Sunday, June 14, 2015

★ June Ko Kyaw





June Ko Kyaw
.
အစ်မ နူးး ရေ
ကျနော်တို့ရပ်ကွက်မှာ ဓမ္မာရုံဆောက်နေတာ 
လူကြီးလာကြည့်ပြီး အရပ်မျက်နှာ သင့်မသင့် စုံစမ်းကြည့်ဦးပြောနေလို့၊
ကျနော်ကတော့ ကောင်းတာ လုပ်တာပဲဆိုပြီး နဂို ရှိပြီးသား ပန္နက်အတိုင်းပဲဆက်ဆောက်တာ တော်တော် ပြီးနေပါပြီ၊
မျက်နှာမူတာက အရှေ့တောင် ၊ကျောပေး အနောက်မြောက်ပေါ့ ၊ ဒီလို အရပ်မျက်နှာ အယူမရှိလည်း အကိုးအကားလေးနဲ့ ပြောပေးပါဦးနော် ၊
လာကြည့်သွားတဲ့ လူကြီးကို ဂဃနဏလေး ပြန်ပြောချင်လို့ပါ ...
လေးစားလျက် JKK.
.
Ba Wa Tit
.
ဗုဒ္ဓဘာသာနှင့်ဗေဒင်၊ နက္ခတ် နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွား ကြသည်။
 ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။
 ကောင်းကင် မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။
.
ကံနဲ့ ကံရဲ့အကျိုးကို ယုံရပါမယ်။ 
ဒီလိုမဟုတ်ဘဲ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးရှိလမ်း ကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် 
ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမ္မာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။
.
ရက်ရာဇာနေ့မှာ သူတပါးအသက်သတ်လည်း အကုသိုလ်ဖြစ်တယ်။
 ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရ တာပါပဲ။ 
ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။
.
ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို
 ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် 
အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော်ဖြစ်ပါတယ်။
.
မောင်လေးရေ...ကိုဘ၀သစ်ပြောတဲ့အတိုင်းပါပဲ... 
ဘုရားတည်ကျောင်းဆောက်ဘာညာနဲ့ ပတ်သက်ပြီး ဘုရားရှင် ပဥာတ်ထားတာမရှိပါဘူး...။

ဒါပေမယ့် .... နိုင်ငံတိုင်း ဘာသာတိုင်း even America မှာတောင် မိရိုးဖလာ ယုံကြည်မှု တွေရှိနေ ပါတယ်.... 
ဒါကို ဘယ်ဘာသာရေးခေါင်းဆောင် ..ဘယ်ဘာသာကမှ ဘယ်နိုင်ငံမှာမှ.... ဒီမိရိုးဖလာ အယူတွေ ပပျောက်အောင်မ လုပ်နိုင်ပါ ဘူး ...
.
ကိုယ်ကစောဒကတက်ရင် ရှေးရှေးဘိုး ဘွားတွေ ၀မ်းနဲကုန်မယ်လေ ...
ဒီတော့ အဆင်ပြေသလို သူတို့စိတ်ချမ်းသာစေမယ့် အဖြေလေးပေးလိုက်ပါမောင်လေး ရယ်...။
.
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

သံဃာတော်ထိုင်ခုံတွင် ပါစတာ သို့မဟုတ် ပလီဆ၇ာ ထိုင်ခွင့် ရှိမရှိ


သံဃာတော်ထိုင်ခုံတွင် ပါစတာ သို့မဟုတ် ပလီဆ၇ာ ထိုင်ခွင့် ရှိမရှိ
.
ကျမအတွေ့ ကြုံ နဲ့ နားမလည်တာ တခုမေးပါရစေ
မြန်မာပြည်မှာ ဘာစ်ကားစီးကြသူတိုင်းအသိပါ ဘာစ်ကားရဲ့ ရှေ့ဆုံး ညာဖက်မဟုတ်ရင် ဘယ်ဖက် ထိုင်ခုံက သံဃာတော်များနေရာ လို့ ထိုင်ခုံ ချန်ပေးထားပါတယ် .. သံဃာလာလို့ရှိရင်နေရာဖယ်ထားပေးရမှာဖြစ်ပါတယ်
.
ဒီလိုပါ တနေ့ ကျမ ခရစ်ယာန်ပါစတာ တစ်ယောက်နဲ့ အင်းစိန်ကနေ ဆူးလေ သွားတဲ့ချိန် ပါစတာက သံဃာတော်များနေရာ ထိုင်ခုံမှာ ထိုင်ပါတယ် ..
.
လှည်းတန်းအကျော် အဝိုင်းကားမှတ်တိုင်မှာ သံဃာတပါး တက်လာပါတယ် ... 
ကားစပယ်ယာက ပြောပါတယ် ရှေ့က ထိုင်ခုံ ဖယ်ပေးပါ သံဃနေရာလို့ ...
ကျမ ပြန်ပြောပါတယ် သူက ကျမတို့ ခရစ်ယာန် ပါစတာပါလို့ ..
ကားစကယ်ယာက မရဘူးတဲ့ ဖယ်ပေးပါတဲ့ ...
အဲဒီ သံဃာကလည်း ထိုင်လိုက်ပါရပါတယ် မပြောဘူးး ထိုင်ခုံဘေးမှာ ရပ်စောင့်နေပါတယ် ..
.
စပယ်ယာရှေ့တိုးလာပြီး ဖယ်ပေးပါဆိုတာ မကြားဘူးလားလု့် ဘာညာ ခပ်ကြမ်းကြမ်းလာပြောပါတယ် ... ဒါနဲ့ ဖယ်ပေးလ်ုက်ပါတယ် ...
.
ဘာသာတခုရဲ့ ခံယူချက်အရ ခရစ်ယာန် ပါစတာဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး သံဃာ များနှင့် တူပါတယ်
.
ကျမနားမလည်တာက အဲဒီချန်ထားတဲ့ ထိုင်ခုံက ဗုဒ္ဓဘာသာ ဘုန်းကြီး သံဃာများသာ အတွက် သက်သက် လား တကယ်လို့ ခရစ်ယာန် ပါစတာ ဖြစ်ဖြစ် အစ္စလာမ်ဘာသာ ဗလီဆရာဖြစ်ဖြစ် ဟိန္ဒူ ဘာသာ ဆရာဖြစ်ဖြစ် ထိုင်လို့မရဘူးလား ဆိုတာ နားမလည် ဖြစ်မိပြီး ခုထိစဉ်းစားမိပါတယ် ....
သိချင်ယုံသက်သက်ပါေ ကျးဇူးတင်ပါတယ်
.

ဟုတ်ကဲ့ခင်ဗျာ ခရစ်ယာန်ကိုတော့မသိပါဘူး ... 
ဗလီဆရာ တို့ ဟိန္ဒူဘာသာရေး ဆရာတို့ဆိုတာ ......ဇနီးမယားနဲ့ အတူနေကြတဲ့ မိသားစုတွေနဲ့ နေကြတဲ့ သာမာန်လူနစ်ယောက်သာဖြစ်ပါတယ် ....
အကျင့်သီလ ..စရဏ စသော သူတော်ကောင်းတရား နဲ့ မယှဉ် တဲ့အတွက် သာမာန်လူထက် ပိုထူးသော အရိုအသေမရှိနိုင်ပါ .......
အကျင့်သီလ ...စရဏ တရား ရှိသော အကျင့်သီလ ရှိသော သံဃာ သို့မဟုတ် ခရစ်ယာန်ဘုန်းတော်ကြီး(ဓမ္မဆရာမဟုတ်ပါ) များကို အရိုအသေပြုအပ်ပါတယ် ..... 
ဒါပေမယ့် သံဃာ ဟူသောစကားရပ်ကို ရည်ညွှန်းထားခြင်းကြောင့်သာ ..စပယ်ယာအနေဖြင့်လည်း နာမလည်တတ်ခြင်းကြောင့်သာဖြစ်ပါလိမ့်မယ် ....
.
ဗုဒ္ဓဘာသာနိုင်ငံနဲ့ မဆိုင်ပါဘူး ရှင်.... 
.
ရဟန်းတော်တွေကိုယ်တိုင် ၀ိနည်းအရ ... မာတုကာမ ... ပြီးတော့ လူပုဂိုလ်တွေနဲ့ ပူးကပ်မနေပါဘူး ....
ပြီးတော့ အပေါ်မှာကိုစည်သူပြောသလိုပါပဲ ... သင်းအုတ်ဆရာ ... ပလီဆရာတွေက လူတွေနဲ့ ဘာမှမခြားပါဘူး .... အိမ်ထောင်ပြု သားမယားနဲ့ ကိလေသာကျောမှာ ... မျောနေသူတွေပါ ..။
.
ဒါကြောင့် (((ဘာသာတခုရဲ့ ခံယူချက်အရ ခရစ်ယာန် ပါစတာဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး သံဃာ များနှင့် တူပါတယ်)))) ဆိုတဲ့စကားကလွဲပါတယ် .... လုံးဝမတူပါဘူး
.
ဘာလို့ လဲဆိုရင် .... သူတော်ကောင်းတရား ... အကျင့် အကြံ သူတို့မှာ မရှိတဲ့အတွက် ရိုးရိုးသာမန်လူတွေပါပဲ .... ဒီအတွက်မလိုပါဘူးရှင် .... 
.
ခရစ်ယန်နိုင်ငံတွေမှာလဲ သင်းအုတ်ဆရာကို ဘတ်စကားပေါ်မှာ ထပေးရမယ်ဆိုတဲ့ ထုံးတမ်းစဉ်လာ မရှိပါဘူးရှင် .... 
.
ခရစ်ယန်နိုင်ငံတွေ မှာတောင်မှ မရတဲ့ ... မပေးတဲ့ အခွင့်ရေးတစ်ခုကို ခရစ်ယန် နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်ခုမှာ ... သီးသန့်လိုချင်လို့တော့မဖြစ်နိုင်ပါဘူး ....
သံဃာတော်များအတွက်သာ ဆိုတဲ့အဓိပါယ်က ....
ကိလေသာကိုစောင့်ထိန်းတဲ့ သီလစင်ကြယ်သူတွေ အတွက်ပါလို့ အဓိပါယ်ရပါတယ် ....
တစ်ကယ်လို့ဒီခုံမှာထိုင်မယ့်ရဟန်းမရှိသေးရင်တော့ ပါစတာဖစ်ဖစ် ပလီဆရာဖစ်ဖစ် ကြိုက်တဲ့သူထိုင်လို့ရပါတယ် .... ကျေးဇူးပါရှင် ....။
.
.
ချမ်းမြေ့ကြပါစေ
.

.

အ င်္ဂု လိ မာ လ




အင်္ဂုလိမာလ ရေးပေးပါလို့ပူဆာနေတဲ့ မောင်လေးညီမလေးတွေအတွက်ပါရှင် .... 
.
★ အရှင်ဘုရား .... မဟာရာဇာ ပသေနဒီကောသလ မင်းကြီး ကြွရောက်လာပါတယ် ....
★ ★ ★ သူဝင်လာပါစေ .... 
★ အရှင်ဘုရားကို ဦးတင် ရှိခိုးကန်တော့ပါတယ် ... 
★ ★ ★ မင်းမြတ် ... မေးလျှောက်လိုတာရှိလျှင် မေးလျှောက် နိုင်ပါတယ် ...
.
★ အရှင်ဘုရား ... တောပုန်းကြီး အဂုင်္လိမာလဟာ ရှောင်တိမ်းနေတာကြာခဲ့ပါပြီ .... ဒါပေမယ့် တပည့်တော် ကြားသိရတာကတော့ ... လူဆိုးကြီးဟာ အရှင်ဘုရားရဲ့ အရိပ်အောက်မှာ ရောက်ရှိနေတယ်လို့ သိရ ပါတယ် ဘုရား ...
.
★ ★ ★ မင်းမြတ် ... အင်္ဂုလိမာလဟာ ကျွန်နုပ်၏ အရိပ်အာဝါသ အောက်မှာ မရှိပါ ....
ရဟန်း အဟိံသက သာ ရှိပါ သည် ... သူဟာပြောင်းလဲသွားခဲ့ပေပြီ .... ။
.
★ အရှင်ဘုရား .... အပြစ်ရှိတဲ့သူဟာ ... နောင်တရပြီလို့ ပြောယုံနဲ့ ... အပြစ်ကလွတ်ရောလားဘုရား ။
ဒီလိုပုဂိုလ်မျိုးတွေကို ခွင့်လွှတ်နေရင် ... တိုင်းပြည်တစ်ခုကို ဘယ်လို အုပ်ချုပ်မလဲ ဘုရား ... ။
.
★ ★ ★ မင်းမြတ် .... သနားခြင်း ဂရုဏာထားခြင်း ခွင့်လွှတ်ခြင်းအားဖြင့် တိုင်းသူပြည်သားကောင်း အင်အားကို တိုးပွားစေ ပြီးတိုင်းပြည်ကို စောင့်ရှောက်နိုင် ပါတယ် .... ။
.
★ ဘယ်လိုဖြစ် နိုင်မှာလဲဘုရား ...
.
★ ★ ★ ဖြစ်နိုင်ပါတယ် မင်းမြတ် ... သနားခြင်း ဂရုဏာထားခြင်း ခွင့်လွှတ်ခြင်းဖြင့် မကောင်းမှုတွေကို တားမြစ်နိုင်ပါတယ် ...
.
★ ပြစ်ဒါဏ်မခံရဘို့ သာသနာဘောင်ဝင်ပြီး သာသနာတော်ကိုခုတုံးလုပ်ပြီး ဟန်ဆောင်တာလဲဖြစ်နိုင်ပါတယ် ။
.
★ ★ ★ ဘယ်နိုင်ငံမဆို နိုင်ငံရဲ့တာဝန်ဟာနိုင်ငံအကြီးအကဲနဲ့ဆက်နွယ်နေတယ် ...
ဥပမာတွေအများကြီး၇ှိတယ်မင်းကြီး .... 
ဘုရင်အများစုဟာ သူတို့မာန်မာနအတွက် စည်းကမ်းကို အကာအကွယ် ယူပြီး လူတွေကိုသတ်ဖြတ်ခဲ့ကြတယ် ... 
ဒါပေမယ့်သူတို့ဟာနောင်တမရခဲ့ကြဘူး ... ဒီလိုနည်းနဲ့ ပြည်သူတွေ ကိုခြိမ်းခြောက် ဘုန်းတန်ခိုးကိုတက်စေကြတယ်။
.
★ ★ အရှင်ဘုရား တပည့်တော်ဟာ လူသတ်သမား အမှန် စင်စစ်တစ်ယောက်ဖြစ်ပါတယ် ... ရက်စက်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ် ... 
ဒါဏ်ပေးသင့်ပါတယ် သေဒါဏ်ဖြစ်ရင်လည်းဖြစ်ပါစေဘုရား ... အပြစ်ဒါဏ်ခံယူရန်အသင့်ရှိပါတယ်ဘုရား ...
အခုတပည့်တော်မှာကြောက်စိတ်ဆိုတာမရှိတော့ပါဘူးဘုရား ... စိတ်မပူပန်တော့ပါဘူး ... ကြောက်ခြင်းမှလွတ်မြောက်နေပါပြီ ...
မင်းမြတ် အသင်ချမှတ်ထားတဲ့ဥပဒေအတိုင်းသာဆောင်ရွက်ပါ ။
.
★ ★ ★ သူဝန်ခံနေပြီမဟုတ်လား မင်းကြီး ... ဘာ့အတွက်နှောင့်နှေးနေတော့မလဲ ... ရဲမက်တွေကို ရာဇ၀တ်သားကို ဖမ်းဖို့အမိန့်ပေး လိုက်လေမင်းကြီး ...။
★ ရဟန်းမြတ် ... တထာဂတ မြတ်ဗုဒ္ဓက သင့်ကို ကယ်တင်ခဲ့လေပြီ ... သင် အပြစ်ဒါဏ်က လွတ်ငြိမ်းပြီ ...
မြတ်စွာသော အရှင်ဘုရား ... လူတွေမှာနောင်တ ရတတ်တဲ့စိတ် ရှိကြတာကို ယနေ့မှာ အရှင်ဘုရားကတပည့်တော်ကို သက်သေပြခဲ့ပါပြီဘုရား ...
ယနေ့စလို့ တပည့်တော်ဟာ နိုင်ငံကို မေတ္တာ ဂရုဏာ ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်နားလည်ခြင်း များနဲ့ အုပ်ချုပ်ပါ့မယ်ဘုရား ... 
တပည့်တော်ကိုသွားခွင့်ပြုပါဘုရား .... ဦးတင်ပါတယ်ဘုရား ။
.
အခန်း ( ၁ )
သူ ....
အင်္ဂုလိမာလ ... သို့မဟုတ် လက်ညှိုးများကို ပန်းကုံးအဖြစ် လည်မှာဆင်မြန်းသူ ... 
.
သူ့ကို လူတွေက လူဆိုးကြီးလို့ ခေါ်ကြတယ် ... တကယ်တော့ သူဟာ ရိုးဖြောင့်တဲ့  သာဝတ္ထိပြည်က ပုရောဟိတ် အမတ်ကြီးရဲ့သား သူဌေးသား လုလင် တစ်ယောက်ပေါ့ ....
.
ဒါပေမဲ့ ဆရာ့စကားကို ဦးထိပ်ထား လိုက်နာခဲ့တဲ့အတွက် တစ်နည်းပြော၇ရင် ဆရာတင်မှားတဲ့အတွက် သနားစရာ သိတ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ် ....
.
သူဟာ လူမှုရေး သိတတ်သူ၊ ကူညီချင်စိတ်ရှိသူ ဆရာကြီးနဲ့ဆရာကတော်တို့ရဲ့ ဝေယျာဝစ္စ ကို မငြီးမငြူ လုပ်ကိုင်ပေးလေ့ရှိသူ ပညာအရာမှာ ထူးချွန်ထက်မြက်သူ ... ဥာဏ်ရည်မြင့်မားသူ .... ဂါရ၀တရားနားလည်သူ .... တက္ကသီလာကျောင်းတော်မဟာမှာ ပညာအတော်ဆုံး ဖြစ်သူ စတဲ့ ကောင်းသတင်းများနဲ့ပျံ့နှံ့လို့  ဒိသာပါမောက္ခဆရာကြီးရဲ့ ကျောင်းတော် မဟာမှာ ကျောင်းသားတို့ အလယ် နာမည်ရခဲ့သူ ဆရာကတော်ရဲ့  အရေးပေးမှု ကို အများဆုံး ခံယူရသူတစ်ယောက်ပေါ့
.
ဒါ့ကြောင့် မလိုမူန်းထားသူ မျက်နှာမရသူ ကျောင်းသားအချို့ရဲ့ရံဖန်ရံခါ ကုန်းတိုက်မှုတွေကို ဒိသာပါမောက္ခဆရာကြီးက နားယောင်ပြီး .... မိမိဇနီးနဲ့ ဖောက်ပြန်နေသူလို့အထင်မှားကာ လက်ညိုးပေါင်း တစ်ရာ ဖြတ်မှ ပညာအကျိုးကိုရမယ် ပညာစောင့်ကိုပူဇော်ခြင်းမည်တယ် ဒါကြောင့် လက်ညှိုးတစ်ထောင် ရမှ ပြန်လာခဲ့လို့ ဆိုပြီး သူ့ကို ဥပါယ်တမျဉ်နဲ့  သူများသတ်လို့ သေစေတဲ့လမ်းကို ပို့လိုက်ပါတော့တယ် ...။
.
ဆရာအရှင်ဗြဟဏကြီးရဲ့စကားက မဟာဗြဟ္မကြီးနှုတ်ထွက်စကား လို့မှတ်ယူထားတာနဲ့အညီ သူဟာ ဆရာရဲ့စကားကိုမြေ၀ယ်မကျ နားထောင်လို့ တောပုန်းကြီးလုပ်ကာ ... လူတွေကိုသတ် လက်ညှိုးတွေဖြတ်ခဲ့တော့တယ် ...
.
ဒီလက်ညှိုးတွေကို နွယ်ကြိုးနဲ့သီတန်းပြီး .... လည်ပင်းမှာ ပန်းကုံးလို သီဆွဲထားလို့ သူ့ကို အင်္ဂုလိ = လက်ညှိုး ... မာလ = ပန်းကုံး ... လက်ညှိုးတွေကိုပန်းကုံးလိုသီ၍ဆွဲသူလို့ နာမည် ပေးကြတာပေါ့...။
.
ဒီလိုနဲ့ ... သူကျင်လယ်ကျက်စားတဲ့ ဇေတ၀န်တောထဲကို မဖြစ်မနေဖြတ်သန်း သွားကြတော့မယ်ဆိုရင် လူများဆိုရင်လဲ တစ်ကြိပ် နှစ်ကြိမ် သံဃာများလဲ တစ်ကြိပ်နှစ်ကြိပ် အစုအသင်းဖွဲ့ပြီး သွားရတော့တယ် ... လူအနည်းငယ်ဖြတ်သွားရင်တော့ တောပုန်းကြီးအဂ်ုလိမာလ လက်တွင်းကျရောက်ပြီး လက်ညှိုးအဖြတ်ခံရပါတော့တယ် ...
.
အတင့်ရဲပြီး ဆိုးရွားလာတဲ့တောပုန်းကြီးဟာ သူကျင်လည်ကျက်စားရာတောထဲမှာ လူတွေဖြတ်မသွားတော့ ရွာနီးချုပ်စပ်တွေဝင်ပြီး လူတွေကိုဖမ်းသတ် ပြီး လက်ညှိုးတွေဖြတ်ပါတော့တယ် ...
.
ပြည်သူတို့လည်း သည်းမခံနိုင်တာကြောင့် ကောသလမင်းကြီးအာ အဂုင်္လိမာလုကို ဖမ်းဆီးရန် ဆူပူတောင်းဆိုကြပါတော့တယ်။ဒါကြောင့် ကောသလမင်းကြီးဟာ သူ့စစ်တပ်နဲ့ အင်္ဂုလိမာလကို တောနင်းရှာဖွေ ကွပ်မျက်ဖို့ အမိန့်ထုတ်လိုက်ပါတော့တယ် ...။
.
အခန်း ( ၂ )
ဗုဒ္ဓ ....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နေ့စဉ်ပြုမြဲအတိုင်း ... ဗုဒ္ဓကိစ္စ ငါးပါးထဲက ... အာရုဏ်တက်ချိန် ... သမာပတ်ဝင်စားရာမှ အထ ... ယနေ့ ကျွတ်ထိုက်သူ ချွေချွတ်ရမယ့်သူကို ဥာဏ်တောနဲ့သုံးသပ်တော်မူတဲ့အခါမှာ .... တောပုန်းကြီးအင်္ဂုလိမာလကို မြင်တော်မူပါတယ် ...
.
ဒီလိုပဲ .....
ပုရောဟိတ်ကြီးရဲ့ဇနီး တောပုန်းကြီးရဲ့ မိခင်ကြီးဟာ လည်း ဘုရင်ကတောနင်းရှာနေပြီဆိုတာ သိတဲ့အတွက် သားအတွက် ရတက်မအေး ...သားလေး ဟာပုန်းအောင်းနေရတဲ့အတွက် အစာရေစာငတ်ရှာမှာပဲဆိုစဉ်းစားပြီး ... သားကို ချော့ခေါ်ရန်စားသောက်ဖွယ်ရာတွေနဲ့ တောထဲသို့ လိုက်သွားပါတော့တယ် ။
.
အခြားတစ်ဖက်မှာလဲ ....
အဂုင်္လိမာလဟာ ဂူထဲမှာပုန်းအောင်းနေရင်း အပြင်ကိုလှမ်းကြည့်ပြီး တွေးတာပေါ့ .... 
အင်း ခုဆို ငါဟာဘုရင့်တပ်ကိုရှောင်တိမ်းနေရတာ ရက်တွေအတော်ကြာခဲ့ပြီ ....
တက္ကသီလာက ဆရာအရှင် ဗြဟ္နဏကြီး သတ်မှတ်ထားတဲ့ တစ်နှစ်ဆိုတဲ့အချိန်ဟာလဲ သဘက်ခါဆိုပြည့်ပြီ ...
လက်ညှိုးတွေကလည်းပြည့်ဖို့ တစ်ယောက်သာလိုတော့တယ် ...
ဟော .... ဟိုမှာ တရွေ့ရွေ့လာနေတာ ဘယ်သူပါလိမ့် ... အော် ... အမယ်အိုတစ်ယောက်ပဲ 
သူဟာ မကြောက်မရွံ့ငါနေတဲ့တောကို ဘယ်လိုသတ္တိနဲ့ အဖော်မပါ တစ်ကိုယ်တည်းလာဝံ့တာတုန်း ...
.
ဟင် ... မိခင်ပါလား .... 
ငါက မိခင်ကိုသတ်ပြီး ငါ့ပညာအကျိုးရဘို့ လုပ်ရမှာလား ... မဖြစ်သေးပါဘူး ...
အင်း .. တစ်ကယ်တော့ မိခင် ဖခင်ဆိုတာ မဟာဗြဟ္မာကြီးဖန်ဆင်းထားတာပဲ ... တစ်လောကလုံးမှာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးကသာ မိခင်ဖခင်စစ်စစ်ဖြစ်တယ်တဲ့ ...
လူသားမိခင် ရဲ့သားသမီးဆိုတာ ... သူတို့အိုမင်းမစွမ်းရှိရင်သူတို့ကိုပြုစုဖို့ ... မဟာဗြဟ္မာကြီးဆီက တောင်းလို့ ... မဟာဗြဟ္မာကြီးက လက်ဆောင်ပေးထားတာပဲ ... 
ဒါကြောင့် သူတို့ရဲ့ကျေးဇူးမရှိဘူး ... အခုကြည့်စမ်း လက်ညှိုးတစ်ထောင်ပြည့်ဘို့တစ်ယောက်ပဲလိုတော့တယ် ... သတ်မှတ်ထားတဲ့ရက်ကလဲ ပြည့်တော့မယ် ... တိုက်တိုက်ဆိုင်ဆိုင် မိခင်ဟာလဲ တစ်ယောက်ထဲ ရောက်လာတယ် ... 
ဒါဟာ ... မဟာဗြဟ္မာကြီးရဲ့အလိုကျ ဖြစ်မှာပဲ ... သူမိခင်ကိုကောင်းကင်ဘုံပြန်ခေါ်တာပေါ့ ... ငါ့ကိုလဲပညာအကျိုး ..တန်ခိုးတစ်ခုခုပေးတော့မှာ ... ဒါကြောင့်မိခင်ကိုသတ် လက်ညှိုးတွေဖြတ်ပြီး မဟာဗြဟ္မာကြီးကိုပူဇော်ရမယ်။ 
လို့တွေးပြီး မိခင်ကို တရစပ်လိုက်ပါတော့တယ် ....
.
မိခင်လဲ ပြောင်းလဲလွန်းသွားတဲ့သူ့သားကိုကြောင်ကြည့်နေရာက သတိဝင်ပြီး လာရာလမ်းကိုလှည့်အပြေး ....
ရှေ့တူရူကနေ ... အေးချမ်းတဲ့ အပြုံးနဲ့ ... ဒေ၀တာတစ်ပါးလို စွမ်းအားတွေနဲ့ပြည့်စုံပုံရတဲ့ မျက်နှာတော်နဲ့ဗုဒ္ဓကိုမြင်တော့ ... အမယ်အိုဟာ ဗုဒ္ဓရဲ့နောက်ကိုပြေးပြီးပုန်းတော့တာပေါ့ ...
.
★ ★ အဟား .... ရှင်ကြီးဂေါတမပါလား .... မိခင် အသင် လွတ်ရာကိုပြေးပါတော့ မိခင်ကိုကျုပ်မသတ်တော့ဘူး ... ရဟန်းကြီးဂေါတမ လက်ညှိုးတွေနဲ့ပူဇော်ရမယ် ... သူဟာ မဟာဗြဟ္မာကြီးကိုဆန့်ကျင်သူ ... 
.
ဆိုပြီး အဂုင်္လီမာလဟာ မိခင်နောက်ကို မလိုက်တော့ပဲ ဗုဒ္ဓနောက်ကို လက်ညှိုဖြတ်ဖို့ လိုက်ပါ
တော့တယ်။
.
★ ★ ရဟန်းကြီးဂေါတမ ... သင်လွတ်အောင်ပြေးတော့ ... သင့်ကို ကျွန်ုပ်သတ်ရလိမ့်မယ် ...
.
ဗုဒ္ဓကမပြေးတဲ့အပြင် တောပုန်းကြီးရှိရာကို တစ်လှမ်းချင်းလှမ်းလာပြီး သူ့ရှေ့နားအရောက်မှာ ရပ်လိုက်တယ် ...
.
★ ★ ★ သင်ဘာအလိုရှိလဲ အင်္ဂုလိမာလ
.
★ ★ သင့်ရဲ့လက်ညှိုးတွေဖြတ်ပြီး ဆရာအရှင်ကိုဆက်သချင်ပါတယ် ...
.
★ ★ ★ ဒါဆိုဘာလို့အချိန်ဖြုန်းနေရသလဲ ... ဘာလို့နှောင့်နှေးနေမှာလဲ ... သင့်ဆန္ဒအတိုင်း ပြုလော့ အင်္ဂုလိမာလ ... 
. 
★ ★ ဟင် ... အသင်က ကျွန်ုပ်ကိုမကြောက်ဘူးလား ... ကျွန်ုပ်နာမည်ကြား လူသားအားလုံးကြောက်ရွံ့ တုန်းလှုပ်ကြ စမြဲပဲ .... အသင်ကဘာလို့မကြောက်သလဲ ...
..
★ ★ ★ ကြောက်နေသူက သင်သာလျှင်ဖြစ်တယ်ချစ်သား ... 
သင်ကိုယ်တိုင်ယ္ခုကြောက်လန့်ပြီးစိတ်မငြိမ်မသက်ဖြစ်နေတယ် ...
သင့်ရဲ့လူသတ်ချင်တဲ့စိတ်ထဲမှာကြောက်လန့်မှုတွေပါနေတယ် ...
သင့်ဆန္ဒပြည့်ရင်လည်းသင်သတ်ဖြတ်ခဲ့လို့ နောင်တရနေမယ် တစ်ဘ၀လုံး ယူကျုံးမရဖြစ်နေမယ် ... လူတောမတိုးဝံ့ပဲကြောက်လန့်နေမယ်သူဟာသင်ပဲ 
သင်သာလျှင် ကြောက်လန့်ပြီးပုန်းအောင်းနေရတယ် ...
သင်သာလျှင်ကြောက်လန့်ပြီး ...လူ့အသိုင်းအ၀ိုင်းထဲမလာဝံ့ဘူး ...
ဘာကြောင့်လဲသိလား သင်ဟာအကြမ်းဖက်တဲ့ဝါဒကို စွဲကိုင်ထားလို့ပဲ ... ဒီအတွက် သံသရာမှာသင့်ဆီကိုတစ်ကျော့ပြန်ဝဋ်လည်လာလိမ့်မယ် 
သင့်ဆန္ဒပြည့်ဝသွားပြီး လက်ညှိုးအရေအတွက်ပြည့်လျှင်ရော ... သင်လူကြားထဲထွက်ဝံ့သလား အင်္ဂုလိမာလ...
.
★ ★ ရဟန်းကြီး ... သင်ဟာ ကျွန်ုပ်ရဲ့အချိန်တွေကိုဖြုန်းနေတာပဲ ... ကျွုပ်မှာအချိန်မရှိတော့ဘူး ... သင့်လက်ညှိုးတွေဖြတ်ပြီး ... ဆရာအရှင်ဆီ ... သဘက်ခါအရောက်ခရီးပြင်းနှင်ရအုန်းမယ် ... ကဲငါဖြတ်ပြီ ..
ဆိုပြီးရှေ့တိုးလာတယ် ...
.
ဘယ်လိုပဲရှေ့တိုးလာပါသော်လဲ ... သူ့ရှေ့လက်တစ်ကမ်းက ဗုဒ္ဓဆီမရောက်နိုင်ဘူး ... ဗုဒ္ဓက ပြုံးပြီးရပ်ကြည့်နေတော်မူတယ် ... အနောက်မှာမိခင်အိုကြီးကငိုယိုတောင်းပန်လျှက်ပေါ့ ...
.
တောပုန်းကြီး စိတ်တိုသွားတယ် ...
★ ★ ရှေ့တစ်လံမှာရှိတဲ့ ငါ့ကိုရပ်ကြည့်နေတဲ့ ဗုဒ္ဓဆီ ဘာလို့မရောက်ရတာလဲ .... ငါစိတ်လောနေတာလား ... မအိပ်ရတာများလို့ ဇဝေဇ၀ါဖြစ်နေတာလား .... မဟုတ်လောက်ဘူး .....
.
ဒါနဲ့ သူသုတ်ခြေတင်လိုက်တယ် .... မရောက်နိုင်ပြန်ဘူး ...
ပြေးလိုက်တယ် ... ရှေ့တစ်လံကိုမရောက်နိုင်ဘူး ... 
ပိုဒေါသထွက်လာတယ် ... ဓါးကိုမြှောက်ပြီး အားကုန်ပြေးတယ် ... ဗုဒ္ဓနားမရောက်ဘူး ...
သူ အမောတွေဆို့ပြီး မပီမသ ထအော်တယ် ... 
. 
★ ★ ရဟန်းကြီးဂေါတမ ... မပြေးနဲ့ ... ရပ် ...
.
★ ★ ★ ချစ်သား ... ငါမပြေးဘူး ... သံသရာမှာပြေးနေသူဟာသင်ပဲ ... ငါကရပ်နေသူဖြစ်တယ်။
.
အင်္ဂုလိမာလ ချက်ချင်းတုန့်ကနဲရပ်သွားတယ် ... ပါးစပ်မှလဲ မပီမသ ... စကားတစ်လုံးကို အတန်အတန် အတော်ကြာတဲ့ထိ ရွတ်နေတော့တယ် ... 
.
★ ★ ဘုရား ဘုရား .... သံသရာမှာ ... ပြေးနေသူ ... ပြေးနေသူ ... တစ်သံသရာလုံး ... မွေးခြင်း သေခြင်းကြားထဲမှာ ... စုန်ဆန်ကူးလူး ပြေးနေသူ .... ဗုဒ္ဓ ... ဗုဒ္ဓအစစ်။
.
ပြီးတော့ ... မျက်ရည်ပြည့်လျှံတဲ့မျက်လုံးနဲ့ .... မိခင်ကိုတစ်လှည့် ... ဗုဒ္ဓကိုတစ်လှည့်ကြည့်ပြီး ...
. 
★ ★ မယ်မယ် ... အရှင်ဘုရား ... သားတော် ... တပည့်တော် ...ဘာလုပ်ရတော့မှာလဲဘုရား ....
.
အားလုံးကိုမြေကြီးပေါ်ပစ်ချပြီး ... ဗုဒ္ဓခြေဖမိုးပေါ်ဝပ်စင်းလျှက် ... မိခင်ကို ခြေထောက်ကိုဖက်ပြီး ... အားရပါးရင်ုချတော့တယ် ... 
. 
★ ★ ★ ချစ်သား ... အကြမ်းဖက်ဝါဒကိုစွန့်ပါ .... ဘ၀သစ်ကိုစတင်ပါ ....
.
★ ★ ဘယ်လိုဖြစ်နိုင်မှာလဲဘုရား ... 
.
★ ★ ★ သင့်စိတ်ရိုင်းစိတ်ယုတ်မာတွေကိုဖျောက်ခြင်းဖြင့် သင့်စိတ်ငြိမ်းချမ်းလာပါလိမ့်မယ် ... 
.
★ ★ သနားကြင်နာမှုနဲ့ဂရုဏာကိုပေးသနားတော်မူပါဘုရား ... 
.
ဗုဒ္ဓက ဧဟိဘိက္ခူ ... လို့ရွတ်ဆိုလျှက် ရဟန်းပြုပေးလိုက်ပါတယ် ... 
.
★ ★ ★ ချစ်သား ယနေ့ကစလို့သင်ဟာ ... အင်္ဂုလိမာလမဟုတ်တော့ဘူး အဟိံသကဖြစ်သွားပေပြီ ... အဟိံသက ... ဓမ္မလမ်းကြောင်းပေါ်ကိုလျှောက်ပါ ... နိဗ္ဗာန်ကိုရောက်ပါလိမ့်မယ်
.
★ ★ ဦးတင်ပါတယ်ဘုရား ....
.
အသျှင်အာနန္ဒာ ကိုယ်တော်မြတ်မှ ....
★ အရှင်ဘုရား ကျွန်ုပ်နှင့်အတူ ဒီမန္တာန်ကိုရွတ်ဆိုပါ ... တဲ့
★ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
★ ★ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
★ ဓမ္မံ သရဏံ ဂစ္ဆာမိ
★ ★ ဓမ္မံ သရဏံ ဂစ္ဆာမိ
★ သံဃာ သရဏံ ဂစ္ဆာမိ
★ ★ သံဃာ သရဏံ ဂစ္ဆာမိ .....
... 
တောပုန်းကြီးက နောက်က ညင်သာစွာလိုက်ရွတ်ဆိုတယ် ... 
သူ့မိခင်ကလည်း ပီတိမျက်ရည်တွေနဲ့ နောက်က လိုက်ရွတ်ဆိုလျှက် ......
.
ကဲရှင် ... သံသရာမှာ ဘယ်လောက်ကြာကြာ စုန်ဆန်ကူးလူး ပြေးလွှားနေကြ ဦးမှာတုန်း ( နူ နူးကအစ ) .... 
. 
သု ခိ အ တ္တာ နံ ပ ရိ ဟ ရ န္တု ....
.
ချမ်းမြေ့ကြပါစေရှင် ..... 
.
.



ပါတီစွဲအတွက် သံဃာများအားစော်ကားခြင်း


မောင်လေးညီမလေးတို့ရေ ...
နူးက ခုလ ( ၅ ) ရက်နေ့ကစလို့ ခရီး ( ၃ ) ပတ်ထွက်နေရလို့ ... ပိုစ့်တွေမတင်ဖြစ်သေးပါဘူး
( ၃ ) ပတ်နားပါ့မယ် .... ခွင့်တိုင်တာပါ ( ဒါကပထမအချက် )
.
ဒါဆို ... ခုကဘာလို့တင်သလဲဆိုတော့ .... နဲနဲလောက်ဆူချင်လို့ပါ ...
ခုတစ်လော အွန်လိုင်းတက်နေရတာ စိတ်မသက်သာဘူး ....
ပြီးတော့စိတ်မချမ်းမသာဖြစ်ရတယ် ....
အွန်လိုင်းမှာ ရဟန်းတွေကိုဆဲနေတဲ့ကိစ္စကြောင့်ပါ ....
မိမိဖက်ကပါတုန်းကတော့ .... ပြည်သူ့ဘုန်းဘုန်းဒို့ဘုန်းဘုန်း ....
ဘုန်းကြီးတွေကိုစခန်းသွင်း ကျုံးသွင်း ပြီးတော့ ... သပိတ်စခန်းတွေဖွင့်
ဘုန်းကြီးဆိုတာ သမိုင်းမှာအထင်ကရ မှတ်တိုင်တို့ ...
ဆရာတော်ဦးဝိစာရတို့ ဘာတို့တွေကိုလက်ညှိုးထိုးပြပြီး ... 
နိုင်ငံတော် သူ့ကျွန်ဘ၀ကလွတ်မြောက်ရေး ဘုန်းကြီးတွေ အခန်းကဏ္ဍက 
သမိုင်းအဆက်ဆက်မှာပါတယ်တို့ ...
ဘုန်းကြီးကိုမရိုသေရင်နေ ... ဗုဒ္ဓရဲ့ မေတ္တာဓါတ်လွှမ်းခြုံတဲ့ဝတ်ရုံ ရှိနေတယ် ... 
မစော်ကားရဘူး ... စော်ကားရင် စော်ကားမိသူရဲ့တာဝန်တို့ ...
သူတို့ဆောက်တည်ရတာ ၂၂၇ သွယ်တို့ ယောင်လို့တောင်မစော်ကားမိစေနဲ့တို့ .... 
ငရဲမှာ ဘွတ်ကင် ယူသလိုဖြစ်မယ်တို့ ....
ဆဒ္ဒန်ဆင်မင်းတောင် ... သင်္ကန်းမြင်တာနဲ့ ဦးချတယ်တို့ ... ဒီလိုတွေ ပြောနေခဲ့သူတွေက
.
အခုကျတာ့ ... ဥူးဝီရသူကို ခွေးနဲ့နှိုင်းဆဲတာ အနိမ့်ဆုံးဖြစ်နေတယ် .... 
ဒိထက်ဆိုးဆိုးရွားရွားကို ဆဲနေတာ
( ဥူးဝီရသူကိုမှန်တယ်မပြောဘူးနော် သာသနာတော်ကို စော်ကားတာကိုပြောတာ ) ...
ဒီရက်တွေ ပိုပိုဆဲလာတယ် ... ဆဲနည်းပေါင်းစုံနဲ့ ကိုဆဲလာတယ် ...
မိမိက ရဟန်းလို့မသတ်မှတ်ရင် ရှောင်နေလိုက်ပေါ့ ...
မငြိနဲ့ပေါ့ ... မမြင်ချင်ယောင်ဆောင်နေပေါ့ရှင် ....
သီတဂူဆရာတော်လဲမနေရ ...
မဟနဆရာတော်တွေဆို မျိုးမစစ်တွေ အမျိုးယုတ်တွေကိုဖြစ်လို့ ...
ဘာအတွက်ဒီလောက် အကုသိုလ်အတုန်းလိုက်အတစ်လိုက်ယူနေမလဲရှင် ...
.
★ ★ ★ ဘုန်းကြီးတွေ ဝိနည်းတော်နဲ့မညီဘူး... အကြည်ညိုပျက်စေတယ် ... 
ကဲ့ရဲ့စရာဖြစ်စေတယ် ... သာသနာတော် သိက္ခာညစ်နွမ်းတယ် ...ဆိုရင်တောင် ....
သူတို့ဆောက်တည်ရတဲ့ သီလကိုလည်း ပြန်ကြည့်ပါဦး၂၂၇ သွယ် အကျယ်ချဲ့လိုက်ရင် ကိုးကုဋေ ... 
လူဝတ်ကြောင်တစ်ယောက် အများဆုံးစောင့်ထိန်းနိုင်တဲ့သီလက ဆယ်ပါး ... 
ဒါပေမယ့် ဆယ်ပါးသီလထိန်းတဲ့သူ မြဲတဲ့သူရယ်လို့က ဘုရားစူး ရှာမှရှား ... 
.
★ ★ ★ အဲဒီတော့ ရဟန်းတွေ ဘုန်းကြီးတွေ ဝိနည်းနဲ့မညီဘူးဆိုရင်တောင် ပါရာဇိက မကျသေးသ၍ သူတို့မှာ ကျန်တဲ့ သိက္ခာပုဒ်က လူတွေထက် အများကြီးသာပါတယ် ... 
ကိုယ်ကတာ့ ယောင်လို့တောင် သွားမစော်ကားမိစေနဲ့ ... အပါယ်လေးဘုံက တန်းရောက် သွားမယ်... 
ပါရာဇိကမကျသေးသ၍ ရဟန်းဟာ ရဟန်းပဲ ... 
အာပတ် အကြီးအသေး အာပတ်ကိုပြန်လည်ကုစား မကုစား ဆိုတာက ရဟန်းတာဝန် ...
အဲ ရဟန်းရဲ့ ဝိနည်း မညီတဲ့ အချက်လောက်ကလေး ကြည့်ပြီး စော်ကား မိရင်တော့ စော်ကားမိသူတာဝန်ပေါ့ ....
.
ပြီးတော့ ဝိနည်းတော်ဆိုတာကိုလည်း သေချာ လေ့လာကြည့်ပါဦး .. 
ဘယ်အပြစ်က ဘာအာပတ်.. ဘယ်အာပတ်ကို ဘယ်လိုကုစားလို့ရတယ်ဆိုတာကို
ဝိနည်းမညီတာလောက်လေးကြည့်ပြီး စော်ကားမယ်ဆိုရင်တော့ အဲဒါမျိုးကမှ မျက်ကန်းဆန်သွားလိမ့်မယ်
.
★ ★ ★ လူတစ်ယောက် သို့မဟုတ် ရဟန်းတစ်ပါးရဲ့ အကျင့်သီလဆိုတာမျိုးက အပြင်ကနေကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူးလေ ... 
ပြီးတော့ ဗုဒ္ဓသာသနာက ယုံကြည်မှုနဲ့တင်လမ်းဆုံးတာမျိုးမဟုတ်ဘဲ သီလအပြင် အကျင့်နဲ့ပါ သက်ဆိုင်တဲ့ သာသနာဖြစ်တော့ ....
.
တစ်ချို့တစ်ချို့သော အပြစ်တွေကိုမြင်ပြီး ကောင်းတဲ့အချက်တွေ ကိုယ်မတွေ့ရုံနဲ့ စော်ကားတာမျိုး ... 
ကျန်တဲ့ ကောင်းတဲ့ရဟန်းတွေကို ဝါးလုံးရှည်ချေးသုတ်ရမ်း စော်ကားတာမျိုးဖြစ်ရင် ကိုယ်ပဲ အကုသိုလ်ဖြစ်နေမှာ ။
.
★ ★ ★ ခြေမမကောင်းတာ လက်မမကောင်းတာ မြင်နိုင်ပေမယ့် အကျင့်သီလကောင်းတာ မကောင်းတာကတော့ အပြင်ပန်းမမြင်နိုင်ပါဘူး... 
.
လူတစ်ယောက်အရက်သောက်တယ် ဒါပေမယ့် သူက သူများပစ္စည်းမခိုးဘူး အသတ်မသတ်ဘူးဆို သူများသားမယားမပြစ်မှာဘူး ဆိုရင် အရက်သောက် တာလေးတစ်ခုထဲကိုကြည့်ပြီး အပြစ်ပြော နေသူတွေက သူ့လောက်သီလမလုံရင် ငရဲရမှာပေါ့ .... အားလုံးကို ကျူးလွန်နေတဲ့သူက တစ်ပါးလုံတဲ့သူကို လေးစားရမှာ မဖြစ်သင့်ဘူးလား...
.
★ ★ ★ ရဟန်းဆိုတာ ....
၁။ သင်္ကန်းကို ၀တ်ရုံထားတယ် ဆောင်ထားတယ် 
၂။ ဘုရားရဟန္တာလို ဦးပြည်း အသွင်ကို ဆောင်ထားတယ် 
၃။ ရဟန်းအစစ်မဟုတ်သော်တောင်မှ သူ့ကိုယ်သူ ရဟန်းလို့ ၀န်ခံထားတယ် 
၎။ အပြစ်ကိုပင်ကျူးလွန်သော်လည်း ရတနာသုံးပါးကို ဆည်းကပ်သူဖြစ်တယ် 
၅။ လူအများနဲ့ထွေးရောယှက်တင် နေခွင့်မရှိ အိမ်မှာမနေဘဲ ကျောင်းမှာနေတတ်တယ် 
၆။ သာသနာတော် တည့်တံ့မှုကို လိုလားတယ် 
၇။ ဘုရားရှင်ရဲ့တရားတော်ကို ဟောတတ်တယ် 
၈။ တရားတော်ကို အမှိပြုနေတယ် 
၉။ သမ္မာဒိဌိ အယူမှန်ရှိတယ် 
၁၀။ တစ်လကို နှစ်ကြိမ် အခြားရဟန်းများ ဥပုသ်ပြုလျှင် လိုက်ပါတတ်တယ်။ 
.
ဒီအချက် ( ၁၀ ) ချက်နဲ့တင် သာမန်လူတွေထက်စင်ကြယ်နေပါပြီ .... 
. 
★ ★ ★ ရဟန်းများ ကမ္မဋ္ဌာန်းအားထုတ်ချိန် မဟုတ်သော အခါ ၅-ပါး
**********************************
(၁) ဇိဏ္ဏ ဇရာဘိဘူတ-ဇရာထောင်း၍ အိုဟောင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနာ ဘိဘူတ- မကျန်းမမာ အနာဘေးနှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခ ဒုလ’ဘ ပိဏ္ဍ- ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ၀ိဝါဒ ဘယ ပတ္တ- အသင်းကွဲပါတီကွဲ ၀ါဒကွဲ ပြည်ထဲရေးသူပုန်ထပြီးအချင်းချင်းတိုက်ခိုက်နေသောအခါ၊ 
( လက်ရှိမြန်မာနိုင်ငံအခြေအနေလေ )
(၅) သံဃဘိန္န- သံဃာချင်းကွဲပြားပြီး အငြင်းပွားနေသောအခါ။
.
★ ★ ★ ဒီတော့ နူးပြောချင်တာ .....
ပါတီတစ်ခုဟာ မိမိအစွမ်းအစနဲ့ပဲ လူယုံကြည်မှုကို ယူသင့်တယ် ...
ပါတီတစ်ခု နေရာရဖို့ဆိုရင် ပြည်သူရဲ့နှလုံးသားကိုယူသင့်တယ် ...
ရှင်ကြီးကို ၀ိုင်းကိုးကွယ်ပြီးမှ ကျားနဲ့ပဲ ဆက်နေတော့မယ်ဆိုရင် ရှင်းရှင်းလေး ရှင်ကြီးကကျားထက်ဆိုးနေလို့ပဲပေါ့ ...
ထမင်းစားတဲ့သူတွေအားလုံးဟာ ခလေးကအစ သူများဆွယ်တိုင်း သူများစကား နားယောင်စရာ မှမရှိတာ ...
.
★ ★ ★ မောင်လေးညီမလေးတို့ လည်း 
ကိုယ်ယုံကြည်ရာကို အေးချမ်းစွာပဲယူပါ ... ထောက်ခံပါ
မိမိကိုယ်တိုင်မှတ်ကျောက်တင်ခံနိုင်ရင် .... သူတစ်ပါးဆွယ်တာကြောက်စရာမလိုပါဘူး 
ပြီးတော့ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုရင် 
အသင်းစွဲ အဖွဲ့စွဲ ပါတီစွဲ အစွန်းရောက်မှု တွေ အတွက် ရဟန်းတွေကို ဆဲတာရပ်ပြီး
မိမိ လက်ခံရာကို အေးချမ်းစွာရွေးချယ်ပါလို့ ပြောပါရစေ ။
.
ဒါကတော့ နူးလေးစားရတဲ့ အကိုတော် အမြင်မှန် ( Ahmyin Hman ) ရေးထားတာလေးပါ
ဖတ်ကြည့်ပါ ...
.
★ ★ အခါခါ ရေးပြီးပါ ပြီ
သင်္ကန်း ၀တ်ထားတဲ့  ရဟန်းတပါးကို ရဟန်းမဟုတ်လို့ ပြောချင်ရင်
၁) သူဟာ မရတဲ့  ဈာန် နဲ့ မဂ်ကို ရသဟန်သူအများ နားလည်အောင်ပြောသလား
၂) ငွေစင်တမတ် ထက်ပိုသော ပစ္စည်းခိုးသလား
၃) လူသတ်သလား 
၎) အထီး အမ ၃ပါးသော သတ္တ၀ါတို့ ရဲ့  စိုစွတ်သော မုခပေါက် ၁၅ပေါက်ထဲ သူ့ လိင်အင်္ဂါကို 
( သာယာလိုသော စိတ်ဖြင့် ) နှမ်းစေ့တထောက် သွင်းဝင်မိတာကို 
(အပြန်အားဖြင့် ရဟန်း မုခပေါက် ၂ပေါက်ကို၃ ပါးသော အဖိုသတ္တ၀ါ ရဲ့  လိင်အင်္ဂါ ) 
သူကိုယ်တိုင်ဝန်ခံသလား ဒါမှမဟုတ် ခိုင်လုံသော မျက်မြင်သက်သေရှိလား 
( ဥပမာ စမ်းကလေးဆရာတော် ၊ မိုးပြာ ညာ နနဲ့ အောက်ကထတို့  သည် ပထမအချက်နဲ့  တင်ငြိ )
. 
★ ★ အပေါ်ကအချက်တွေ မဟုတ်ပါက .... 
ရဟန်း တပါးကို မိုက်မိုက်ရိုင်းရိုင်းပြောသူ ၊
ပြောတာကို ကံ ၃ပါးနဲ့ ထောက်ခံသူဟာ 
အ၀ီဇိ ယက်ဆင်းသူပါဘဲ 
တခြား တကမ္ဘာလုံး လုပ်ပါစေ
ကိုယ်တော့ မလုပ်မိပါစေနဲ့ 
.
★ ★ သာသနာမှာ ပုထုစဉ် ရဟန်းတွေ ရှိနေသေးသ၍ ရဟန်း ၂ပါး မတည့်မရှုဆိုတာ ရှိနေအုံးမှာပါဘဲ 
သို့ သော် လူဝတ်ကြောင်တွေ အနေနဲ့  က 
ရဟန်း ၂ပါး ထသတ်နေတာဘဲ တွေ့ ပါစေ။
တားမရက ဘေးက သာ ဧကသီ ကိုင်ပေးပြီးထိုင်ကြည့်နေရုံသာ 
နောက်မှသာ နာသောရဟန်း ဆေးကုရုံသာ 
ကိုယ့်ဘုန်းကြီးဘက်ကနေ ဟိုဘုန်းကြီးသွားရိုက်ဘို့ တော့ ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့  ဗျာ
.
( ငါနဲ့မတူ ငါ့ရန်သူ ဆိုသူအန္ဓဗာလများအတွက်ပါ .... )
.
ချမ်းမြေ့ကြပါစေရှင် ...
.
.