစ်တစ်ဖန်ဖြစ်ခြင်းမရှိတော့ ပေ

ထို့အတူ ကိလေသာမှ ကောင်းစွာလွတ်မြောက်သော ကာမအနှောင်သြဃကို ကူးမြောက်ပြီးကုန်သော ပုဂ္ဂိုလ်တို့အား ပညတ်ရန် လားရာ မရှိတော့ချေ ....

ထို့ကြောင့် သင်တို့လည်း မိမိကိုယ်သာ ကိုးကွယ်ရာ ရှိကုန်လျှက် .. သတိပဌါန်သာကျက်စားရာ ရှိသူဖောစ္ဇျင်ခုနှစ်ပါးကို ပွားများလျှက် ဆင်းရဲဒုက္ခ အဆုံးကို ပြုကုန်လော့ ..... ဟု မိန်းတော်မူပါတယ် ....။

ခုဒ္ဒကနိကယ် 
ထေရီအပါဒါန် ပါဠိတော် 
ဧကူပေါသထိက၀ဂ်
မဟာ ပဇာပတိ ဂေါတမီ ထေရီ အပဒါန်

ချမ်းမြေ့ကြပါစေရှင် ....



Monday, October 13, 2014

သာသနာနှစ် ( ၅၀၀၀ ) ကိစ္စ




... မောင်လေးညီမလေးတို့ရေ .... အစ္စလာမ်ဘာသာဝင် အိုင်အိုဒင် ကိုကိုကြီးမေးထားတာလေးပါ ....
.
★。 ဗု ဒ္ဓမြတ်စွာဘုရားကနှောင်နှစ်ပေါင်း
၅၀၀၀ လောက်ကျရင်ဗုဒ္ဓဘာသာကိုးကွယ်
သူမရှိတော့ဘူးဆိုပြီးဟောခဲ့တယ်ဆိုတာ
ဟုတ်ပါသလားသိချင်လို့ပါ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ကပြောနေလို့ပါ
သာသနာကွယ်ဖို့အချိန်ဘယ်လောက်ပဲ
ကျန်တော့လည်းဆိုတာသိလို့ရရင်သိချင်ပါ
တယ် ကွယ်ခါနီးပြီးလားခင်များ
အော်သူကပြောပါတယ်ဗုဒ္ဓမြတ်စွာဘုရား
ကဟောပါတယ်တဲ့ ငါရဲ့သာသနာကိုဖျက်ဆီးပြီးကွယ်အောင်လုပ်မှာ
ငါ့ရဲ့သားတော် ဘုန်းကြီးတွေ ဆိုပြီးပြောပါ
တယ်တဲ့ ဟုတ်ပါသလားခင်များ
ဗုဒ္ဓဘာသာ ပျက်ဆီး မှာ ဘုန်းကြီးတွေ
ကြောင့်ဆိုတာဟုတ်ပါသလား
.
☆。 ★。 ကျမတို့သာသနာတော်ရဲ့ အနှစ် ( ၅၀၀၀) ဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပါ့မယ်....
.
☆。 ★。 **** တစ်ကယ်တော့ သာသနာအနှစ် ( ၅၀၀၀ ) ဆိုတာ သာသနာတော်သက် တမ်း( ၅၀၀၀ ) ပဲရှိမယ်လို့ပြောတာမဟုတ်ရပါဘူး ….
.
သာသနာနှစ်ငါးထောင် သာတည်တံ့မည် ဟုဘုရားရှင် ဟော ခဲ့ပါတယ် ဆိုသော ကျမ်းအထောက်အထား ပိဋကတ်ပါဠိတော်ရင်း၌ မရှိပါဘူးရှင် အဋ္ဌကထာများ၌သာ တွေ့ရှိ ရပါသည်။
.
အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-
.
(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၃) တေ၀ိဇ္ဖက-၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၄) သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေး သောခေတ် နှစ် ပါင်း ၁၀၀၀။ စုစုပေါင်း ၅၀၀၀။
.
☆。 ★。 ဆိုလိုတာက ဘုရားရှင် ပရိနိဗ္ဗန်ပြုပြီး ..
.
( ၁ ) ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၂ ) အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၃ ) ၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၄ ) ဈာန်မရသော ရဟန္တာများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၅ ) ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေထိုင် သော ရဟန်းများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ၁၀၀၀။
.
ဆိုပြီး နှစ်ပေါင်း ( ၅၀၀၀ ) အတွင်း နှစ်တစ်ထောင်စီအလိုက် ရှိလာမယ့်ပုဂ္ဂိုလ်မြတ်တွေ ကို ပြောတာပါ...။
.
ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ သုဘဒ္ဒ ပုရပိုဇ် ကို ဘုရားရှင် တစ်ကယ် ဟောတော်မူခဲ့တာက..
.
(သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်( မိမိတရားထူး ရပြီး ထိုတရား အား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရား ထူးရကြမယ်) ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး) လို့ သုဘဒ္ဒ ပရိဗိုဇ် အားမိန့်တော်မူ ထား ပါတယ်။
.
ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောကော၊ အရဟန္တေဟိ အဿတိ။ ( ဒီဃ-ဋ္ဌ ၁၈၁)၊ အံ-ဋ္ဌ ၁-ရ၂) ဟူသော....
.
ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ် ဆိုရင်တော့ အရိယာများ မဆိတ် သုဉ်းနိုင် ပါဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။
.
ကျင့်ကြံသူတွေ ရှိနေသရွေ့ရဟန္တာပုဂ္ဂိုလ်တွေ နှင့် သာသနာတော် သည် လောကကြီး၌ မဆိတ်သုဉ်းနိုင်ပါ။
ကျင့်ကြံကြသူတွေ ရှိနေကြသမျှကာလပတ်လုံး သာသနာတော် တည်တံ့နေမည် ဖြစ်ပါတယ် ။
မကျင့်ကြံ မလိုက်နာသူတွေအတွက်ကတော့ သာသနာမရှိပါ။ မတည်ပါ လို့ပဲ ဟောခဲ့တာပါ ။
ဒါကြောင့် သာသနာတော် သက်တမ်း ( ၅၀၀၀ ) ပဲရှိမှာပါလို့ ဆိုတဲ့စကားဟာ ဘုရားဟော တွေမှာ လုံးဝ မရှိပါရှင်။
.
ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ် ရှင်..
ပိဋကတ် ( ၃ ) ပုံ ဘုရားဟောအစစ်တွေ မှာ ဘုရား ရှင် က ဘယ်နေ ရာမှာဘယ် အကြောင်းကြောင့် ဘယ် သူ့ ကို ဘယ်လိုဟောပါတယ်လို့ ပါပါတယ်. ..။
.
အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသ အဋ္ဌ ကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသား သူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊`နာလာ ဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ် ရဟန်းတော် အရှင်မဟာနာမဆိုသူက ရေးသားခဲ့တာပါ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိ ပညာရှင် သီဟိုဠ် ရဟန်းတော်တွေသာ ဖြစ်ပါ တယ်´´။
.
အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေး ဆရာသီချငးရေးဆရာ တွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။
.
ဗုဒ္ဓစာပေမှာ ဘုရားဟော မဟုတ်တဲ့ ဋီကာ အဌကထာ တွေမှာ လက်တွေ့နဲ့ သိပ္ပံနဲ့လုံးဝ မကိုက် ညီတဲ့ အပိုင်းတွေပါနေပါတယ် ... ဘုရားဟော တပိုဒ်လောက်လေး ကို ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းတစ်ခုလုံးကို အဌကထာဆရာ ဗြဟ္မဏတွေက ဇတ်လမ်းဆင် လက်စွမ်းပြ ထားတာပါ ... ဒါတွေဟာ ဘုရားဟော မဟုတ်ပါဖူးရှင်။
.
☆。 ★。 မှန်ပါတယ်ရှင် သာသနာတော်ကွယ်မှာ ပြင်ပပယောဂကြောင့်မဟုတ်ပါဘူး သာသနာတော်ဝင်တွေကြောင့်သာကွယ်ရမှာပါ .... ( ပါကစ်စတန် ဘင်္ဂလားဒေ့ရှ်မှာ သာသနာတော် ကွယ်ခဲ့တာအကောင်းဆုံးသက်သေတွေပါ ... )
.
ချမ်းမြေ့ကြပါစေရှင် ...
.
.

Saturday, October 11, 2014

ပန်းတိမ်သည် စုန္ဒ၏ ဆွမ်း



ကျနော်တစ်ခုမေးမယ်နော်..။
ခင်ဗျားရေးတဲ့ပိုစ့်တစ်ခုမှာ ဂေါတမက ၀က်သားစားပြီး ၀မ်းသွားတာ ဟိုဘ၀က၀ဋ်ကြွေးလို့ပြောခဲ့တယ် နော် ... ခင်ဗျားတို့ဘုရားက အလုံးစုံသိတယ်ပြောပြီး  ...၀က်သားစားပြီး အသေဆိုးနဲ့သေမှာကိုဘာလို့မသိရတာလဲ ..... ( ဘာသာခြားတစ်ယောက်မေးတာပါ )

.
((((((ဗုဒ္ဓဘာသာမှာသတ်ခြင်းကိုတားမြစ်ကြောင်းဆိုထားပါတယ်။ဟုတ်ပါတယ်၊ဗုဒ္ဓကသတ်ဖြတ်ခြင်းကို တားမြစ်ခဲ့တာအမှန်ပါ။ သို့သော် ကျွန်တော့် status မှာရေးထားတာ က ဒီလိုပါ။"ဂေါတမဗုဒ္ဓကိုယ်တော်တိုင် သက်သေပြထားတဲ့ တစ်ချက် ပိဋကတ်တော်ထဲ ကထုတ်ပြနိုင်ရင်....."ဆိုလိုတာက ဂေါတမဗုဒ္ဓဟောခဲ့တာ ကိုထား၊ လက်တွေ့လုပ်ဆောင်ပြခဲ့တာ ရှိရင် ထုတ်ပြပါလို့။ အသတ်မသတ်ရလို့ ဟောခဲ့ပြီး၊ ကိုယ်တော်တိုင် က တော့ပန်းထိမ်သည်သား စုန္ဒကပ်တဲ့ ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးတော်မူခဲ့တယ်။ (ကိုးကား-မဟာပရိနိဗ္ဗာနသုတ်) ဂေါတမဗုဒ္ဓ နေရာမှာ သာမန်လူတစ်ဦးဆိုရင်တော့၊ စုန္ဒဆွမ်းကပ်တဲ့ ကိစ္စကို ဒီနေရာ မှာ အထောက်အထားအဖြစ် ပြဖို့မသင့်ပါ။ သို့သော် သဗ္ဗညုတဥာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဗုဒ္ဓဟာ စုန္ဒ က ဆွမ်းစားဖိတ်စဉ် ကတည်း က ဝက်ပျိုသားနဲ့ ဆွမ်းကပ် မယ်ဆိုတာ သိတော်မူခဲ့မှာပါ။ မိမိကြောင့် သတ္တဝါ တစ်ကောင်ရဲ့ အသက်သေမှာကို သိတော်မူခဲ့ရဲ့သားနဲ့ မတားမြစ်ခဲ့ဘဲ (သို့မဟုတ်) သစ်သီးဆွမ်း၊ အသက်လွတ်ဆွမ်း သာကပ်ပါဟု မိန့်တော်မူခဲ့ခြင်း မရှိခဲ့ဘဲ၊ ဖိတ်ကြားမှု ကို လက်ခံခဲ့ခြင်းဟာ အမဲသားငါး သတ်ဖြတ်လှုနိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေပါ။လိုအပ်ပါက သတ္တဝါ အသက်ကို သတ်ဖြတ်နိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေ နှစ်ခု ပိဋကတ် သုံးပုံ ကနေ ထပ်မံထုတ်နှုတ်ပြပါ့မယ်။ ))))))) ( ရဲရင့်သစ္စာမေးတာပါ )
.
အဖြေပါ ......

★ ★ ဟုတ်ကဲ့ ....ဘုရားရှင်မှာ သွေးဝမ်းသွားတဲ့ဝေဒနာ ရှိခဲ့တယ် ဆိုတာ ကျမ်းစာတွေမှာဖတ်မိဖူးပါတယ် ... ဘုရားရှင်ပရိနိဗ္ဗာန်ပြုရခြင်းအကြောင်းရင်းကို ပြောမယ်ဆိုရင် ၀ိပါတ်တော် ( ၁၂ ) ပါးကိုအရင် ကြည့်ရအောင်ပါ...။

ဝိပါတ်တော် ( ၀ဋ်တော် ) ၁၂ပါးတွင် ... ဧကာဒသမ၀ဋ်တော်အကြောင်းကို မဟာဗုဒ္ဓ၀င်၌
ဤသို့ပြဆိုထားပါသည်။

 မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀၀ယ်ဆေးဆရာဖြစ်ခဲ့၍ ဆေးဖိုး ၀ါးခ မပေးလိုသော သူဌေးသား တစ်ယောက်ကို ၀မ်းလာဆေး တိုက်ကျွေးခဲ့လေသည်။ 
.
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိုမဘ၀ ဘုရားဖြစ်တော်မူ၍ ယခု ပရိနိဗ္ဗာန် စံတော်မူခါနီး အခါ ၀မ်းသွေးသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။ [ မဟာဗုဒ္ဓ၀င်- ၅၊၄၀၀။ ခု၊ ၃၊ ၃၄၆ `]

( က ) ဤကဲ့သို့ ရှောင်လွှဲမရနိုင်သည့် ၀ဋ်တော်, ၀ိပါက်တော်ကြောင့် ၀မ်းတော်လားရခြင်း၊

( ခ )  အချိန်တန်၍ ပရိနိဗ္ဗာန် စံရခြင်း ဆိုတဲ့ အကြောင်းအချက် နှစ်ချက်နဲ့ ပရိနိဗ္ဗာန်ပြု တယ်လို့ မှတ် ရမှာပါ ...။

.
[ ဇိနတ္ထပကာသနီ၊ ၆၈၄ ၊ သုတ်မဟာဝါ အဋ္ဌကထာ- ၊၄င်းဘာသာဋီကာ.ဒု.အုပ် နှာ. ၁၇၉.
တို့မှာ ] ဘုရားရှင်က ...
.
★ ★ ချစ်သားအာနန္ဒာ… တစ်စုံတစ်ယောက်သောသူသည် `အချင်းစုန္ဒ သင်၏ ဆွမ်းကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရ၏။ ထို့ကြောင့် သင်အဖို့ရာ လာဘ်မကောင်းလေစွာ့၊ အရမကောင်းလေစွ´ ဟု ပြောဆိုလျက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေသော်မူ
ဖြစ်စေပေလိမ့်မည်။
.
ချစ်သားအာနန္ဒာ… ထိုသို့ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ဖြေဖျောက်ကြရမည်…`ဒကာ စုန္ဒ… သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော် မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။
.
ထို့ကြောင့် သင့်အဖို့ရာ လာဘ်ကောင်းလေစွ၊ အရကောင်းလေစွ။ ဒကာစုန္ဒ…. မြတ်စွာဘုရား၏
မျက်မှောက်တော်မှ ဤစကားကို ငါတို့ကြားနာရ ခံယူလိုက်ရ၏။
အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ…. အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက်
အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။
အဘယ်နှစ်မျိုး တို့နည်း ဟူမူ-
.
(၁) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ ဤဆွမ်းလည်းတစ်မျိုး၊ (သုဇာတာ ၏ ဃနာ နို့ဆွမ်း သူကတော့ ဘုရားဖြစ်တော်မူစေသော ဆွမ်း )
.
(၂) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော= အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏၊ ဤဆွမ်းလည်း တစ်မျိုး၊
( ရွှေပန်းတိမ် သည် ၏ သားစုန္ဒ၏ ဆွမ်း ၊ နောက်ဆုံး ၀ဋ်ကြွေး ကိုကျေစေ၍ ပရိနိဗ္ဗာန် စံဝင်နိုင်စေသော ဆွမ်း လို့မှတ်ရမှာပါ ..။ )

စသည် ဆွမ်း နှစ်မျိုး တို့သည် ... အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်း တူမျှ ၍ အကျိုး ၀ိ ပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ ဟူသည် ဤဆွမ်းတို့ပင်တည်း။
[ မဟာဗုဒ္ဓ၀င် -၅ -၄၁၁]
.
(((( ဒီနေရာမှာဘုရားရှင်က စုန္ဒရဲ့ မြတ်သော ဆွမ်းကြောင့်ပရိနိဗ္ဗာန် ပြုရတာ ကို ပြောထား ပါတယ် ))))
.
★ ★ ဒီတော့ ကျမ အနေနဲ့ပြောရရင် ... မြတ်ဗုဒ္ဓဟာ ... သူဇာတာရဲ့ ဃနာနို့ဆွမ်းကို ဘုန်းပေးပြီး
ညမှာပဲ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိခဲ့ပါတယ် ... ဒါကတော့ ပထမအမြတ်ဆုံး ဆွမ်းပါ ....။
.
★ ★ နောက် ရွှေပန်းတိမ်သည်သား စုန္ဒရဲ့ ဆွမ်းကတော့ ... မဂ် ဖိုလ် နိဗ္ဗာန်ကို ရရှိရန် ... လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျက်ခဲ့တဲ့ ... နူးတို့ရဲ့ မဟာလူသား မြတ်ဗုဒ္ဓ ရဲ့ နောက်ဆုံးဆပ်ရမယ့် ၀ဋ်ကြွေးတော်ကို ဆပ်ပြီး ... နိဗ္ဗာန်စံဝင် ပရိနိဗ္ဗာန်ကို ပြုနိုင်ခွင့်ရတဲ့ ဒုတိယ အမြတ်ဆုံး ဆွမ်းပါ ...။

.
ချမ်းမြေ့ကြပါစေရှင် ....

ဘုရားရှင်ဆံတော်ထားရခြင်း


★ ★ ((((( ဗုဒ္ဓမြတ်စွာဘုရား က သံဃာ တွေ အပေါ် မှာ ဆံပင် လက် ၂ သစ် တောင်ထားခွင့် မရှိလို့ တိတိကျကျ သတ်မှတ်ထားပါတယ် သူကြတော့ ဆံပင် က အရှည် နဲ့ ဆံထုံး နဲ့ ဘာကြောင့်ဖြစ်နေ တာလည်း အမှန်တကယ်က မြတ်စွာဘုရားက သူကိုယ်တိုင်သတ်မှတ်ရင် သူလည်း မထား သင့်ဘူး ဟုတ်ဘူးလား ဒါဘာကြောင့်ကဖစ်တာလည်း .....။))))
(((( မေးထားသူက အစ္စလာမ် ဘာသာဝင် ဖြစ်ပါတယ်။ ))))
မောင်လေးတစ်ယောက်လဲမေးထားပါသေးတယ်
Min Khant Zin
★ ★ ((( အစ်မ နေကောင်းလား တစ်ခုမေးချင်တယ် သားတော်ရဟန်းတွေကျတော့ ဦးပြည်းကတုံးထာပြီး ဘုရားရှင်ကဘာလို့ ဦးပြည်းကတုံးမထားတာလဲအစ်မ )))★ ★ ★

★ ★ ★ ဟုတ်ကဲ့ရှင် .... ဘုရားဖြစ်ပြီးနောက် ဘုရားရှင်ဦးခေါင်းတော်ကို မကိုင်စကောင်းဖူးလေ သံဃာတွေ ကိုတော့ဆံပင်ဖြီး သင်ရခြင်းဆီလိမ်းရခြင်း သပ်ယပ်အောင်ပြင်ဆင်ရခြင်း ...ဒီလို အပြင်ပန်းအလှ အပအတွက်အချိန်ကုန်နေရင် သံဃာဆိုတဲ့ဂုဏ်နဲ့ဘယ်ညီတော့မှာလဲ ....။

ဘုရားရှင်ဆံတော်ပါယ်ပြီးတဲ့အချိန်ကစလို့ ဆံတော်ကိုလက်နှစ်သာ အညီအမျှ ထားခဲ့ပါတယ် ... ဒီ ဆံတော်လက်နှစ်သစ်ကနေ ... သဘာဝအတိုင်း အခွေ လေးတွေ သူ့ဖာသာလိပ် ထွက်ပြီး လက်ျာရစ် သူ့အစုနဲ့သူပေါ့ ... တည်နေပါတယ်...။ ဦးထိပ်ပိုင်း ဆံတော်တွေကတော့ သင်းကျစ် လို စုပြီးလကျာ်ရစ် တည်ပါတယ် ...

သမိုင်းစာပေတွေထဲမှာတော့ ဘုရားရှင်ရဲ့ ဆံတော်ဟာ.. တော်တော်ကြီး ကို ကောက်
တယ်...လိပ်ခွေနေတယ်လို့ ရေးထားတာတွေတွေ့ဖူးပါတယ် ...

သတ္တ၀ါတွေကို မေတ္တာ ဂရုဏာ ကြီးတော်မူသော ဘုရားရှင်ဟာ သူ့ရဲ့ခြေရာတော်တောင် .... နောက် ကရဟန်းရှင် လူတွေ ရှောင်နေရမှာ နင်းမိရင် .... ငရဲကြီးမှာ စိုးတဲ့ တွက်ခြေတော် ရာတောင် ( ၇ ) ခုပဲ အထူးတလည်ချခဲ့တာပါ .... ။

ဘယ်သူ့ကို သူဦးခေါင်းတော်ကိုင်ပြီး ... ဆံပင်ကိုရိတ် သင်စေမှာလဲ သေချာလဲ စဉ်းစားကြည့်ပါအုန်း .... အနဲဆုံးရိတ်ပေးတဲ့ရဟန်းဟာ...ဘုရားရှင်ထက် အမြင့်မှာနေရ မယ်လေကွာ ...။ ဒါကြောင့်ပါ.. မဟာဂရုဏာရှင်ပါ .....။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ တပည့်သာဝကတို့ကိုတန်ခိုးအရာမှာ အားပေးတော်မူခြင်း မရှိခဲ့ပါ .... ဆိုတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်တိုင် လဲတန်ခိုးပြ တာရှောင်ရှားပါတယ် ....

မဟာလူသားလို့ နူးတို့ခိုင်းနှိုင်းတဲ့ဘုရားရှင်ဟာ သာမန်လူ သားတစ်ယောက်လိုပဲ စံပြနေ ထိုင်ပြသွားတာပါ ...ဒါကြောင့် ..ဆံတော်လေးတစ်ခုအတွက် ... တန်ခိုးနဲ့ .... မရှည်စေ လို့ မလုပ်ခဲ့ပါဖူး .... ရှည်လာတဲ့ဆံတော်တွေဟာ လက်ျာရစ် ... ခွေပြီး တည်နေပါတယ် လို့ သာဘာဝကျကျရေးထားတာကို ... ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့ Good answers for Good Questions စာအုပ်မှာဖတ်ဖူးပါတယ် .... ။ ကမ္ဘာကျော်စာအုပ်တစ်အုပ်ပါပဲ ...။

(((( Upon taking up the homeless life, he cut his hair with knife. Because his hair was so curly, it spiraled onto corkscrew curls that sat close to his head. )))

လို့ရေးထားပါတယ် ။

ချမ်းမြေ့ကြပါစေရှင် ....

Friday, October 10, 2014

မု သာ ၀ါ ဒ ကံေ မြာ က်ေ ကြာ င်း





အမ ဘုရားရှင်က မိန်းမတစ်ယောက်ကို လူမသေတဲ့အိမ်က မုန်ညင်းစေ့ယူလာင် သင့်သားကို အသက်ပြန်ရှင်အောင်လုပ်ပေးမယ် လို့ပြောခဲ့တာဟာ မုသာဝါဒကံမြောက်လား ... သူများမထိခိုက်အောင် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လိမ်ရင်ရော ... မုသာဝါဒကံမြောက်လားအမ ....

★ ★ မုသာဝါဒကံမြောက်ကြောင်း ကို အရင်ရှင်းပြပါ့မယ် .... မုသာဝါဒ ကံမြောက် မမြောက် အင်္ဂါ ( ၄ ) ရပ်နဲ့ညှိရပါတယ် ....

(၁) မဟုတ်၊ မမှန်သော လီဆည်သော အကြောင်းအရာ ဖြစ်ခြင်း
(၂) လူတစ်ဖက်သားကို အကျိုးယုတ်စေလိုသော စိတ်စေတနာ ရှိခြင်း။
(၃) မဟုတ် မမှန် စကားကို ပြောလည်းပြောခဲ့ခြင်း
(၄) လိမ်လည်သည့်အတိုင်း သူတစ်ပါးတို့ ယုံကြည်သွားခြင်း

အထက်ပါအင်္ဂါ ( ၄ ) ရပ်နှင့်ညီညွတ်မှသာ မုသာဒါဒ ကံမြောက်တာပါ ...

★ ★ သို့သော် သူတစ်ပါး အကျိုးစီးပွားပျက်မှ မုသာဝါဒကံ မြောက်တယ်လို့ ယူဆလို့လဲမရပြန်ပါဘူး

သူတစ်ပါး အကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးစည်ဖြစ်စေ၊ လိမ်ပြောတာနဲ့ ကို မုသာဝါဒကံ မြောက် ပါတယ် ......။

သူတစ်ပါး အကျိုးစီးပွား ပျက်စီးလျှင် အကုသိုလ်ကြီးမည်။ မပျက်စီးလျှင် အကုသိုလ် သေးမည် ဒါလောက်ပဲ ကွာခြားတာပါ ဒါ့ကြောင့် ဗုဒ္ဓက .....

★ ★ ချစ်သား ရာဟုလာ မုသားကိုရယ်စရာ အဖြစ်ပင် မပြောအပ်၊
အဘယ်ကြောင့်ဟူမူ .... မုသားပြောတတ်သောသူသည် လောကတွင် ... သူမလုပ်ရဲသည့်
အကုသိုလ် မရှိသောကြောင့် ပင်ဖြစ်သည်တဲ့ ...

( ရာဟုလာ လောဝါဒ သုတ် )

- မုသားစကား၊ ပြောဆိုငြားမူ၊
- စကားမပီ၊ သွားမညီတည်း၊
- ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
- ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
- မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
- လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊

ရှောင်ကြဉ် အပြန်အကျိုးတည်း။ ဆိုတဲ့အတိုင်း မုသားပြောဆိုတတ်သူသည် ...

၁။ စကားမပီမသ ဖြစ်တတ်သည်။
၂။ သွားများ မညီမညွတ် ပေါက်တတ်ခြင်း
၃။ ပါးစပ်က အပုပ်နံ့ ထွက်ခြင်း
၎။ ခန္ဓာကိုယ် ခြောက်ခန်းတတ်ခြင်း
၅။ ဣနြေ္ဒဖောက်ပြန်တတ်ခြင်း
၆။ သြဇာအာဏာ ကင်းတတ်ခြင်း
၇။ နှုတ်လျှာကြမ်းတမ်းတတ်ခြင်း
၈။ အရှက်တရားမဲ့ လျပ်ပေါ် လော်လီတတ်ခြင်း စတဲ့အကျိုးတွေခံစာရတတ်ပါတယ် ....

★ ★ ★ ဒီတော့ မုသာဝါဒ ကံမြောက်ကြောင်းမှာ အကျိုးယုတ်စေလိုတဲ့စိတ် စေတနာ ရှိတာလဲ ပါပါတယ်...
မှားသောစကား ကိုပြောဆိုခြင်းကို မုသာဝါဒလို့ အဓိပါယ် ဖွင့်ရမှာပါ....
မှားသောစကားဆိုတဲ့အဓိပါယ်ကလဲ .... အကျိုးယုတ်စေတဲ့စကားပါ ...
မုသာဝါဒမှာ အကျိုးရှိအောင် လိမ်ညာလို့မရပါဘူး....

ဒါကြောင့် မှားသောစကားဆိုရာမှာ အကျိုးရှိစေမယ်ဆိုတာမျိုး မရှိဘူးလို့ မှတ်ယူလို့လည်း ရပါတယ်...
သမုတိ ပရမတ် နယ်နှစ်နယ်ခွဲပြောလို့လည်း ရပါတယ်....

★ ★ ဒီနေရာမှာ မုသာဝါဒ နဲ့ ပရိယာယ် မတူပုံကိုလည်း သတိထားသင့်ပါတယ် ....

ဘုရားရှင် ကိုယ်တော်မြတ်က ပရိယာယ်သုံးပြီးတော့ ကျွတ်သင့်ကျွတ်ထိုက်သူတွေကို ချွတ်ခဲ့တာမျိုးလည်းရှိပါတယ်....

ဥပမာ သေတော့မယ့်ရောဂါဖြစ်နေတဲ့ လူနာတစ်ယောက်ကို စိတ်အားမကျအောင်လို့ သက်သာသွားမှာပါလို့ ပြောတာဟာ မုသာဝါဒမဟုတ်ဘဲ ပရိယာယ်ဖြစ်ပါတယ်....

ဒါကြောင့် ဘုရားရှင်က လူမသေတဲ့အိမ်က မုန်ညင်းစေ့ရနိုင်ရင် မင့်သား အသက်ရှင်အောင် ကုနိုင်ပါလိမ့်မယ်လို့ မိန့်ခဲ့တာ ...ပရိယာယ်ပါ ...။
.

ဒီတစ်ခုက မောင်လေးတစ်ယောက် လာမေးထားတာလေးပါ ... ဘာသာခြားတွေလဲမေးလေ့ရှိပါတယ် 
.
အမနူး အခုခေတ်ဆေးတွေထဲမှာ မူးယစ်ဆေးဝါးတွေပါတတ်ပါတယ် ..ဥပမာချောင်းဆိုးပျောက်ဆေးတို့လို မူးယစ်ဆေးဝါးပါဝင်တဲ့ ဆေးများ သောက်သုံးမိရင် ...သူရာမေဓရ ကံထိုက် လားအမ ...
.
★ ★သူရာမေရယ ကံမြောက်ကြောင်း လေးပါးရှိပါတယ် ....

.
( ၁ ) သေရည် သေရက်စသော မူးယစ်ဆေးဝါးတစ်မျိုးမျိုးဖြစ်ခြင်း
( ၂ ) မူးယစ်စေလိုသော စိတ်ရှိခြင်း
( ၃ ) မူးယစ်စေခြင်းငှာ သောက်သုံးခြင်း
( ၄ ) အခြားမူးယစ်ဆေးဝါးများကို သောက်သုံးမှီဝဲခြင်း ... တို့ဖြစ်ပါတယ်
( ခုဒ္ဒက၊ ဋ္ဌ၊ ၂၁ ) ( ဣတိဝုတ်၊ဋ္ဌ၊၂၂၁ )
.
★ ★ ကံထိုက်အောင်သောက်သုံးရင် အပြစ်ရှိပြီး ကံမထိုက်ရင်တော့အပြစ်မရှိပါဘူး ....
.
သူရာမေရယ ကံထိုက် မထိုက် ကိုအချက်လေးပါးနဲ့ ညှိရပါတယ် ...
.
( ၁ ) ဆေးဝါးထဲ ပါဝင်သောကြောင့် သို့မဟုတ်... စားမိလျှင်မူးဝေတတ်သော ကွမ်းစားဆေး စသည်တို့ကြောင့် သုံးစွဲမိမှု
.
( ၂ ) ဆေးဖြစ် ၀ါးဖြစ် အရက်သေစာ မူးယစ်ဆေးဝါးချည်းသက်သက် သောက်သုံးမှု
.
( ၃ ) မိမိကြိုက်နှစ်သက်သည့်အတွက် စွဲလမ်းစွာသောက်သုံးမှု
.
( ၄ ) ဒုစရိုက်မှုတစ်ခုခုအတွက် .. ရဲဆေးတင် သောက်သုံးမှု စတဲ့လေးချက်ပါ ....
.
★ ★ နံပါတ် တစ် အမျိုးအစားဟာ ဘုရားရှင်ခွင်ြ့ပုပါတယ် ... မူးယစ် ရမ်းကား သီလပျက် မှောက်မှာ ..ဖောက်ပြား ဒါတွေတစ်ခုခုဖြစ်ရင်သားကံမြောက်တာပါ ...
.
★ ★ နံပါတ် နှစ်အချက်ကတော့ ... အပြစ်မကြီးလှပေမယ့် လူ ရဟန်း သာမဏေ တို့မှာသီလပျက်ပါတယ် ..။
.
★ ★ နံပါတ် သုံးအချက်ကတော့ နွားငတ်ရေချ သောက်မ၀ ဆိုသလို ... တစ်ခါသုံးမိပြီး ..တမြမြသောက် သုံးနေ ရမှ ကျေနပ်တဲ့ အတွက် အပါယ်ကျနိုင်ပါတယ် ...အပြစ်ကြီးပါတယ် ....
.
★ ★ နံပါတ်လေး အချက်ကတော့ ကံမထိုက်စေကာမူ ... သူ့ကြောင့် ဒုစရိုက်မှု အောင်မြင်ပြီးမြောက်အောင်ကြံရွယ်တဲ့တွက် ..သေချာပေါက်အပါယ်ကျမှာပါ ...
.
★ ★ ★ ဒါကြောင့် ဆေးဝါးတွေထဲမှာ မူးယစ်ဆေးဝါးတွေပါတတ်ပါတယ် ..ဥပမာချောင်းဆိုးပျောက်ဆေးတို့လို မူးယစ်ဆေးဝါးပါဝင်တဲ့ ဆေးများ သောက်သုံးမိရင် သူရာမေရယ ကံမထိုက်ပါဘူး ... ။
.

.
အမနူး ... အသားငါး ရောင်းတဲ့သူ အရက်သေစာရောင်းတဲ့သူ တွေကရော .. ကံငါးပါးက ဘာကံတွေမြောက်လဲ အမ .....

★ ★ ဗုဒ္ဓစာပေတွေမှာ ဥပါသကာ ( လူတို့ ) တို့ မရောင်းအပ်သော ကုန်ငါးပါးရှိပါတယ် ...
( ၁ ) လက်နက်ရောင်းခြင်း
( ၂ ) လူကို ရောင်းခြင်း
( ၃ ) ကြက်၊ ၀က် စသော ရောင်းခြင်း
( ၄ ) အရက် စသော ယစ်မျိုး ရောင်းခြင်း
( ၅ ) အဆိပ်ရောင်းခြင်း စသော ကုန် ၅ - မျိုး ကို ရောင်းချ၍ စီးပွားရှာသူများမှာ ဥပါသကာဂုဏ် ပျက်ယွင်း၍ အကုသိုလ် အမြဲတိုးပွား အပါယ်ဘုံကို လှမ်းနေသူများ ဖြစ်ကြပါတယ် .... ။

★ ★ ★ ဒီလူ ( ၅ ) မျိုးဟာ သူတော်ကောင်းစာရင်းမှ ပယ်ဖျက်ခံရသူများဖြစ်ပြီး ထိုကုန် ငါးမျိုးဖြင့် စီးပွားရှာသူများအား ရပ်မိရပ်ဖ၊ လူကြီးမိဘ စသည့် နေရာများ၊ ရွေးကောက်ပွဲများမှ အပယ်ခံ ကြရ ပါတယ် ....။

Wai Lay အမဒါဆိုရင် တစ်ချို့သံဃာတွေက ဘာဖြစ်လို့အသားငါးဟင်းကိုစားကြတာလဲ
သူတို့အတွက်လူတွေက အသက်တွေကိုသတ်ကျွေးမယ်ဆိုတာကိုသိလျက်နဲ ဘာလို့စားနေရတာလဲ
သူတို့မှာရော အကုသိုလ်မဖြစ်ဘူးလား
သူတို့ကြောင့်တခြားသူတွေ အကုသိုလ်ဖြစ်ရတာမဟုတ်ဘူးလားအမ
ကျနော်အမြင်ကတော့အသားဟင်းကိုလုံးဝကိုမစားစေချင်ဘူးဗျာ ကျနော့အမြင်ပါ မှားသလားအမ

★ ★ ★ ဒီနေရာမှာ .....
( ၁ )စားဖို့သတ်တယ်
( ၂ ) လှူဖို့သတ်တယ်
( ၃ )စားဖို့ဝယ်တယ်
( ၄ ) လှူဖို့ဝယ်တယ် ဒီလေးချက်ကို တော့ကွဲပြားဖို့လိုပါတယ်...
( ၃ ) ( ၄ ) ကဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့အသားပါ..ဘုရားဟောနဲ့ညီပါတယ် ဘုရားရှင်လဲလက်ခံပါ တယ်လို့ ပဲပြောပါရစေမောင်လေးရေ ....
သတ်တဲ့သူက သူ့ရဲ့လာဘ်လာဘအတွက် ပါဏာတိပါတကံ ကျူးလွန်တာပါ ...
.
★ ★ ကိုယ့်အတွက်ရည်စူးသတ်တာမဟုတ်သလို ... ရဟန်းတွေလူတွေကလဲ ...ငါ့အတွက် သတ်ပေး လို့သွားမပြောပါဘူး ... သူ့လောဘကြောင့် သတ္တ၀ါ သတ်ရောင်း တဲ့သူမှာသာ ကံထိုက် တာပါ မောင်လေးရယ် ...
 
.
နောက်တစ်ခုက ပါဏာတိပါတကံ ဆိုတာကိုရှင်းပြပါ့မယ် ... ပါဏာတိပါတ ဆိုတာ ... 
.  
★ ★ ★ ပါဏာတိပါတ
 ပါဏ= အသက်ကို၊ 
 အတိပါတ=လျှင်မြန်စွာချခြင်း .... ဟု ပုဒ်ခွဲရပါတယ်။ 
ရှင်းအောင်ပြန်လိုက်တဲ့ အခါ သူ့အသက်ကိုသတ်ခြင်းလို့ ပြောရမှာပါ .... 
အကြောင်း တစ်ခုခုကြောင့်သတ္တဝါ တစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက်၊ မထိုက်ဆုံးဖြတ်နိုင်ရန်အင်္ဂါ (၅)ချက်ရှိပါတယ် ။ ဒါတွေကတော့ .... 
.
★ ★ ကံထိုက်ကြောင်းအကြောင်း ( ၅ ) ပါး ...
( ၁ ) သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း
( ၂ ) သတ္တဝါဟူသော အမှတ်သညာရှိခြင်း
( ၃ ) သေစေလိုသော စိတ်စေတနာရှိခြင်း
( ၄ )  သေဖို့ရန် ကိုယ်၊နူတ်တစ်ခုခုဖြင့်လုံ့လပြုခြင်း 
( ၅ ) သေသွားခြင်  
(ခုဒ္ဒက။ ဌ။၂၂)  ..... 
စတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့်စုံရင် ကံမြောက်ပါတယ် ....   
. 
★ ★ ကံမြောက်ကြောင်းဖြစ်ပေါ်စေတဲ့ ပယောဂ ( ၆ ) ပါးရှိပါသေးတယ် ...
၁။ ကိုယ်တိုင်သတ်ခြင်း
၂။ လက်နတ်ဖြင့် လွှတ်၍ ပစ်၍သတ်ခြင်း
၃။ သူတပါးကို သတ်ခိုင်းခြင်း
၎။ တွင်း ကျင်း စသည်ဖြင့် ထောင်၍သတ်ခြင်း မြေဖို့သတ်ခြင်း
၅။ ဂါထာ မန္တာန်အတတ်ဖြင့် သတ်ခြင်း
၆။ တန်ခိုးဖြင့် သတ်ခြင်း

...... ဆိုတဲ့ ပယောဂခြောက်ပါးပါ ....

.
★ ★ ဒီတော့ ပါဏာတိပါတကံမြောက် မမြောက်ဆိုရင် ...  ကံထိုက်ကြောင်း အကြောင်းငါးပါးနဲ့ ... ပယောဂ ( ၆ ) ပါးထဲက တစ်ပါးပါးနဲ့ ငြိမှသာ ...ကံထိုက်ပါတယ် ...။ 

ပါဏာတိပါတ၏ ဆိုးကျိုးများ
ပါဏာတိပါတ်၊ သူ့သက်သတ်က
ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်၊ အသတ်ခံရာ
အနာများလျက်၊ ချွေရံပျက်၍
အသက်တိုလျ၊ ပြစ်များစွသည်၊
ရှောင်ကအပြန် အကျိုးတည်း။
.
ချမ်းမြေံကြပါစေရှင် .....

.