Showing posts with label ဗုဒ္ဓနှင့် သားတော်သမီးတော်များ. Show all posts
Showing posts with label ဗုဒ္ဓနှင့် သားတော်သမီးတော်များ. Show all posts

Tuesday, December 20, 2016

ရဟန်းစာဆိုတော်မြတ် ( သို့ ) မန္တာန်ရှင်

မောင်လေး ညီမလေးတို့ရေ ....
ဘုရားရှင်လက်ထက်တော်အခါက ရဟန္တာမထေရ်မြတ်တစ်ပါး အကြောင်းပါ ။
ဒါကိုဖတ်ပြီး မောင်လေးညီမလေးတို့က ရဟန်းစာဆိုတော်မြတ် ဘွဲ့အမည်နဲ့ သူရေးခဲ့တဲ့ ဂါထာ ဘယ်လောက်ဆိုတာ နူးကိုပြောပြပါနော် ....
.
မှတ်ချက် ...
အရှင်ဘုရားများ မဖြေရ လက်ထောက်မချရ ပါဘုရား ....
....................................
.
ကာဝေယျမတ္တာ ၀ိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓါ နော ဥပပဇ္ဇထ။
.
ငါဟာ ဟိုစဉ်က သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီး တစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။
အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု သဒ္ဓါ ဖြစ်လာတယ်။
…………………………………
.
★ ★ အချင်းပုဏ္ဏား နောက်တစ်ကြိမ် မန္တာန်ရွတ်ပြီး အရိုးခေါင်းကို ခေါက်ဦးလော့ ….
.
အရှင်ဂေါတမ ကျွန်ုပ် ဟာ မန္တာန်ကို ထပ်ခါ ထပ်ခါ ရွတ်ဖတ်ရလွန်းလို့ ချွေးတောင်ပြန်နေပါပြီ ။ ဒါပေမယ့် ဦးခေါင်းခွံ ပိုင်ရှင် ဘယ်ဘုံဘ၀မှာ ရှိနေကြောင်း မသိ မပြောပြ နိုင်ဖြစ်နေပါတယ် အရှင်
.
★ ★ အချင်းပုဏ္ဏား သင်ဟာ လူတွေကိုမပြောနဲ့ သေလွန်သူအကြောင်းကိုတောင် လောကမှာ သင်တစ်ယောက်ထဲသာ အကြွင်းမဲ့ သိမြင်သူလို့ ပြောခဲ့တယ်မဟုတ်လား ။
.
မှန်ပါတယ်အရှင် ကျွန်ုပ်ဟာ နယ်တစ်ကာလှည့်ပြီး သူသေတွေရဲ့ မိသားစုဝင်တွေ သိချင်တဲ့ သေသူတွေရောက်နေတဲ့ ဘုံ ဘ၀ကို သူတို့ ဦးခေါင်းခွံတွေကို ခေါက် မန္တာန် ရွတ်ပြီး ရှာဖွေပေးခဲ့တာပါ။ ဒီလို ဦးခေါင်းမျိုး ကျွန်ုပ်ဘ၀မှာ တစ်ခါမှ မတွေ့ ဘူးပါ အရှင် ။
.
ကျွန်ုပ် အရှုံးပေးပါပြီ အရှင် ။ ဒီဦးခေါင်းခွံပိုင်ရှင်ဟာ ဘယ်ဘုံ ဘ၀မှာ ဖြစ်နေတယ်ဆိုတာ ကျွန်ုပ်သိလိုလှပါပြီ အရှင်ဂေါတမ ။ အရှင်ပဲ ပြောပြ ပါတော့။
.
★ ★ ပုဏ္ဏားမြတ် ဒီ ဦးခေါင်းခွံပိုင်ရှင်ဟာ လားရာ ဘုံဘ၀မရှိတော့ဘူး၊ အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာတစ်ပါးရဲ့ ဦးခေါင်းခွံဖြစ်တယ်။
ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘ၀ကင်းပြတ်သွားပြီး ဘ၀သစ်ထပ် မဖြစ်တော့ဘူး ။ ဒါကြောင့် သင်မသိနိုင်တာ ဖြစ်တယ်။
.
ကျွန်ုပ်မသိပေမယ့် အရှင်ဂေါတမ သိနေတယ် ။
ဒါဆို ကျွနုပ်ထက်သိတဲ့သူရှိနေပြီ ။ အရှင်ဂေါတမထံမှာ တပည့်ခံပါတယ် ။ အာသဝေါ ကုန်ခမ်းတဲ့ ဘ၀သစ်မဖြစ်တဲ့ ရဟန္တာအဖြစ်ကို သိတဲ့ ဂါထာကျွနုပ် ကို သင်ပေးပါ ။ ကျွန်ုပ်လည်း ကျွန်ုပ်တတ်ထားတဲ့ ဂါထာကို သင်ပေးပါ့မယ်။
.
★ ★ သင့်ထံက မန္တာန်ကို ငါမလိုလားပါဘူး ပုဏ္ဏား ။ ငါသိသလို သိချင်ရင် သင်ပေးမယ် သို့သော် သင်ရဟန်းပြုမှရလိမ့်မယ်။
.
အရှင်ဂေါတမ ကျွန်ုပ်တို့ ပုဏ္ဏားတွေဟာ မန္တာန် သင်ကြားရာမှာ ရောင့်ရဲမှု မရှိကြပါဘူး ။ ဒါပေမယ့် နောက်လိုက် တပည့်များကို အကြောင်းပြန် ပါရ စေအုန်း ။
.
★ ★ ကောင်းပါပြီ ပုဏ္ဏးကြီး …
…………………..
.
အရှင်တို့ ….
ငါဟာ မန္တာန်ကို လိုသောကြောင့် ရှင်ဂေါတမထံမှာခေတ္တ ရဟန်းပြုရ ပေအုန်းမယ် ။
အရှင်တို့သည် ငါ့အား ရဟန်းပြုရန်ကောဟု အထင်မမှားကြနှင့် ။
ငါသည် ဗုဒ္ဓမန္တာန်ကို တတ်ပြီးနောက် ဇမ္ဗူဒိတ် တစ်ကျွန်းလုံး၌ အကြီးဆုံး ပဏ္ဍိတ ဖြစ်လိမ့်မယ် ။
သင်တို့သည် ခေတ္တခန သင့်ရာကနေ ငါ့ကို စောင့်ကြပါကုန် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။
.
အပိုင်း ( ၁ )
.
သူ့နာမည်က ၀င်္ဂီသ
သူဟာမြင့်မြတ်သောပုဏ္ဏားမျိုးမှဆင်းသက်လာပြီး အရွယ်ရောက်တဲ့အခါ မိဘများက ဗေဒသုံးပုံကို သင်ကြားစေတယ် ။
.
သူဟာ ဆန်းကြယ်တဲ့ ဥာဏ် ပဋိဘာန်ရှိတယ် မိမိမြင်တွေ့သမျှကို လက်တန်း ဂါထာ လင်္ကာ စပ်ဆိုနိုင်တဲ့ အရာမှာ ပြိုင်ဘက်မရှိသူဖြစ်တယ်။
.
သူသေတို့ရဲ့ လားရာ ဂတိကို သိနိုင်စွမ်းသော ဆ၀သီသမန္တာန်ကို အောင်မြင် တတ်မြောက်ခဲ့တယ် ။
.
သူနဲ့အတူနေပုဏ္ဏားတွေက ဒီအတတ်ဟာ အသက်မွေး ၀မ်းကျောင်း ဖြစ်တာကို သိကြတဲ့အတွက် ရထားပေါင်းချုပ်မှာတင်ပြီး တစ်မြို့ဝင် တစ်မြို့ထွက် သေသူတွေရဲ့လားရာကို လိုက်လံဟောပြောခဲ့တယ် ။
.
သူဟာ အသက်မွေးဝမ်းကျောင်းအဖြစ် ဒီအလုပ်ကိုလုပ်ရပေမယ့် ကျန်တဲ့ အချိန်တွေ မှာတော့ မိမိရှေ့မှာမြင်တွေ့ရာ တော်တောင် ရေမြေ သဘာဝ ဒုက္ခ သုခ အားလုံးကို ဂါထာလင်္ကာဖွဲ့ဆိုပြီး ပျော်ရွှင် အေးချမ်းစွာ နေတတ်သူဖြစ်တယ်
.
ဒီလိုနဲ့ လှည့်လည်ရင်း ဇာတိမြေ သာဝတ္ထိကိုပြန် အရောက် မြို့တွင်း မ၀င် သေးပဲ တောင်ဘက်တံခါးဝမှာ ရထားပေါင်းချုပ်ကို ရပ် ကိုယ်လက်သန့်စင ဘို့ ပုဏ္ဏားအဖွဲ့တွေ ခနနားနေတဲ့အချိန် ။
.
သူကလည်း ရထားပေါင်းချုပ်မှာထိုင်ပြီး မြင်မြင်သမျှတွေကို ကဗျာဖွဲ့နေရင်း …
တဖြေးဖြေး သတိထားမိလာတာက ပန်းနံ့သာတွေ လက်မှာကိုင်စွဲပြီး တောင် အရပ် ကနေ မြောက်အရပ်ကို တည်ငြိမ်တဲ့ ဣနြေ္ဒတွေနဲ့ တရွေ့ရွေ့ သွားနေ ကြတဲ့ လူတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ကို မြင်တော့ သူ့တပည့် ပုဏ္ဏားကို စူးစမ်းဘို့ အရိပ်ပြတာပေါ့
.
# အဆွေတို့ ပန်းနံ့သာတွေနဲ့ ဘယ်သွားကြတာလဲ ။ ဒေ၀ါတစ်ပါးပါးကို ပူဇော်တဲ့ ပွဲအချိန်လည်းမဟုတ်ဘူး
.
# # ပုဏ္ဏား .. မြတ်စွာဘုရားရှင်သည် စေတ၀န်ကျောင်းတော်မှာ ရောက်ရှိ သီတင်းသုံး နေတယ် လို့ ကြားတဲ့အတွက် ငါတို့ဘုရားဖူး တရား နာဘို့သွားနေကြတာပါ
.
# အို - ကျောင်းသွားလို့ ဘာအကျိုးရှိမှာလဲ အဆွေတို့
ဟောဟို ရထားပေါင်းချုပ် အတွင်းမှာ ပဏ္ဏိတဗြဟ္မဏ ဆရာကြီး တစ်ဦးပါလာတယ် ။
ကမ္ဘာမြေပြင်မှာ သူနဲ့တူတဲ့သူ မရှိပေဘူး ။ ပဏ္ဏိတ ဆရာကြီးဟာ သူသေတွေရဲ့ ဦးခေါင်း ခွံကို ခေါက်ပြီး ဖြစ်ရာ အရပ်ကို သိနိုင်တယ် ။
အသက်ရှင်နေသူတွေရဲ့အကြောင်းကတော့ အထူးပေါ့။ ဆရာအရှင် ပုဏ္ဏားကြီး ထံ မေးစမ်းကြည့်ကြပါလားဗျာတို့
.
# # အဆွေ … ကျွန်ုပ်တို့သည် သုံးလောကထွဋ်ထား မြတ်စွာ ဘုရားရဲ့ တရား ကိုသာ နာလိုပါသည်။ မြတ်စွာဘုရားသာလျှင်လောကတွင် တစ်ဆူတည်း သော အတုမရှိ သိသူ ဘုရားရှင် မည်ပါပေသည် ။
.
နေပါအုန်းမိတ်ဆွေ … အရှင်ဂေါတမဟာ ကျွန်ုပ်လို သေသူရဲ့ လားရာကို သိနိုင် လို့လား
.
# # လောကမှာ ဗုဒ္ဓမသိသောအရာ မရှိဘူး ပုဏ္ဏားမြတ်
.
  ကောင်းပြီ ကျွန်ုပ်ကိုယ်တိုင် ဗုဒ္ဓကို သွားတွေ့မယ် ။ ဗုဒ္ဓဟာ ကျွန်ုပ်လို ကျွန်ုပ်လောက် တတ်သလား ကျွန်ုပ်ကိုယ်တိုင်သိစေ့မယ် ။
…………….
အမှန်က ဗုဒ္ဓဟာ သူလာမယ်ဆိုတာသိတော်မူလို့ သူ့အချိန်ကျပြီမို့ သူ့ကို တရားဟောဘို့ သေသူရဲ့ ဦးခေါင်းခွံ ( ၅ ) ခုနဲ့အတူတူ ကြိုစောင့်နေခြင်း သာ ဖြစ်ပါတယ် ။ သူရောက်လာတယ်ဆိုရင်ပဲ ဗုဒ္ဓက …
.
★ ★ အသင်ပုဏ္ဏား အသင်ဟာ သေသူတို့ရဲ့ ဦးခေါင်းခွံကို ခေါက်ပြီး ဖြစ်ရာဌာနကို ပြောနိုင်တယ်ဆိုတာ ဟုတ်သလား ။
.
မှန်ပါတယ်အရှင်ဂေါတမ
.
★ ★ ဒါဖြင့်ရင် ယ္ခုသင့်ရှေ့မှာ ရှိနေတဲ့ ဦးခေါင်းခွံ ပိုင်ရှင်တို့ရဲ့ ဖြစ်ရာ ဘုံဌာနကို ပြောပြနိုင်မလား
.
ပြောပြနိုင်ပါတယ်အရှင် …
.
သူဟာပထမ ခေါင်းခွံကိုလက်သည်းနဲ့ ခေါက်ပြီး ဆ၀သီသမန္တာန်ကို စတင်ရွတ်ဖတ် တော့တယ် ..
.
ဒီခေါင်းခွံဟာ ငရဲပြည်မှာ ငရဲဘုံသား ဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ခေါင်းခွံပါ
ဒီဒုတိယခေါင်းခွံဟာ တိရစ္ဆာန်ဘုံမှာဖြစ်တဲ့ ခေါင်းခွံဖြစ်ပါတယ်
တတိယကတော့ လူ့ဘုံမှာ လူပြန်ဖြစ်နေတဲ့ သူရဲ့ ခေါင်းခွံဖြစ်ပါတယ်
စတုတ္ထတစ်ခုကတော့ နတ်ပြည်မှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ခေါင်းခွံဖြစ်ပါတယ်
ဒါပေမယ့် အရှင် ….
ဒီပဉ္စမ ဦးခေါင်းခွံက ဘယ်မှာဖြစ်နေတယ်ဆိုတာ မတွေ့ဘူးဖြစ်နေပါတယ် ။
.
★ ★ ထပ်ခေါက်ကြည့်ပါ ပုဏ္ဏားကြီး …
မတွေ့ပါဘူး အရှင် …
★ ★ နောက်တစ်ကြိမ် ခေါက်ဦးလော့ ပုဏ္ဏား
.
အပိုင်း ( ၂ )
.
ဒီလိုနဲ့ ဘုရားရှင်က နိဂြောဓကပ္ပ ရဟန္တာအရှင်မြတ်ကို ဥပဇ္ဈာယ် ပြုစေပြီးဝင်္ဂီသ ကို ရဟန်းခံပေးခဲ့တယ် ။
ဗုဒ္ဓက ၃၂ - ကောဌာသ ကမ္မဌါန်းကို ပေးပြီး မန္တာန်၏ ပရိကံကို ရွတ်ဖတ် သရဇ္ဈာယ် ဦးလော့ ။ လို့ မိန့်တော်မူတယ်။
.
သူ ကမ္မဌါန်း သရဇ္ဈာယ်နေစဉ် အချိန်တိုင်း အခြံအရံပုဏ္ဏားတွေက လာ လာပြီး …
# သင့်မန္တာန် ရပြီလား … လာ - သွားကြစို့ ၊ ကြာကြာနေရင်သင့်ကို ဆုံးရှုံးရလိမ့်မယ်
သူကလည်း …
ငံ့ပါဦး မြန်မြန်ရလွယ်အောင် သင်ပါ့မယ် …. စိတ်ရှည်ကြပါ လို့ပြန်ပြောသတဲ့
.
ဒီလိုနဲ့ ၃ရက်ကျော် ၄ရက်မြောက်နေ့မှာ တရားမှန်ကို စတင် မြင်လာတဲ့ အတွက် ပုဏ္ဏားများကို စုရုံးစေပြီး
.
အချင်းတို့ … ငါလူမထွက်တော့ပြီ ၊ သင်တို့ သွားလိုရာ သွားကြလော့
လို့ဆိုတယ် …
သူ့အခြံအရံ ပုဏ္ဏားတွေ ငိုယိုကြကုန်တယ် ။ လူထွက်ဘို့ အတန်တန် ဖျောင်းဖျကြတယ် ။ သူက …
.
ရဟန်းပြုပြီး ရက်အနည်းငယ် အတွင်း ငါဟာ ငြိမ်းချမ်းမှု ရလာတယ် ။ ငါလူမထွက် တော့ဘူး ။
.
ဒီအခါမှာပုဏ္ဏားတို့က …
.
# # # ရဟန်းကြီး ဂေါတမ သည် သူ့ထံသို့ ရောက်လာသူတို့ကို အာဝဋာနိ မည်သော မျက်လှည့် အတတ်ဖြင့် လှည့်ဖြားတတ်သည်ဟု ကြားဘူးခဲ့သည်။ ယ္ခုကြားဘူးသည့်အတိုင်း မှန်ချေပြီ … လို့ ၀ိုင်းရန်တွေ့ကြပြီး ပြန်သွားကြ တယ် ။
…………………
★ ★ ★ သူဟာ ရဟန်းပြုပြီး သူ့ရဲ့ ဥပဇ္ဈာယ်ဆရာ နိဂြောဓကပ္ပ ထေရ်နဲ့ အတူ အာဠ၀ီပြည် အဂ္ဂါလ၀ ကျောင်းကို လိုက်ပါသွား၇တယ်။
.
ရဟန်းသစ်ဖြစ်တဲ့အတွက် ဆွမ်းမခံရပဲ ကျောင်းစောင့်ထားခဲ့တယ်တဲ့။ တစ်နေ့ မှာ အာဠ၀ီ မြို့သူ များစွာသော မိန်းမတွေဟာ ၀တ်ကောင်းစားလှ တွေကို ၀တ်ဆင်ပြီး နိဂြောဓကပ္ပ မထေရ် ပြန်ကြွလာတဲ့ အတွက် အဂ္ဂါဠ၀ ကျောင်းကို လာကြည့်ကြတယ် ။
.
ပုထုဇဉ် ရဟန်း ၀င်္ဂီသဟာ မိန်းမလှတွေကိုမြင်တော့ တပ်မက်ခြင်းဖြစ်လာတဲ့ အတွက် …
( က ) ငြိမ်သက်အေးချမ်းနေသော ငါ့ရဲ့စိတ်ကိုခက်ထန်ကြမ်းကျုတ်သော ကာမ ၀ိတက်တို့ ပြေးဝင်လာကုန်ပြီ ဒါဟာ မာရ်နတ်မင်းရဲ့ အသင်းအပင်းပဲ။
.
( ခ ) တစ်ကြိမ် တည်း မြားငါးစင်း ပစ်လွှတ်နိုင်တဲ့ မိန်းမများ လာပေမယ့် တရား၌ တည်သော ငါ့ကို တုန်လှုတ်အောင် လုပ်နိုင်မှာမဟုတ်ဘူး
.
( ဂ ) ငါသည် အာဒိစ္စဗန္ဓု ဖြစ်တော်မူသော ဘုရားရှင်ရဲ့ ၀ိပသနာကို နာကြား ထားသူဖြစ်တယ် ။ ဒီဝိပသနာမှာငါ့စိတ်က ပျော်မွေ့နေတယ်။
.
( ဃ ) ဟယ် - ယုတ်မာလှတဲ့ ကိလေသာ ၊ဆုတ်ခွာလော့၊ သင်မမြင်နိုင်သော လမ်းနဲ့ ငါသွားအံ့ ။
.
လို့ဆိုပြီး မိမိရဲ့ ရာဂကို ထိန်းချုပ်ခဲ့ သတဲ့။
နိက္ခန္တ သုတ် ( သဂါထာ၊ ပါ ၊ ၁၈၇ )
.
★ ★ ★ တစ်ခါလည်း အဂ္ဂါဠ၀ ကျောင်းမှာနေနေတဲ့အချိန် ရာဂ နှိပ်စက်တဲ့အတွက် သာသနာတော်မှာ လုံးဝမပျော်ပိုက်ပဲ လူထွက်ချင်စိတ် ပြင်းစွာ ဖြစ်တဲ့ အခါ မမွေ့လျှော်ခြင်းကို ပါယ်ဖျောက်ဘို့ …
.
( က ) ကိလေသာ မရှိတဲ့ တဏှာကင်းတဲ့ ပုဂ္ဂိုလ်ကို ဘိက္ခူလို့ခေါ်တယ်
.
( ခ ) မြေ၌ ကောင်းကင်၌ မြေအောက်၌ တည်သော ရုပါရုံတွေက မမြဲဘူး
.
( ဂ ) လူတွေဟာ ကာမဂုဏ် ငါးပါးကို သိတ်တပ်မက်လွန်းတယ် ( အခုငါ ဖြစ်နေ သလိုပေါ့ ) ၊ ကာမဂုဏ် ကို တပ်မက်မှု မရှိတဲ့သူ ကိုမှ မုနိလို့ ခေါ်တယ်။
.
( ဃ ) ကြံစည်မှုဆိုတဲ့ ၀ိတက်တွေဟာ ၊ အာရုံ ခြောက်ပါးကို မှီပြီးမှ အသက် ၀င်လို့ ရကြတယ်၊ ဒီဝိတက် တွေအ၀င်မခံတာ ကိုမှ ဘိက္ခူစစ်လို့ခေါ်တာ။
( ငါကဘိက္ခူစစ်ပဲ ဖြစ်ရမယ် အ၀င်မခံနဲ့ မ၀င်နဲ့ )။
.
( င ) ပညာရှိတဲ့ တည်ကြည်တဲ့ ဟန်ဆောင်ကင်းတဲ့ တပ်မက်မှုကင်းတဲ့ ရဟန်းတော်တွေဟာ နိဗ္ဗာန်ကို အာရုံပြုပြီး ပရိနိဗ္ဗာန်ပြုရန်အခါကို ငံ့လင် နေတယ် ။
( ငါ့လိုရာဂပြုရန် ငံ့လင့် မနေကြဘူး ) ။
.
စတဲ့ လင်္ကာနဲ့ ရာဂနဲ့ အရတီစိတ်တွေကို ကင်းပျောက်အောင် ပြုခဲ့တယ်။
( နောက်ပိုင်းမှာ ရာဂစိတ်တွေကင်းအောင် ဒီဂါထာလေးကိုရွတ်ဆိုကြတယ်။ )
အရတီသုတ် ( သဂါထာ ၊ ပါ၊ ၁၈၈ )
.
★ ★ ★ သူဟာ ဂါထာ လင်္ကာတွေကို လက်နဲ့မရေးပဲ နှုတ်နဲ့ ချက်ချင်း တန်းသီကုံး နိုင်တဲ့ ပြိုင်ဘက်မရှိ ဥာဏ် ပဋိဘာန်နဲ့ပြည့်စုံသတဲ့
.
ဘာလို့တုန်းဆို …
.
သူဟာ ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်အခါက မဟာဘောဂ သူဌေး မျိုးမှာ ဖြစ်ခဲ့တယ်။ ဘုရားရှင်ထံ သွားရောက်တရားနာချိန်မှာဘုရားရှင်က ရဟန်းတစ်ပါးကို ဆန်းကြယ် သော ဥာဏ် ပဋိဘာန်ရှိသူတို့မှာ အသာဆုံး အမြတ်ဆုံး ဘွဲ့ကို ပေးတာကို အားကျ ပီတိဖြစ်ပြီး ဘုရားရှင်ထံ ဒီဆုကို တောင်းတော့ ပဒုမုတ္တရ ဘုရားရှင်က ဗျာဒိတ် တော် ပေးခဲ့တဲ့ အတွက် ဖြစ်ပါတယ်။
.
ဒီဆုတောင်းကြောင့် အခုနောက်ဆုံးဘ၀မှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ဥာဏ်ပဋိဘာန် ထက်သန်တော် မူခဲ့တယ်ပေါ့။
.
★ ★ ★ သူဟာ ရဟန်းဘ၀မှာ မိမိရဲ့ဥာဏ်ကို မာနဖြစ်ပြီး သီလကိုချစ်မြတ်နိုးတဲ့ ရဟန်းတော် တွေကို မထီမဲ့မြင်ပြုမိတယ် ။ပြုမိပြီး ချက်ချင်းပဲ
.
ငါမှားပြီ ငါ့ပဋိဘာန်နဲ့ သီလ၀န္တပုဂ္ဂိုလ်တို့အပေါ် မထီမဲ့မြင်ပြုခဲ့ပါပေါ့လား …. လို့ ပြင်းထန်တဲ့ နှလုံးမသာယာမှုဖြစ်ပြီး ချက်ချင်း ဂါထာတွေကိုဖွဲ့ဆိုခဲ့တယ်။
.
( က ) ဟယ် ……. ၊ သင်၏ မာနကိုပါယ်လော့ ၊မာနရဲ့သွားရာ ခရီး ကိုလည်း အကြွင်းမဲ့ ပါယ်လော့ ၊ မာနရဲ့မြှူဆွယ်မှုမှာ တွေဝေခဲ့တာကြောင့် ရှည်စွာ သော ကာလပတ်လုံး နှလုံးမသာဖြစ်ရပေတော့မည်။
.
( ခ ) မာနနှိပ်စက်ပြီး သူ့ကျေးဇူးချေဖျက်သောသူ ငရဲသို့ကျ၏ ၊ ငရဲဖြစ်သော သူသည် ရှည်မြင့်စွာ ပူပန်ရကုန်၏
.
( ဂ ) ကိလေသာကို အောင်ပြီးသော ရဟန်းသည် အနည်းငယ်မျှ မစိုးရိမ်ရ၊ ကျော်စော ၏ ချမ်းသာ၏ တရား မြင်သူဟု သမုတ်အပ်၏
.
( ဃ ) ဒေါသ ငြောင့်သလင်း ကင်းသော ၀ိရိယရှိသော ၊စင်ကြယ် သော သူသည် နိဝရဏတို့ကိုပါယ်၍ မာနမီးကို ငြိမ်းသတ်ပြီးသော ၀ိဇ္ဇာဥာဏ်ဖြင့် အဆုံးကိုပြု၏
.
( အရှင်မြတ်ဟာ အထက်က ဂါထာနဲ့ ဆန့်ကျင်ဘက်ဖြစ် နေတဲ့ မိမိရဲ့ စိတ်ဆင်ရိုင်း ကို ချွန်းအုပ်ပြီး မိမိကိုယ်ကို ပြန်သတိပေးနေ တာပါ )
ပေသလသုတ် ( သဂါထာဝဂ္ဂသံယုတ် ၊ ပါ ၊ ၁၈၉ )
.
ဒီနောက် အရှင်မြတ်ဟာ အာဠာဝီပြည်ကနေ ရှင်အာနန္ဒာနဲ့ အတူ သာဝတ္ထိကို ပြန်လိုက် ပါလာခဲ့တယ်။
.
★ ★ ★ သာဝတ္ထိမှာ တစ်ရက် ရှင်အာနန္ဒာနဲ့အတူ ဆွမ်းခံကြွရင်း မြို့တွင်းက မိန်းမလှ လေးတွေကို မြင်တော့ တပ်မက်ခြင်းစိတ်ဖြစ်ပေါ်တဲ့အတွက် ရှင်အာနန္ဒာအား …
.
အရှင်ဘုရား တပည့်တော်မှာ ရာဂမီးတောက်နေပါတယ် သနားငဲ့ညှာ သောအားဖြင့် ရာဂငြိမ်းကြောင်း တရားဟောပါတော့ဘုရား လို့လျှောက်သတဲ့ ။
ရှင်အာနန္ဒာက ဘယ်လိုမိန့်သလဲဆိုတော့
.
★ ★ ငါ့ရှင် သညာဖောက်ပြန်သော် ရာဂမီးအလောင်ခံရ၏
တင့်တယ်၏ဟူသော နိမိတ်ကို ကျဉ်လော့ မမြဲသော အိုမင်းရင့်ရော် မတင့်တယ်သော အနှစ်မရှိသော ရုပ်နာမ်ကိုရှု
စိတ်ကိုတည်ငြိမ်အောင်ပြု
သိက္ခာကို စောင့်ထိန်း သတိကိုဖြစ်စေလော့
မာနကိုစွန့်ခြင်းကြောင့် ရာဂသည်ငြိမ်း၏ ငါ့ရှင် …. တဲ့
.
★ ★ ★ အရှင်မြတ်ဟာ ရှင်အာနန္ဒာနဲ့ အတူ သာဝတ္ထိကိုပြန်လိုက်လာပြီး စေတ၀န် ကျောင်းတော်မှာ တရားတော်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူရာ များမကြာခင် အချိန် အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ပြီး အောက်ပါ အနက်ရှိတဲ့ ဂါထာတော်တို့ကို ရွတ်ဆိုကာ ရဟန္တာဖြစ်တော်မူ ပါတော့တယ်။
အရှင်မြတ် ရဟန္တာဖြစ်တော်မူပုံပြတဲ့ သုတ်ဟာ ၀င်္ဂီသ သုတ်ဖြစ်လာပါတယ်။
.
( က ) ငါဟာ ဟိုစဉ်က သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီး တစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။
အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု သဒ္ဓါ ဖြစ်လာတယ်။
.
( ခ ) မြတ်စွာဘုရားက ငါ့အား တရားဟောတော်မူတယ် ၊ တရားတော်ကို နာရ၍ ငါဟာ ရဟန်းပြုခဲ့တယ်
.
( ဂ ) ဘုရားရှင်ကို ဖူးမြင်သူတို့၏ အကျိုးငှာ ဘုရားရှင်သည် သဗ္ဗညုတ ဥာဏ်တော်ရတော်မူပေ၏
.
( ဃ ) ဘုရားရှင်ထံသို ငါရောက်ရခြင်းသည် ကောင်းသောရောက်ခြင်းဖြစ်၏
ထို့ကြောင့် ၀ိဇ္ဇာသုံးပါးတို့ကို ငါရ၏ ၊ အဆုံးအမတော်ကို ငါရ၏ ၊ ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာခွင့်ရ၏
.
( င ) ငါသည် ရှေးအစဉ်ခန္တာကို သိပြီ ၊ မြတ်သော ဒိဗ္ဗစက္ခု ဥါဏ်ကို ရပြီ ၊ ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံပြီဖြစ်၍ ဣဒ္ဓိဝိဓအဘိညာဉ် ၊ ပရစိတ္တ၀ိဇာနနအဘိညာဉ် ကို ရပြီ ….
..................................
.
အရှင်သူမြတ်ဟာ သူ့သက်တမ်းတစ်လျှောက် သာသနာတော်နဲ့ဆိုင်တဲ့ ဂါထာ အပုဒ်ရေ ထောင်ပေါင်း များစွာ ရွတ်ဆို ခဲ့ပါတယ် …. တချို့ကို တင်ပေးလိုက်ပါတယ် ။
.
★ ★ ★ စကားအရာ လေးပါးဘွဲ့
.
အခါတပါးမှာ ဘုရားရှင်က သုဘာသိတ (ကောင်းစွာဆိုခြင်း) ၊ဓမ္မ ( တရားနဲ့ အညီဆိုခြင်း ) ၊ပီယ ချစ်ဖွယ်သောစကားကိုဆိုခြင်း ၊ သစ္စာ ( မှန်သောစကား ကို ဆိုခြင်း ) စတဲ့ စကားအရာလေးမျိုးကိုဟောတော်မူတော့ ဘုရား ရှင်ရဲ့ သြ၀ါဒ ကိုနာခံရပြီး နေရာမှထ လက်အုပ်ချီလျှက် ဘုရားရှင်ကို ပန်ကြားပြီး ချက်ချင်း ဂါထာ ဖွဲ့ဆိုတော်မူခဲ့ပါတယ်။
.
★ ★ ★ ရှင်သာရိပုတ္တရာဘွဲ့
.
တစ်ခါမှာ ရှင်သာရိပုတ္တရာအရှင်မြတ်က ရဟန်းတော်တွေကို တရား ဟောတော် မူတော့ ရဟန်းတော်တွေက ရိုသေစွာ မှတ်သား တာကို မြင်တော် မူပြီး ပီတိဖြစ်လာတဲ့အတွက် အရှင်မြတ်ကို ပန်ကြားပြီး ရှင်သာရိပုတ္တရာ ဘွဲ့ကို ဖွဲ့ဆိုတော် မူပါတယ်။
.
★ ★ ★ ရှင်မဟာမောဂ္ဂလာန်ဘွဲ့
.
အခါတပါးမှာ ဘုရားရှင်က ရာဇဂြိုဟ် ဣသိဂိလိတောင်နံပါး မှာ ရဟန္တာ ( ၅၀၀ ) ခြံရံလျှက် သီတင်းသုံးစံနေတော်မူတော့ ၊ ရှင်မဟာမောဂ္ဂလာန် အရှင်မြတ်က ဘုရားရှင် ထံတော်ပါး ခစားနေကြတဲ့ ရဟန္တာတို့ရဲ့စိတ်ကို မိမိစိတ်နဲ့ ဆင်ခြင်နေသတဲ့
.
ဘုရားရှင်ထံတော်ပါး ငြိမ်သက်စွာနေကုန်တဲ့ ရဟန္တာတို့နဲ့တစ်ကွ ရဟန္တာ တို့ရဲ့ စိတ်ကို ဆင်ခြင်နေတော်မူတဲ့ ရှင်မဟာမောဂ္ဂလာန်ကို မြင်တဲ့ အခါမှာ လွန်စွာ စိတ်ကြည်နူးခြင်းဖြစ်လာပြီး စာဖွဲ့ချင်စိတ် လျှင်မြန်စွာ ဖြစ်လာတာ ကြောင့် ဘုရားရှင်အား ပန်ကြားပြီး ရှင်မဟာ မောဂ္ဂလာန် ဘွဲ့ ၃ - ဂါထာ ကို ချက်ချင်းဖွဲ့ဆိုတော်မူပါတယ်။
.
★ ★ ★ အရှင်ကောဏ္ဍညဘွဲ့
.
ဘုရားရှင်ရဲ့သာသနာတော်မှာ ပထမဆုံး သစ္စာလေးပါး တရားကို သိတဲ့ အတွက် အညာသိ အမည်တော်ရတဲ့ အရှင်ကောဏ္ဍညဟာ ဘုရားရှင်နဲ့ခွဲပြီး ၁၂နှစ်တိုင် ကာလ ပတ်လုံး မန္ဒာကိနီအိုင်အနီး သီတင်းသုံးတော်မူပြီး နောက် ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် မိမိ ရဲ့ ပရိနိဗ္ဗာန်ကို လျှောက်ကြားရန် ကောင်းကင်ခရီးနဲ့ကြွတော်မူလာပါတယ်။
.
ဘုရားရှင်ထံရောက်တဲ့အခါ ဘုရားရှင်ရဲ့ ခြေတော်အစုံကိုဦးခေါင်းဖြင့်တိုက်ပြီး ခြေတော်ကို ခံတွင်းဖြင့်စုတ် လက်တို့ဖြင့်လည်းဆုတ်နယ်ပြီး တပည့်တော် ကောဏ္ဍည ဖြစ်ပါသည် ဘုရား … လို့လျှောက်ကြားတာကို အရှင်မြတ် မြင်တွေ့ တဲ့အခါ အလွန် စိတ်ကြည်နူးခြင်း ဖြစ်ပေါ်လာပြီး ဘုရားရှင်အား ပန်ကြားကာ အရှင်ကောဏ္ဍညဘွဲ့ ဂါထာ ( ၃ ) ပုဒ်ကို ချက်ချင်း နှုတ်က ဖွဲ့ဆိုတော်မူပြန် ပါတယ်။
.
★ ★ ★ ဗုဒ္ဓဘွဲ့
.
အခါတပါးမှာ ရဟန်းပရိတ်သတ် လူပရိတ်သတ် နတ်ပရိတ်သတ်များ အလယ် မှာ ရှိတဲ့ အားလုံးထက် ထူးကဲတဲ့ အဆင်းရှိတဲ့ ဘုရားရှင်ကို တွေ့တဲ့ အခါမှာ အရှင်မြတ်က ဘုရားရှင်ကို ပန်ကြားလျှက် နေမင်း လမင်းကို ဥပမာ ထားပြီး ဘုရားရှင် ဘွဲ့တော် ဂါထာ ( ၂ ) ပုဒ်ကို ချက်ချင်းဖွဲ့ဆိုတော်မူရာ လူနတ်ဗြဟ္မာ တို့ချီးကျူး ထောမနာပြုခြင်းခံရပါတယ်။
.
★ ★ ★ တရားနာ ဂါထာ
.
တစ်ခါမှာဘုရားရှင်က ဇေတ၀န်ကျောင်းတော်မှာ နှစ်ထောင့် နှစ်ရာ့ ငါးကျိပ် သော ရဟန်းတွေကို နိဗ္ဗာန်နဲ့စပ်သော တရားဟောတော် မူတော့လည်း တရားနာ အပြီး ဘုရားရှင်ကိုပန်ကြားလျှက် တရားနာဂါထာကို ချက်ချင်း ဖွဲ့ဆိုတော် မူပါတယ် ။ ဒီအခါ ဘုရားရှင်က ….
.
★ ★ ချစ်သား …. ဤဂါထာများကို အသင် ရှေးက ကြံထားသလော
မကြံထားပါဘုရား
★ ★ ရှေးကမကြံထားလျှင် သင့်ဥာဏ်ထင်သမျှ ဖွဲ့ဆို ဦးလော့ ….
လို့မိန့်တော်မူတော့
ဥမ္မဂ္ဂပထံ
မာရဿ
အဘိဘုယ်
စတဲ့ဂါထာတို့ကို ချက်ချင်းဖွဲ့ဆိုတော် မူတော့ ဘုရားရှင်က ချီးမွမ်းတော်မူပြီး
.
နောင်သောအခါ ဘုရားရှင်က ငါ၏ချစ်သား ၀င်္ဂီသသည် မြင်မြင်တကာ ဂါထာဖွဲ့ဆိုရာ၌ လွန်စွာလျှင်မြန်ခြင်းကြောင့် …
.
ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိကုန်သော ငါ၏ တပည့်သား ရဟန်း တို့တွင် ချစ်သား ၀င်္ဂီသ သည် အမြတ်ဆုံးဖြစ်၏လို့ ဧတဒဂ် ထားတော်မူ ခဲ့ပါတယ်။
.
ကဲရှင် …
မောင်လေးညီမလေးတို့တစ်တွေလည်း သံသရာအတွက် အကုသိုလ်မျိုးစေ့ထက် ကုသိုလ် မျိုးစေ့များ ပိုမို ချသွားနိုင်ကြပါစေရှင် ….
ဗုဒ္ဓ သာသနံ စိရံ တိဌတု
.
ထေရာအပါဒါန်
သံယုတ္တနိကာယ နဲ့
တည်တောဆရာတော်ဘုရားကြီး ၏ ဓမ္မပန်းချီ တို့ကို ကိုးကားပါတယ်။
.
ချမ်းမြေ့ကြပါစေ ……
,

Wednesday, October 12, 2016

ပ ဋာ စာ ရီ

ဂေါတမ ဗုဒ္ဓဟာ ဒို့လို ခတ္တိယ သကျမျိုးနွယ်မို့ ... ကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိမယ်ဆိုတာတော့ ... ငြင်းလို့မရပါဘူး ...
.
ခြောက်နှစ်တိုင်တိုင် တောထဲမှာတရားကျင့်ခဲ့လို့ ယောဂီပညာတွေ တတ်ကောင်း တတ်ပါလိမ့်မယ် ... တန်ခိုးပြာဓိဟာ လဲ အထိုက်အလျှောက် ရကောင်းရမှာပေါ့ ....
.
ဒါပေမယ့် မဟာ မာယာဒေ၀ီလို လူမိန်းမက မွေးတဲ့ လူသားတစ်ယောက်ဟာ လူ ဆရာ တစ်ယောက်ပဲပေါ့ ... လူ နတ် ဗြဟ္မာ တို့ရဲ့ ကိုးကွယ်ခံထိုက်သူဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ...
.
သူဟာ မဟာဗြဟ္မာကြီးကိုအန်ုတုသူပဲ ... အဘတို့ ခတ္တိယတွေ သူ့ကြောင့် အရှက်ရသလို ... ထာဝရ ဘုရားကို အံတုသူ မျိုးနွယ်ဆိုပြီး ... နာမည်ဆိုးထွက်အောင်ဖန်တီးနေသူပဲ ...
.
★ ★ အဲ့ဒိ မဟာဗြဟ္မာကြီးကို ဖခင်မြင်ဘူးလား ... မြင်ဘူးတဲ့သူ ... ဘိုးဘွားတွေထဲက တစ်ယောက်ယောက် ရှိလား အဘ ..
.
ဒါက ဘာအရေးလဲ သူ့ဆန္ဒတော်အတိုင်း သေလွန်လို့ သူ့ထံရောက်ရင်မြင်ဘူးမှာပေါ့ ....
.
★ ★ ဒါဖြင့် ရည်မှန်းကြည်ညိုရအောင် ... ပုံပန်းသဏ္ဍန်ကရောအဘ ...
.
အို ... သူ့ ပုံပန်းသဏ္ဍန်က အတုမရှိနိုင်လို့ ... အတုလုပ်လို့ မရနိုင်ပါဘူး ..
.
★ ★ ဒါဆို ... သူ့ဝါဒ လမ်းစဉ်တွေကို ဘယ်သူက ကိုယ်တိုင်ကြားနာ ခဲ့ရသလဲအဘ ...
.
အလွန်တန်ခိုးရှိတဲ့ ... သူ့သား တမန်တော်တွေဆီကကြားနာပြီး ... အဘတို့ကိုတဆင့်ဟောတာပေါ့ ...
.
★ ★ အဲ့ဒိ ထာဝရ ဘုရားရဲ့ တန်ခိုးအရမ်းကြီးတဲ့သားတော် တမန်တွေကရော ... သူတို့ဟာ ထာဝရ ရှင်သန်သူရဲ့ သား ဆိုပြီး ... သူတို့တန်ခိုးကို ပြဘူးလား ...
.
အို .. ဒါကတော့ သူတို့ရဲ့တန်ခိုးတော်တွေက ..လူတွေမမြင်စကောင်းဘူး ... လူတွေနဲ့မတန်လို့ မပြကြဘူး .... သမီး .. ထာဝရဘုရားရှင်ကို ယုံမှာတစ်စက်မရှိနဲ့ သမီး .... သမီးငရဲကျမှာအမှန်ပဲ ....
.
★ ★ နောက်ဆုံးတစ်ခုပဲ မေးပါရစေ အဘ ... ထာဝရဲ့ သားတော် တန်ခိုးအရမ်းကြီးတဲ့ တမန်တွေကိုပဲ စကားပြောတဲ့ ထာဝရဟာ ... လောကမှာ ရှိရှိသမျှ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်ဆိုရင် ... သူ့သား တမန်တွေကို ... သူတို့နဲ့ ပတ်သက်ဆက်နွယ် နေပါတယ်ဆိုတဲ့ ... သက်သေပစ္စည်း တစ်ခုခု ဖန်ဆင်းပေးထားခဲ့တာရှိလား အဘ ...
.
သမီးလေး .. သင်ဟာ ... ဂေါတမဗုဒ္ဓ ကြွလာမယ်ကြားလို့ စိတ်ညွှတ်နေတာ .... မင်းမှတ်ထားစမ်း ... ဂေါတမဟာ ခတ္ထိယ သာကီဝင် မင်းလို့ဆိုတယ် ... သူဟာမျိုးနွယ်ဂုဏ်ကိုမစောင့်ထိန်းဘူး ... ဇာတ်နိမ့်တဲ့လူတန်းစားတွေကို ..ရဟန်းပြု ..တစ်တန်းထဲထား ... တစ်တန်းထဲစားတယ် ... သူဟာဇာတ်ပျက်ပဲ ...လူတွေကိုလဲ ဇာတ်ပျက်အောင်လုပ်တယ် ... လူတွေလဲ သူ့ကြောင့် ဇာတ်ပျက်ကုန်ပြီ ....
.
ကမ္ဘာကြီးနဲ့ ရေမြေတောတောင် သတ္တ၀ါ ... အို ယုတ်စွအဆုံး ..ဒီကမ္ဘာကြီးတစ်ခုလုံး ... ထာဝရ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ .. ဆန္ဒမပါပဲ ဘာတစ်ခုမှဖြစ်မလာဘူး ... သတ္တ၀ါတိုင်း သူစီမံသမျှ ခံကြ စံကြရတယ် ... တန်ခိုးတော်နဲ့ မဟာဂရုဏာတရားကြီးမားလွန်းလို့ ... သတ္တ၀ါတိုင်း သူ့ကို ကိုးကွယ် ပူဇော် ၀န်ချ တောင်းပန်တာနဲ့ ...အပြစ်ဟူသမျှ လွတ်ကင်းခွင့်ရပြီးကောင်းကျိုးချမ်းသာရတယ် ...
.
သူ့ရဲ့ အာခံတွင်းက .. အမြင့်မြတ်ဆုံး ဗြဟ္မဏတွေကို ဖန်ဆင်းပေးလိုက်တယ် ... ဗြဟ္မဏတွေ ပြော စကား ဟာ သူပြောစကားပဲ ... ဘုရင်ကအစနားထောင် ဦးခိုက်ရတယ် ဗြဟ္မဏ ဟူသည် ... အလုပ်မလုပ်ရဘူး ... ဘုရင်က စလို့ လူတွေအားလုံး ဦးဦးဖျားဖျား လာရောက် ပူဇော် ဂါရ၀ပြုတာ စားခွင့် သုံးခွင့်ရတယ် ..
.
ထာဝရဘုရားရဲ့ ... လက်မောင်းလက်ရုံးက ... ငါတို့ခတ္ထိယတွေကို ဖန်ဆင်းဖွားမြင်တယ် ... မြေရှင် လယ်ပိုင်ရှင် စစ်သူရဲကောင်းတွေ ...
.
မဟာဗြဟ္မာရဲ့ပေါင်ကနေ ... ၀ဿ တွေကို မွေးထုတ်ဖန်ဆင်းတယ် .... သူကြွယ် အခွန်ထမ်းတွေ ..ကုန်သည်ကြီးတွေ စီးပွားရေးသမား သူဌေးကြီးတွေပေါ့ ... အနာတပိဏ် တွေပေါ့
.
သူ့ရဲ့ခြေဖ၀ါး အညစ်အကြေးတွေကနေ ထွက်လာကတော့ ... သုဒ္ဒ ဆိုတဲ့ အယုတ်ညံ့ဆုံး တွေ ... အစေခံ ကျေးကျွန် ဆတ္တာသည် အမှိုက်သိမ်း မိလ္လာကျုံး ... သူသေကောင်မြှုတ် တဲ့သူတွေပေါ့ ... သူဒ္ဒရဲ့အသားကို... ဗြဟ္မဏ ခတ္ထိယ တွေထိမိရင် ... ကံဆိုးတတ်တယ်
.
သုဒ္ဒထက်နိမ့်တာ စဏ္ဍာလတဲ့ .... သူကတော့ အဆိုးဆုံးပ ... ဘယ်လောက်ထိနိမ့်ကျလဲဆိုရင် ... လူမြင်ကွင်းကို ထွက်ခွင့်မရှိဘူး ... သူအပြင်ထွက်ရင်လဲ ... စထွက်တာနဲ့ ((( အမျိုးနိမ့်လာပါပြီ ))) လို့အော်ရတယ် ... ဒါမှ လမ်းမှာရှိတဲ့ ...ဗြဟ္မဏနဲ့ ခတ္ထိယတွေက ထွက်ပြေး တိမ်းရှောင်ကြရတယ် ... မြင်တာနဲ့ ( ၄၉ ) ရက် အကုသိုလ်ဝင် ကံဆိုးတတ်တယ် ....
.
ဒါတင်မကဘူး ... ဗုဒ္ဓက သူ့ကိုယ်သူ ... သာမဏ ဗြဟ္မဏ ဆိုပြီး ... ဗြဟ္မဏဖြစ်ပါတယ်လို့ မုသားစကားကိုပြောသေးတယ် ....
.
★ ★ အဘပြောနေတဲ့ ယုတ္တိမရှိတာတွေကျမ မကြားချင်တော့ဘူး ... ကျမ အခန်းထဲဝင်လာခဲ့တယ်... အမိနဲ့ မောင်ငယ်လေးက ဆက်နားထောင်နေခဲ့တယ် ...
.
အခန်း ( ၂ )
.
★ ★ မောင်ကြီး ဒါသ ... သားလေးက သူ့အဖိုးအဖွားတွေအကြောင်းခနခန မေးနေတယ် .. နှမလဲ အဘတို့အိမ်ကနေ မောင်ကြီးနောက်လိုက်ပြေးလာတာ လေးနှစ်ကျော်နေပြီ ... ညကလဲ အမိကို အိမ်မက် မက်တယ် ... အဘများနေမကောင်းလို့လား .... ဘာပဲဖြစ်ဖြစ် အမိနဲ့ အဘက ကျမကိုဒီလောက်ချစ်တာ ... ခုလောက်ဆိုစိတ်ဆိုးပြေလောက်ပါပြီ ... ကျမဗိုက်ထဲကခလေးကို အိမ်ပြန်မွေးချင်တယ်မောင်ကြီး ...အမိနဲ့မောင်ငယ်လေးကိုလဲလွမ်းလှပြီ ...
.
★ ★ ★ ဖြစ်ပါ့မလားနှမရယ် ... ကျုပ်ကနှမတို့အိမ်က ...မြင့်ဇောင်းမှာအလုပ်လုပ်တဲ့ သုဒ္ဒမျိုး ... ဇတ်အရမ်းခွဲတဲ့ နှမရဲ့ဖခင်က ... လက်ခံမယ်မထင်ဘူး ... နှမရဲ့ဘိုးဘေးတွေတောင် ရာဇ၀င်ရှိခဲ့တယ်လေ ... သူဒ္ဒမျိုးတစ်ယောက်က အိမ်ရှေ့မှာလူးလိမ့်ငိုယိုပြီး သမီးလာတောင်းလို့ ... ဇာတ်အပျက်မခံပဲ ...သမီးကိုသုဒ္ဒမျိုးတံဆိပ် ခတ်နှိပ်ပြီး ..စွန့်ပစ်ပလိုက်တာ ...ကျုပ်တော့တစ်ကယ်စိုးရိမ်မိတာပါပဲ ...
.
★ ★ ကျမ မရမက ပူစာလွန်းတဲ့အတွက် ကျမကိုချစ်လှတဲ့ ကိုဒါသက အမိ အဖတို့ရှိရာသာဝတ္ထိကို သွားဖို့သဘောတူလိုက်ပါတယ် .... ဒီလိုနဲ့ ခရီးထွက်လာပြီး လ၀က်လောက်မှာပေါ့ ...
.
အားးး ...မောင်ကြီး ဒါသ ... ကျမ ဗိုက်က တဖြးဖြေး နာလာသလိုပဲ .... မီးဖွားဖို့အချိန်ကျပြီတထင်တယ် ... သာဝတ္ထိ ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲဟင် ....
.
★ ★ ★ ဒုက္ခပါပဲ နှမရယ် ... ဒီကနေဆို အနဲဆုံး သုံးရက်လောက်တော့ကြာလိမ့်မယ် ... ဒါတောင် ချောင်းမှာ ဒီရေ မတက်မှ ဒီရေတက်ရင် ရေကျရက်ထိစောင့်မှချောင်းဖြတ်ကူးလို့ရမှာ .... ဘယ်လိုလုပ်ကြမလဲဟင် ... အရမ်းနာနေပြီလားနှမ ... ခနလေးး ရှေ့မှာဇရပ်တစ်ခုတွေ့တယ် .. အဲ့ဒိမှာ နားကြတာပေါ့ ... အားတင်းထားနော်နှမ ....
.
★ ★ ဟုတ်ကဲ့ပါမောင်ကြီးရယ် ... မောင်ကြီး ... မောင်ကြီးကြားဘူးတဲ့ ...ဗုဒ္ဓအကြောင်းပြောပြပါအုန်း
.
★ ★ ★ တခါက ဝေဒ လေးပုံ အာဂုံဆောင်တဲ့ ... ဗြဟ္မဏကြီးတစ်ဦးဟာ ... တပည့် ( ၅၀၀ ) နဲ့ ဗုဒ္ဓဆီ သွားမေးသတဲ့ ....
.
ရှင်ကြီးဂေါတမ ... သင်ဟာ သင့်ကိုယ်သင် ခတ္ထိယမျိုးနွယ်ဖြစ်ပါလျှက် ... ဗြဟ္မဏ အစစ် ဖြစ်တယ်လို့ ဟောကြားနေတယ်ဆိုတာ ဟုတ်ပါသလား .... ဒီလို မုသားပြောတဲ့အတွက် ... ဇာတ်ကိုလိမ်လည်တဲ့အတွက် အသင်မရှက်ဖူးလား ... သင့်ရဲ့ဇာတ်ကိုတစ်လောကလုံး ခတ္ထိယ ဆိုတာသိလျှက် ဘာကြောင့် ဗြဟ္မဏ ပါလို့ လိမ်လည် မုသား ပြောရတာလဲ ....
.
ကိုယ့်ကိုကိုယ် ဗြဟ္မဏ ဆိုပြီးဂုဏ်ယူနေတဲ့ အသင်ပုဏ္ဏားကြီး ... ငါဘုရား မိမိကိုယ်ကို သာမဏ ဗြဟ္မဏ လို့ ဟောခဲ့ ပါတယ် .. ဒါဟာမုသားမဟုတ်ဖူး ... အစစ်အမှန်သာဖြစ်တယ် ....
.
ဗြဟ္မဏ ဆိုတဲ့အဓိပါယ်ကို အသင်ပုဏ္ဏားကြီးမသိဘူးပဲ ... ငါဟာအမြင့်ဆုံး ဗြဟ္မာ့ဘုံသား တို့ရဲ့ ကျင့်ရာ လမ်းစဉ် ဖြစ်တဲ့ ဗြဟ္မာစရိယ တရား ( ၄ ) ပါး ဆိုတဲ့ ... မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ စတဲ့ အသေးအဖွဲကျင့်စဉ်လေးကိုတောင် မသွေမဖည် အမြဲ နိစ္စဓူဝ ပြုကျင့်နေလို့ဖြစ်တယ် ....
.
အာသဝေါတရား လေးပါး ကုန်ခမ်းသော ပုဂ္ဂိုလ်မှသာ ... သာမဏဗြဟ္မဏ အစစ်ဖြစ်တယ် ... ဗြဟ္မဏ အစစ်မဟုတ်ပါပဲ ... ဗြဟ္မဏဆိုပြီး ယုံကြည်နေသူ ... သင်သာလျှင် မုသားပြောသူဖြစ်တယ်
.
သင့်ဟာလဲပဲ သူလိုကိုယ်လို ... သင့်အမိရဲ့ ယောနိက ထွက်လာတာပဲ ..ဒါကိုသင်လဲသိတယ် ... သင့်ဘိုးဘေးတွေလဲသိတယ် ... အားလုံးလဲသိတယ် ...လူသားအားလုံးဟာ ဒီအတိုင်းထွက်လာကြတာကို သိလျှက် နဲ့ ... ကိုယ်မမြင်ဘူးတဲ့ ဗြဟ္မာကြီးရဲ့ အာခံတွင်းက သန့်သန့်ရှင်းရှင်း ထွက်လာပါလို့ အဘယ်ကြောင့် လိမ်လည် ဂုဏ်ယူကြွား ၀ါပြီး လူတန်းစားခွဲနေကြရတာတုန်း ....
.
မွေးရာပါမျိုးရိုးကြောင့် ဗြဟ္မဏ ဖြစ်လာတာမဟုတ်ဘူး .... ဗြဟ္မာစရိယ အကျင့်သိက္ခာနဲ့ပြည့်စုံပြီး ... ဗြဟ္မာတို့ ရှိအပ်တဲ့ သိက္ခာနဲ့ ပြည့်စုံမှသာ ... ဗြဟ္မဏ လို့ခေါ်အပ်တာ ...
.
သင်တို့မျိုးရိုးရဲ့ ပထမဆုံးမျိုးနွယ်အစက ကျွန်မကမွေးလာတဲ့ သားကစတာမဟုတ်ဘူးလား ...လို့မိန့်တော်မူခဲ့ပြီး ... ဗြဟ္မစိုတရားလေးပါကိုဟောပြောခဲ့တဲ့အတွက် ... ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်သူဖြစ်သွားတယ် လို့ တဆင့် စကားကြားဖူးတယ်နှမရဲ့ ...
.
ကဲကဲ ဇရပ်လဲရောက်ပြီ .. နှမအရမ်းနာနေပြီလား ... ခန နားလိုက်နော် နှမ ....
.
★ ★ ကံဆိုးမိုးမှောင်ကျမှုရဲ့ရှေ့ပြေးပဲထင်ပါရဲ့ .... ဗိုက်ကလဲ ဒရစပ်နာလာသလို ... မိုးမှောင်ကြီးကျလာပြီး ... မိုးသက်လေပြင်းနဲ့ မုန်းတိုင်ကျလာပါတော့တယ် ... ဒီမုန်းတိုင်းတွေကြားမှာပဲ ဒုတိယသားလေးကို မွေးဖွား ခဲ့တယ် ....ကျမရော မွေးကင်းစခလေးရော ...သားကြီးလေးပါ ချမ်းလွန်းလို့ခိုက်ခိုက်တုန်နေတာပေါ့ ...
.
နှမနဲ့ သားတို့ အရမ်းချမ်းနေကြပြီ ... ပြီးတော့ နှမလဲ သွေးနုသားနုနဲ့ဆိုတော့ ... ဒီဇရပ်မှာပဲ ( ၂ ) ရက်လောက်နားမှရလိမ့်မယ် ... ဒီတော့ မောင်ကြီးး နှမတို့သားအမိတစ်တွေ မီးလှုံဖို့ ထင်းသွားကောက် လိုက်အုန်းမယ်နော် ... ခနပဲ ... အမြန်ဆုံးပြန်လာခဲ့မယ် ...
.
★ ★ ဒါပေမယ့် ... ကျမခင်ပွန်းမနက်ထိပြန်မလာ ခဲ့ဘူး ... ကျမတှိုသားအမိတွေလဲ ... ဒမြရန် ... လူဆိုးရန်ကြောက်တာကြောင့် ... မိုးလင်းတာနဲ့ သားလေးတစ်ယောက်လက်ကိုဆွဲ ..သားလေး တစ်ယောက်ကိုချီ လို့ မောင်ကြီးကို အရှာထွက်ခဲ့တယ် ...
.
★ ★ ဟော .. သားရေ ..ဟိုချုံကွယ် မှာလူတစ်ယောက် လဲနေပါလား ... ဟင် ... မောင်ကြီး ...မောင်ကြီး ဒါသ ဘယ်လိုဖြစ်တလဲဟင် .... ပင်ပန်းလွန်းလို့အားပြတ်လဲသွားတာလား ..ဒမြတွေနှိပ်စက်တာလား ... တစ်ကိုယ်လုံးလဲ ...ညိုမဲလို့ပါလား ... အသက်မရှိတော့ဘူး ... မောင်ကြီးရေ ... မောင်ကြီး ... ကျမခလေးနှစ်ယောက်နဲ့ ဘယ်လိုခရီးဆက်ရမလဲမောင်ကြီးရဲ့ ....
.
ဒီလိုနဲ့ မောင်ကြီးအလောင်းကို သစ်ခြေက်တွေနဲ့ သားအမိနှစ်ယောက် အုတ်မိုးခဲ့တယ် ... အမိ အဖတွေ သာ အားကိုးရာမို့ မနားတော့ပဲ ခရီးဆက်ထွက်ခဲ့တယ် .... ရှေ့မှာမြင်နေရတဲ့ချောင်း ကို ဖြတ်ပြီး ရင် သာဝတ္ထိမြို့စွန်ရောက်ပြီ ... တော်သေးတယ် ... ချောင်းက ရေကျရက် ... ဒါပေမယ့် မနေ့က မုန်တိုင်းကြောင့် တောင်ကျရေတွေရှိနေသးတယ် ... ရေအနက်က ကျမခါးကျော်ကျော် ...
.
★ ★ သားလေး ... ဒီမှာငြိမ်ငြိမ်လေးထိုင်နေနော် ... အမေ ညီလေးကို ဟိုဖက်ကမ်းကိုအရင်ပို့မယ် ... သူ့ကိုဟိုဖက်ကမ်းမှာခနချခဲ့ပြီး ... သားကိုပြန်လာခေါ်မယ် နော်သားလေး ... ရော့ ဒီမုန့်လေးစားရင် ... မေမေ့ကိုထိုင်စောင့်နော် ...
.
သာငယ်လေးကိုချီလို့ချောင်ကိုကူးလာခဲ့တယ် .. ရေစီးကနဲနဲ သန်နေတုန်းမို့ ...ဖြေးဖြေးချင်း ဖြတ်နေ ရတယ် ... ဒီလိုနဲ့ တစ်ဖက် ကမ်းရောက်လို့ သားငယ်လေးကို ချခဲ့ပြီး သားကြီးရှိရာဖြတ်ကူးလာတာပေါ့ ...ဖြတ်ကူးရင် သားငယ်ရှိရာဖက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ ... ဟင် ... ကျမသားလေးကို စွန်က ချီဖို့ပြင်နေတာပါလားး ...
.
★ ★ ကျမလဲ စွန်ကိုလက်နှစ်ဖက်နဲ့ခြေက်လှန့်ရင်းအော်တာပေါ့ ... ဒါကို ကမ်းမှာရှိတဲ့သားက သူ့ကို ကူးလာဖို့လက်ယပ်ပြတယ်ထင်ပြီး ... ရေထဲဆင်းလာပါတော့တယ် ..
.
★ ★ သားလေး ပြန်သွား ..ရေစီးကြမ်းတယ် ... ပြန်သွားပါသားလေးရယ် ..သားရေ ..မလာနဲ့ မလာနဲ့ ...
.
ရွှေး .... ဟဲ့ ရွှေးးး .... သွားစမ်း ..ငါ့သားလေးကိုချီနေပြီ ... ဟင် ... သားကြီး သာကြီး ... ကယ်ကြ ပါအုန်းရှင် ကျမသားလေး ... ရေစီးနဲ့ပါသွားပြီ .... သားရေ ... သားလေးး သားး ..အမေလိုက်လာပြီ ..အမေလာပြီ ... သာပြန်လာပါ ...
.
★ ★ အမလေး ကျမသားလေးကို စွန်ကြီးချီပြေးပြီ ... ပြန်ချ ..ပြန်ချလေ .... သားလေး ... သားလေး .. ရွှေး .. ဟဲ့ စွန် ..ငါ့သားလေးကိုပြန်ချ .... ပြန်ချစမ်း ... အားးးးး
.
သမီး ... သမီးရဲ့ ဒုက္ခတွေကို .... အမေ မကြည့်ရက်လိုက်တာသမီးရယ် .... သမီးလေး ... ထထ
.
★ ★ ကျမသတိရလာတော့ ချောင်းတစ်ဖက်မှာ ...

အမေ ... အမေ လာထွေးမွေ့ထားတယ် .... ကျမဘာမှမသိတော့ဘူး ... အမေရှိရာကို မနားတမ်းပြေးတော့တယ် .... အမေနဲ့တိုင်မယ် .... လောကကြီးမတရားဘူး ...
.
အခန်း ( ၃ )
.
★ ★ ငါလမ်းမှားတာလား ... အိမ်မှားတာလား ... ဒီနေရာဟုတ်ရဲ့လား ... ဟုတ်ပါတယ် ... ကျိန်းသေပါတယ် ... ဒါပေမယ့် ဘာလို့အုတ်ပုံကြီးဖြစ်နေရတာလဲ ....
.
သခင်မလေး ... သခင်မလေးမဟုတ်လားဟင် ....
.
★ ★ ဟင် ... ဘယ်သူပါလိမ့် ..... လူတွေကျမနား ၀ိုင်းအုံလာတယ်
.
သခင်မလေး ... ကျနော်ကျွန်ခေါင်းကြီး ... အိမ်ထိန်းကြီးလေ ... သခင်မလေးမမှတ်မိဘူးလား
.
★ ★ ဟင် ... ကျွန်ခေါင်းကြီး ... အမိ အဖ တို့ရော ... ကျမမောင်ငယ်လေးရော ... ဘယ်မှာလဲဟင် ... ဒီအုတ်ပုံကြီးက ဘာဖြစ်တာလဲ ... ကျမ အမိနဲ့တွေ့ချင်တယ် ... ကျမမှာတိုင်စရာတွေအများကြီးရှိတယ် ...
.
လူတွေအကုန်လုံးစုတ်သတ် မျက်ရည်ဝဲကုန်တယ် ... ဘာလို့လဲ ...
.
အမလေး ..သခင်မလေးရယ် ... သခင်ကြီးရော .. သခင်မကြီးရော ... သခင်လေးရော ... ဒီတိုက်ကြီး ပိလို့ သေကုန်ကြပြီလေးသခင်မလေးရဲ့ ... လွန်ခဲ့တဲ့နှစ်ရက်ကမုန်တိုင်ကျလို့ ... အိမ်အို တိုက်ဟောင်းတွေပြို ကျတာ သခင်မလေးတို့အိမ်လဲပါသွားတယ် ... ကျနော်မျိုးကြီး အလောင်းတွေကို ခက်ခက်ခဲခဲ ထုတ်ယူပြီး ဒီနေ့ပဲ သုံးလောင်းပြိုင် မီးသြ၈ိုလ် ခဲ့တာ ..ဟိုမှာကြည့် မီးခိုးတောင် မှ မစဲသေးပါလားသခင်မရယ် ... အဖြစ်ဆိုးလိုက်တဲ့ သခင်မ ....
.
★ ★ အဖိုးကြီး ကျမခြေရင်းမှာ ပုံလျှက် လဲကျသွားတယ် .... နှလုံးကွဲသွားတယ်တဲ့ ...
ကျမမီးခိုးတွေကိုကြည့်ပြီးပြုံးလိုက်တယ် ....
.
သခင်မလေး ... သတိထားပါအုန်း ... သခင်မလေးရယ် ...
.
ကျမကို ထိန်းလာတဲ့ အဖွားကြီး ...
★ ★ ဘာကိုသတိထားရမှာလဲ အထိန်းတော်ကြီးရဲ့ ... သခင်မနဲ့အတူထွက်ပြေးတဲ့ ကိုဒါသလေ ... သင်သိလား ... သူ့ကိုတနေ့ညကပဲ မြွေကိုက်လို့ သေသွားပြီးသိလား ...
.
အို ... ဖြစ်ရလေသခင်မလေးရယ် ...
.
★ ★ နောက်တော့သိလား ... ကျမရဲ့ သားအကြီးလေးလေ ... သိတ်လိမ်မာတာ ... စကားပြောရင်လဲ တီတီ တာတာနဲ့ ... သူလေးက မနေ့ကပဲ ချောင်းထဲမျောသွားတယ် ... ဟင်း ဟင်း
.
★ ★ နောက်ပြီး ... တစ်နေညကမှမွေးတဲ့ သားလေးလေ ... ကျမကချောင်းတစ်ဖက်မှာထားခဲ့ပြီး သားကြီးကို သွားခေါ်တုန်း ... သားတစ် မှတ်ပြီး စွန်ချီသွားတာ ... ဒီလို ကိုက်ပြီးလေ ... ဒီလိုပျံသွားတာသိလား ...
.
အို ... ဘုရားးး ကယ်တော်မူပါ ...
.
★ ★ လူတွေအားလုံး ၀ိုင်းငိုနေကြပါလား ... အေးလေ ... ကျမက ၀မ်းနဲစရာပုံပြင်ကိုပြောပြနေတာ ... သူတို့ဝမ်းနဲတာပေါ့ ... အရူးတွေ ... နေအုန်း ... ပုံပြင်ပြီးအောင်ဆက်ပြောမယ် ..
.
အဲ့တာကြောင့် ... လောကကြီးက ကျမကိုနှိပ်စက်လို့ မညှာတာလို့ ... ရန်သူလိုသဘောထားလို့ ကျမက အမိနဲ့ တိုင်မလို့ ..အဖနဲ့တိုင်မလို့ ပြေးလာတာ ... မောလိုက်တာ
.
★ ★ ဟူး အခုတော့ ... လာရကျိုးမနပ်ဖူး ... အမိ အဖ မောင်ငယ် သားနှစ်ယောက် ခင်ပွန်း အကုန်သေကုန်ပြီ ... ဟိဟိ ... သေဖို့ ကျမတစ်ယောက်ပဲ ကျန်တော့တယ် ... မွန်းကြပ်တယ် ... ဟုတ်တယ် ..မွန်းကြပ် ရင်လဲသေတတ်တယ် ... အပေါ်ရုံတွေ ... မွန်းကြပ်တယ် ..ချုပ်နှောင်ထားသလိုပဲ ... ကျမဆုတ်ဖြဲပ လိုက်တယ် ...
.
★ ★ ခါးဝတ် ... ထုတ်ကြပ်နေတာပဲ ... ရှုတ်တယ် ...အဲ့တာတွေရှုတ်နေလို့ ကြပ်ထုတ်နေလို့ ..ငါ့သားတွေ ဆီ မြန်မြန် မကူးသွားနိုင်တာ မုန်းတယ် ... ချွတ်ပစ် .... ငါမွန်းကြပ်ပြီးသေမသွားချင်ဘူး ... စွန်ပစ်ချခဲ့မယ့် ငါ့သားကိုရှာရမယ် ... ရေထဲမျောသွားတဲ့ ငါ့သား ...တနေရာရာမှာတင်နေမှာ ... ငါရှာရမယ် ... အားလုံးချွတ်ပြစ်လိုက်စမ်း ... ဟိဟိ ..ခုမှလွတ်လပ်သွားတယ်
.
အလိုလေး ................ ဘုရား ဘုရား ...ဖြစ်ရလေးသခင်မလေးရယ် ... အဖြစ်ဆိုးလှချည်လား ...
.
★ ★ လူတွေအကုန် ပြေးကုန်ကြတယ် ... သူတို့ရှိလဲ အလကားပဲ ... သူတို့ကို အရေးအရာလုပ်ဖို့ အချိန်မရှိဘူး ... ခလေးတွေရှာရမယ် ...
.
ဒီလိုနဲ့ အရပ်တစ်ကာလှည့်ပြီး ... ခလေးတွေရှာတယ် ...
သားလေးကို စွန်ကြီးဆီက ပြန်လုတယ် ...
သားကြီးကို ရေကူးပြီး လိုက်ဆယ် တယ် ...
အဖေ အမေတို့ကို ငိုငိုပြီးတိုင်တယ် ...
မောင်လေးကိုတွေ့တော့ ကယ်ပါအုန်းမောင်လေးရဲ့ဆို ဖက်ငိုတယ် ။
.
★ ★ ကျမကိုလူတွေက မသနားကြဘူးသိလား ...
သူတို့ကိုစွန်လို့ပြောပြီး ..ခလေး အတင်းဝင်လုလို့တဲ့ ၀ိုင်းရိုက်တယ် ...
မြေကြီးပေါ်ရေကူးတဲ့ အရူးမဆိုပြီး ၀ိုင်းရယ်ကြတယ် ...
သူတို့ကို အဖေ အမေ ခေါ်ပါတယ်ဆိုပြီး တွန်းထုတ်ကြတယ် ...
သူတို့ကို မောင်လေးရဲ့လို့ ဖက်ငိုတာ .... အိနြေ္ဒ ဖျက်ရပါ့မလားဆို ပြီး ယောက်ျားတွေက ကန်ကျောက်ကြတယ် ... ဂဲနဲ့ဝိုင်းပေါက်ကြတယ် ...
လူတွေက ရက်စက်တယ် .... ( ပဋာ = ခါးဝတ်မပါ စာရီ = လှည့်လည်သွားနေသူ ) တဲ့... ကျမကိုခေါ်ကြတယ်
.
ရက်တွေ လတွေ ဘယ်လောက်ကြာသွားလဲ ကျမ မသိဘူး .... လူစု လူဝေးရှိရာအရပ်တွေမှာ ကျမသားလေးတွေကိုလိုက်ရှာတယ် ... တစ်ယောက်ယောက်ကောက်မွေးစားထားမှာကျိန်းသေတယ်လေ ... ဒါကျမအလုပ် ...
.
ဟဲ့ ... ဟဲ့ ... ပဋာစာရီ ... မလာနဲ့လေ .. သွား ... သွား ... တခြားသွားစမ်း ...
.
ရိုက်ထုတ်လိုက်ကြစမ်း ... ဒီအရူးမကို ... ဇေတ၀န် ကျောင်းတော်ထဲ ... ဗုဒ္ဓတရားဟောမယ်နေရာကို ..ဘယ်လိုဝင်လာ တာတုန်း ... အမြင်မတော်ပါဘူး
.
အမလေး ... ရှက်စရာကောင်းလိုက်တာတော် ....
.
★ ★ ခိုးဝင်လာတာပေါ့ ... ကျမသေချာရှာပြီးပြီ ...ဘယ်နေရာမှာ ကျမသားတွေကိုမတွေ့ဘူး .. ဒီတစ်နေရာ ပဲ ကျန်တယ် ... ဒီမှာဖွက်ထားကြမှာပေါ့ .. ဟွန်း
.
★ ★ လူတွေက ကျမကိုတွန်းထိုးနှင်ကြတယ် ... မသွား ပေါင်
ဆွဲလွဲခေါ်ကြတယ် .... မလှုတ်ပေါင်
ရိုက် ပုတ်ထိုးကြိတ် ကြတယ် ... မနာပေါင်
ဒီလိုတွေရုတ်ရုတ်သဲသဲဖြစ်နေတုန်း ... ကျမဘ၀မှာ ပထမဆုံး သာယာတဲ့ အသံတစ်သံကြားလိုက်ရတယ် ....
.
★ ★ ★ ချစ်သမီး ... ပဋာစာရီ .... ရှေ့ကိုတိုးလာခဲ့ပါ ...
.
★ ★ ကျမကိုဝိုင်းရိုက်နေတဲ့ လူတွေ ရှဲသွားကြတယ် ...
.
ဗုဒ္ဓ ခေါ်နေတယ် ... ပဋာစာရီ ....
.
★ ★ ဗုဒ္ဓ ... ဗုဒ္ဓ ....
ကျမချက်ချင်း ကိုယ်ကိုယို့ပြီးထိုင်ချ ... ရင်ဘတ်နှစ်ဖက်ကိုလက်နဲ့ ယှက်ပြီး ... ဘေးကလူတွေဆီကပုဝါကို အတင်ဆွဲလုမိတယ် ... ကျမ သတိကပ်လာပြီ ရှက်ကြောက်တတ်လာပြီ ဆိုတော့ ... ဘေးကလူတွေကလဲ သူတို့အပေါ်ရုံတွေလှမ်းပေးကြတယ် ...လူတွေက ၀ိုင်းတွဲပြီး ဗုဒ္ဓရှေ့အရောက် ခေါ်သွားကြတယ် ...
.
★ ★ ★ ချစ်သမီး ပဋာစာရီ ... ဘ၀အဆက်ဆက် .... သံသရာတစ်လျှောက် .... လင်သေ ... သားသေ ... ဆွေမျိုး မိဘ ညီအစ်ကိုမောင်နှမ သေလို့ .... ငိုခဲ့ရတဲ့ ချစ်သမီးရဲ့မျက်ရေတွေက ... မာဟာသမုဒ္ဒရာကြီး လေးစင်းထက် များပြားလှပါတယ် ...
ချစ်သမီးတစ်ယောက်ထဲမဟုတ်ဘူး ... သတ္တ၀ါတိုင်း ချစ်သမီးလို အပူမီး လောင် ကျွမ်းကြတာ ....
သေမင်းကို သင်တောင်မလွန်ဆန်နိုင်ဘူးချစ်သမီး ...
ဒီဒုက္ခတွေ ကင်းရာ မြတ်နိဗ္ဗာန်ရောက်ကြောင်း ..မဂ္ဂင် ရှစ်ပါးတရား ..အားထုတ်မယ်မဟုတ်လားသမီး ...
.
★ ★ ကျမရဲ့ ရင်ထဲမှာ ... အလင်းရောင်တစ်ခု လင်းလက်လာခဲ့ပါတယ် ... စိတ်ထဲမှာလဲ ကြည်လင်စင်ကြယ်သွားခဲ့ပါတယ် .... တင်းကျပ်နေတာတွေ ဘာလို့ပျောက်သွားပါလိမ့် ....
အဖ ... ဘုရားရှင် .... လို့ ခေါ်ပြီး ကျမ အားရပါးရငိုခဲ့ပါတယ် ...
.
ဒီလိုနဲ့ ကျမ ဘိက္ခူနီ ဘ၀ကိုခံယူခဲ့ပါတယ် ... ပဋာစာရီ ထေရီတဲ့ ... ဒီနာမည်က တွင်သွားပါလေရော...
.
★ ★ သောတပတ္တိမဂ်မှ အထက်မဂ် သို့ တက်လှမ်းရန် ကျင့်ကြံနေဆဲ တစ်နေ့ .... ကျမနေတဲ့ ဘိက္ခူနီကျောင်းပေါ်အတက်... ခြေထောက်ကိုရေဆေးမိရာ ...
.
ပထမ ရေတစ်ခွက်လောင်းလိုက်တယ် ... ရေကခြေဖမိုးပေါ်ကနေ ... နိမ့်ရာ မြေကြီးပေါ်ဆင်းသွားတယ် .. တစ်နေရာမှာ ရေကုန်ရပ်တန့်သွားတယ် ...
.
နောက်တစ်ခွက်လောင်းတယ် .... ခုနက ရပ်သွားတဲ့နေရာကနေ ရှေ့ကိုဆက်စီးပြီး ... တစ်နေရာမှာ တန့်သွားတယ် ...
.
နောက်တစ်ခွက်လောင်းလိုက်တယ် ... ပထမတစ်ခါထက်ဝေးတဲ့ တစ်နေရာမှာ ရပ်သွားတယ် .....
.
ရေခွက်ပေါင်း .. သိန်း သန်း ကုဋေ အသင်္ချေ နဲ့ အညစ် အကြေးတွေဆေးရင် တစ်ချိန်မှာ ... ဒီရေဟာ သမုဒ္ဓရာဆီရောက်မှာပေါ့ ....
.
★ ★ နောက်တစ်မျိုးစဉ်းစားရင် ... ပထမအရွယ်မှာ သေနိုင်သလို ... ဒုတိယအရွယ်မှာလဲ သေနိုင်တာပဲ ...ဒီလိုပဲ တတိယအရွယ်မှာရောပေါ့ ....
.
★ ★ ★ ဒါဟာ အနိစ္စ ဒုက္ခ အနတ္တ တရားပေါ့ ပဋာစာရီ ...
.
★ ★ ဗုဒ္ဓရဲ့ အသံတော်ပါလား .... ကျမစိတ်လက်ပေါ့ပါးစွာ ... ဆီမီးခွက်လေးထွန်းပြီး ... ကျမတရားထိုင်ရာ ကျောင်း သင်္ကန်းကို ထွက်ခဲ့တယ် ... ကျမဆုံးဖြတ်လိုက်တယ် ... ရဟန္တာကိစ္စ မပြီးမချင်း ကျမ မထတော့ဘူး ...
.
ရဟန္တာ ဖြစ်ပြီးနောက် အဖ ဘုရားရှင်ဆီမှာ ..၀ိနည်း ပိဋကတ်တော်တွေ အကျယ်သင်ကြားခဲ့တယ် ... ၀ိနည်းဆိုင်ရာ အရေးအခင်းများကို ဘိက္ခူနီတွေကြားမှာကျမက ... လမ်းပြဆုံးဖြတ်ပေးရတယ် ...
.
★ ★ တစ်နေ့သောအခါမှာပေါ့ ...ဇေတ၀န်ကျောင်းတော်မှာ ... ဘိက္ခူ ဘိက္ခူနီ တို့ကို ဗုဒ္ဓကိုယ်တော်တိုင် ... ဘွဲတော်ချီးမြှင့်တော်မူတော့ .... ဗုဒ္ဓက ကျမကို
.
★ ★ ★ ဧတဒဂ္ဂံ ဘိက္ခူဝေ မမ သာဝိကာနမ ဘိက္ခူနီနံ ၀ိနယ ဓရာနံ ယာဒိဓံ ပဋာစာရာ ... လို့
နှုတ်တော်မှ ...ချီးမြှောက်တော်မူခြင်းခံခဲ့ရပါတယ် ....
.
★ ★ ★ ရဟန္တာ ထေရီ တွေထဲမှာ ... သင်ဟာ ၀ိနည်း အရာမှာ အမြတ်ဆုံး အတတ်ဆုံး .... ချစ်သမီး ပဋာစာရီ .... တဲ့
.
သုခိ အတ္တာနံ ပရိဟရ န္တု
( ဘဘဦးသုခရဲ့ ...ဗုဒ္ဓသမီးတော်များစာအုပ်မှ ကိုးကားပါတယ်ရှင် )
.
ချမ်းမြေ့ကြပါစေရှင် ....
.

အရပ်တော် အဆုံးအဖြတ်

မောင်လေးညီမလေးတို့ရေ .....
.
★ ★ ဘုရားအရှင်ရဲ့ အရပ်တော် ကို ဗုဒ္ဓ၀ံသပါဠိတော်မှာ ၁၆ တောင် နှင့် ကျန်တဲ့ အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ရေးထားတာသိရပါတယ်တဲ့ ..... ဘုရားရှင်ရဲ့ အရပ်တော်အစစ် အမှန် ကို သိပါရစေတဲ့ ....။
.
★ ★ ဒီလိုသာ ( ၁၆ ) တောင် ( ၁၈ ) တောင် အပြင်မှာ တစ်ကယ်ကြီး မြင့်နေတယ် ဆိုရင်ဖြင့် ..... ဘုရားရှင် ဆွမ်းခံကြွ ရင် .... အဲ့ခေတ်ကလူတွေ လှေခါးထောင် လောင်း ရမယ့် သဘောမှာရှိပါတယ် .... ဒါမှ မဟုတ် ခေါင်မိုးပေါ်က တက်လောင်းရမလို ဖြစ်နေပါပြီ .... ဒါတောင် မှီဖို့မကျိန်းသေပါဘူး ....။
.
ပြီးတော့ ဘုရားရှင် ဟာ အရပ်မြင့်လွန်းနေတဲ့အတွက် .... ဗုဒ္ဓ ကိုယ်တော်တိုင် ဟောခဲ့တဲ့ ... အပြစ် ( ၆ ) ပါးထဲ ကိုယ်တော်တိုင် ပါနေ သလို ဖြစ်နေပြီပေါ့ ....။
.
( မဲ ဖြူ ဆူ ကျုံ နိမ့် မြင့် တုန် ... မှတ်ကုန် ပြစ် ( ၆ ) ပါးတဲ့.... )
.
★ ★ ဒီကိစ္စကိုဆုံးဖြတ်မယ်ဆို .... ယုတ္တိ နှစ်မျိုးနဲ့ရေးပေးမှမောင်လေးညီမလေးတို့နားလည်မှာပါ ......
.
★ ★ ★ ကဲရှင် .... သဘာဝယုတ္တိနဲ့ ... အရင် စဉ်းစားကြရအောင်ပါ မောင်လေး ညီမလေး တို့ရယ် ....
.
★ ★ ဘုရားရှင်စံဝင်ပြီး သုံးလအကြာ ပဌမသင်္ဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်ဝဟာ အထက်အောက် အားလုံး ၆ ပေလောက်သာရှိပါတယ် .... ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်လက်ထက်တော်က လူများရဲ့ အရပ်တော် ဟာ ပကတိ လူသားများထက် မမြင့်နိုင် ဘူးလို့ ယူဆရပါတယ်။
.
★ ★ ကမ္ဘာ့ သမိုင်းပညာရှင်များရဲ့ .... သမိုင်းအထောက်အထားများအရ လည်း .... ဘုရားရှင်ရဲ့ အရပ်တော် ဟာ ၆ ပေသာသာပဲ ရှိတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ် ..... လူသာမာန်ထက် အနည်းငယ် ပိုမြင့်တယ်လို့ဆိုပါတယ် .....
.
★ ★ ကျောက်စာများမှာရေးထားတာကလဲ .... ဘုရားရှင်လက်ထက် ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ လူများရဲ့အရိုးစုများ ဟာ လက်ရှိ လူသာမာန်များ သုံးတဲ့ပစ္စည်းလောက် ... လက်ရှိလူသားများ အရိုး စုလောက်ပဲ ရှိပါတယ်တဲ့ ....
.
★ ★ ဘုရားဖြစ်သွားမှ မြင့်တယ်ပြောရအောင်ကလည်း .... ဘုရားဖြစ်တော်မူပြီး တရားဦးဟောရန် အသွား လမ်းခုလပ်မှာ .... တက္ကတွန်းတစ်ယောက်နဲ့တွေ့ပါတယ် ... ( ဥဒက လား ဥပက လား ရောနေလို့ပါ ) ... သူဟာဘုရားရှင်ကိုမြင်တော့ .... ဘုရားရှင်ကိုကြည့်ပြီး ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါးလို့ပဲ ထင်မှတ် ခဲ့ပါတယ် လို့ .... (မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်) မှာရေးထားပါတယ်
.
ဒါကိုထောက်ရင် လည်း ဘုရားရှင်ရဲ့အရပ်ဟာ ပကတိလူသားထက် ပိုပြီးမမြင့်နိုင်ပါ။
.
★ ★ ဘုရားရှင်ဟာ ကောသမ္ဗီမှ ပါလိလေယျက တော သို့ အကြွ၊တောကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်နန္ဒိယ၊အရှင်ကိမိလ၊ အရှင်နုရုဒ္ဓါ မထေရ်သုံးပါးထံ ၀င်တော်မူရာ တောစောင့်ယောက်ျားက သာမန်ရဟန်းထင်ပြီး “ ရဟန်းကြီး မ၀င်ပါနဲ့ အမျိုးကောင်းသားတွေ တရားအားထုတ်နေတယ်” လို့ တားမြစ်ခဲ့ဖူးတယ်။
.
★ ★ ညီတော် နန္ဒမင်းသာဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်နှင့်ညီမျှတဲ့ သင်္ကန်းကို ၀တ်ရုံလာတယ်။ ဒီအခါမှာ နန္ဒမင်းသားကို မြင်သော လူများကို ဘုရား လို့ ထင်မှတ်ပြီး နေရာမှ ထကြတယ်။ အနားရောက်မှာ နန္ဒမင်းသားမှန်း သိရပါတော့တယ်။ ဘုရားရဲ့အရပ်တော်ဟာ နန္ဒမင်းသားထက် လက်လေးသစ် ပိုပြီးမြင့်တယ် လို့ ၀ိနည်း ပါစိတ်ပါဠိတော်၊ ရတန၀ဂ် မှာ ဆိုထားပါတယ်။
.
★ ★ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ သူဝတ်နေကျ အ၀တ်ကို ဘုရားရှင်အား လှူဖူးပါတယ်။ ဘုရားရှင်က ပုဏ္ဏားအ၀တ်ကို ၀တ်ရုံ လောက်တယ်လို့ ဆိုပါတယ်။ (မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်)
.
★ ★ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်ရဲ့သာမာန်အရပ်တော်ဟာ အပြစ်ခြောက်ပါး ကလွတ်တဲ့ ... သာမန်လူတွေထက် အနည်းငယ်မြင့်တဲ့ .... မနိမ့်မမြင့် သင့်တော်သော အရပ်ပဲရှိပါတယ်လို့ပြောပါရစေ ....
.
★ ★ အောက်ပါ ကမ္ဘာ သမိုင်းအထောက် အထားများအရလဲ ဘုရားရှင်အရပ်တော်ဟာ အားလုံး စစ်ဆေးချက်အရ ... ( ၆ ) ပေ ( ၄ ) လက္မ ရှိကြောင်း ကမ္ဘာ့ သမိုင်းနဲ့ အောက်စဖိုဒ့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များမှာမှတ်တမ်းတင်ထားတာ တွေ့ရပါတယ် ....
.
II. Controversial points: Sugata measures.
.
According to DN 30, the spread of the Buddha's arms, outstretched, was equal to his height. Because a person's cubit is one-fourth the spread of his outstretched arms, this would put the Buddha's height at 2 meters, or approximately 6 feet 7 inches. The origin story to Pc 92 states that his half-brother, Nanda, was four fingerbreadths shorter than he, and that when bhikkhus saw him coming from afar, they would mistake him for the Buddha, partly on the basis of his tall height. One fingerbreadth is said to be 1/24 cubit, or a little more than 2 cm. by this reckoning, which would put Nanda at 1.92 meters, or approximately 6 feet 4 inches tall.
.
အပြည့်အစုံ အောက်ကလင့်မှာဖတ်ပါရှင် ...။
.
http://www.accesstoinsight.org/lib/auth ... .ch12.html
.
Homage to the Buddha
Thus indeed, is that Blessed One: He is the Holy One, fully enlightened, endowed with clear vision and virtuous conduct, sublime, the Knower of the worlds, the incomparable leader of men to be tamed, the teacher of gods and men, enlightened and blessed.
.
Homage to the Teachings
The Dhamma of the Blessed One is perfectly expounded; to be seen here and now; not delayed in
time; inviting one to come and see; onward leading (to Nibbana); to be known by the wise, each for himself.
.
★ ★ ကဲ ... ဒါဖြင့်ရင် ပိဋကတ်ကျမ်းတွေမှာ ဘာလို့ ( ၁၈ ) တောင် ( ၁၆ ) တောင်ဖြစ်ရလဲ ... ဒါကရော.... မှန်နေလားလို့မေးစရာရှိပါတယ် ..... မှန်တယ်လို့ပဲဖြေပါရစေ ရှင် ......
.
★ ★ ★ ဒါကိုတော့ အာဂမယုတ္တိ နဲ့ ယှဉ်ရမှာပါ .....
.
★ ★ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိပါတယ် ..... ဒါကို အစိန္တေယျ လေးပါး လို့ ခေါ်ပါတယ်။
.
(၁) တန်ခိုးတော်ကို မကြံစည်အပ်။
(၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။
(၃)သဗ္ဗညုတ ဥာဏ်တော် အရာတွင် မကြံစည်အပ်။
(၄) လောကအကြောင်း မကြံစည်အပ်ခြင်း တို့ ဖြစ်ပါ တယ်။ ....
.
★ ★ ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိ လူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့ ဘုရားရှင်ရဲ့ ဘုန်းတော် တန်ခိုးတော် ကြောင့် .... ဘုရားရှင် ခန္တာကိုယ်ဟာ ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။
.
★ ★ ဘုရားရှင်ရဲ့ အရပ်တော် အဆုံးအဖြတ်နဲ့ပတ်သက်ပြီး အရေးကြီးဆုံး သတိထားစရာတစ်ခုက တော့ ဘုရားရှင်ရဲ့ ဘုန်းတော် ပါရမီတော်ကို ကို စမ်းသပ်ဝေဖန် နှိုင်းယှဉ်မှုတွေအတွက် ..... အရပ်တော်ဟာ အနန္တ ဖြစ်သွားတဲ့သာဓကတွေရှိနေပါတယ် ...
.
ဘုရားရှင်ရဲ့ ဘုန်းတော်ကိုစူးစမ်းသူတွေအတွက် .... ဘုရားရှင်အရပ်တော်က အနန္တ ပါလို့ပြောပါရစေ .....
.
ဘုန်းတော်ကြောင့်ဝေဖန်သူရဲ့မျက်စိထဲမှာကွဲလွဲသွားတာပါ...။
.
★ ★ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ် အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာ နေရာမှာ ၀ါးလုံးတစ်လုံး ( ၈တောင် ) စိုက်ထူထားလိုက်ပါတယ်၊ ဘုရားကြွတော်မူ လာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့ အရပ်တော်က မြင့်နေပါတယ်၊
.
ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ... ဘုရားရှင်ကို ပုံမှန်လောင်းလို့ရနေခဲ့ပါတယ် .....
.
နောက်တစ်နေ့ မကျေနပ်တာနဲ့ ... အိမ်ပြင် ခပ်လှမ်းလှမ်းမှာ ၀ါးလုံးနှစ်ပြန် ( ၁၆ တောင် )ဆက်ပြီး ထောင် ထား လိုက်ပါတယ်။ ဘုရားရှင် ၀ါလုံးရှေ့ကဖြတ်တော့လဲ ဘုရားရဲ့ အရပ်တော်က မြင့်လျှက်ပါပဲ။
.
ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ပုံမှန် မတ်တပ်ရပ်လောင်းလို့ရနေခဲ့ပါတယ် ... (၀ါလုံး၂ပြန်စာလှေ ခါးထောင် စရာမလိုဘူး သူ့အရပ်နဲ့ ဆွမ်းလောင်းလို့ရနေပါတယ် ) ...။
.
ဒီအခါမှပုဏ္ဏားလဲ လန့်ပြီးဘုရားရှင်ကိုလျှောက်တင်ပါတော့တယ် ..... အရှင်ဘုရား ... အရှင် ဘုရားရဲ့အရပ်တော်ကို သိချင်တဲ့အတွက်ကြောင့် မဖွယ်မယာ ပြုလျှက် ... ၀ါလုံးနှင့် တိုင်းရာ အရှင် ဘုရားအရပ်တော်က ရှည်လဲမလာ ...ဘာမျှပြောင်းလဲခြင်းမရှိပါပဲ .... ၀ါးလုံးကလည်း တိုဝင် သွားခြင်းမရှိပါပဲ ..... အ၇ှင်ဘုရားအရပ်တော်ဟာ .... ၀ါးလုံးထက် .... အနည်းငယ် ၇ှည်နေတယ် လို့မြင်နေရတာ ဘာကြောင့်ပါလဲ ဘုရား လို့မေးသတဲ့ ....
.
အဲဒီအခါ ဘုရားရှင်က ....
.
ချစ်သား ငါဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို ၀ါးလုံးနဲ့ တိုင်းတာလို့ ရပါ့မလား လို့ ဟောကြားဆုံးမတော်မူပါတယ်။
.
★ ★ အခါတစ်ပါးမှာလည်း ..... ဘုရားရှင်ဟာ ....
.
တာဝတိံသာနတ်ပြည် မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာ မြကျောက်ဖျာ ထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းကတွေးသတဲ့ .....
.
ငါ့ရဲ့ မြကျောက်ဖျာဟာ တစ်ဆယ့်ငါးယူဇနာတောင် ရှိတာဆိုတော့ ဘုရားရှင် ကိုယ်သေးသေး လေးနဲ့ထိုင် ရင် ဘုရားရှင်ပျောက်ပြီး နေ၇ာတွေပိုနေမှာပဲလို့ တွေးမိသတဲ့.....
.
ဒါပေမယ့် ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ဘုရားရှင်ကလဲ ကြီးမလာ ... မြကျောက် ဖျာ ကလဲသေးမသွားပါပဲ .... ဘုရားကိုယ်တော်ဟာ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်း အစွန်းဟာ ကမ္ပလာရဲ့ အပြင်ကို ထွက်ကျနေပါတော့တယ်။
.
အဲဒီအခါ သိကြားမင်းက ငါဟာ မိုက်လေစွ ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ လို့ နောင်တရတော် မူပါတယ် တဲ့ ...။
.
★ ★ တစ်ခါမှာလည်း .... အသူရာနတ်များက ဘုရားရှင်ကို သွားဖူးကြတော့ .... ရာဟု အမည်ရှိတဲ့ အသူရာနတ်မင်း တွေထဲမှာ ခန္တာကိုယ် အကြီးဆုံးနတ်မင်းကိုပါ .... ဘုရားဖူးလိုက်ဖို့သွားခေါ်တာပေါ့ .....
.
ဒီအခါ .... အသူရာနတ်မင်းကြီးက ငါသွားရင် ဘုရားရှင်က ငယ်ငယ်လေးဆိုတော့ ငါငုံ့ကြည့်ရမယ် ငါ မသွားဘူး လို့ပြောသတဲ့ ..... နတ်တွေက ဖူးရခဲတဲ့ ဘုရားရှင်မို့ အထပ်ထပ် အတင်းခေါ်တဲ့အခါမှ မတတ်သာတော့ဘဲ လိုက်သွားရတော့တယ် .....
.
အသူရာနတ်မင်းကြီးဟာ .... ဘုရားအရှေ့ရောက်တဲ့အခါ ...ကျန်တဲ့ နတ်လူအပေါင်းက ဘုရားရှင်ကိုပုံမှန် ... အိနြေ္ဒ ရ ရ ဖူးမြှောက်ကန်တော့ တာမြင်နေရပေမယ့် ....
.
သူတစ်ပါးထဲ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရပြီး မျက်နှာတော်ကို ဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း ...ဇက်သာလန်ကျသွားတယ် .... မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက် သာ မြင်ရပါတယ် လို့ဆိုပါတယ် .....
.
အဲဒီအခါကျမှ အသူရာနတ်မင်းက .....
.
အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း လို့ တွေးကာ နောင်တ ရနေပါတော့တယ်။
.
★ ★ ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးအရာပါပဲ .....
.
★ ★ ★ ဒါတွေကိုထောက်ရှုဆင်ခြင်ခြင်းအားဖြစ့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ ... ( ၁၆ ) တောင် ( ၁၈ ) တောင် မကပါဘူး .... အနန္တ ရှိပါတယ်လို့ .... မှတ်သားရမှာပါ .....။
.
★ ★ ဘုရားရှင်မပြောပါနဲ့ ...နူးတို့သာမန်လူတွေမှာတောင် ...ယောက်ျားလေးဘုန်းနဲ့ မိန်းခလေး ဘုန်းတန်ခိုး ကွာတာရှိပါတယ် ....
.
ဥပမာ နူးတို့ မြန်မာအယူမှာရှိပါတယ် .... ယောက်ျားနဲ့ မိန်းမ ... မိန်းမက အရပ် အတိုင်းမှာ ယောက်ျား ထက် လက္မ အနည်းငယ် ရှည်နေတယ်ဆိုပါစို့ ( ဒီနေရာမှာအပြစ် ( ၆ ) ပါးမပါပါရှင် ) ... ဒီယောက်ျားလေး နဲ့ မိန်းခလေးယှဉ်သွားရင် ... ယောက်ျားရဲ့ ဘုန်းကံကြောင့်တန်းတူ အရပ် ကိုပဲ ယောက်ျားလေး က မသိမသာ သာနေသယောင် တွေရတတ်ပါတယ် ....
.
  ရဟန်းနဲ့ လူယှဉ်လျှောက်ရင်လဲဒီိလိုပါပဲ ... ( ပုလွန်း ရှည်လွန်း ကိုမပြောပါ ) ... သာမာန်အရပ်မှာ ရဟန်းက အတိုင်းတာအပြင်မှာနဲနဲလေး ပုတယ်ဆိုပေမယ့် ယှဉ်လျှောက်ရင် ရဟန်းရဲ့ဘုန်းတန်ခိုးကြောင့် ရဟန်းနိမ့်မနေပါဘူး .... ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ် ....
.
★ ★ ရိုးရိုးလူတွေရဟန်းတွေမှာတောင်ဒီလိုရှိနေရင် .... ဘုရားရှင်ဆိုရင် ....
.
ကျမ်ကိုးတွေကတော့ ပိဋကတ်စာပေများကဖြစ်ပြီး ..... ကိုးကားတဲ့ဆိုဒ်များကတော့ အောက်ပါဆိုဒ်များပါရှင်
.
http://www.accesstoinsight.org/lib/auth ... .ch12.html
.
http://www.dhammawheel.com/viewtopic.php?f=29&t=7145
.
http://dhamma-admin.blogspot.com/2009/01/blog-post_4233.html
.
http://dhamma-admin.blogspot.com/2009/01/blog-post_5436.html
.
... ချမ်းမြေ့ကြ ပါစေ ရှင် ....
.

မြတ်စွာဘုရား၏ ခြေတော်ရာ

★ ★ တစ်လောဆီက ညီမလေးတစ်ယောက်က လောကမှာ ကျန်ရှိ နေသေးတဲ့ ဘုရားရှင်ရဲ့ ခြေတော်ရာ အစစ် ဘယ်နှစ်ဆူကျန်ရှိ နေသေးလဲဆိုတာကို အားရင် ပိုစ့်လေးတင်ပေးပါ ဆိုလို့ တင်ပေးတာပါ .... ။
.
နုညက် ညံ့ထွား၊ ရွှေဘွား စက္ကင်၊
စုံနှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊
ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို့ တမ်း၊ ကြွလှမ်း မွေ့ ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။
.
လင်္ကာ၌ လာသော မြေတွင်မထိ ဆိုတဲ့ စကား အတိုင်း ဘုရားရှင်၏ ခြေတော်သည် မြေတွင်ထင်ကျန်ခြင်း မရှိပါ ... ဘုရားရှင်တို့ ၏ ခြေတော်ရာ မထင်ခြင်း အကြောင်းသုံးပါးရှိပါတယ် ...
.
( ၁ ) သိမ်မွေ့ နှု့ ညံ့သောကြောင့်လည်းကောင်း
.
သိန္ဓောမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နင်း၍သွားသော်လည်း နင်းကာမတ္တမျှ ဖြစ်၍ ခြေရာမထင် သကဲ့သို့ ဘုရားရှင်၏ အရေတော်သည် နုးညံ့သောကြောင့် ဘုရားရှင်တို့ ခြေချရာ အရပ်သည် ၀ါဂွမ်း များ ကျရာအရပ်ကဲ့သို့ ခြေတော်ရာမထိပေ။
.
( ၂ ) ခွန်အားကြီးမားလှသောကြောင့်လည်းကောင်း၊
.
ဤနည်းအတူ အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နင်းအပ်ရာအရပ်သည်လည်း၊ ခြေတော်ရာမထင်ပေ။ (န တတ္ထ ပဒ၀လဉ္စော ပညာယတိ)။
.
( ၃ ) လူအများအား ငဲ့ညှာသနားတော်မူသော ကြောင့်လည်းကောင်း၊ ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒေါ်ဏသုတ်အဖွင့် (၂၉၉)၌ဖွင့်ပြထားပါတယ်။
.
ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါလာသူ လူအများသည် ဘုရားရှင်၏ ခြေတော် ရာကို မြင်တွေ့ ရလျှင် နင်းဘို့ ကျော်ဘို့ မ၀ံ့ရဲသဖြင့် ရှောင်ကွင်းနေရ၍ ခရီးသွားလာမှု ကြန့် ကြာ နှောင့်နှေးခြင်း ဖြစ်ကြရပေသည်။ ထိုလူများ ငဲ့ညှာသနားတော် မူသဖြင့် ခြေတော်ရာသည် (ထင်လျှင်လည်း) ချက်ခြင်းပင် ကွယ်ပျောက်သွားရလေသည်။
.
★ ★ ဘုရားရှင်၏ ခြေတော်ရာကို ဖူးတွေ့ခွင့် ရသူများ
.
စာပေကျမ်းဂန်တို့၌ ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ (၈) ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ
.
★ ( ၁ ) ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန ၌ လည်းကောင်း (အံဌ-၁၊၃၃၅)။
.
★ ( ၂ ) မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံတို့ မြင်တွေစေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန။ (ဓမ္မပဒဌ-၁၊၁၉၂)။
.
★ ( ၃ ) ဗာဝရီပုဏ္ဏားကြီးနှင့် အဇိတ စသော တပည့် ရသေ့တို့ မြင်တွေ့စေရန်သာဝတ္ထိပြည် ဇေတဝန်ကျောင်း တိုက်အတွင်း ဂန္ဓကုဋီတိုက် အနီး အရပ်ဌာန ၌ လည်းကောင်း။ (သုတ္တဋ္ဌ-၁၊၂၉၉)။
.
★ ( ၄ ) နမ္မဒါနဂါးမင်းက တောင်းပန်၍ နမ္မဒါမြစ်ကမ်း၌ လည်းကောင်း ခြေတော်ရာတစ်ဆူ။ (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉)
.
★ ( ၅ ) သစ္စဗန္ဓရဟန်း တောင်းပန်၍ သစ္စဗန္ဓတောင်ထိပ်၌ လည်းကောင်း တစ်ဆူ။ (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉) အဋ္ဌကထာ
.
★ ( ၆ ) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန ၌ လည်းကောင်း ။ ( စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (၁၇၆) )
.
★ ( ၇ ) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ် အတွင်း၌ ကုက္ကဋမိတ္တ မုဆိုးသားအဖ ထောင်ထားအပ်သော ကျော့ကွင်းနီး အရပ်ဌာန ၌ လည်းကောင်း (ကုက္ကုဋမိတ္တနေသာဒ၀တ္ထု၌ )
.
★ ( ၈ ) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋ သုမနတောင်ပေါ် အရပ် ဌာန။ ( မဟာဝံသ ကျမ်းအလိုအရ )
.
အထက်ပါ ရှစ် ဋ္ဌာန အရပ် တို့ ၌ ဗုဒ္ဓ ခြေတော်ရာ ချထားကြောင်း အဋ္ဌကထာ တို့၌ လာရှိ ပါသည် ။
.
ထို့အပြင် ဘုရားရှင် အဓိဋ္ဌာန်ပြု၍ ချထားအပ်သော ခြေရာတော်များကား ဆင်မြင်း စသော သတ္တ၀ါ တို့  နင်းကျော်သွားသော်လည်း မပျက်၊ မိုးကြီးရွာသွန်း လည်း ပျောက် မသွား၊ ဝေရ မ္ဘလေ (လေပြင်းမုန်တိုင်း ) များ ပြင်းထန်စွာ တိုက်ခတ်သော်လည်း ပကတိ တည်မြဲ တိုင်းပင်၊ တည်ရှိနေပြီး မည်သူ တစုံတစ်ဦးမျှ မဖျောက်ဖျက်နိုင်ဟု (ဓမ္မပဒဋ္ဌ-၁၊၁၂၉) တွင်ပါရှိပါသည်။
.
မဃဒေ၀လင်္ကာသစ် ( ပိုဒ်ရေ ၅၈၀ ) ၌ မာန်လည်ဆရာတော်ဘုရားကြီးက ...
.
ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊
ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ
မာဂဏ္ဍီနှင့်၊ ဗာဝရီ ၀တ္ထု
လေးခု ခြင်းတ၊ ထိုကိစ္စမှ
ဌာန အခြား၊ ရပ်တစ်ပါးနှိုက်၊
ရွှေဘွား ညံ့နု၊ ၀ါဂွမ်းစုနှင့်
လွတ်တု အားအန်၊ နောင်ကျန် ထောက်ထား
ကြောင်းသုံးပါးကြောင့်၊ ကြွသွားတိုင်ပင်
ရာမထင်လည်း။ ဟု ဖွဲ့ဆိုထားပါတယ်။
.
★ ★ ★ လောက၌ ယနေ့တိုင် ဖူးတွေ့နိုင်သော ခြေတော်ရာများ
.
★ ★ ဘုရားရှင်ခြေတော်ချခဲ့ရာ (၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင် ရှိသော ခြေတော်ရာ မှာ ဒေါဏပုဏ္ဏား စသောမြင်တွေ့စေချင်သည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စ များ ပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး ကျန်(၃)ဌာန တွင်ရှိသော ခြေတော်ရာများကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရမှာဖြစ်ပါတယ်။
.
ကျမ်းဂန် အထောက်အထားများအရ...
.
★ ( ၁ ) နမ္မဒါမြစ်ကမ်း
.
★ ( ၂ ) သစ္စဗန္ဓတောင် ရှိ ခြေတော်ရာ တို့နှင့်
.
★ ( ၃ ) မဟာဝံသကျမ်းအလိုအရ သီရိလင်္ကာနိုင်ငံ၊ စေတီပါဒတောင်ထိပ်၌ ယနေ့ တိုင် ခြေတော်ရာ တစ်ဆူ စုစုပေါင်း ခြေတော်ရာ ( ၃ ) ဆူ ထင်ရှားရှိကြောင်း ဆိုကြပါတယ်။
.
ထို့ ကြောင့်
.
★ ★ ဇမ္ဗူမှာ ဒွေး၊ ယာမှာဧ ဟု ဆိုသည့်အတိုင်း
★ ★ ဇမ္ဗူဒိပ်ကျွန်းတွင် ခြေတော်ရာ နှစ်ဆူ၊
★ ★ သီရိလင်္ကာ၌ လက်ယာခြေတော်ရာ တစ်ဆူဟု ...
(((( ခြေတော်ရာသုံးဆူ )))) သာ လူ့ လောက၌ ကျန်ရှိကြောင်း ကျမ်းဂန်များကဖော်ပြထားပါတယ်။
.
မှတ်ချက် ......
.
((((( မြတ်စွာဘုရား၏ ခြေတော်ရာတို့ကား ပါဒစေတီဟူ၍ အမည်တွင်ပါတယ် ... ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သော ပူဇော်ဖွယ်ဝတ္ထုဖြစ်၍ ပရိဘောဂစေတီ လို့လည်း ယူထိုက်ပါတယ် .... ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထားသော ခြေတော်ရာပွားများကတော့ ဥဒ္ဒိဿစေတီ ထိုက်ပါတယ်..။ )))))
.
ချမ်းမြေ့ကြပါစေရှင်....
.

Thursday, September 24, 2015

မာ ဂ ဏ္ဍီ

မောင်လေး ညီမလေးတို့ရေ …..
.
နူးတို့ ရှေးလူကြီးသူမတွေကလေ မိမိတို့ပတ်ဝန်းကျင်က သို့မဟုတ် မိမိတို့ရင်သွေး သမီး မိန်းခလေး တစ်ယောက်ဟာ ….
.
ဘုရားကိုဘုရားမှန်းမသိ 
သံဃာကို သံဃာမှန်းမသိ 
သာသနာကို စော်ကား ပုတ်ခတ် 
ရိုသေ သင့်သူကို ရိုသေရမှန်းမသိ 
မိဘမှန်းမသိ မိမိကိုယ်ကို မာန်တက် မောက်မာ ရိုင်းပြရင် 
ဒီမိန်းခလေးကို  ….. မာဂဏ္ဍီမ ….. လို့ ခေါ်လေ့ရှိကြတယ်။

.
နူးက မောင်လေး ညီမလေးတို့ကိုမာဂဏ္ဍီ အကြောင်း နဲ့ သူမယုတ်ညံ့စွာ သာသနာတော်ကို ဖျက်စီးနေတဲ့ကြားက တရားထူးရကုန်တဲ့ ရဟန္တာမြတ်တွေအကြောင်း စာပန်းချီ ချယ်ထား တာလေး တင်ပေး ချင်ပါတယ်။
ဖတ်ကည့်နော်။
.

.
အခန်း ( ၁ )
.
★ ဘယ်လို ဘယ်လို ….. ရဟန်းဂေါတမက ကောသမ္ဗီကိုကြွမယ် ဟုတ်လား …
.
★ ★ ဟုတ်ပါတယ် မိဖုရားကြီး ကောသမ္ဗီက သူဌေးကြီး ( ၃ ) ဦး ဖြစ်တဲ့ ….
ဃောသက သူဌေး လှူဒါန်းမယ့် ဃောသိတာရုံ ကျောင်းတိုက်
ကုက္ကုဋ သူဌေး လှူဒါန်းမယ့် ကုက္ကုဋာရုံ ကျောင်းတိုက်
ပါဝါရိက သူဌေး လှူဒါန်းမယ် ပါဝါရိကာရုံ ကျောင်းတိုက်
.
တို့ကို လက်ခံပြီး ရဟန်းဂေါတမက သူ့ရဲ့န၀မမြောက်ဝါကို ကောသမ္ဗီမှာ ဆိုမယ်လို့ပြောပါတယ် မိဖုရားကြီး ….

.
★ အဟင်းဟင်း ….
နောက်ဆုံးတော့ မဟာဗြဟ္မာကြီးက ဟောဒီက မာဂဏ္ဍီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ ။
.
ရဟန်းဂေါတမ … ရဟန်းဂေါတမ
အသင်က ကျွနုပ်ကို ငြင်းပယ်ခဲ့တယ် ။ 
အသင့်ရဲ့ ခြေထေက်နဲ့တောင်ထိဘို့ရွံတယ်လို့ ပြောခဲ့တယ် ( လိုရာဆွဲပြီလေ )
.
ဟော အခုတော့ အသင်က ငါအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လာအလှူခံ တောင်းရမ်း စားသောက် မယ်ပေါ့ ။

.
ဒီနေ့တော့ သင့်ကို လက်စားချေဘို့ မဟာဗြဟ္မာကြီးက ကျွန်ုပ်ကို အခွင့်အရေးပေးလိုက်ပြီ ။

ဒီနေ့ကစပြီး ရဟန်းဂေါတမ အသင် ငါ့အကြောင်းကို ကောင်းကောင်းကြီးသိစေရမယ်။

ငါ့ခြေထောက်အောက်မှာ တိုးလျှိုးဝပ်စင်းပြီး ငါ့ကိုတောင်းပန်စေရမယ် ရှင်ဂေါတမ ။

ဒီလိုမှ မာဂဏ္ဍီက ကျေနပ်နိုင်မယ် ….
.

.
မာဂဏ္ဍီ…. .
.
မာဂဏ္ဍ္ဏီဆို တာ ဘုရားရှင်လက်ထက်တော်အခါက ကုရုတိုင်းက သိပ်ချော သိပ်လှတဲ့ မာဂဏ္ဍီပုဏ္ဏားနဲ့ ပုဏ္ဏေးမကြီးရဲ့ သမီးလေးပေါ့။

( သူမဟာ မာနထန် လှသလို အလှဂုဏ်မောက် ပြီး မိဘတွေအပေါ်တောင် ရံခါ မောက်မာစွာ ပြောဆိုတတ်သတဲ့ )
.
ပုဏ္ဏားကြီး ဟာ သူ့သမီးလေးဟာ အမျိုးမြတ်လွန်း လှလွန်းလို့ ဘုရင်တွေနဲ့တောင် မတူ မတန်ဘူး စကြံဝတေးမင်းလို မြင့်မြတ်သူနဲ့သာ တန်တယ်လို့ယူဆပြီး တစ်တိုင်းဝင် တစ်တိုင်း ထွက် သမီးအတွက် အမျိုးမြတ်သူခင်ပွန်းကို ပတ်ရှာနေ သတဲ့ ။

.
ဒီလိုနဲ့ တစ်နေ့မှာ ၀ံသတိုင်း ကောသမ္ဗီမြို့ အနီးတောအုပ်မှာ စကြံဝတေးမင်းလို မြင့်မြတ်တဲ့ ယောက်ျားမြတ်တစ်ယောက်ရဲ့ ခြေရာကိုတွေ့ပြီး။

( တစ်ကယ်တော့ ဘုရားရှင်က မာဂဏ္ဍီပုဏ္ဏားကြီး ဇနှီးမောင်နှံတို့ရဲ့ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကိုမြင်လို့ ပုဏ္ဏားကြီး အပြန်လမ်းခရီးမှာ စောင့်နေတာပါ )

.
မိန်းမနဲ့ သမီးကို အပြေးပြန်ခေါ်ပြီး လမ်းခရီးမှာ ဘုရားရှင်ရဲ့ခြေရာကိုပြတော့ ပုဏ္ဏေးမကြီးက

ပုဏ္ဏားကြီး သင်ဟာ အလွန်မိုက်မဲသူပဲ ….

ဒီခြေရာဟာ ကာမဂုဏ် ခံစားတဲ့သူရဲ့ ခြေရာမဟုတ်ဘူး၊

ရာဂများသူ၏ ခြေရာသည် အလယ်က မထိဘဲ ရှိတတ်၏။

ဒေါသများသူ၏ ခြေရာသည် ဖနောင့်တွင်းရာ နက်နေတတ်၏။

မောဟ များသူ၏ ခြေရာသည် ဒရွတ်တိုက် ဆွဲသကဲ့သို့ရှိတတ် ၏ …. 

လို့ ကျမ်းစာတွေမှာလာတာ အသင်လည်း သိတာပဲ

ယခုတွေ့မြင်ရတဲ့ ခြေရာက ကိလေသာ ကုန်ပြီးသူရဲ့ ခြေရာသာ ဖြစ်တယ် ပုဏ္ဏားကြီး ….

လို့ပြောပြီး ဟိုဟို ဒီဒီကြည့်တဲ့အခါမှာ ဆွမ်းခံကြွရာကပြန်လာတဲ့ ဘုရားရှင်ကို တွေ့ကြတယ်။

.
မာဂဏ္ဍီပုဏ္ဏားကြီးဟာ မြတ်စွာဘုရားရှင်ထံချည်းကပ်ပြီး ….

ဤကမ္ဘာလောက၌ ငါ့သမီးနှင့် ရုပ်ရည်အဆင်းတူညီသော ငါ့သမီးနှင့်ထိုက်တန်သောသူသည်

မရှိ၊ သင်၏ ရုပ်ရည်အဆင်းသည် ချောမောလှပ လှပေသည်။ ငါ့သမီးကို သင့်အား လုပ်ကျွေး ပြုစုရန် ပေးလိုပါသည် လက်ခံပါလို့ ပြောသတဲ့ ……

.
ဒီအခါ မှာ ဘုရားရှင်က ….

အသင်ပုဏ္ဏား ငါ သူတစ်ပါး ယောက်ျား မိန်းမ တိရစ္ဆာန် စတဲ့ သတ္တ၀ါဟူသမျှတို့ဟာ ……

ပထ၀ီ တေဇော အာပေါ ၀ါရော အာကာသ ၀ိဥာဏ လို့ခေါ်တဲ့ မြေ ၊ရေ ၊ လေ ၊ မီး ၊ လေဟာနယ်၊ အသိ ၊ စတဲ့ ဓါတ် ၆ပါးအစုအဝေးသာဖြစ်တယ် လို့အစချီပြီး

.
ပထ၀ီ ဆိုတဲ့

ဆံပင် (ရုပ်) မွေးညှင်း (ရုပ်)၊ ခြေသည်း၊ လက်သည်း (ရုပ်)၊ သွား၊ အရေထူအရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညိ၊ နှလုံး၊ အသည်း။ အမြေး၊ အဖျန်း၊ အဆုတ်၊ အူသိမ်၊ အူမ၊ အစာအိမ်သစ်၊ အစာဟောင်း၊ စတဲ့ မြေဓါတ်အစု

.
တေဇောဆိုတဲ့

.
လောင်ကျွမ်းစေတတ် လောင်ကျွမ်းခြင်းသဘောရှိသော
ပူလောင်ကျွမ်း ဆွေးမြေ့ခြင်းသို့ ရောက် သော စားသောက်ဖွယ်ရာ ဟူသမျှတို့ကို ကောင်းစွာ ကျေညက်ခြင်းသို့ရောက်သော မီးဓါတ်
အစရှိတဲ့ ဓါတ် ( ၆ ) ပါး တရားတော်ကို ဟောတော်မူပြီး နောက်ဆုံးမှာတော့ ဘုရားရှင်က ….

.
ဒိသွာန တဏှံ အရတိံ ရဂဉ္စ။

နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။

ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊

ပါဒါပိ နံ သမၹဳသိတုံ နဣေစ ၦ။ (ခု၊ ၁၊ ၄၀၉)

.
★★★ ပုဏၰားၾကီး

ငါဟာ တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်မင်း၏ သမီးတော် အရိ အရွဲ ကင်းတဲ့ နတ်သမီး သုံးပါးကို မြင်ရသော်လည်း မေထုန်အမှု၌ လိုလားတပ်မက်မှုဆန္ဒ မဖြစ်ခဲ့ပေ။

.
ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ဖွဲ့စည်းအပ်သော အရိ အရွဲ အစုကို ဖုံးအုပ်ထားသည့် အတု ယောင် အဆင်းကို မြင်ရရုံမျှဖြင့် လိုလားတပ်မက်မှု အဘယ်မှာ ဖြစ်နိုင်လိမ့်မည်နည်း။

ထို အရိ အရွဲ အစုတို့ကို ခြေဖြင့် ထိရုံမျှပင် ငါအလိုမရှိ လို့ မိန့်တော်မူပါတယ်။

(ခု၊ ၁၊ မြန်မာပြန် - ၃၈၅ - ၃၈၆)

.
တရားဆုံးမှာ မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံဟာ အနာဂါမ်တွေအဖြစ်တည်သွားပြီး 
သမီးကို ညီဖြစ်သူ ကောသမ္ဗီပြည်က ဥတေနမင်းကြီးရဲ့ အမတ်ကြီး စူဠမာဂဏ္ဍီ ထံအပ်တဲ့ကာ
 တောထဲ ၀င် ကမ္မဌာန်းအားထုတ်ပြီး ရဟန္တာတွေ ဖြစ်သွားကြပါတယ်။
.

.
.အခန်း ( ၂ )

.
★ နှမတော်လေးက ခုတစ်လော နန်းတော်ထဲက မင်းတိုင်ပင်ပုဏ္ဏားကြီးတွေကို ချည်းကပ်ပြီး ဘာသာရေးလိုက်စားတာ တွေ့ရတော့ ငါကိုယ်တော် စိတ်ချမ်းသာရတယ် ။

.
★ ★ အဟင်း ….
.
အရှင်မင်းကြီးကသာ မိဖုရား ခေါင်ကြီး သာမာဝတီတစ်ပါးထဲကို အရိပ်တစ်ကြည့်ကြည့် မျက်စိထဲထားပေမယ့် ။

ဒီက မာဂဏ္ဍီက တော့ အရှင်မင်းကြီးကို မြတ်နိုးလွန်းလို့ ဦးရီးတော် စူဠ မာဂဏ္ဍီနဲ့ တိုင်ပင်ပြီး အရှင်မင်းကြီး စိတ်ချမ်းသာစေမယ့်

.
အရှင်မင်းကြီးရဲ့တိုင်းပြည်အေးချမ်းသာယာစေမယ့်အလုပ်တွေပဲ အချိန်ပြည့်လုပ်နေမိတဲ့ နှမပါ မောင်တော်မင်းကြီး ။

.
★ ဒါနဲ့ နှမတော် ရဟန်းဂေါတမရဲ့ ကျောင်းအနီးမှာ သိဉ္စည်းဆရာကြီးတွေရဲ့ ကျောင်းဆောက်တော့ ရဟန်း သာရိ ပုတ္တရာနဲ့ သံဃာ ( ၅၀၀ ) ကျုပ်ကိုတွေ့ခွင့်တောင်း ( ၃ ) ကြိမ်တောင်းခဲ့တယ်။

.
နှမတော် သဘောအတိုင်း ကျုပ်အတွေ့မခံပဲ အမတ်ကြီး မာဂဏ္ဍီနဲ့ လွဲပေးလိုက်တာ နှမတို့ တူဝရီးဘယ်လို အကြောင်းပြန်လိုက်ကြလို့ ထပ်မလာကြတော့တာလဲ …။

.
★ ★ အို … မောင်တော်ရယ် ။
 မောင်တော့်တိုင်းပြည်က အနာတပိဏ် သူဌေးကြီး ( ၃ ) ယောက် ကိုးကွယ်တာနဲ့ 
ဒီနိုင်ငံကို သူ့ဘာသာက အပိုင်သိမ်းလို့ရမလား။

နိုင်ငံအုပ်ချုပ်နေတာ ရဟန်းဂေါတမ မှမဟုတ်တာပဲ ။

ဒါဟာ ဂေါတမ ၀ါဒကို မကိုးကွယ်တဲ့ အရှင်မင်းကြီးကိုပါ မထီမဲ့မြင်ပြုတာ မဟုတ်လား။

အရှင်မင်းကြီးကိုးကွယ်တဲ့ ဗြဟ္မဏ ၀ါဒ သာလျှင် ကြီးစိုးရမှာမဟုတ်လား။

ဒါကြောင့် နှမတော်က ဦးရီးတော်ကို ဒီလိုဖြေရှင်းခိုင်းလိုက်တယ်။


.
★ ★ ကောသမ္ဗီသည် တိုင်းကြီး ( ၁၆ ) တိုင်းတွင် အင်အားအကြီးဆုံး ကောသလ တိုင်းနှင့် မဂဓတေိုင်း အကြား မှာတည်ရှိပြီး 

တိုင်းကြီး ( ၂ ) တိုင်းရဲ့ ကုန်သွယ်မှု အချက်အချကျတဲ့မြို့ ဖြစ်တဲ့ အားလျှော်စွာ။
.
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကုန်သွယ်ဖြတ်သန်းရာ ကြားခံမြို့ဖြစ်တဲ့အတွက် ကောသမ္ဗီတွင် ဘယ်ဘာသာဝင်မဆို တန်းတူညီမျှ အခွင့်အရေူး ရခွင့်ရှိတယ်။
.
ဒါကြောင့် ရဟန်းဂေါတမနဲ့ နောက်လိုက်ရဟန်းတွေဟာ မိမိကျောင်အာရာမ် ကလွဲလို့ မိမိမပိုင်တဲ့နေရာမှာ ဘာမဆောက်ရ ဘာမလုပ်ရ တားပိုင်ခွင့်မရှိဘူး။ 

မိမိတို့လို ကျန်တဲ့ဘာသာတွေလည်း တန်းတူ ရဟန်းဂေါတမကျောင်းနဲ့ ကပ်လျှက် ပင်ဖြစ်လင့်ကစား သူတို့ပိုင်တဲ့မြေမှာ ကျောင်ဆောက်လုပ်ခွင့်ရှိတယ် ဒါဟာ ကောသမ္ဗီကို အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ်ရဲ့အလိုတော်ပဲ လို့ အကြောင်းပြန် လိုက်ပါတယ်မင်းကြီး။

.
★ နှမတော်လေးဟာ ငယ်ရွယ်သလောက် ဥာဏ်ထက်မြက်လှတယ်။ ငါကိုယ်တော် အရ တော်လေစွနှမတော်။ တိုးပြီး ချစ်ခင်ရပါတယ် ။
.

.
ဥတေနမင်း ….
.
ဥတေန မင်းကတော့ ကောသမ္ဗိပြည့်ရှင် ဘုရင်ဖြစ်ပါတယ်။

သူ့မှာမိဖုရား ( ၃ ) ပါးရှိပါတယ်။ 
ထပမဆုံးမိဖုရားခေါင်ကြီးကကတော့ ဝါသုလ ဒတ္တာပါ ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတာမင်း၏ သမီးဖြစ်ပြီး ။ 

ဥတေန မင်းကို စန္ဒပဇောတာမင်းက သုံ့ပန်းအဖြစ် ဖမ်းခေါ်လာစဉ် ။ ဥတေနမင်းက သူ့သမီးတော်ကို … ငါ့ကို သင့်ဖခင်လက်က လွတ်အောင်လုပ်ပေးသော် မိဖုရားခေါင်ကြီးအရာ အပ်နှင်းပါ့မယ် ဆိုတဲ့ ကတိနဲ့ ယူခဲ့ရသူ။

.
ဒုတိယ မိဖုးရားခေါင်ကြီးကတော့ သာမာဝတီ ပါ။

ဃောသက သူဌေးရဲ့ မွေးစားသမီး ( ဘဒ္ဒိယမြို့ ဘဒ္ဒ၀တီ သူဌေးကြီးရဲ့သမီး ) ဖြစ်ပြီး ။ 

တစ်နေ့မှာ သာမာဝတီ သတို့သမီးက နောက်လိုက် ( ၅၀၀ ) နဲ့ရေချိုးဆိပ်ဆင်းတဲ့အချိန် 

ဥတေနမင်းကြီးက တွေ့မြင်ပြီး နှစ်ဦးလုံး မြင်မြင်ချင်း ချစ်ခင်စွဲမက်ကာ ဃောသက သူဌေးထံ တောင်းယူလျှက် မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထားသူပါ။ 

ဘုရင်မင်းမြတ်ဟာ သာမာဝတီကို သူ့အသက်လို မြတ်နိုးချစ်ခင်ပါသတဲ့ ။


.
နောက်တစ်ယောက်ကတော့ လှလွန်းလို့ ဘုရင်နဲ့သာထိုက်တန်တဲ့အတွက် ( မာဂဏ္ဍီကိုယ်တိုင် ဘုရားရှင်ကိုလက်စားချေချင်လို့ ဘုရင်ဆီ ဆက်သခိုင်းတဲ့ ) စူဠမာဂဏ္ဍီ အမတ်ကြီး လာဆက်သတဲ့ မိဖုရားငယ် မာဂဏ္ဍီတို့ပါ။


.
ကောသမ္ဗီပြည်ဟာ စီးပွားကူသန်းရာ ကြားခံနယ်ဖြစ်တဲ့အတွက် အခွန် အတုတ် အများကြီး ရပါတယ်။

ပွဲစားနိုင်ငံ ဘုရင်ပီသစွာ ဘုရင်ကိုယ်တိုင်က ငွေပေးရင် ဘာမဆို လက်ခံပါတယ်။
.
ဒါကြောင်းလည်း သိဉ္ဇည်းဆရာကြီးတွေထံက ငွေအသပြာ တစ်သိန်းလက်ခံပြီး ဘုရားရှင် ကျောင်းနဲ့ ကပ်လျှက် မြေမှာ တိတ္ထိတွေကို ကျောင်းဆောက်ခွင့် တိတ္ထိတွေနဲ့ အတူနေခွင့် ပေးခဲ့တာပေါ့။
.


.
★ ဗြဟ္မဏဆရာကြီးများ အခစားရောက်ရှိပါပြီ မိဖုရားကြီး …
.
★ မိဖုရားကြီး သက်တော် ရာကျော်ရှည်ပါစေ ….
.
★ ★ ကျောင်းဆောက် လုပ်ခြင်းရော ပြီးမြောက်ပြီလား ပုဏ္ဏားကြီးတို့ …
အနို့ နေပါအုန်း ဆရာကြီးတို့ရဲ့ ဒီပရိပိုဇ် အချော အလှလေးက ဘယ်သူလေးတုန်း သခင်မကို လျှောက်ပါအုန်း
.
★ သူလေးကတော့ မိဖုရားကြီးရဲ့ အကြံအစည်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းေးမယ့် သူလေးပါ အရှင်မဘုရား။
.
★ ★ ကောင်းလိုက်လေကွယ် …. ဒါနဲ့ သေသောက်ကျူးတွေကိုရော သခင်မပြောသလို လုပ်ခိုင်းရဲ့လား
.
★ မှန်လှပါ လုပ်ခိုင်းပြီးကြောင်းပါ သခင်မ ….
.
★ ★ အဟင်းဟင်း …
လူပရိတ်သတ် အလယ်မှာ ကျွန်ုပ်ကို ခြေဖြင့်တောင် မထိချင်ဘူးလို့ ပြောတဲ့ ရဟန်းဂေါတမ သင့်ကို လူတွေအားလုံးက ခြေဖြင့် ကန်ကျောက် ရိုက်နှက်ပြီး ညှင်းဆဲခံရတဲ့ အရှက်တစ်ကွဲ အကျိုးနည်းတဲ့ ဘ၀ကို ရောက်စေရမယ် ။….
သူမ တစ်ကိုယ်တည်း ကြိတ်ပြီး ပြုံးလိုက်တယ်…..

.
★ ★ မိန်းခလေး ဒီအနားကို တိုးလာစမ်း …. သင်လုပ်ရမယ့် အလုပ်က ဒီလို …. သင်ဟာ ဉာဥ့်သန်းခေါင်ကျော်တာနဲ့ ရဟန်းဂေါတမ ကျောင်းထဲကို ကျောင်းအနောက်ကနေ၀င်ပြီး …. #*%@!
နားလည်ပြီလား မိန်းခလေး ….


တစ်ကယ်လို့ အောင်မြင်ခဲ့ရင် သင့်ကို သခင်မရဲ့ အပါးတော်မြဲ အဖြစ် ထားပေးမယ်လို့် ကတိပေးတယ်

.
အခန်း ( ၃ )
.
★ ဟော ဃောသက သူဌေးကတော်ပါလား မြတ်စွာဘုရားကို အာရုံဆွမ်းလာကပ် တယ်ထင်ပါ့ …

.
★ ဟုတ်တာပေါ့ ညီမတော် ပါဝါရိက သခင်မရယ် လာ အတူသွားကြစို့ရဲ့ … ဟော ဟိုမှာ ကုက္ကုဋ သူဌေးကတော်လည်းလာနေတာပါလား။

.
★ ဒို့ညီအစ်မ သုံးယောက် ဆုံပြန်ပေါ့ အတူတူ အာရုံဆွမ်းကပ် ဘုရားရှင် အဆုံးအမတွေ ကို နာကြရအောင် …

.
★ ညီမတော်တို့ ကြည့်စမ်း ဘုရားရှင်ကျောင်းဝင်ထဲမှာ အမျိုးသမီး ရိပ်တစ်ခုတွေ့တယ် ။ ဘယ်သူများပါလိမ့်။

.
. ★ အို ….ဘုရား
အ၀တ်အစားတွေ ဖယိုဖယဲ မလုံမလဲနဲ့ ပရပိုဇ်မ တစ်ယောက်ပါလား ….
ဟဲ့ … ပုရပိုဇ်မ ရပ်စမ်း ညည်း အချိန်မတော်ကြီး ဘုရားရှင်ကျောင်းထဲဘာဝင်လုပ်တာတုန်း ….

.
★ ★ မပြောပါရစေနဲ့ …. ကျွန်မကြောက်လို့ပါ … သွားပါရစေနော် ။ ကျမထိုက်နဲ့ ကျွန်မကံပဲရှိပါစေတော့ …။

.
★ သခင်မ ဒီမိန်းခလေးကို မနေ့ညက တရားပွဲအပြီးမှာကျောင်းအနောက်ကနေ ကျောင်းထဲကို ကုတ်ကုတ် ကုတ်ကုတ်နဲ့ ၀င်လာတာ တွေ့မိတယ်သခင်မ ။

.
★ ဟုတ်လို့လားကွယ် …. ဘုရားရှင်နဲ့နောက်ပါရဟန်းတွေက ဒီလိုလုပ်မှာလား ။
.



ညဘက် တရားပွဲအပြီး ….

.
★ သခင်မ ဟိုမှာ ဟိုမှာ မှောင်ထဲမှာ သူမ၀င်လာပြီ ….


သူဌေးကတော် ( ၃ ) ယောက် သူ့ထက်ငါ လှမ်းကြည့်ကြတယ် ။

.
★ အိုး …… ဘုရားသ္ခင်ကယ်ပါ ။
မနက်ကတွေ့တဲ့ မိန်းခလေးပဲ။ 
တရာွး့ပွဲသိမ်း လူတွေပြန်ချိန်မှ သူဘာလာလုပ်တာပါလိမ့် ။

ပြန်ကြရအောင်ပါ ညီမတို့ ငတို့ မတွေးသင့်တာ မတွေးကြရအောင်ပါ။
.

.
နောက်တစ်နေ့ အာရုံတက် ….
.
★ ဟေ့ … မိန်းခလေး … မိန်းခလေး အခြွေအရံတို့ အဲ့ဒီမိန်းခလေးကို ခေါ်ခဲ့ကြစမ်း …..
.
မိန်းခလေး မင်း ညဘက်ဆို ကျောင်းထဲဝင်တယ် ။ မနက်ဖက်ဆို ပြန်ထွက်တယ် ကျောင်းထဲ နင်ဘာလုပ်တာလဲ

.
★★ အဟင့် အဟင့်

.
★မငိုနဲ့မိန်းခလေး မင်းအ၀တ်အစားတွေ အရင်လုံခြုံအောင်ဖုံး ပြီးရင် မင်းကိုဘယ်သူ အကြပ်ကိုင် စော်ကားနေသလဲ သခင်မတို့ကိုပြောပြ နော်။ သခင်မတို့ ကူညီနိုင်တာဆို ကူညီမယ်။

.
★★ မပြောပါရစေနဲ့ရှင် ။ 
သူဌေးကတော်တို့ ကျမကို မြင်တယ်ဆိုတာသိတာနဲ သူတို့ ကျမကို သတ်ကြလိမ့်မယ်။ 
ကျမသွားပါရစေ … သွားခွင့်ပြုပါ။ 
ကျမကြောက်တယ် ကျမကြောက်တယ် အဟင့် အဟင့်

.
★ အိုး မဟာဗြဟ္မာကြီးကယ်ပါ …. မဟုတ်ပါစေနဲ့။
ဒါအမှန်မဟုတ်ပါစေနဲ့ ….
.


ဒီလိုနဲ့ …….
.
နံနက် အာရုံတက်တိုင်းတွေ့လာဖန်များတော့ သူဌေးကတော် ( ၃ ) ယောက်လည်း ဘုရားရှင် နဲ့ သံဃာတွေအပေါ် သံသယ ၀င်စပြုလာတယ်….။

.
တစ်နေ့မှာတော့ ပါဝါရိက သူဌေးမရဲ့စံအိမ်က ကျွန်တစ်ယောက် ဈေးကနေ သတင်းတစ်ခုကြားလာခဲ့တယ်။


.
★ သခင်မ သခင်မ … သခင်မရေ ….

.
★★ ဟဲ့ …ရေးကြီးသုတ်ပြာနဲ့ ဘယ်လိုဖြစ်လာရတာတုန်း ….

.
★ ကိုယ်ကျိုးတွေတော့နည်းကုန်ပါပြီ သခင်မရယ် ….
ဟို မနက်တိုင်း ဘုရားရှင်ကျောင်းက အ၀တ် ဖယို ဖရဲနဲ့ ထွက်လာတဲ့ ပရိပိုဇ်မလေးလေ … သူကို သတ်လိုက်ကြပြီး သူသေပြီ သခင်မ သူသေပြီ
သူ့အလောင်းကို ကျောင်းဘေးက မြောင်းထဲမှာမြှုတ်ထားလိုက်ကြတယ်။

.
သိဉ္ဇည်းဆရာကြီးတွေက သူတို့ပရိဗိုဇ်မလေး ပျောက်လို့ ရှာမတွေ့တာနဲ့ ဘုရင်ကို အကူအညီတောင်း …. ဘုရင်အမိန့်နဲ့ ဘုရားရှင်ကျောင်းဝင်းထဲဝင်ရှာတာ မှာ ကျောင်းအပြင် မြောင်းထဲမှာ တွေ့သွားတာ ။


.
★★ အို … ဘုရား ဘုရား ဘုရား …. သနားစရာ ခလေးမလေးပါလား …. သခင်မကို ရေလေး တစ်ခွက် မြန်မြန်ပေးစမ်းကွယ် … ရင်တုန်လိုက်တာ။


.
★ ခုဆိုရင် ဂေါတမ ရဟန်း ရဲ့ ကျောင်းအပြင်မှာ ပရပိုဇ်တွေနဲ့ တိုင်းသူပြည်သားတွေ အော်ဟစ် ဆဲဆို ရန်ြ့ပုနေကြတယ် သခင်မ …

.
မြို့ထဲဆွမ်းခံထွက်တဲ့ရဟန်းတွေကိုလည်း ခဲတွေနဲ့ဝိုင်းပေါက်ကြတာ သွေးအလိမ်းလိမ်းနဲ့ … သခင်မ ။


.
★★ ဟင်း …. သူတို့တစ်ကယ်သတ်တာ အမှန်ဆိုရင် …

ဒါမှမဟုတ် သူတို့ သတ်တာ မဟုတ်ခဲ့ရင် …. 

အား….. သခင်မ မသိတော့ဘူး ခြံတံခါးတွေသာ အလုံပိတ်ထား လိုက်တော့။ 
အမှန်တရား မပေါ်မချင်း ဘယ်သူ့ကိုမှ ဆွမ်းမလောင်းရဘူး။
.



အခန်း ( ၄ )

.
★ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ….
.ဤအရပ်ဒေသမှ လူများသည် အလွန်ပဲရိုင်းစိုင်းလှပါသည်။

.
ဤအရပ်ဒေသသို့စတင်ခြေချသည့်နေ့ကစပြီး သေသောက်ကျူးတို့သည် ဘုရားရှင် နှင့်တစ်ကွ ရဟန်းသံဃာတို့ကို တွေ့တဲ့နေရာတိုင်းဆဲရေးကြပါသည်။ 
ခဲများဖြင့် ပေါက်ကြပါသည်။

.
တဖန် တိတ္ထိတို့သည် ဘုရင်ကို တန်စိုးလက်ဆောင်ပေးပြီး တပည့်တော်တို့ စံရာ ကျောင်းနှင့် ကပ်လျှက် စင်ပြိုင် ကျောင်း ဆောက်ကြပြန်ပါသည် ။


ဒါတင်မက တိတ္ထိများသည် ရဟန်းသံဃာများကို တစ်ချိန်လုံးရန်စ ပြောင်လှောင် ပုတ်ခတ် နေခဲ့ကြပါသည်။

.
ယ္ခုပြသနာသည် အကြီးမားဆုံးပြသနာဖြစ်ပါသည်။ 
ဘယ်လိုမှ ဖြေရှင်း၍ရမည် မထင်ပါ ။ 
ရည်ရွယ်ချက်ရှိရှိ ဘုရင်နှင့် တမင်ပူပေါင်းလုပ်ဆောင်တဲ့အတွက် တပည့်တော်တို့ ပြိုလဲရန်သာ ရှိပါ တော့သည်။

.
မကြာခင်မှာ ရှင်ဘုရင်က ထို သူသတ်မှု အတွက် တပည့်တော်တို့ကို ဖမ်းကောင်း ဖမ်းနိုင်တဲ့အတွက် ဒီမြို့ကို စွန့်ခွာကြရအောင်ပါဘုရား ။

တပည့်တော်ရိုသေစွာလျှောက်တင်တာ ( ၃ ) ကြိမ်ထိထိရှိပါပြီဘုရား ။


.
★ ★ ★ အာနန္ဒာ၊ ဒီအရပ်က ဆဲရေးလို့ တခြားအရပ်သို့ သွားလျှင်၊ ထိုအရပ်က လူတွေကကော ဆဲရေးကြလျှင် ဘယ်အရပ်သို့သွားမည်နည်း


တဖန် ထိုအရပ်က ဆဲရေးပြန်လျှင်လည်း ဘယ်အရပ်သို့ သွားမည်နည်း

နောက်ဆုံး သွာစရာမြေမရှိသည့်တိုင်း ပြောင်းရွှေ့နေမည်လော အာနန္ဒာ 



အာနန္ဒာ ဒီနေရာက ဆဲရေးလို့ တခြားအရပ်သို့ ပြောင်းရွှေ့သွားဖို့ရန် မလိုပေ၊ 

ဒီနေရာမှာဖြစ်တဲ့ ကိစ္စကို ဒီနေရာမှာပဲ ရှင်းပြီး အဓိကရုဏ်းငြိမ်းမှ တခြားအရပ်သို့ သွားသင့်သည်။

.
★ ★ ★ အာနန္ဒာ …..

အကျင့်ပျက်သူများ မကောင်းစကား ပြောဆိုနေမှု့ကို ကြံ့ကြံ့ခံနိုင်ဖို့လို အပ်သည်၊ 
ဆဲရေးတိုင်းထွားနေသူများသည် ခုနှစ်ရက်မျှသာ ဆဲရေးတိုင်းထွာနိုင်ကြလိမ့်မည်

ခုနှစ်ရက်လွန်သောအခါ မော၍ ရပ်သွားကြလိမ့်မည်။

အမှန်တရားသည် ပြသနာဖြစ်ရာနေရာမှာပဲရှိသည်။ 

ငါတို့ အချိန်ကို စောင့်သင့်ကြ ပေသည်။
.
ဒီအရပ်မှာပဲ အထိကရုန်းပြီး ပြသနာ ပြေလည်တဲ့အထိ ငါနေမည်။
.

ဒုတိယပိုင်း …..
.
ကိလေသာမကုန်သေးတဲ့ ပုထုဇဉ်ရဟန်းတွေ ဟာ ရှက်လွန်လွန်းလို့ ကျောင်းထဲက ကျောင်းပြင်ကို မထွက်ဝံ့ကြဘူး။


ကျောင်းပြင်ကိုဆွမ်းခံကြွတဲ့ရဟန်းတွေကိုတော့ ဆဲရေးတိုင်းထွာ ခဲများနဲ့ပေါက် အန္တရယ်ပေးကြတဲ့ အတွက် နောက်ဆုံးမှာ ကျောင်းထဲမှာပဲ စုပြီး အငတ်ခံနေကြရတော့တယ်။

.

မာဂဏ္ဏီကလည်း သူ့အကြံအထမြောက်သွားပြီး မကြာခင်အချိန်အတွင်းမှာ ဂေါတမ ဗုဒ္ဓနဲ့ နောက်ပါရဟန်းတွေကို အပြစ်ပေးတာတွေ့ရတော့မယ်ဆိုပြီး ကြိတ်ဝမ်းသာနေတာပေါ့။

.

ဒါပေမယ့် တစ်နေ့မှာ မာဂဏ္ဍီခဲလေသမျှ သဲရေကျတဲ့ အဖြစ်တစ်ခု ပေါ်လာခဲ့တယ် ။

.
မြို့ပြင် သေရည်တောမှာ သေသောက်ကျူးအချင်းချင်း အဝေမတည့်ပဲ ရန်တွေဖြစ်ပြီး ထိုးကြ ခုတ်ကြရင်းနဲ့ တိတ္ထိတွေက ငွေပေးပြီးခိုင်းတဲ့အတွက် ပုရပိုဇ်လေးကို သတ်လိုက်ကြတယ်ဆိုတဲ့ အဖြစ်မှန်ပေါ်သွားပြီး သူသတ်သမားများနဲ့ အတူ တိတ္ထိတွေလည်း မင်းဘေးကြောက်လို့ ထွက်ပြေး ကြတဲ့အတွက် တိတ္ထိတွေရဲ့ စခန်းက တစ်ခန်း ရပ်သွားတော့တယ်။

.

မာဂဏ္ဍီရဲ့ ဒေါသနဲ့ အာဃာတ ကတော့ ဘာပြောကောင်းမလဲ ….
ဘာမှကိုပြောမကောင်းတော့ဘူး …

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သာမာဝတီမိဖုရားကြီး နန်းဆောင် ….


★ အရှင်မ ဘုရား ခါးကုန်းကြီး ခုဇ္ဇုတ္တရာ မိဖုရားကြီးကို ပန်းတော်များ ဆက်သဘို့ ရောက်နေပါပြီ ဘုရား ….

.
★ ★ မကျီစားကြပါနဲ့ ကွယ်တို့ရယ် … 
ခမျာ အားငယ်နေရှာပါ့မယ်။ သူကိုယ်တိုင် လာဆက်တယ်လား … 
ကဲကဲ ဥတ္တရာကို ရှေ့တော်ဝင်ဘို့ပြောလိုက် …

.
★ သခင်မ သက်တော်ရာကျော်ရှည်ပါစေ …. 
သခင်မ နန်းဆောင် အလှဆင်ဘို့ပန်းများရောက်ပါပြီ ဘုရား။

.
★ ★ အိုး…. ဒီနေ့ မင်းယူလာတဲ့ ပန်းတွေက အခါတိုင်းနဲ့မတူ များလှပါလားကွယ်။ ဒီလောက်များတဲ့ ပန်းတွေ သခင်မကို တစ်ယောက်ယောက်များ အကြုံပါးလိုက်သလားဥတ္တရာ ….

.
★ အရှင်မ ထားရင်လည်း နေရပါမယ် ။သတ်ရင်လည်းသေပါရစေဘုရား ။ အမှန်အတိုင်း ၀န်ခံ ပါရစေတော့ သခင်မဘုရား။


.
ဘုန်းတော်ကြီးတော်မူလှသော အရှင်မင်းကြီးက သခင်မကို နေ့စဉ် အသပြာ ၈စ တန်ဘိုးရှိတဲ့ ပန်းတော် ဆက်သဘို့ တာဝန်ပေးခဲ့ပါတယ်။

သို့ပေမယ့်လည်း မိုက်မဲလှတဲ့ ယုတ်ညံ့သူ အကျွန်မဟာ အသပြာ ၄-စ ဘိုးသာ နေ့စဉ်ဝယ်ယူ ဆက်သပြီး ကျန်တဲ့ အသပြာ ၄-စကို ခိုးဝှက်သိမ်းဆည်းခဲ့ပါတယ်။

.
ဒါပေမယ့် ဒီနေ့မှာတော့ သုမနသူဌေးထံ ပန်းများသွားအ၀ယ်မှာ 

အမှတ်မထင် သုမနသူဌေးရဲ့ ဆွမ်းအလှူပွဲနဲ့ကြိုကြိုက်ပြီး ဂေါတမ ဘုရားရှင်ရဲ့တရားကိုနာယူခဲ့ရပါတယ် သခင်မဘုရား။

.
တရားနာအပြီးမှာ အကျွန်မရဲ့ စိတ်နှလုံး အေးချမ်းမှုကိုရရှိခဲ့ပါတယ်။ 

အကျွန်မ ကိုယ်တိုင် အလင်းတစ်ခုကို မြင်တွေ့ပိုင်ဆိုင်ခဲ့ပါတယ်။ 

အကျွန်မထံမှာလိုချင်တပ်မက်စိတ်ဆိုတာ မြူတစ် မှုံစာ မျှပင်မရှိတော့တဲ့အတွက် အပြစ်ကို ၀န်ခံပြီး ဟောဒီ အကျွန်မ ခိုးယူထားတဲ့ ငွေတွေကိုလည်း သခင်မ ထံ ကိုယ်တိုင်အပ်နှံလိုတဲ့ အတွက် ခုလိုရောက်ရှိလာတာပါဘုရား။

.
★ ★ ဂေါတမ မြတ်စွာဘုရားရှင် … ဟုတ်လား ဥတ္တရာ …

 ဒီအသံကြားရယုံမျှလေးနဲ့ သခင်မရဲ့ နှလုံးသား ထဲမှာ ပီတိအဟုန်နဲ့ ဘာလို့ အေးချမ်းသွားရတာ ပါလိမ့် …  ထူးဆန်းလှချည့် ဥတ္တရာ ….။

.
ဒီမယ်ဥတ္တရာ ……

အသင့်ကိုလည်း အပြစ်မပေးဘူး။ 
အသင်ပြန်ပေးတဲ့ငွေတွေကိုလည်း မယူဘူးဥတ္တရာ …. 
သခင်မ ကို အသင်နာကြားခဲ့ရတဲ့ အသင်ပြောတဲ့ ဂေါတမ ဘုရားရှင် ဟောတော် မူလိုက် တဲ့ တရားလေးပဲ ပြန်ဟောပြပါ ဥတ္တရာ။ 

ဥတ္တရာကို ပြောင်းလဲစေတဲ့ သခင်မစိတ်နှလုံးကို ပီတိအဟုန်ကြီးစွာပြစ်စေတဲ့ ဒီဂေါတမ ဘုရားရှင် ဆိုသူရဲ့ တရားကိုသာ သခင်မတို့ကိုပြန်ပြောပြပါဥတ္တရာ။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.
★ ★ ★ ခုဇ္ဇုတ္တရာ
ခုဇ္ဇ + ဥတ္တရာ = ခါးကုန်းကြီး ဥတ္တရာ တဲ့

.
ဘုရားရှင်လက်ထက်တော်အခါက ကောသမ္ဗ္ဗီ ဟာ ပြသနာ အများဆုံး နဲ့ သာသနာ့ ဂုဏ်ဆောင် တွေ အထွန်းကားဆုံး တစ်ပြည်ထဲမှာ ကျောင်းတော်ကြီးသုံးခု နဲ့ သာသနာတော်လည်း အထူး ထွန်း ကားတဲ့ဒေသဖြစ်ခဲ့ပါတယ်။

.
ဗုဒ္ဓလက်ထက်တော်မှာ ….
ဧတဒဂ်ရာထူးရ ရဟန္တာ(၄၁) ပါးနဲ့ ဥပါသိကာအမျိုးသမီး (၁၀) ဦးအနက်
ကောသမ္ဗီမြို့မှ (၃) ဦးပါဝင်ခဲ့ပါတယ်။

.
★ တစ်ဦးက ကောသမ္ဗီသူဌေးကြီး၏သား အရှင်ဗာကုလရဟန္တာဖြစ်ပြီး အနာရောဂါကင်းရှင်းသည့် အရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူးအပ်နှင်းခြင်း ခံရပါတယ်
သက်တော် (၁၆၀) ရှည်တော်မူပါတယ်။ 

.
★ နောက်တစ်ဦးက ဥတေနမင်းရဲ့ မိဖုရား သာမာဝတီပါ 

.
★ နောက်တစ်ဦးကတော့ သာမာဝတီမိဖုရားရဲ့ အလုပ်အကျွေး ….
အမျိုးသမီးတို့၏ ဂုဏ်ဆောင်ဖြစ်သော တိပိဋကဓရ (ပိဋကတ်သုံးပုံဆောင်) ခုဇ္ဇုတ္တရာ အမျိုးသမီးပဲ ဖြစ်ပါတယ်။

.
သုမန သူဌေးထံမှာ ပန်းသွားဝယ်ရင်း ဘုရားရှင်ရဲ့တရားကို နာကြားရတဲ့အတွက် ဥတ္တရာဟာ သောတာပန်ဖြစ်သွားခဲ့ပါတယ်။

.
နန်းတော်ပြန်ရောက်တော့ ကိုယ်လက်သန့်စင် မြင့်မြတ်တဲ့နေရာမှာထိုင်ပြီး သာမာဝတီမိဖုရားနဲ့ အခြွေအရံ ( ၅၀၀ ) တို့ကို မိမိကြားနာခဲ့တဲ့ တရားကို ပြန်ဟောပြတဲ့အခါမှာ ပါရမီအဟုန်ကြောင့် သာမာဝတီမိဖုရားနဲ့နောက်လိုက် ၅၀၀ တို့ဟာနေရာမှာပဲ သောတာပန် အရိယာများဖြစ် သွားခဲ့ ပါတယ်။

.
ဥတေနဘုရင်ဟာသာသနာကို မကြည်ညို သေးသူဖြစ်တဲ့အတွက် သာနာဝတီနဲ့ ရံရွေ တော် ၅၀၀ ဟာ ဘုရားရှင်ဆီ နေ့စဉ် သွားရောက်တရားနာခွင့် မရကြဘူးရယ် …

.
ဒီအတွက် ခါးကုန်းကြီးဥတ္တရာဟာ ဘုရားရှင်ရှိရာကို နေ့စဉ် တရားသွားနာပြီး မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေကို သာမာဝတီဦးဆောင်တဲ့ အခြွေအရံ ( ၅၀၀ ) တို့ကို ပြန်လည်ဟောကြားပေးရပါတယ် 
 


ဒီလိုဟောကြားရင်း ရင်း ဥတ္တရာဟာ ပိဋက သုံးပုံ ဆောင်နိုင်သူဖြစ်လာခဲ့ပါတယ်။

.
မြတ်စွာဘုရားရှင်ကောသမ္ဗီမြို့တွင်း ဆွမ်းခံကြွရင်လည်း မိမိတို့နန်းဆောင် တံခါးများမှာ အပေါက်လေးတွေဖောက်ပြီး ဘုရားရှင်ကို ဖူးမြော် ကြည့်ညိုကြရတယ်။

.
ခုဇ္ဇုတ္တရာအမျိုးသမီးမှ သာမာဝတီအမှူးပြုတဲ့ မောင်းမ ( ၅၀၀ ) တို့ကို ပြန်လည် ဟောပြတဲ့ သုတ်တော်ပေါင်းက ( ၁၁၂ )သုတ် ရှိခဲ့ပြီး ။

.
ဒီတရာတော်ပေါင်း ( ၁၁၂ ) သုတ်ကို သင်္ဂါယနာတင် မထေရ်အရှင်မြတ်တို့က ဣတိဝုတ္တက ပါဠိတော်ဆိုတဲ့ နာမည်နဲ့ ( ၆ ) ကြိမ်တိုင်တိုင် သင်္ဂါယနာ တင်ခဲ့ကြပါတယ်။

.
ခုဇ္ဇုတ္တရာဟာ ဘုရားရှင် ရဲ့ အကြား အမြင် ဗဟုသုတ အများဆုံး ဧတဒဂ်ဘွဲရ ရဟန္တာမြတ် အဖြစ် ချီးမြှင့်ခြင်းခံရပါတယ်။

.

.
အခန်း ( ၅ ) 
.
တစ်နေ့ ….

မာဂဏ္ဏီက အမတော်မိဖုရား သာမာဝတီဆီအသွား ဘုရားရှင်ဆွမ်းခံကြွချိန် ဖြစ်တော့ ဘုရားရှင် ကို ဖူးခွင့် ဘုရားရှင်ရဲ့တရားကို နာကြားခွင့် မရရှာတဲ့ သာမာဝတီ နဲ့ နောက်လိုက်တွေ ကလည်း ပြူတင်း က မျက်လုံးတစ်လုံးစာ အပေါက်လေးကနေ ချောင်းပြီး ဘုရားရှင်ကို ဖူးမြော် ကြည့်ညို နေတာကို မာဂဏ္ဏီမ တွေ့သွားပါလေရော 

.

★ ဃောသက သူဌေးကမွေးစားလို့ လူလိုသူလို ဖြစ်လာတဲ့ လမ်းဘေးကသူဖုန်းစားမ ….

★ စုန်းအတတ်နဲ့ မောင်တော်ကို ညှို့ယူဖမ်းစားထားတဲ့ စုန်းမ ….

★ သင်းက ငါ့ရန်သူကို တိတ်တဆိတ်အားပေးနေတာကိုး … ရဟန်းဂေါတမ အစား သင့်ကိုလက်စားချေရမယ်။ 

ပြီးတော့ သင်းသာ မရှိရင် လောကမှာ မောင်တော်မင်းကြီး အမြတ်နိုးဆုံးသူဟာ မာဂဏ္ဏီပဲလေ။ သင်းမရှိမှအေးမယ်။


.

★ အရှင်မင်းကြီး … အရှင်မင်းကြီး ….

.

★ ★ ကြည့်စမ်း ရေးကြီးသုတ်ပြာ ပျာယီး ပျာယာနဲ့ လုပ်လာပြန်ပြီ နှမတော်လေးရယ် ။

ကဲ … ပြောပါအုန်း ဘာကိစ္စနဲ့ မောင်တော့်ကို လာတွေ့ရတာတုန်း ။


.

★ မောင်တော်မင်းကြီးရဲ့အသက် … မောင်တော်မင်းကြီးရဲ့နှလုံးသည်းပွတ် အစ်မတော် သာမာဝတီကလေ ….
အရှင်မင်းကြီးရဲ့ တစ်ပါး ပြင်ပမှာ လိုလားတောင့်တဲ့သူ ရှိနေပြီ ဘုရား။ 

.

★ ★ ဟား ဟား ဟား နှမတော်လေး ခလေးလိုပါလား ။ သင့်အမ သာမာဝတီက ကိုယ်တော့်အပေါ် သစ္စာတရားသိတ်ကြီးမားတာနှမလေးရဲ့။

.

★ မဟုတ်ဘူးမောင်တော် နှမတော်လေးကိုယုံပါ ။နှမတော်ကိုယ်တိုင် အခုပဲတွေ့လာတာ ။ သူ့နန်းဆောင် တံခါးပေါက်မှာ တစ်ပါးသူနဲ့ ချိန်းတွေ့ရအောင် အပေါက်လေးဖောက်ပြီး အဲ့ဒိအပေါက်ကနေ ချိန်းတွေ့နေတာ နှမတော်ကိုယ်တိုင်မြင်ခဲ့တာပါ ….

.

အရှင်မင်းကြီးကိုယ်တော်တိုင် သွားကြည့်ပါ သက်သေနဲ့တစ်ကွ တွေ့ရပါလိမ့်မယ်။ တစ်ချိန်မှာ မင်းကြီးအသက်ကိုပါရန်ရှာပြီး တစ်ပါးသူနဲ့ ထီးနန်းသိမ်းပိုက် ပျော်ပါးပါလိမ့်မယ်ဘုရား။
( မယုံပေမယ့် သက်သေရှိတယ်ဆိုတော့ ဘုရင်ပျာယာခတ်ပြီလေ … သူ့နှလုံးသားကိုး )
.
★ ★ ချစ်စွာသော သာမာဝတီ နှမတော် …. 

နှမတော် နန်းဆောင်တံခါးမှာ အပေါက်ဖောက်ပြီး နံနက်တိုင်း ဒီအပေါက် ကနေ နှမတော်က ဘယ်သူနဲ့ဆက်သွယ်နေခဲ့တာလည်း နှမတော် ။ 

.

★ ★ ★ မောင်တော်မင်းကြီး …. နှမတော်ကို အပြစ်ပေးလည်း ခံဘို့အသင့်ပါဘုရား ။

တစ်နေ့မှာ နှမတော် နဲ့နောက်လိုက်တွေဟာ ခုဇ္ဇုတ္တရာထံကတစ်ဆင့် အရှင် ဂေါတမ ဟောကြားတော်မူတဲ့ တရားတော်ကို နာကြားရပြီးတဲ့နောက်မှာ 

.

ဘုရားရှင်ကို ကြီးစွာသော ကြည်ညို ယုံကြည်ခြင်းဖြစ်မိပါတယ်။ 

အရှင်မင်းကြီးထံခွင့်တောင်း ချင်ပေမယ့် အရှင်မင်းကြီးနှလုံးမသာ မယာ ဖြစ်မှာစိုးရိမ်တဲ့အတွက် အရှင်မြတ် ဆွမ်းခံကြွချိန်လေး ဖြတ်သွားခိုက်မှာ တပည့်တော်နဲ့မောင်းမ - ၅၀၀ က ဒီအပေါက် လေးတွေ ကနေ နေ့စဉ် အရှင်မြတ်ကို လက်အုပ်ချီ ဖူးမြော်ကြည်ညိုမိခဲ့ပါတယ်မောင်တော်မင်းကြီး ။

.

အရှင်မင်းကြီး စိတ်ညိုတော်မူရင် ဖြင့် နှမတော်တစ်ယောက်ထဲကိုသာ အပြစ်ပေးပါဘုရား။

ကျန်တဲ့သူတွေမှာ အပြစ်မရှိပါဘူးဘုရား။

.

★ ★ အိုး …. ဒါဆိုနှမတော်က မောင်တော့်အပြင် တစ်ပါးသူအပေါ်စိတ်ညွှတ်နေတာမဟုတ်ဘူးပေါ့။
 မောင်တော့်မှာစိတ်တွေပူလိုက်ရတာနှမတော်။

.

ဒါများနှမတော်ရယ် မောင်တော်က ခွင့်မပြုစရာမှမရှိပဲ ။ 

အခုပဲ မင်းချင်းတွေကိုခေါ်ပြီး ဂေါတမဗုဒ္ဓ ဆွမ်းခံကြွချိန် နှမတော်နဲ့နောက်လိုက်တွေ ဖူးမြော်ဘို့ လေသာဆောင်တွေ ဖောက်ခိုင်းလိုက်မယ်နှမတော်။

ဒီနေ့က စပြီး ဂေါတမ ဗုဒ္ဓနဲ့ နောက်လိုက် သံဃာတွေကို နှမတော်လွပ်လပ်စွာ ဖူးမြော်နိုင်ပါပြီ နှမတော်။ မောင်တော်ခွင့်ပြုတယ်။

.

★ ★ ★ အို …. တစ်ကယ်လားဟင် အရှင်မင်းကြီး …. ၀မ်းသာလိုက်တာမောင်တော်ရယ်။

.

★ ★ နှမတော် သာမာဝတီ စိတ်ချမ်းသာ ကြည်နူး နေတဲ့ မျက်နှာကို မြင်ရတာ ကျက်သရေရှိလိုက်တာ နှမတော်။ နှမတော်တစ်သက်လုံးစိတ်ချမ်းသာစေရပါ့မယ်။

.

★ တောက် !!!!

အလုံးစုံပျက်သုဉ်းအောင် ဝေးအောင်လုပ်ကာမှ …. ရဟန်းဂေါတမက ပိုခိုင်မာလာပြီး 

.

သာမာဝတီက မောင်တော်မင်းကြီးနဲ့ပိုနီးသွားပါလား။

အားးးးးးးးး

.

တတိယပိုင်း ဇာတ်သိမ်း

★ ★ ညီမတော် အသေဆို တော်သေးတယ်ကွယ် အရှင်ဆိုရင် အမတော် မသတ်ဘူး ချစ်ညီမတော်။

ကြက်အရှင်တော့ ငတို့ လက်ဖျားနဲ့တောင် မထိနိုင်ပါဘူးလို့ မင်းကြီးကို လျှောက်လိုက်ပါ ညီမတော် …။

.
မာဂဏ္ဍီ့ အကြံအောင်ပေပြီ …
သွားပြီ ဘုရားရှင်နဲ့ သာမာဝတီ ညားကြရပြီ ….

.
ဖြစ်ပုံက … 

ပထမအကြိမ်ဂုံးချောတာမအောင်မြင်တော့ မာဂဏ္ဍီက အရှင်မင်းကြီး အမတော် သာမာဝတီ ရဲ့အချစ်ကို နောက်တစ်ကြိမ် စမ်းပါရစေ နှမတော်ကို ခွင့်ပြုပါလို့လျှောက်ထားပြီး ….

.
တစ်နေ့မှာ ကြက်အသေ ၈ ကောင်ကို ယူဆောင်လာပြီး ဘုရင့်အမိန့်နဲ့ ကြက်ကို ချက် ဘုရားရှင်ထံ ဆွမ်းကပ်ခိုင်းတယ် ။

.
သာမာဝတီနဲ့နောက်ပါ အခြွေအရံတွေလည်း ပျော်မြူးစွာချက်ပြုတ် ကပ်လှူကြတယ်။ သာမာဝတီ ကလည်းမမောနိုင် မပမ်းနိုင် ချက်ပြုတ်ပြီးပျော်လို့ ။ဒီအပျော် ဘုရင့်ဆီတောင် ကူးဆက်ခဲ့တယ်။

.
ဒုတိယအကြိမ်မှာတော့ မာဂဏ္ဍီက ကြက်အရှင်ကို ယူဆောင်လာပြီး ဘုရင် အရက်နဲ့ ပွဲတော်တည်ဘို့ ချက်ခိုင်းတဲ့အခါ 

သောတာပန် တည်ပြီးတဲ့သူတွေဖြစ်တဲ့အတွက် မသတ်နိုင်ပါလို့ ပြောလိုက်တာဖြစ်ပါတယ်။

.
★ အရှင်မင်းကြီး …..

အမတော် သာမာဝတီ အကြောင်းကို ဒီလောက်ဆို သဘောပေါက်သင့်ပြီထင်ပါတယ် ဘုရား။

ရဟန်းဂေါတမ အတွက် ကြက် ( ၈ ) ကောင် ချက်ပေးပါဆိုတော့ ချက်ချင်းပဲ တာဝန်ယူပြီး ကိုယ်တိုင် ချက်ပြုတ် ခဲ့တယ်။

.
ယ္ခု အရှင်မင်းကြီးပွဲတော်တည်ဘို့အတွက် ကြက်ချက်ခိုင်းတော့ ချက်ချင်းပဲ ခါးခါးသီးငြင်းပါယ်ခဲ့ ပါတယ်ဘုရား။

( ကြားထဲက ကြက် အသေနဲ့ အရှင်ကို သူမ ကုလားဖန်ထိုးခဲ့တာ မင်းကြီးမသိဘူး ရယ်)

.
ဒီလောက်ဆို အမတော်သာမာဝတီဟာ အရှင်မင်းကြီးထက် ရဟန်းဂေါတမအပေါ်မှာ အဘယ် မျှလောက်စိတ်ညွှတ်နေပြီဆိုတာ သိပြီထင်ပါတယ် အရှင်မင်းကြီး။

.
ဥတေနဘုရင်လည်း ဆိတ်ဆိတ်နေလျှက် မျက်နှာမကောင်းစွာ မိမိအဆောင်ထဲ ၀င်သွားခဲ့တယ် ။
 အဲ့ဒိနေ့ ပွဲတော် မတည် တော့ဘူး။

.
တတိယအကြိမ် …


.
★ အရှင်မင်းကြီး ဒီနေ့ညမှာ အရှင်မင်းကြီးဟာ အမတော် သာမာဝတီရဲ့အဆောင်ကို ကူးမှာဖြစ်တဲ့ အတွက် အစစ အရာရာသတိထားပါဘုရား 

.
အမတော်ဟာ ဂေါတမ လူဖြစ်တဲ့ အပြင် ရဟန်းဂေါတမ အပေါ်မှာ စိတ်ညွှတ်နေတဲ့ အတွက် အချိန်မရွေး အရှင်မင်းကြီးရဲ့ အသက်ကို ရန်ပြုနိုင် ပါတယ်ဘုရား 

တိုင်းပြည်မှာလည်း ရဟန်းဂေါတမရဲ့အင်အားက တစ်နေ့တစ်ခြား များပြားလာနေပါတယ်ဘုရား။

.
★ ★ စိတ်ချပါ နှမတော် ကျုပ်အတွက် စိတ်မပူပါနဲ့ ။ 
သာမာဝတီ မိဖုရားကြောင့် ငါကိုယ်တော်ရဲ့ အသက် အန္တရာယ် ထိခိုက်မယ်လို့ ငါကိုယ်တော် အခုထိ မယုံကြည်နိုင်ဘူး နှမတော်။

.
ဒီလိုနဲ့ ဥတေနမင်းကြီးဟာ မိဖုရား သာမာဝတီရဲ့အဆောင်မှာတစ်ပတ် စံမြန်းပြီး မာဂဏ္ဍီရဲ့ အဆောင်ကို ကူးလာတဲ့နေ့ ….

မာဂဏ္ဍီကလည်း မင်းကြီးကို နန်းဆောင်အ၀က ထွက်ကြိုပြီး မင်းကြီး ကိုယ်နဲ့မကွာ ယူဆောင် နေကျ ဆင်ချစ်တဲ့ စောင်းတော်ကို သယ်ပြီး နန်းဆောင်ထဲက မိမိသလွန် နားအရောက်မှာ
ဘုရင်ကြီးကို ….


အရှင်မင်းကြီး ဒီစောင်းထဲမှာအကောင် တစ်ကောင်ကောင် ရှိနေပုံရတယ်ဘုရား လို့ပြောပြီး စောင်းထည့်တဲ့ ကတ္တီပါအိတ်ကို ဖွင့်ပြီး သလွန်ပေါ်တင်လိုက်တယ်ဆိုရင်ပဲ …။

.
အမလေး …..

အရှင်မင်းကြီး ကယ်တော်မူပါ မြွေဟောက်ကြီး ဘုရား

မင်းကြီးကို ကာကွယ်ကြ မြွေဟောက်ကို သတ်ကြ ဆိုပြီး မာဂဏ္ဍီဟာ စောင်းကိုပစ်ပြီး ထွက်ပြေးတာပေါ့ ….
နန်းတော်တစ်ခုလုံး ငရဲပွက်တစ်မျှ ဆူညံကုန်တော့တယ်။

.
မာဂဏ္ဍီကလည်း မင်းကြီးရင်ခွင်မှာ တုန်ရီစွာ ငိုယိုပြီး သာမာဝတီဟာ နှမတော်ကို မမြင်လို မနာလိုဖြစ်ပြီး မင်းကြီးလဲသေအောင် နှမတော်လည်း ရာဇ၀တ်ဘေးသင့်အောင် အကောက်ကြံ ပါတယ် ဆိုပြီး ဂုန်းတိုက်တယ်။

.
ဒီတစ်ခါမှာတော့ ဥတေန မင်းကြီးရဲ့ သည်းခံမှု အတိုင်းအတာ လွန်သွားပြီပေါ့။ 

ဘုရင်ကြီးဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ….


.
★ ★ သာမာဝတီ နဲ့တစ်ကွ နောက်ပါအခြွေအရံအားလုံးကို နန်းရင်ပြင် သူသတ်ကွင်းကိုခေါ် ဆောင်လာစေ …

သူတို့အားလုံးကို တိုင်တွေမှာ ချည်ပြီး လေးသည်တော် ၅၀၀ နဲ့တစ်ကွ ငါကိုယ်တော်တိုင် နေကွယ်တာနဲ့ ကွက်မျက်သုတ်သင်တော်မူမယ် … 
လို့ အမိန့်ထုတ်ပြန်လိုက်တယ်

.
သာမာဝတီရဲ့ နန်းဆောင်မှာတော့ မိဖုရားသာမာဝတီက …

★ ★ ★ အချင်းတို့ မင်းကြီးသည် ကျွန်ုပ်အပါအ၀င် အသင်တို့ကို သတ်ရန်ခေါ်ချေပြီ ။ 

ဥပါယ်တမျှင်နဲ့ ဂုန်းတိုက်သူကြောင့် မင်းကြီးသည် မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ချမိခြင်း သာဖြစ်တယ်။

မောင်တော်မင်းကြီးဟာ သခင်မကို သူ့အသက်ထက်ပင် မြတ်နိုးတော်မူပေတယ်။
 မောင်တော်မင်းကြီးမှာတင်မက လေးသည်တော်များမှာပါ အပြစ်မရှိပေ ။


.
ဒါကြောင့် ကျွန်ုပ်နှင့်တစ်ကွ အသင်တို့အားလုံးသည် မင်းကြီး နှင့် အားလုံးအပေါ်တွင် အမျက်မထွက်ကြပဲ သြဒိဿက မေတ္တာဖြင့် အဆက်မပြတ် မေတ္တာပို့ကြပါကုန် 

မင်းကြီးနှင့်တစ်ကွ မင်းချင်းများအပေါ် အပြစ်မြူမှုန်မျှမမြင်ပဲ မေတ္တာသာ အထပ်ထပ် ပို့ကြပါကုန် ….. လို့ မှာသတဲ့ 

.
ဥတေန မင်းဟာ သာမာဝတီမိဖုရားနဲ့ မောင်းမ ( ၅၀၀ ) ကို အစဉ်လိုက် တန်းစီစေပြီး သူကဦးစွာ အဆိပ်လူးမျှားကို ချိန်ရွယ်ပြီး သာမာဝတီကိုပြစ်ဘို့ ကြိုးစားသတဲ့ ။

သာမာဝတီနဲ့ နောက်ပါတွေဟာ မင်းကြီးကို မမှိတ်မသုန် စိုက်ကြည့်ပြီး သြဒိဿက မေတ္တာသာ အဆက်မပြတ် ပို့လွှတ်နေသတဲ့ 

.
အဆိပ်လူးမြားဟာ ပြစ်လို့လည်း မထွက် ၊ ဖယ်ရှားလို့လည်း မတတ်နိုင် ။ လွှတ်ချလို့လည်းမရ နဲ့ ဥတေနမင်းကြီး ခမျာ ချွေးသီးချွေးပေါက်တွေကျပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ တော့တယ် ။

.
★★★ အရှင်မင်းကြီး ပင်ပန်းတော်မူနေပါပြီလားဘုရား ….

★★ ဟုတ်တယ်သာမာဝတီ ကျုပ်အထင်မမှားရင် ကျုပ် အသင်မိဖုရားကို ပြစ်မှားမိပြီ

ဘုရင်ဖြစ်လျှက်နဲ့ ဆင်ခြင်ဥာဏ် ကင်းမဲ့ခဲ့ပြီ ထင်ရဲ့မိဖုရား … 

ကျွန်ုပ်ကို သက်သာရအောင်သာ ပြုပေးပါနှမတော်။

.
သာမာဝတီလည်း မင်းကြီး၏မြား လက်က လွတ်ပါစေ လို့ အဓိဌာန် လိုက်ပြီး ….

.
★★★ အရှင်မင်းကြီး မြားကို မြေပေါ်သို့ လွှတ်ချလိုက်ပါဘုရား …. 

လို့ ပြောမှ ဘုရင်လည်း မြှားကို လွှတ်ချလို့ရတော့တယ်။

.
ဥတေနမင်းကြီးဟာ သာမာဝတီရဲ့ ရှေ့မှာ သားငယ်တစ်ယောက်က မိခင်ကို တောင်းပန်ဟန်နဲ့ မုဆိုးဒူထောက် ထိုင်လျှက် 

.
★ ★ နှမတော် မောင်တော့်ကို ခွင့်လွှတ်ပါ ။ 
ကျုပ်ဟာ သူတစ်ပါး ဂုန်းတိုက်စကားကို မဆင်မခြင် ယုံစားပြီး မှားယွင်းတဲ့ အမှုကို ပြုမိပြီ ။

ယနေ့က စပြီး နှမတော်တို့အလိုအတိုင်း မြတ်စွာဘုရား အား အလှူဒါန ပေးကြပါကုန် ။

ကျောင်းတော်သို့ သွားပြီး တရားနာကြပါကုန်။

ယနေ့ကစပြီး ဗုဒ္ဓနှင့်တစ်ကွ သင်တို့ရဲ့ အစောင့်အရှောက်ကို ငါပေးအံ့ ….
ငါ့အား ခွင့် လွှတ်ကြပါကုန် …. လို့မိန့်သတဲ့ 


.
★★★ မောင်တော်မင်းကြီးကို နှမတော်တို့က အပြစ်မမြင်တဲ့အပြင် အပြစ်ပြုသူလို့လဲ သတ်မှတ်မထားတဲ့ အတွက် အဘယ်မှာ ခွင့်လွှတ်စရာလိုမလဲ မောင်တော်။ 

.
နှမတော်တို့ နှလုံးသားထဲက အလိုဆန္ဒကို ဖြည့်ဆည်းပေးတဲ့ မောင်တော့်ကျေးဇူးသာလျှင် ကြီးကျယ် မြင့်မြတ်တော်မူလှပါတယ်။

သာဓု သာဓု သာဓု ပါ မောင်တော်မင်းကြီး
.

.
အခန်း ( ၇ )

ဘယ်လို … ဘယ်လို 
အရှင်မင်းကြီးက သာမာဝတီထံက ခွင့်လွှတ် မှုရဘို့ မြေပြင်မှာဒူထောက်တောင်းပန်သတဲ့လား ။

ရဟန်းဂေါတမ ကိုအစောင့် အရှောက်ပေးမတဲ့လား ။

သာမာဝတီနဲ့ နောက်လိုက် ငါးရာ တရားနာသွားရင် အစောင့်အရှောက်ပေးမတဲ့လား ။

အားးးးးးးးးးးးးးးးးးးးးးးးး

.
အမိုက် အမှောင်ဖုံးနေရှာတဲ့ မာဂဏ္ဍီ ဟာ နောင်တ မရနိုင်ပဲ ဘုရားရှင် သာသနာတော်နဲ့ သာသနာတော်ကို ယုံကြည်သူတွေကိုပါ မြေလှန်ဘို့ ကြိုးစားတော့တယ်။

.
ဒီလိုနဲ့ ဥတေနမင်းကြီး တောကစားထွက်သွားတဲ့ တစ်နေ့မှာ 
…..
ဦးရီးတော်စူဠ မာဂဏ္ဍီဦးဆောင်တဲ့ ရဲမက်တွေနဲ့ သာမာဝတီ မိဖုရားရဲ့ နန်းဆောင် တစ်ခုလုံးကို မီးလောင်တိုက် သွင်းလိုက်ပါတော့တယ်။

.
သာမာဝတီမိဖုရားနဲ့ နောက်ပါတွေဟာ ယမန်နေ့ညက ဘုရားရှင်ဟောတော်မူတဲ့ အတိုင်း မမေ့ မလျှော့သော လုံ့လ သတိတို့နဲ့ ဝေဒနာ ကမ္မဌာန်း နှလုံးသွင်းကြကာ ကိလေသာကို ရှို့မြှိုက် လိုက် ကြ ရင်း သကဒါဂါမ် အနာဂါမ်များအဖြစ် ဗြဟ္မပြည် အသီးသီးကို ရောက်ရှိသွားကြတယ်

.
နန်းဆောင် တစ်ခုလုံးပြာပုံနဲ့ အတူ သာမာဝတီမိဖုရားနဲ့ နောက်ပါ အခြွေအရံများရဲ့ အရိုးတွေပါ ပြာပုံ အဖြစ်ရောက်ရှိသွားကြတယ်။

.
ဥတေန ဘုရင်မင်းမြတ်ရဲ့ နှလုံးသား တစ်စစီ ပျက်ကြွေတဲ့ နေ့ပါပဲ …။

.
★ အရှင်မင်းကြီး တော်ကစားထွက်ရက ပြန်အလာ စိတ်မချမ်းမြေ့စရာ သတင်းအတွက် နှမတော် တစ်ကယ်စိတ်မကောင်းပါဘူး ဘုရား ။


အမတော် သာမာဝတီ နန်းပြသဒ် မီးလောင်စဉ် အချိန်မှာ နှမတော်က ဦးရီးတော်ဆီ သွားလည် နေခိုက်ဖြစ်ပြီး သတင်းကြားကြားချင်း ပြန်လာပေမယ့် နှောင်းခဲ့ပါတယ်ဘုရား။ 

အမတော်အတွက် နှမ မာဂဏ္ဍီလည်း နှလုံးပျက်ကြွေမတတ်ဖြစ်ရပါတယ် ဘုရား …။


.
★ ★ အို … နှမတော် မာဂဏ္ဍီ 

ကျုပ် နန်းတော်ရောက်ရောက်ချင်း ကျုပ်ရဲ့ကျေးဇူးရှင်ကို လိုက်စုံစမ်းခဲ့တယ် ။ 

သူသတ်တွေဟာ မင်းဒါဏ်ကြောက်လို့ ငါ့ကို အမှန်အတိုင်းလျှောက်တင်ကြပေတယ် ။

သင့်ကို ကျုပ်က ကျေးဇူးတင်နေတာ နှမတော်။ မောင်တော်ပြုရမယ့် အမှုကို နှမတော်က မောင်တော့် ကိုယ် စား ပြုခဲ့ပေတယ်။

.
ရဟန်းဂေါတမနဲ့ အပေါင်းအဖော်ပြုပြီး ငါကိုယ်တော်ကို အမျိုးမျိုးသတ်ဘို့ကြံစည် အားထုတ် နေသူ သာမာဝတီကို သင်က သတ်ပေးပေသည်။ 

.
ဒီအတွက် သင့်ကို မိဖုရားကြီးရာထူးနှင့်တစ်ကွ ဆုလဒ်ပေးလိုပေတယ် နှမတော်။ 

ဒါကြောင့် နှမတော်ရဲ့ဆွေတော်မျိုးတော်များပါ မိဖုရားကြီးရဲ့ ဆွေတော် မျိုးတော်တွေအဖြစ် ရာထူးများ ချီးမြှင့်လိုတယ် နှမတော်။

.
နှမတော်ကျေးဇူးနဲ့ ခုတော့ငါ စိတ်အေးချမ်းသာစွာနေရပေပြီ နှမတော်။ 
နှမတော်ရဲ့ ဆွေမျိုး တော်တွေ စုံရင်သာ မောင်ကြီးဆီ အကြောင်းပြန်ပါနှမတော်။

.
★ အို ….၀မ်းသာလိုက်တာ အရှင်မင်းကြီးရယ် ။
 နောက်ဆုံးတော့ အရှင်မင်းကြီး က မာဂဏ္ဍီရဲ့ အချစ်တွေ မာဂဏ္ဍီရဲ့ စေတနာ မေတ္တာတွေကို အသိအမှတ်ပြုပြီပေါ့။

.
စုန်းအတတ်နဲ့ ပြုစားတတ်တဲ့ လမ်းဘေးက သူဖုန်းစား မိန်းမတစ်ယောက်ရဲ့ မာယာကို သိပြီပေါ့ … နှမတော်ဝမ်းသာလိုက်တာ မောင်ကြီးရယ်။ 

နှမတော်ရဲ့ ဆွေတော်မျိုးတော်တွေ အားလုံး မောင်ကြီးရှေ့တော်မှောက် အမြန်ဆုံး ရောက်ရ ပါစေ့မယ် ဘုရား။

.
မာဂဏ္ဍီရဲ့ နိဂုံး ……

.
မာဂဏ္ဍီဟာ သူမရဲ့ ဆွေမျိုးတော်စပ်သူတွေအပြင် ဆွေမျိုးတော်စပ်တယ်လို့ လိမ်ညာပြောဆိုသူ မိမိအသိ မိမိမကောင်းတာလုပ်တိုင်း ခိုင်နေကျ သူတွေကိုပါ ဆွေမျိုးဆိုပြီးခေါ်လာခဲ့တယ်။

.
ဥတေနမင်းကြီးဟာ စုဠမာဂဏ္ဍီနဲ့တစ်ကွ မာဂဏ္ဍီရဲ့ ဆွေ( ၇ ) ဆက် မျိုး ( ၇ ) ဆက်ကို ဥပါယ်တမျှင်နဲ့ အထက်က ပြောတဲ့အတိုင်း ခေါ်လာပြီး 

.
ပုခက်တွင်းကခလေးပါမကျန် နန်းရင်ပြင်မှာ တွင်းတူးစေပြီး တစ်ကိုယ်လုံးကို မြေမှာမြှုတ်လျှက် ခေါင်းမျှသာ ချန်ထားပြီး သံသွားတပ် ထွန်ယက်တွေနဲ့ ဥက္ခောင်းများ ညက်ညက်ကျေအောင် အထပ်ထပ်ထွန်စေခဲ့တယ်။


မာဂဏ္ဍီ မိဖုရားကိုတော့ နန်းရင်ပြင်မှာ မိမိကိုယ်တိုင် မီးဖို ဆီအိုးတည်စေပြီး မိမိအသားများကို မိမိကိုယ်တိုင် လှီးဖြတ် မသေမချင်း မိမိအသား မိမိဖာသာ လှီးဖြတ် ကျော်စားခိုင်ခဲ့တယ်။

နောက်မှ မာဂဏ္ဍီကို အရှင်လတ်လတ် အပိုင်းပိုင်းခုတ်ဖြတ် သတ်စေခဲ့တယ်။

.
မာဂဏ္ဍီရဲ့ မကောင်းမှုကုသိုလ်ကံဟာ ဘ၀မကူးခင်မှာပဲ ရက်ရက်စက်စက် ဆိုးရွားစွာ တုန့်ပြန် တာခံခဲ့ရတယ်။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.
ဒီနေ့တော့ ဃောသိကာရုံကျော်တော်မှာ ရဟန်းတွေရော … ဃောသက ၊ ကုက္ကုဋ ၊ ပါဝါရိက သူဌေး သုံးပါးနဲ့ နောက်ပါအခြွေအရံများ စုဝေးပြီး သူ့ထက်ငါ အလုအယက် ထင်ကြေးတွေပေး စောဒကတွေတက်နေကြလေရဲ့ ….

.
…. သာမာဝတီ မိဖုရားက ဗုဒ္ဓကို ကြည်ညို ကိုးကွယ်ခဲ့တာတောင်ဘာလို့ မီးလောင်ပြီး ပက်ပက် စက်စက် သေရတာလဲ ။

.
…. မာဂဏ္ဍီ အလှမလေးကရော သေခါနီး ကိုယ့်အပြစ်ကို ဆင်ခြင်ရဲ့လား နောင်တရရဲ့လား

…. ဘယ်သူက သေသူအစစ်လဲ ဘယ်သူကရှင်သူလဲ စသည်ဖြင့် အချင်းများကြပြီး ဘုရား၇ှင်ထံ လျှောက်ထားကြတယ်။

.
★ ဘုန်းတော်ကြီးသော မြတ်စွာဘုရား

မာဂဏ္ဍီနှင့် သူ့ဆွေမျိုးများ၏ လုပ်ကြံမူကြောင့် သာမာဝတီ မိဖုရားကြီးနှင့်တကွ နောက်လိုက် ခုနှစ်ရာ၊ အခြွေအရံပါ မကျန်သေဆုံး၍ သွားရှာကြပါပြီ။

.
ဥတေနမင်းကြီး ကွပ်မျက်မူကြောင့် မာဂဏ္ဍီမိဖုရားနှင့်တကွ သူ့တစ်ဆွေတစ်မျိုးလုံး သေဆုံး၍ သွားကြရပါသည်။

.
ဒီသေခြင်း နှစ်မျိုးအနက် ဘယ်အရာဟာ သေခြင်း ဘယ်အရာဟာ ( ဘ၀ ၊ သမိုင်း ၊ နာမည် ) သေခြင်းအစစ် ဖြစ်ပါသလဲဘုရား ….

.
★ ★ ဗုဒ္ဓက …. 
.
အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ၊ မစ္စုနောပဒံ
အပ္ပမတ္တာ နမိယန္တိ၊ ယေပမတ္တာ မတာယထာ။

.
ချစ်သားတို့ …..
အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ 
အမတံ- အပြန်ပြန် အထပ်ထပ် သေခြင်းမှ လွတ်ကင်းရာ ၊ 
ပဒံ- အကြောင်း တည်း။

.
ပမာဒေါ - မေ့လျော့ခြင်းသည်၊ 
မစ္စုနော - အပြန်ပြန် အထပ်ထပ် သေခြင်း၏၊ 
ပဒံ - အကြောင်းပင်တည်း။


အပ္ပမတ္တာ နမီယန္တိ - မမေ့မလျော့သူတို့သည် မသေကုန် ( သေခြင်းကို အောင်နိုင်၏ )။

ယေ ပမတ္တာ ယထာမတာ - မေ့လျော့သူတို့သည် အသက်ရှင်လျှက် သေသူတို့နှင့် တူကုန်၏ ….. တဲ့ 

.
ဆိုလိုတာက 

ချစ်သားတို့ …. သတိမရှိပဲ မေ့လျှော့စွာနေသောသူဟာ အသက်ရှင် နေပေ မယ့် အသက်မဲ့နေသူလို ဖြစ်နေပြီး 


မမေ့မလျှော့သော သတိနဲ့ ကျင့်ကြံအားထုတ်နေထိုင်သူ စက္ကန့်တိုင်း မိမိပြုနေတဲ့ ကာယ ၀စီ မနော တို့ကို စောင့်ထိန်းလျှက်


မိမိရဲ့အချိန်တွေကို တန်ဘိုးရှိစွာ သတိ ပညာ ဥာဏ်နဲ့ နေမှသာ တစ်ကယ့် အသက်ရှင်သူလို့ ဆိုနိုင်ပြီး ။

.
အရာရာကို မေ့လျှော့စွာနေထိုင် အသက်ရှင်သူ တွေဟာ ရှင်လျှက် သေနေသူတွေသာ ဖြစ်တယ်လို့ မိန့်တော်မူခဲ့တာပါ။

.
(((( သတိနဲ့ နေတဲ့ အကျင့်ကို များများလုပ်လာတဲ့အခါ မေ့လျော့ နေခြင်းသည် တကယ် အသက် မ၀င်ဘူး ဆိုတာ သိလာတယ်။ သတိနဲ့နေတာဟာ လူ့ဘ၀မှာ တစ်ကယ်ကို အသက်ရှင်နေခြင်း ဖြစ်တယ်။ ))))


.
★ မောင်လေး ညီမလေးတို့ရေ ….
.
ဘုရားရှင် ကောသမ္ဗီမှာရှိနေစဉ် အချိန်မှာပဲ သံဃသမိုင်းမှာ ပထမဆုံး သံဃာ ဂိုဏ်းကွဲမှုကြီးဖြစ်ခဲ့သေးတယ် ။

.
ဝိနည်းဆောင်ရဟန်း တစ်ပါးရဲ့ ကောက်ကျစ်စွာ သုတ္တံ ဆောင်ရဟန်းကို မုသားပြော သိက္ခာချမှုနဲ့ သံဃာထု ( ၂ ) ဖွဲ့ကွဲပြီး ထိန်းမရ သိမ်းမရနဲ့ အထိကရုန်းတွေဖြစ် ပြီး ဘုရားရှင်လည်း ပြန်လည် သင့်မြတ်ဘို့ အမျိုးမျိုး ညီညွတ်ရေးတရားတွေဟောပေမယ့်လည်း မရတာကြောင့် 
မဂ်ဖိုလ်ကိစ္စမှ အချည်းနှီးဖြစ်သော ဤယောကျာ်းတို့သည် ဆုံးမ၍ မရတော့ကုန်၊ အသိတရားရဖို့ရန် မလွယ်ကူ လို့ နှလုံးသွင်းတော်မူပြီး ဘုရားရှင်ဟာ တစ်ပါးထည်း ပါလိလေယျ တောအုပ်ကို အားလုံးကို ထားခဲ့ပြီး ထွက်သွားတော်မူခဲ့ဘူးတယ်။

.
ဒီမကြောင်းတွေကိုနူးမရေးတော့ဘူးနော် ။ 
တစ်ချို့အကြောင်းအရာတွေဟာ ပစ္စုပ္ပန် ပြသနာတွေနဲ့ တစ်ထပ်ထဲနီးပါး တူနေတဲ့အခါ ရေးရတာ နူးအတွက် အဆင်မပြေဘူးလေ။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.
★ သာမာဝတီလေးကတော့ …..

ဗုဒ္ဓမပွင့်မီ နှစ်တစ်သိန်း အထက် အခါက သာမာဝတီလောင်းလျှာနဲ့ နောက်ပါအခြွေအရံတွေဟာ 
ရေချိုးဆိပ်ဆင်းပြီးအပြန် ချမ်းလှတဲ့အတွက် အနီးအနားမှာရှိတဲ့ ပစ္စေက ဗုဒ္ဓ သမာပတ်ဝင်စားနေတဲ့ သစ်ရွက်မိုး ကျောင်းသင်္ကန်းလေးကို အထဲမှာဘယ်သူရှိမလဲ မစူးစမ်းပဲ မီးရှို့ပြီး မီးလှုံခဲ့ကြတယ်။
.
သစ်ရွက်တဲ ပြိုကျတော့မှ အထဲက ပစ္စေကဗုဒ္ဓကိုတွေ့ပြီး ….
ဟာ …. ဒီအရှင်မြတ်ဟာ ငါတို့မင်းကြီးကိုးကွယ်တဲ့ အရှင်ပေပဲ ။ သူမသေပဲ မင်းကြီးထံ ရောက်သွားရင် ငါတို့မင်းဒါဏ်သင့်လိမ့်မယ်။ 
အခု မင်းကြီးမသိသေးခင် မီးလောင်တိုက်သွင်း အစဖျောက်ထားကြရအောင်လို့ တိုင်ပင်ပြီး ထင်းတွေရှာ မီးမီးတိုက်ကြပါတယ်။
.
ထင်းတွေကုန်သွားတဲ့အခါမှ ပစ္စေကဗုဒ္ဓက နိရောဓသမာပတ် ကထတော်မူပြီး ကောင်းကင်ကို ပျံတက်သွားတာမြင်တဲ့အခါမှာ သူတို့အားလုံး နောင်တကြီးစွာရခဲ့ကြတယ်။
.
အစ ပထမ မီးရှို့စဉ်က စေတနာမပါလို့ ကံမထိုက်သော်လည်း 
ဒုတိယအကြိမ်မှာ စေတနာနဲ့ ပြုတဲ့အတွက် ကံထိုက်ပြီး ဒီအကုသိုလ်ကံကြောင့် ငရဲကျရောက်ခဲ့တယ်။ ငရဲကလွတ်ပြီး အခုဘ၀မှာ ၀ိပါတ် အကြွင်းအကျန်အနေနဲ့ မီးလောင်တိုက် သွင်းခံရပြီးသေဆုံးကြရတာပါ။
.
နောင်သောအခါ မြတ်စွာဘုရားရှင်ဟာ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်

ချစ်သားတို့ ဥပါသိကာ အမျိုးသမီးတို့တွင် သာမာဝတီ သည် မေတ္တာဈာန်ဖြင့် နေလေ့ရှိသောသူတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်လို့ ဧတဒတ် ထားတော်မူခဲ့ပါတယ်။

.
★ မာဂဏ္ဍီလေးမှာတော့ ….
.
မိမိကို ငြင်းပါယ်တဲ့ အတွက် ဘုရားရှင်အပေါ်မှာ ထားခဲ့တဲ့ အမုန်းတရား နဲ့ ရန်ညှိုး ကို မွေးမြူပေါင်းသင် ကြီးထွားစေကာ
.
အမိုက် အမှောင် ဖုံးပြီး ဗုဒ္ဓကိုသာမက နောက်ပါ သံဃာအားလုံးနဲ့ တစ်ကွ 
ဗုဒ္ဓ ဘာသာဝင် တွေကို အညှိုးအတေးနဲ့ မိမိ အာဏာရှိချိန်မှာ မြေလှန်ဘို့ ကြိုးစားခဲ့တဲ့ အကုသိုလ်ကံ ရဲ့ အကျိုးပေးကို မသေခင်ထဲက ခံစားသွားရှာတယ်။
.

.
ကဲ မောင်လေးညီမလေးတို့ကလည်း မိမိအသက်ရှင်နေတဲ့ ရေတစ်ပွက်စာမျှ မရှိတဲ့ အချိန်လေးမှာ အသက်ရှင်သူ စစ်စစ်များ အဖြစ် မိမိတို့အချိန်တိုင်းပြုနေတဲ့ ကာယ ၀စီ မနော ကံသုံးပါးကို မမေ့ မလျှော့ သတိနဲ့ ထိန်းချုပ်နေထိုင်နိုင်ကြပြီး 
.
လောဘ ဒေါသ မောဟအမှောင်တွေ ဖုံးတဲ့ …… 
မာဂဏ္ဍီ လို 
မာဂဏ္ဍီရဲ့ နောက်လိုက် တွေ လို 
မျက်ကန်း တွေ မဖြစ်ကြစေဘို့ ဆန္ဒပြုရင်း ……
.
.
ချမ်းမြေ့ကြပါစေ ရှင် …..