Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts

Sunday, May 11, 2014

ရဟန်းနဲ့ တရားဥပဒေဆိုတာ လားလားမျှမအပ်စပ်ပါဘူး .....



မတ်လပဌမပတ်ထဲမှာ နိုင်ငံတော်သြ၀ါဒါစရိယဆရာတော်ကြီးများ အစည်းအဝေးသို့ နိုင်ငံတော်သြ၀ါဒါစရိယ ရွှေကျင်နိကာယကရတ္တညူမဟာနာယက ဖြစ်တော်မူသော အလုံတပ်မြို့ဆရာတော်ဘုရားကြီး ကြွရောက်လာ တာမို့ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်ကို သွား ရောက်ဖူးမြင်ရှိခိုးကန်တော့ကာ ဆရာတော်ဘုရားကြီးဆီကနေ သြ၀ါဒခံယူခဲ့ပါတယ်။

 ဆရာတော်ဘုရားကြီးဟာ သက်တော်ကိုးဆယ်နားကပ်နေပေမယ့် မှတ်ဥာဏ်တွေကတော့ မိမိတို့လို ငယ်ရွယ်သူတွေထက် အပုံကြီးသာ ပါတယ်။ ပါဠိသဒ္ဒါကျမ်းတွေကို သက်တော်ကိုးဆယ်နားကပ်နေသည့်တိုင်အောင် ကြည့်ရှု့လေ့လာနေဆဲဖြစ်သ လို ၀ိနည်းအဆုံးအဖြတ်တွေနဲ့ ပတ်သက်လာရင်လည်း အရေးတယူရှိလောက်သည့် အခြားဆရာတော်ကြီးတွေ နဲ့ တွေ့တဲ့အခါတိုင်းလည်း နှီးနှောဖလှယ်နေဆဲပါ။ 

ပိဋကသုံးပုံ ပါဠိတော်အဋ္ဌကထာ ဋီကာကျမ်းစုံ အစမှအဆုံး တိုင်အောင် သုံးခေါက်ထက်မနည်း ဖတ်ရှု့လေ့လာပြီးသားလည်း ဖြစ်ပါတယ်။ အကျင့်သီလဘက်ကဆိုရင် လည်း ခင်မွန်သုံးဂိုဏ်းချုပ်အနွယ်အဆက်မှ ဆင်းသက်လာတဲ့ ဆရာတော်ကြီးပီပီ အင်မတန်ဝိနည်းတော်ကို လေးလေးစားစားနဲ့ ကျင့်သုံးလိုက်နာတော်မူပါတယ်။ 

 ရဟန်းတစ်ဝါအရမှာ ``ဒီကိုယ်တော်လေးက သာသနာအ တွက် အားကိုးအားထားပြုနိုင်လောက်တဲ့ အရည်အချင်းအရှိတယ်´´လို့ ဒသမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဘုရားကြီးက မှတ်ချက်စကား ပြောကြားခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီး အိပ်ခန်းထဲဝင်ရောက် အနားယူတဲ့အခါမှာ ဆရာတော်ကြီးကိုပြုစုဖို့ရန် လိုက်ပါလာတဲ့ ဒက္ခိဏာရုံဘုန်းတော်ကြီးနဲ့အတူ သာကြောင်းမာကြောင်းကနေ လက်ရှိဖြစ်နေပျက်နေတဲ့ ဘာသာရေးသာသ နာရေးမှသည် အခြားသောအကြောင်းအရာတို့ကိုပါ တစ်နာရီပါးပြောဆို ဆွေးနွေးဖြစ်ပါတယ်။

 ညနေစောင်း ရောက်တော့ နှုတ်ဆက်ကန်တော့ပြီး အခန်းထဲကအထွက်မှာ ``ဦးဇင်း ပါစိတျာဒိအဋ္ဌကထာ စာမျက်နှာ၁၈၁က နေ စဖတ်ကြည့်လိုက်စမ်းပါဦး´´လို့ တိုက်တွန်းစကားပြောကြားလိုက်ပါတယ်။

 ဒက္ခိဏာရုံဘုန်းတော်ကြီးရဲ့ ကျမ်းညွှန်းကို ဖတ်ရှု့ကြည့်လိုက်တဲ့အခါမှာ ရဟန်းတစ်ပါးအနေနဲ့ မဖြစ်မနေ သိမှတ်ထားရမယ့် အရာတွေ ဖြစ်နေတာကို သိရှိလိုက်ရပါတယ်။

အင်မတန်မှကို သိမှတ်ဖွယ်ရာကောင်းတာမို့ နားလည်လွယ်မယ့် အရပ်သုံး စကားနဲ့ မူလအဓိပ္ပါယ်မပျက် ပြောပြပေးပါ့မယ်။

ဘိက္ခုလို့ခေါ်တဲ့ ရဟန်းယောကျာင်္းဖြစ်စေ ဘိက္ခုနီလို့ခေါ်တဲ့ ရဟန်းမိန်းမဖြစ်စေ မိမိနေထိုင်တဲ့ကျောင်းကို အနှောက်အယှက်ပြုနေသော ကျောင်းပိုင်သစ်ပင်စသည်တို့ကို ဖျက်ဆီးနေသော ကျောင်းပိုင်ပစ္စည်းများကို ခိုးယူလုယက်သော သူခိုးဓားပြလူရမ်းကားများကို တရားမစွဲကောင်းပါဘူး။

သူခိုးကို ဖမ်းယူခြင်းငှါ အခွင့်အာဏာ ရှိသော ရဲစသော ဆိုင်ရာအာဏာပိုင်များကိုလည်း နာမည်နှင့်တကွ အတိအကျမတိုင်ကောင်းပါဘူး။ ခိုးနေတာ ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတဲ့အခါမှာလည်းပဲ သူခိုးသူခိုးစသဖြင့် မအော်ကောင်းပါဘူး။

 ``မိမိတို့ကျောင်း ကို သူခိုးဓားပြလူရမ်းကားတို့ နှောက်ယှက်ဖျက်ဆီး ခိုးယူနေပါတယ်။ နောင် အခါမှာ နှောက်ယှက်ဖျက်ဆီး ခိုးယူမခံရအောင် အစောင့်အရှောက်ပေးပါ။

 ကျောင်းကမည်သည့် ပစ္စည်းပျောက်သွားပါတယ်။ ပြန်လည်ရရှိ အောင် ပြုလုပ်ပေးပါ´´လို့သာ ရဲစသော ဆိုင်ရာအာဏာရှိသူများကို ပြောဆိုကောင်းပါတယ်။

နာမည်တပ်ပြီး အတိအကျ မတိုင်တန်းကောင်းပါဘူး။ တရားလည်း မစွဲဆိုကောင်းပါဘူး။ မိမိစကားနားထောင်တဲ့ ရဲစသော ဆိုင်ရာအာဏာပိုင်များကိုတော့ ``မိမိကျောင်းက မည်သည့်ပစ္စည်းကို မည်သူခိုးယူသွားပါတယ်။ ပစ္စည်းကိုသာ ပြန်လည်ရရှိအောင် ပြုလုပ်ပေးပါ။ သူ့ကိုတော့ ဒဏ်မတပ်ပါနဲ့´´လို့ ပြောဆိုကောင်းပါတယ်။

အကယ်၍ နာမည်တပ်ပြီး တိုင်းတန်းလိုက်လို့ ဆိုင်ရာအာဏာပိုင်များက သူခိုးဓားပြလူရမ်းကားတို့ကို ဒဏ်ငွေ ချမှတ်ခဲ့ရင် အဲဒီဒဏ်ငွေကို တိုင်းတန်းသူက သူခိုးစသောသူရဲ့အစား ပေးဆောင်ရပါမယ်။ မပေးဆောင်ပါပဲနဲ့ ``သင့်ကိုဒဏ်ငွေတပ်တာ ငါ့ကိုတပ်တာ မဟုတ်ဘူး။ သင့်ကိုယ်စား ငါကမပေးနိုင်ဘူး´´လို့ ပြော ဆိုလိုက်တာ နဲ့ တစ်ပြိုင်နက် အဆိုပါရဟန်းယောကျာ်း ရဟန်းမိန်းမဟာ ရဟန်းဘ၀ကို ဆုံးရှုံးစေတဲ့ ပါရာဇိအာပါတ်သင့်ပါ တယ်။ ဒဏ်ငွေက ငါးပဲမျှသော ဒဏ်ငွေလေးဆိုရင်တောင်မှ ပါရာဇိကအာပါတ်သင့်ပါတယ်။

နာမည်တပ်ပြီး မတိုင်တန်းပါပဲ ဆိုင်ရာအာဏာပိုင်များက သူတို့ဘာသာစုံစမ်းဖမ်းဆီးပြီး ဒဏ်ငွေချမှတ်ရင်တော့ ပါရာဇိကအာ ပါတ်မသင့်ပါဘူး။ ရဟန်းယောကျာ်းဖြစ်စေ ရဟန်းမိန်းမဖြစ် မိမိကမှန်နေရင်တောင်မှ လူပုဂ္ဂိုလ်စသည်တို့ကို တရားမစွဲဆိုကောင်းပါဘူး။ နာမည်တပ်ပြီး မတိုင်တန်းကောင်းပါဘူး။

ရဟန်းယောကျာင်္းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မမှန်မကန်လုပ်ကြံပြီး လူပုဂ္ဂိုလ်စသည်တို့ကို တရား မစွဲကောင်းပါ ဘူး။

တရားစွဲလို့ တရားသူကြီးက အမှုကိုလက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ကဋ်အာပါတ် ထုလ္လစ္စည်းအာပါတ် သံဃာဒိသေသ်အာပါတ်စသဖြင့် ဆိုင်ရာအာပါတ်တို့ သင့်ရောက်ပါတယ်။ တရားရုံးကို သွားရောက်တဲ့ ခြေ လှမ်း တိုင်း ခြေတစ်လျှင် ဒုက္ကဋ်အာပါတ်တစ်ချက် သင့်ရောက်ပါတယ်။ တရားအနိုင်ရရှိခဲ့ရင် ရဟန်းဘ၀ကို ဆုံးရှုံးစေ တဲ့ ပါရာဇိအာပါတ်အထိ သင့်ရောက်နိုင်ပါတယ်။

 အချုပ်အားဖြင့်ဆိုရသော် ရဟန်းတော်များဟာ ကိုယ့်ဘက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူပုဂ္ဂိုလ် စသောသူတို့ကို လုံးဝလုံးဝ တရားမစွဲဆိုကောင်းပါဘူး။

 နာမည်နဲ့တ ကွ အတိအကျ မတိုင်တန်းကောင်းပါဘူး။ တကယ်တော့ ရဟန်းတော်နဲ့ တရားဥပဒေဆိုတာ လားလားမျှ မအပ်စပ်ပါဘူး။ တရားဥပဒေနဲ့ ရဟန်းနဲ့ဆိုတာက မိုးနဲ့မြေလိုပါပဲ။ နီးတယ်ထင်ရပေမယ့် အရမ်းဝေးကွာလွန်းပါ တယ်။

ပါစိတျာဒိအဋ္ဌကထာကို ဖတ်ပြီးနောက်မှာ လက်ရှိသာသနာရေး ဘာသာရေး နိုင်ငံရေးအခြေအနေတို့ကို ဆက် စပ်စဉ်းစားနေရင်းနဲ့ အဖြစ်အပျက်သုံးခုကို သွားသတိရမိပါတယ်။

တစ်ခုက မင်းတုန်းမင်းကြီးလက်ထက်က ဖြစ်ပျက်ခဲ့တာပါ။ တစ်ခုကတော့ ဘုရားမပွင့်ခင်က အဖြစ် အပျက်ပါ။ တစ်ခုကတော့ ဟိတောပဒေသနီတိကျမ်း လာ အဖြစ်အပျက်ပါ။

မင်းတုန်းမင်းတရားကြီး လက်ထက်တုန်းက ရှမ်းကလေးကျွန်းဆရာတော်က ရဟန်းသာမဏေများ ကျန်းမာရေး ကောင်းမွန်လျက် မြို့တွင်းရွာတွင်း ဖိနပ်စီးထီးဆောင်းသွားရင် အလဇ္ဇီဒုဿီလ-အကျင့်ပျက် အရှက်မရှိသော ရဟန်းသာမဏေလို့ သတ်မှတ်ကာ ဒကာဒကာမများက ဆွမ်းသင်္ကန်း ကျောင်းဆေး ဟူသော ပစ္စည်းလေးပါး မလှုဒါန်းကြဖို့ရန် ၀ိနည်းဖြတ်ထုံးရေးပြီး မင်းတုန်းမင်းကြီးဆီကို ဆက်သွင်းပါတယ်။

မင်းတုန်းမင်းကြီးကလည်း ရှမ်းကလးကျွန်းဆရာတော်ကို ကြည်ညိုရင်းစွဲရှိတာမို့ ဆက်သွင်းလာတဲ့ ၀ိနည်းဖြတ်ထုံးကို သုဓမ္မာဆရာတော် တို့ကို ပြသတိုင်ပင် အတည်ပြုချက်ရယူပြီး တရားဥပဒေအဖြစ် သတ်မှတ်ပြဋ္ဌာန်းကာ နိုင်ငံအ၀န်းကို ကြေငြာ ချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝိနည်းတော်အရ ကျန်းမာရေးကောင်းမွန်ပါလျက် မြို့တွင်းရွာတွင်း၌ ရဟန်းသာမဏေများ ဖိနပ်စီး ထီးဆောင်း ရင် ရဟန်းဆိုရင် ဒုက္ကဋ်အာပါတ်သင့်ပြီး ရှင်သာမဏေကိုရင်ဆိုရင် ဒဏ်သင့်ပါတယ်။ ရဟန်းက ဒေသနာကြား ပြီး ကိုရင်က သဲဒဏ်ရေဒဏ်ကို ခံယူလိုက်ရင် အပြစ်ကျေပါတယ်။

 သဲဒဏ်ရေဒဏ်ဆိုတာက ဒဏ်ထိုက်တဲ့ ကိုရင်ကို ဆိုင်ရာတာဝန်ရှိ ရဟန်းတော်များက ရေဘယ်နှစ်ခေါက် ထမ်းရမယ်။ သဲဘယ်နှစ်ခေါက်ထမ်းရမယ်ဆို လို့ အပြစ်ပေးခြင်းကို ဆိုလိုတာပါ။ အာပါတ်ခုနှစ်မျိုးထဲမှာ အသေးဆုံးအာပါတ်ကလေးကို ဇာချဲ့ပြီး ပြစ်ဒဏ်အ ကြီးကြီး ချမှတ်ခြင်းဟာ သွေးရိုးသားရိုး ကိစ္စမ ဟုတ်ဘူးလို့ ဗန်းမော်ဆရာတော်ကြီးက ယူဆပါတယ်။

ရှမ်းက လေးကျွန်းဆရာတော်က ကသည်းလူမျိုးဖြစ်တာမို့ ဘာသာဘာဝအရ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပေမယ့် အ ခြားမျိုးနွယ်စုမှ မွေးဖွားလာကြတဲ့ ရဟန်းသာမဏေများက ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

 ပြီးတော့ မြန်မာနိုင်ငံ ဟာ ဘုရားရှင်ခေတ်က အိန္ဒိယလို ရာသီဥတုမညီမျှပါဘူး။ အကယ်၍ ဖိနပ်မစီး ထီးမဆောင်းရလျှင် ရဟန်းသာမ ဏေများ မကျန်းမမာဖြစ်ကာ အကျိုးထက် အပြစ်က ပိုများဖွယ်ရာရှိတယ် လို့ ဗန်းမော်ဆရာတော်ကြီးက ယူဆပါ တယ်။

ဒါကြောင့် ရှမ်းကလေးကျွန်းဆရာတော်ကို ၀ိနည်းနဲ့ပတ်ပြီး မျက်နှာချင်းဆိုင်ကာ ပြောဆိုဆွေးနွေးဖို့ စာချိုးပြီး စိန်ခေါ်လိုက်ပါတယ်။
မန္တလေးတောင်ပေါ်မှာ နန်းတော်ဘက်ကို မျက်နှာမူပြီး လက်ညှိုးထိုးနေတဲ့ ဗျာဒိတ်ပေးရပ်တော်မူ ဆင်းတုတော် ကြီးတစ်ဆူရှိပါတယ်။ အဲဒီဆင်းတုတော်ရဲ့ လက်ညှိုးမှာ ``ဟိုဘက်ခြံကနွားကြီး သာသနာရေးကိစ္စ နားမလည် ပဲ ၀င်မရှုပ်နဲ့။ ငြိမ်ငြိမ်နေ´´လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တစ်ခုကို ဗန်းမော်ဆရာတော်ကြီးက ချိတ်ဆွဲထား လိုက်ပါတယ်။

 ဘာသာရေး သာသနာရေးကိစ္စကို ခြေခြေမြစ်မြစ်နားမလည်ပဲ ဘာသာရေး သာသနာရေးကိစ္စကို ဥပဒေပြဋ္ဌာန်းတဲ့ မင်းတုန်းမင်းကြီးကို နွားကြီးသတ်မှတ်ခေါ်ဆိုလိုက်တဲ့ သဘောဖြစ်ပါတယ်။

တစ်ခါတုန်းက မင်းဥယျာဉ်စောင့်တစ်ဦးဟာ နက္ခတ်ပွဲသဘင်ကျင်းပရာ မြို့တွင်းဘက်ကနေ ဂီတသံတွေကို ကြားရတဲ့အခါမှာ နက္ခတ်ပွဲသဘင်ကို သွားရောက် ပျော်မြူးလိုတဲ့စိတ် ဖြစ်ပေါ်လာပါတယ်။

 အဲဒီမင်းဥယျာဉ်ကြီး ထဲမှာ မျောက်တွေအများကြီးလည်း နေထိုင်ကြပါတယ်။ ဒါကြောင့် ဥယျာဉ်စောင့် ဟာ မျောက် အကြီးအကဲကို ``အချင်းမျောက်ကြီး ဤဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။

 သင်တို့သည် ဥယျာဉ်မှထွက်ရှိသော အသီး အပွင့်အရွက်တို့ကို စားသုံးကြရ၏။ မြို့တွင်း၌ နက္ခတ်ပွဲသဘင် ကျင်းပနေ၏။ ငါသည် နက္ခတ်ပွဲသဘင်သို့ သွား ရောက်ပျော်မြူးချေအံ့။ အကြင်မျှလောက် ငါသည်မလာအံ့။ ထိုမျှလောက် ဥယျာဉ်အတွင်းရှိ သစ်ပင်ငယ်တို့ကို ရေလောင်းပေးခြင်းငှါ တတ်နိုင်ကုန်အံ့လော´´လို့ မေးမြန်းပြောဆိုပါတယ်။

 မျောက်ကြီးကလည်း သစ်ပင်ငယ် တို့ကို ရေလောင်းပေးမယ်ဆိုတဲ့အကြောင်း ကတိပေးပါတယ်။ ဥယျဉ်စောင့်ဟာ အထပ်ထပ်အခါခါ မှာကြား ပြောဆိုပြီးတော့ ရေလောင်းဖို့ရန် သားရေအိတ် သစ်သားပုံးတို့ကို ပေးအပ်ပြိး နက္ခတ်ပွဲသဘင်သို့ သွားရောက် ပါတယ်။

မျောက်ကြီးဟာ နောက်လိုက်ဖြစ်သော နောက်လိုက်မျောက်များနဲ့ အတူတကွ သစ်ပင်ငယ်များ ကို ရေလောင်း နေ ရင်း နဲ့ ``အို မျောက်တို့ ရေမည်သည် တန်ဖိုးရှိ၏။ အလွန်ရခဲ၏။ ထို့ကြောင့် သင်တို့သည် သစ်ပင်ငယ်တို့ကို နှုတ်၍ ကြည့်ကြကုန်။

အမြစ်တိုသော အပင်တို့ကို ရေအနည်းငယ်သာ လောင်း၍ အမြစ်ရှည်သော အပင်တို့ ကို ရေများ စွာလောင်းကြ ကုန်။´´လို့ ပြောကြားလိုက်ပါတယ်။

 မျောက်များကလည်း မျောက်ကြီးပြောတဲ့အတိုင်း ပြု လုပ်ကြပါတယ်။ အဲဒီအချိန်မှာ ဥယျာဉ်ထဲသို့ ပညာရှိယောကျာင်္းတစ်ယောက်က ၀င်ရောက်လာခဲ့ပါတယ်။ သူဟာ မျောက်တွေ ရေလောင်းနေ ပုံကို မြင်လိုက် ရတာကြောင့် ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ မေးမြန်းတဲ့အခါ မှာ မျောက်ကြီးက အကြောင်းစုံကို ရှင်းလင်းပြောပြပေးပါတယ်။

မျောက်ကြီးရဲ့ ပြောစကားကို ကြားလိုက်ရတဲ့ ပညာရှိက ``ပညာမရှိသောသူသည် အကျိုးစီးပွားကို ပြုအံ့ဟူ၍ ကြံစည်စဉ်းစားကာ အကျိုးစီးပွားကို ပြုလုပ်ပါသော်လည်း အကျိုးစီးပွားမဲ့ကိုသာ ပြုလုပ်မိလေ၏။

အကျိုးရှိခြင်း မရှိခြင်းကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသောသူသည် ပစ္စုပ္ပန်တမလွန် နှစ်တန်သော အကျိုးစီးပွား ကို ပြုလုပ်ပါသော် လည်း ပြုလုပ်ခြင်းငှါ မစွမ်းနိုင်ကုန်။

 သစ်ပင်ငယ်တို့အား ရေလောင်းနေသော မျောက်တို့သည် အကျိုးစီးပွားကို ပြုအံ့ဟူ၍ ကြံစည်ကာ ပြုလုပ် ပါသော်လည်း အကျိုးမဲ့ကိုသာလျှင် ပြုလုပ်မိလေ၏။

အကျိုးရှိခြင်း မရှိခြင်းကို ခွဲ ခြားသိမြင်နိုင်စွမ်းမရှိသောသူသည် အကျိုးစီးပွားဖြစ်ထွန်းအောင် မပြု လုပ်နိုင်ကြကုန်´´လို့ ပြောဆိုကာ ဥယျာဉ် ထဲမှ ထွက်ခွါသွားခဲ့ပါတယ်။

တစ်ခါတုန်းက ကပူရပဋအမည်ရှိ ခ၀ါသည်တစ်ယောက်ဟာ နုနယ်ပျိုမျစ်သော ဇနီးမယားလေးနဲ့ ညနက် သည့် တိုင်အောင် ကလူကျီစယ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။

အဲဒီအချိန်မှာ အလစ်ချောင်းနေတဲ့ သူခိုး က အိမ်တွင်းသို့ ၀င်ရောက်ပါတယ်။ သူခိုးဝင်ရောက်လာတာကို မြင်တွေ့လိုက်ရတဲ့ ခ၀ါသည်ရဲ့မြည်းက အနား မှာရှိတဲ့ ခွေးကို ``အဆွေ သင်၏တာဝန်ဖြစ်ပါလျက် အဘယ့်ကြောင့် အသံကျယ်စွာဟောင်ပြီး သခင်ကို မနှိုးသ နည်း´´လို့ သတိပေးစကားပြောကြားပါတယ်။

ဒီအခါမှာ ခွေးက ``အဆွေမြည်း ကျွန်ုပ်ကိစ္စ၌ အသင် ကြောင့်ကြစိုက်ရန်မလို။ ခွေးအလုပ် ကို မြည်းဝင် မရှုပ်ပါ နဲ့။

သခင့်အိမ်ကို ကျွန်ုပ်နေ့ညဥ့်မပြတ် စောင့်ရှောက်လာခဲ့သည်မှာ အသင်အသိမဟုတ်ပါလော။ အချိန်ကာလ ကြာမြင့်စွာ စောင့်ရှောက်ပေးနေပါလျက် သခင်သည် ကျွန်ုပ်၏ ကျေးဇူးကိုမသိပေ။ ကျွန်ုပ်ကို ဂရုတစိုက် အစာ ကျွေးမွေးခြင်း မပြုပေ။

အရှင်သခင်တို့မည်သည် တစ်ခုခုသော ဘေးရန်ဒုက္ခကို တွေ့ကြုံခြင်းမရှိသေးသမျှ ကာ လပတ် လုံး ကျေးကျွန် တို့၏အပေါ်၌ လေးစားခြင်းကင်းမဲ့ကြသည်´´လို့ ပြန်လည်ပြောဆိုပါတယ်။

 မြည်းကလဲ ဒီလိုမပြုလုပ်သင့်ကြောင်းစသဖြင့် ခွေးနဲ့ အချေအတင်ပြောကြားကာ ပြောမရတဲ့အဆုံး ကိုယ်တိုင်ပဲ ကျယ် လောင်စွာ မြည်တွန်ပြီး သခင်ကို နိုးပါတယ်။

ခ၀ါသည်ဟာ မြည်သံကြောင့် လန့်နိုးလာပြီး အိပ်ရေးပျက်အောင် လုပ်ရမလားဆိုပြီး စိတ်ဆိုးဆိုးနဲ့ မြည်းကို ရိုက်သတ်ပစ်လိုက်ပါတယ်။

တကယ်တော့ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေဟာ အကျိုးစီးပွားမဲ့ ကို အကျိုးစီးပွားထင်ပြီး ပြုလုပ်တတ်ကြသလို၊ ကိုယ့်ကျရာတာဝန်မဟုတ်သော အခြားသူရဲ့တာဝန်၊ ကိုယ့်အလုပ် မဟုတ်သော အခြားသူရဲ့အလုပ်ကို ၀င်ရောက်လုပ်ကိုင်တဲ့ သူတွေဟာလည်း စေတ နာရှေ့ထား ပြီး အကျိုးစီးပွား ကို ပြုလုပ်ပေးတယ်ဆိုပေမယ့် အကျိုးစီးပွားကို ပြုလုပ်ပေးရာမရောက်ပဲ အကျိုးမဲ့ကိုသာ ပြုလုပ်ပေးရာ ရောက် သွားတတ်ပါတယ်။

မိမိမကျွမ်းကျင်တဲ့အလုပ်ကို ၀င်ရောက်လုပ်ကိုင်လိုက်ရင် ပညာရှင်တွေရဲ့ နွားကြီးဟုခေါ် ဆိုသတ်မှတ်ခြင်း ကိုလည်း ခံရတတ်ပါတယ်။

 ဒါကြောင့် မိမိတို့အနေနဲ့ အကျိုးစီးပွားမဲ့တွေကို အကျိုးစီးပွားထင် ပြီး မပြုလုပ်မိစေရန်၊ မိမိသူတစ် ပါး နှစ်ဦး သား တို့၏ အကျိုးစီးပွားကို မဖျက်စီးမိစေရန်၊ နွားကြီးဟု ပညာရှင်များ ရဲ့ သတ်မှတ်ခေါ်ဆိုခြင်းကို မခံရစေရန် ကိုယ့်ကျတာဝန် ကိုယ့်အလုပ်ကိုသာ အကောင်းဆုံး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြဖို့လိုပါတယ်။

ကိုယ်နဲ့မသက်ဆိုင်တဲ့ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တွေကို ၀င်မရှုပ်သင့်ပါ ဘူး။

(မိုးသု-မန္တလေး)

Tuesday, April 22, 2014

ဧကောဓမ္မော



မောင်လေးညီမလေးတို့ရေ ....
( တစ်ချို့ ကိုသာ ရည်ရွယ်တာပါရှင် ... ၁၀၀ မှာ ၁ ယောက် လောက်ပါ ...)

ကျမငယ်ငယ်တုန်းကပေါ့ ....

အိမ်ကိုဦးစံသိန်းဆိုတဲ့ ဆရာတစ်ယောက်လာလေ့ရှိတယ် .... ဖေဖေ့ သူငယ်ချင်းပါ ... ဆေးဆရာဖြစ်တဲ့ အပြင် ရှေးလူကြီး ထုံးစံအတိုင်း အဘိဓမ္မာကိုအရေ ကျိုသောက် ထား တယ်ပေါ့

တိုက်တိုက်ဆိုင်ဆိုင် .... ကျမတို့မောင်နှမတွေသိချင်တာကို ... အမြဲတမ်း မညည်းမညူ ရှင်းပြတတ်တဲ့ အကို နှစ်ယောက် ... တစ်ယောက် ကအင်ဂျင်နီယာ တစ်ယောက်က နိုင်ငံကျော် အင်္ဂ၀ိဇ္ဖာ ပညာရှင် ...
  

ပြီးတော့ ဘိုးတော်အောင်မင်းခေါင်ရဲ့မြေး ဘဘဦးထွန်းမြင့်... ဒီဘဘ ကတော့ အားလုံးထဲမှာအတော်ဆုံး .... ကျမ သိချင်တာမှန်သမျှကိုလေ တစ်ခါမှမညည်းညူ ဖူးရယ် .... သူမသိတာလဲသိတ်မရှိဖူး ... မေးတာကိုဖြေတယ် ... အဆုံးသတ်မှ သူက ဆုံးမတာ .... သူတို့အားလုံးစုံနေတာ....

အဲ့အချိန်တွေက ကျမ က သိတ်ငယ်တယ် ... ဖေဖေက သူလ္ဘက်ရေဆိုင် သွားလဲခေါ် တယ် ... တနင်္ဂနွေ ဘုရားမှာ ပိဋကတ် အိုးကွဲတွေ ငြင်းခုန်ရင်လဲ ခေါ်သွားတယ် ... ကျမ ကဖေဖေနဲ့ ခွဲမနေဖူး ... ဖေဖေကလဲ ၀င်းဦးရဲ့ အတွယ်အတာ ကား သိတ်ကြိုက်တော့ ကျမ ကိုသွားလေရာခေါ်သွားတာ .... ပြီးတော့ ပြောသေးတယ် ... ခုပြောနေဆိုနေတာတွေကို သမီးလေးနားလည်ချင်မှ နားလည်မယ် ... ဒါပေမယ့် သမီးရဲ့ ဥဏှောက် အသစ်စက်စက်လေးထဲမှာ ဒါတွေဖေဖေက ရိုက်သွင်းထားလိုက်ပြီ ..သမီးကြီးလာလို့ စာနဲနဲဖတ်တာနဲ့ ... သမီးအားလုံးကို ပြန်သတိရ နားလည်သွားမှာ တဲ့ ...။

( သိတ်မှန်တယ်ရှင် ... အခုဆို စာလေးနဲနဲဖတ်မိတာနဲ့ ... ပြန်သတိရလာတယ် ... ငယ်ငယ်က ဖေဖေတို့ရဲ့ ငြင်းခုန်းပွဲလေးတွေကိုပေါ့ )

ဒါနဲ့ နူး က ဘဘ ကာဠ နဂါး ဘယ်မှာရှိလဲဟင် လို့ ... မေးတာပေါ့ ....။

ဘဘကပြောတယ် ... သူဇာတာ ဃနာနိုးဆွမ်း ရွှေခွက်မျှောတာတို့ ... အာသောက မင်းကြီးကို ဘုရားရှင်ပုံတူဖန်ဆင်းပြတာတို့ပေါ့ .... သေချာ၇ှင်းပြ တယ်.... ခလေးဆိုတော့ ... အရမ်းသိချင်တယ်... ကိုယ့်ဆီမှာ သာသနာကွယ် မှာကြောက် တယ်... ဘာမှန်းမသိပါပဲ ... အဲ့လိုတွေကြားရင် ...ရင်ထဲမှာ ဘုရားရှင်ရဲ့ ကြီးမြတ်ပုံတွေ သိပြီး ... ပီတိဖြစ်တယ် .. ပိုကြည်ညိုတယ် ...။

ဒီမှာပြသနာ တက်တော့တာ ...ဘဘဦးစံသိန်းက စဖောက်တော့တယ် ... ဒါဆိုဗျာ ... ရွှေခွက်မျှောတော့ နဂါးပြည်ရောက်တယ် ဆိုတာဘယ်သူသက်သေရှိလဲဗျာ ... ဘယ်ကျမ်းမှာ ပါလဲဗျာ .... ဘုရား ( ၄ ) ဆူပွင့်တာ ဘယ်သူသက်သေ အဆင့်ဆင့်ခံလာလဲဗျာ .... ဘယ်ကျမ်းမှာ ရှိလဲဗျာ ... နှိုက်နှိုက်ချွတ် ချွတ်တွေ မေးကုန်ရော ... ဖေဖေရယ် ဘဘဦးထွန်းမြင့်ရယ်က ပြုံးနေတယ် မဖြေဖူး ....။

ကျန်တဲ့ ၂ယောက်နဲ့ စကားများကြတာဝက်ဝက်ကွဲပေါ့ ..... နောက်ဆုံး အကို ( ၂ ) ယောက်ကို ကပ်သပ်မေးပြီး ..မဖြေနိုင်တော့မှ ... တွေ့တယ်နော် ..ဒါတွေလိုက်နေရင် သံသရာဆုံးမှာမဟုတ်ဖူး ... မဂ် ဖိုလ် နိဗ္ဗာန် ရောက်ကြောင်းမဟုတ်ရင် ...ဘုရားရှင်အလို မဟုတ်ဖူး ... ဒါတွေဖြေနေမယ့်အစား ... အေးသိချင်လား တရားငါးမိနစ် ထိုင်..အဲ့တာအကျိုးရှိတယ်လို့ ပြောလိုက်ပေါ့တဲ့ ...။

ဒီတော့ ဘဘဦးထွန်းမြင့်က တစ်ခွန်းပဲ ထပြောတယ်... တော်ကြတော့ဗျာ ... ဧကောဓမ္မော ဆိုတာ ခင်ဗျားတို့ အဘိဓမ္မာဆရာတွေ တွင်တွင်သုံးလာတာ ... ဗုဒ္ဓက ဧကော ဓမ္မောဆိုပေမယ့် .... တစ်ကယ်မသိနားမလည်လို့သိချင်သူတွေကို ဖြေခဲ့ပါတယ် ..ဖြေတဲ့ အခါမှာလဲ ဒိဗ္ဗစက္ခု ဥာဏ်တော်နဲ့ ဖြေတာပါ ( မနေ့ကအကိုစည်သူငြိမ်းချမ်းပြောတာလေးက ငယ်ငယ်ကဘဘပြောဖူးတာကိုသတိရစေပါတယ် ကျေးဇူးပါရှင် ) ....

ကဲဗျာ ဗုဒ္ဓက ဧကောဓမ္မောပဲ ဘာမှမပြောဖူးဆိုရင် ... မြင်းမိုရ်တောင် တို့ နတ်ပြည်တို့ ကာဠနဂါး တို့ ဆိုတာ ပိဋကတ်ကျမ်းတွေ မှာ ဘုရားရှင်အထင်အရှားပြောထားတယ်ဗျာ .... ဒါဆို ဘုရားရှင်က သူ့စကားသူမတည်သလိုဖြစ်မနေလား ဗျာ ... ခင်ဗျားလုပ်မှ ဗုဒ္ဓလဲ ခုတစ်မျိုးတော်ကြာ တစ်မျိုးဖြစ်တော့တယ်ဗျာ ... ဘုရားရှင်က ဖြေခဲ့ပါတယ် ဒါပေမယ့် အဆုံးသတ်မှာ ..ဒါတွေ လိုက်နေမယ့်အစား ... အချိန်ရှိတုန်းလေး သံသရာကလွတ်အောင်ကြိုးစား ပါလို့ ဟောခဲ့တာပါဗျာ ... ဗုဒ္ဓမဖြေတာလူသားအစတစ်ခုပါပဲဗျာ ... ဒါကလဲ အင်မတန် နက်နဲပြီး နားလည်ရခက်လို့ ရှင်းပြမရလို့ပဲဖြစ်မှာပါဗျာ တဲ့...။

ခင်ဗျာ ဘိုးဘွား ဆရာသမားတွေက ဒီခလေးကလေးကို ကျုပ်ရှင်းပြသလို ခင်ဗျား ကိုရှင်း ပြခဲ့လို့ ခင်ဗျား အဆင့်ဆင့် တက်လာပြီး ... အခု အဘိဓမ္မာဆရာတောင် ဖြစ်လာတယ်... ဒါတွေဟာ နိဗ္ဗန်ရောက်ကြောင်း နဲ့မဆိုင်တာ သိလာတယ် .... မဟုတ်လားဗျာ 

.
ဒီခလေးလေးတွေကိုလဲ ... နောင်အခါ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ် လာစေဖို့ .... အဆင့်ဆင့် သိခွင့်ပေးလိုက်ပါ ... နောင်လာမယ့်ခလေးတွေကို ... ခင်ဗျားလို ဧကောဓမ္မော ဆိုတာကြီး နားလည် လာအောင် ... ရင်ထဲမှာအဆင့်ဆင့် ဗုဒ္ဓရုပ်ပွား တည်ခွင့် ပေးလိုက်ပါတဲ့ ... 
.
ခင်ဗျားတို့ ဒီလိုပြောနေပုံနဲ့ နောင်အနှစ် ၁၀၀ မှာ .... ခလေးတွေဟာ ... ဗုဒ္ဓဆိုတာ ... ဖန်ဆင်းရှင်ရဲ့ တမန်လို ... ဒါကလွဲ လို့ကျန်တာမမေးနဲ့ ... မေးရင်မှားတယ် ဖြစ်ကုန်ကြရင်... 
.
ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့ မဟာလူသား သမိုင်း အကြောင်း ... သူ့ရဲ့ စင်္ကြာဝဠာထက်ကျယ်ပြန့်တဲ့ သိမှုတွေကို ... ခလေးတွေ သိတော့မှာမ ဟုတ်ဖူးတဲ့ ....။
.
ဒါနဲ့နူးးလဲ ဖေဖေ့ကိုမေးတယ်... ဗုဒ္ဓဘာသာခြင်းအတူတူ ဒီလူကြီးက ဘာလို့ဒီလောက်ဆိုးရတာလဲ .. သူသိတာတွေ ..ဘာလို့ပြန်မပြောချင်တာလဲဟင်လို့ ... ဖေဖေကပြောတယ်
.
သမီး ... ဗုဒ္ဓဘာသာဝင်တွေမှာ အမျိုးအစား အများကြီးရှိတယ် ... ဥပမာ ဆရာဦးစံသိန်းလိုအမျိုးအစား ... သူတို့က အဘိဓမ္မာဆရာတွေ ... ပြီးရင် ဘုရားရှင်က မဂ် ဖိုလ် ရောက်ကြောင်းနဲ့ မဆိုင်တာ မဖြေဖူး ( ဘုရားရှင်က ဖြေခဲ့တာအများကြီး လူသားအစတစ်ခုပဲ အရမ်းခက်ခဲနက်နဲလို့ မဖြေတာ ) ဒါကိုဆွဲကိုင်ပြီး ရွှေတိဂုံ မြောက်ဖက်စောင်းတန်းမှာ ... အဘိဓမ္မာကိုအာဘောင် အာရင်းသန်သန် ငြင်းနေ ဖို့တော့ သိပ်စိတ်ဝင်စားတဲ့ သူတွေပေါ့တဲ့ ... 

.
သူတို့ လုပ်နေတာလဲ ဗုဒ္ဓ’လမ်းစဉ်မဟုတ်တာ လူတိုင်းသိ တယ်တဲ့ ... သူတို့ရဲ့စရိုက်တွေက ... လူကြားထဲမှာ မဖြေနိုင်တော့အောင်ကပ်သပ်မေးမယ် .. မဖြေနိုင်တော့ရင် ... တွေ့တယ်မလား ဒါတွေလိုက်နေရင်မပြီးတော့ဖူး ဒါတွေလုပ်မယ့်အစား ... တရားထိုင်ပါလား ... ၀ိပသနာအားထုတ်ပါလား .... ဆိုပြီး လူတွေကြားထဲ ညစ်ပုတ်ကပ်ကျယ်နဲ့ ... သူတတ်တာကိုသိဖို့ ..ကျန်တဲ့သူတွေကိုအမှီးလှန်ချိုး ..တတ်တဲ့ အမျိုးအစားတွေပေါ့တဲ့ ...။
.
သူတို့တွေဟာ ဘုရားရှင်ရဲ့ ဧကောဓမ္မောကိုကိုင်စွဲလို့
၂- ပါပိစ္ဆဣဿာပကတ - လူတစ်ဖက်သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာစိတ်ကြောင့်မေးခြင်း
၃- ပရိတဝ - မာနတရားဖြင့် သူတပါးအား မထီလေးစားပြုလိုသောကြောင့် မေးခြင်း
ဒီမေးခြင်း အကြောင်းအရာ နှစ်မျိုးနဲ့ လူတစ်ကာကို အနိုင်လိုက်ယူနေတဲ့ တရားငြင်းသမားတွေပေါ့တဲ့....
.
နူ နူးကတော့ ဘဘဦးထွန်းမြင့်သဘောအတိုင်း ... ခလေးတွေရဲ့ ရင်ထဲမှာ ... ဗုဒ္ဒပုံရိပ်တော်ကို အုတ်မြစ်ချပေးတဲ့ အဆင့်ပါရှင် ... ရှင်တို့နဲ့ တရားဆွေးနွေးငြင်းခုန်းနေလောက်အောင် မတတ်ပါဘူး ဆိုတာဝန်ခံပါရစေ ....။

ချမ်းမြေ့ကြပါစေရှင် ....

.
.

Friday, April 4, 2014

မိုးပြာဓမ္မတရား သုံးသပ်ချက်


မနေ့ က ဓမ္မနဒီ မှာ ဘုန်းဘုန်း ဓမ္မအလင်း တင်ထားတဲ့ ပို့စ် တစ်ခု ကို ဖတ်မိတော့ ဒီ ပြန်ကြားချက် လေး ကို ရေးချင်စိတ် ဖြစ်ပေါ်လာ လို့ ရေးလိုက် ပါတယ်။ ဘုန်းဘုန်းတင်ထားတဲ့ ပို့စ် က မိုးပြာ ဦးဥာဏ ကို ဝေဖန် ထား တဲ့ ပို့စ်ပါ။ ဘုန်းဘုန်း တင်ပြထားတာ တွေ ကို အနှစ်ချုပ် ရင် အောက်ပါအချက်တွေ ကို ရပါတယ်။

(၁) မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်။ အခုတော့ မိုးပြာ ဦးဥာဏ က ဥာဏ်မထက် တော့ ဒီလို မလုပ်နိုင်ခဲ့ ဘူး။
(၂) ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။
(၃) အဗျာကတ ၀ိပါက်ခန္ဓာ တွေ နဲ့ ကိလေသာ ဥပါဒါနက္ခန္ဓာ တွေ ကို ခွဲခြား မြင်နိုင်ရင် သမုဒယ နဲ့ ဒုက္ခ ဆက်စပ် ပုံ ကို မြင်လိမ့်မယ်။ နိဗ္ဗာန် အသိလဲ ကွဲပြားလိမ့်မယ်။
(၄) မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ်။
(၅) ဒီ အတွက် ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ်။
(၆) ဒါတွေ ကို မိုးပြာ နဲ့ နီးစပ်သူတွေ ကို တွေက ရင် ပြောဆို ဖျောင်းဖြ ပေးကြပါ။ ပြန်လည် စည်းရုံးကြပါ။ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စည်းလုံးညီညွတ်ရေး က အလွန် အရေးကြီး ပါတယ်။

ဒီအချက်တွေ ကို ဖတ်ရတော့ ဘုန်းဘုန်း ဓမ္မအလင်း ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို အပြည့်အ၀ မသိမြင်သေး ပါလား ဆို တာ သဘော ပေါက်မိတယ်။ ဒါကြောင့် ဒီ ပြန်ကြားချက် ကို ရေးလိုက် တာ ဖြစ် တယ်။
ဒီရှင်းလင်းပြန်ကြားချက် ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရှေ့နေလိုက် ပြီး ဘုန်းဘုန်း ကို ချေပ ထားတာ မဟုတ် သလို မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ကြော်ငြာ တာ လဲ မဟုတ်ဘူး ဆို တာ သိစေချင်တယ်။ တစ်ချို့ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရေးတိုင်း မိုးပြာ လို့ ရမ်းတုတ်စွပ်စွဲ တတ်ကြလို့ ပါပဲ။ တစ်စုံတစ်ရာ ကို မသိနိုးနား ၀ိုးတစ်ဝါး ဖြစ်နေရမဲ့ အစား ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်ပြီးတော့ မှ လက်ခံချင်လဲ လက်ခံ ငြင်းဆန်ချင်လဲ ငြင်းဆန်ပေါ့။ ငှက်မသိ ပဲ ဆက်ရက် ကို ချိုးထင် နေကြမှာစိုးလို့ ဖြစ်ပါတယ်။

မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား  တွေ က သူရေးခဲ့ တဲ့ စာအုပ် ၄၀ လောက် နဲ့ တရားခွေ ၁၅၀ လောက် မှာ ပြန့်ကျဲ နေတာ မို့ အားလုံး အမြင်ရှင်းအောင်  ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ က နေ စပြော မယ်။ ဒါကို မသိ ရင် ကျန်တာ မှန်သမျှ စမ်းတ၀ါးဝါး ဖြစ်နေကြလိမ့်မယ်။ မိုးပြာ ဦးဥာဏ ဟာ မြတ်စွာဘုရား မဟောကြားတဲ့ အဗျာကထန တရား (၁၀) ချက် နဲ့ သူ့ ရဲ့ ဒဿန ကို စ တည်တယ်။ လောက အစရှိမရှိ အဆုံးရှိမရှိ အတ္တ နဲ့ ရုပ်နာမ် အတူတူ ဟုတ် မဟုတ် သတ္တ၀ါသေပြီး ရင် ထပ် ဖြစ်မဖြစ် ဆို တာ တွေ ပဲ။ ဒီ အဗျာကထန တရား (၁၀) ချက် ကို အခြေခံ လို့ ဗုဒ္ဓ ဟာ ခေတ်ပြိုင် လောကအမြင် တွေ ဘ၀သံသရာ အမြင်တွေ အတ္တ အမြင်တွေ ကို ပယ်ခဲ့ တယ် လို့ မိုးပြာ ဦးဥာဏ က ယူဆ ပုံ ပေါက်ပါတယ်။ သူ့ တရားခွေ တွေ မှာလဲ ကြားမိတယ်။

တကယ်တော့ အဗျာကထန တရား (၁၀) ချက် ကို ဗုဒ္ဓ မတုန့် ပြန်တာ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ မဟုတ်သေးဘူး။ ဒါကို မူတည် ပြီး သတ္တ၀ါသေ ရင် ပြန်ဖြစ်-မဖြစ် ကို ဘုရားမဟော ဘူး ဆို တဲ့ အချက် မှာ မိုးပြာ ဦးဥာဏ က သတ္တ၀ါ သေရင် ပြန် မဖြစ်ဘူး ဆို တဲ့ အမြင်ဖက် ကို ဆွဲယူ သွားတယ် ဆို တာ တွေ့ ရတယ်။ ပါဠိလို ပြော ရင် တော့ ဥစ္ဆေဒ ဒိဋ္ဌိ ပေါ့ နော်။ မသေခင် အတ္တ ရှိတယ်..ဒီ အတ္တ က သေရင် ချုပ်ပြီ ဆို တဲ့ အမြင် ပါပဲ။ ရှင် ဥက္ကဌ ရဲ့ အမြင် က လူသေ လူဖြစ် ဆို ရင် မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က လူသေ ဘာမှ မဖြစ် လို့ ပဲ ပြောရ မယ်။

ဒီ အချက် က ဘယ်မှာ ထင်ရှား သလဲ ဆို ရင် လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ်တည်ရှိ လာ တာ နဲ့ ပတ်သက် တဲ့ မိုးပြာ ဦးဥာဏ ရဲ့အမြင် မှာ ထင်ရှားနေပါတယ်။ အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် မှာ လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ် လာ ဖို့ အကြောင်း တရား အခြေခံ (၃) ခု လို တယ်။

(၁) မိဘ နှစ်ပါး သံဝါသပြုခြင်း
(၂) မိခင်းလောင်း ဥတုပန်းပွင့်ခြင်း
(၃) ဂဗ္ဘ သေယျက ခေါ်တဲ့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ...တို့ ပါပဲ။

မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေ ကို အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် အတိုင်းလက်ခံ ပေမဲ့ နံပါတ် (၃) ဂဗ္ဘ သေယျက နဲ့ ပါတ်သက်လို့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ.လို့ မယူဆဘူး ဆို တာတွေ့ ရတယ်။ ဂဗ္ဘ သေယျက ရဲ့ တိုက် ရိုက် အနက် ဖြစ်တဲ့ သားအိမ် အတွင်း ကပ်ငြိကျရောက်မည့် သူ ဆို တာ ကို ပဲ ယူ ပြီး ဂဗ္ဘ သေယျက ဟာ အခြားမဟုတ်= ဖခင်လောင်း ရဲ့ မျိုးအောင် နိုင်တဲ့ သုတ်ပိုး (စပန်း) ပဲ ဖြစ်တယ်လို့ ကောက်လိုက် ပါတော့ တယ်။ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ အလို အရ လဲ ကိုက် သလို ဖြစ်နေတယ်။ သန္ဓေဗေဒ အလို အရ နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေရှိ ရုံ နဲ့ သန္ဓေမတည်နိုင် ပဲ နံပါတ် (၃) ဂဗ္ဘ သေယျက =ဖခင်လောင်း ရဲ့ မျိုးအောင်နိုင်တဲ့ သုတ်ပိုး (စပန်း)လဲ အဓိက လို အပ် နေတာ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ က  အတည်ပြုပြီး ဖြစ်တဲ့ အပြင် အခြားသော ဇီဝကမ္မဆိုင်ရာ လိုအပ်ချက် တွေ လဲ များစွာ ရှိ သေးကြောင်း တွေ့ ရှိ ထားပြီး ဖြစ်လို့ ပါပဲ။

ဒီတော့ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒသက်သက် ကို မူတည် ပြီးတော့ လူ့ဇာတိ ဖြစ်ပေါ်လာပုံ ကို ရှင်းပြတဲ့ အခါ ဟိုး ရှေး အတိတ် က ဘ၀ဟောင်းနဲ့ ကမ္မသတ္တိတွေ ဆို တာ မလိုအပ်တော့ တဲ့ အပို ၀ိဘာဂတွေ သဖွယ် ဖြစ်ခဲ့ ပါတယ်။ ဒါကို ဒဿန ပညာ မှာ သဘာဝအခြေပြုရှင်းပြနည်း ( Naturalistic Explanation) လို့ လဲ ခေါ်တယ်။ သဘာဝ ကို သဘာဝ သက်သက် ရုပ် ကို ရုပ်သက်သက် နဲ့ ပဲ ရှင်းပြတဲ့ နည်းပါ။ နောက်တစ်ခါ ဒါ ကို အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor) လို့ လဲ ခေါ်ကြသေးတယ်။ ဥပမာ မိုးကြိုးပစ် တာ ကို လုံလောက်တဲ့ သဘာဝ အကြောင်းတရား တွေ (မိုးတိမ် လျှပ်စစ်ဓါတ် )နဲ့ ရှင်းပြနိုင်ရင် သဘာဝလွန် အကြောင်း တရား တွေ ထည့် စဉ်းစားဖို့ မလို ဘူး ဆို တဲ့ နည်းပဲ   ဖြစ်တယ်။ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင်က ဒီ အချက်တွေ ကို အခြေခံလိုက်တဲ့ အခါ မှာ လူ--လူ ဘယ်က လာ အမိအဖတွေ ဆီ က လာ ဆို တဲ့ အမြင် ကို ရောက်တော့ တာပဲ။

မိုးပြာ ဦးဥာဏ ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လို့ လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု
=ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကို ဆက် စဉ်းစားတဲ့ အခါ မှာ အထက်ပါ သဘာဝတ္တ အမြင် ကို အခြေခံ ပြီး စဉ်းစားပါတော့ တယ်။ မိုးပြာ ဦးဥာဏ ဟာ ရုပ်ကြမ်းဝါဒီ တစ်ယောက် တော့ မဟုတ်ဘူး။ ရုပ်ဆင့်ပွားဂုဏ်ရည်ဝါဒီ (Epiphenomenalist) တစ်ယောက် ဖြစ်တာ ကို တော့ တွေ့ ရတယ်။ မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ စိတ် ဟာ ရုပ် မဟုတ် တဲ့ ဂုဏ်သတ္တိထူး တစ်ခု ဖြစ်ပေမဲ့ ရုပ်မရှိပဲ စိတ်မရှိနိုင် ရုပ်ကို အခြေခံလို့ ရုပ်ရဲ့ ဆင့်ပွားဂုဏ်ရည် အနေနဲ့ စိတ် က ပေါ်ထွက်လာတာ ဖြစ်တယ် လို့ မြင် တယ်။ ဥပမာ ကြေးပြား တစ်ချပ် ကို ပြောင်လက် အောင် တိုက်ချွတ်လိုက် ရင် ကြေးမုံ  ဖြစ်သွားပြီး ပတ်ဝန်းကျင်ဝတ္တုတွေ ကို အရိပ်ထင်နိုင်တယ်..ဒီ အရိပ်ထင်နိုင်တဲ့ ဂုဏ်သတ္တိ ဟာ မူလကြေးပြားပေါ် မှာ ပဲ တည်မှီ ရှိ နေပြီးတော့ ကြေးပြား က တစ်ဆင့် ထွက်ပေါ်လာတဲ့ ဆင့်ပွားဂုဏ်ရည်(Epiphenomenon) တစ်ခု သာ ဖြစ်တယ်..ထိုနည်းတူ ပဲ ရုပ် ကို မှီ ပြီး ဖြစ်တဲ့ စိတ် ကို မြင် ကြည့်ပါ။

ဒီ အတွက် ကြောင့်  မိုးပြာ ဦးဥာဏ ဟာ စိတ် ရဲ့ အရှိတရား ကို လက်ခံ တယ် (ရုပ်ကြမ်းဝါဒီ မဟုတ်) စိတ် ကို စနစ်တကျ လေ့ကျင့် ပေးရင် ထူးကဲတဲ့ အဘိညာဉ်တန်ခိုးသတ္တိတွေ ရနိုင်တယ် ဆို တာ ကို လဲ လက် ခံ တယ်။ စိတ် ရဲ့ ကြံစည်အားထုတ်မှု နဲ့ သိပ္ပံ ၀ိဇ္ဇာ ပညာ တွေ ဖေါ်ထုတ်နိုင်တယ် ဆို တာ လဲ လက်ခံ တယ်။ နောက် ဆုံး လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု= ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကိုသိပြီး လွတ်မြောက်မှု ရသ ကို ခံစား နိုင်တာ လဲ စိတ် ပဲ လို့ လက်ခံတယ်။ ဟုတ်ပြီ..ဒါဆို မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ လက်မခံ တာ က ဘာ လဲ ဆို တော့ ရုပ်ကို မတည်မှီတဲ့ စိတ်သက်သက် ရှိမှု နဲ့ လူ မမွေးခင် ရှိ နေတဲ့ စိတ်-လူသေပြီး ဘ၀ ပြောင်းသွားတဲ့ စိတ် စတာ တွေ ကို လက်မခံ ဘူးဆိုတာ တွေ ရတယ်။ ဒီ အချက် တွေ က မိုးပြာ ဦးဥာဏ ရဲ့ အမြင် တစ်ခု လုံးရဲ့ အတွင်း အနှစ်သား (Core) ပါပဲ။ ကျန်တာတွေ က ဒီ အချက် က နေ ဖြာထွက် သွား ရ တာ ပါ။

ထေရ၀ါဒ အမြင် က နေခွဲထွက်ခဲ့ တဲ့ မိုးပြာ ဦးဥာဏ ရဲ့ အမြင် ဟာ ဒီနေရာ မှာ အခက်ခဲ ဆုံး အလုပ် တစ်ခု ကို လုပ်ရပါတော့တယ်။ ထေရ၀ါဒ အမြင် က သံသရာ ကို ဘောင် အကျယ်ကြီး ထားတယ်..အချိန် ကာလ အရဆိုလဲ အစမထင် တဲ့ အတိတ် ကာလ အနမတဂ္ဂ ကာလ ကစလို့ နိဗ္ဗာန်ဝင်တဲ့ အထိ ( ပကတိ သံသရာ က အဆုံး တောင် မရှိပါ) နဲ့ နေရာဌာန အရ ဆို လဲ စကြာဝဠာတစ်ခု ကို (၃၁) ဘုံ နဲ့ စကြာဝဠာ ပေါင်း အနန္တ မှာ (၃၁) ပေါင်း အနန္တ ရှိပြီးတော့ သတ္တ၀ါ တွေ က လဲ မရေမတွက်နိုင်အောင် အနန္တ ကျယ်ပြန့် စွာ ရှိ နေ ပါတယ်။ ဒီလို ကာလ-ဒေသ အနန္တ သဘော ထဲ မှာ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ်လို့ ထေရ၀ါဒ မဟာယာန စသည်တို့ က မြင်တာ ဖြစ်ပါတယ်။ ဒါတွေ အားလုံး ကို ဦးဥာဏ က အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor)နဲ့ တိ ကနဲ ဖြတ်ချ လိုက် ပါတယ်။ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ့် ဖြစ်စဉ်ကို ရှင်းပြရန် ကာလ-ဒေသ အနန္တ သဘော မလို အပ်ဘူး လို့ သူ က ဆို တယ်။

ရောဟိတဿ နတ်သား ကို ဟောတဲ့ ((ဤ တစ်လံ မျှ သော ကိုယ်ကာယ မှာ လောက-လောကဖြစ်ကြောင်း-လောကချုပ်ကြောင်း နဲ့ လောကချုပ်ရာ လမ်း တွေ ကို ငါပညတ် တယ်)) လို့ ဟောခဲ့ တာ ကို ထောက် ပြီးတော့ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ရဲ့ တည်မှီ ရာ ဟာ ဒီ အမိ နဲ့ အဖ ကြောင့် မွေးဖွားလာ ရ တဲ့ မွေးလူ ရဲ့ ရုပ်စိတ်တွေ ပေါ် မှာ ပဲ မှီ နေတယ် လို့ အခိုင်အမာ ပြော တော့ တာ ပဲ ဖြစ်တယ်။ ဘ၀သံသရာ ကြီးတစ်ခု လုံး ၃၁ ဘုံး အားလုံး ကို မိတ္တူချုံ့ ပြီး လူသားပေါ် တင်ကြည့် တဲ့ အမြင် ဖြစ်လာ ပါတော့ တယ်။
ဒီတော့ ချုပ်လိုက် ရင် ရုပ်ခန္ဓာကိုယ် က မိဘ တွေ ကြောင့် ဖြစ်လာတယ် ထမင်း မုန့် အာဟာရ နဲ့ ကြီးထွားတယ်..ဒီ ဇီဝရုပ် ကို အမှီပြု လို့ သိစိတ် က ဆင့်ပွားဂုဏ်ရည် အနေနဲ့ ဖြစ်ပေါ်လာတယ်။ ဘုန်းဘုန်း ဓမ္မအလင်း ပြော သလို ထေရ၀ါဒ အမြင် က အတိတ် ကံ အကျိုးပေးကြောင့် ဖြစ်ပေါ်လာတဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ဖြစ်တယ် ဆိုတဲ့ အမြင် ကို မိုးပြာ ဦးဥာဏက လက်မခံ ပါဘူး။ သူ့ အမြင်မှာ ကမ္မသတ္တိ တွေ ဟာ ဒီဘ၀ ဒီခန္ဓာ ကို မကျော် ပါဘူး။ ဒါကြောင့် ထေရ၀ါဒ ရဲ့ ကမ္မသတ္တိကြောင့် ဖြစ်တဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ကို သူ က သဘာဝတ္ထခန္ဓာ= ပရမတ္ထခန္ဓာ တွေ အဖြစ် ယူ ပါတယ်။ ဒီခန္ဓာ တွေ ဟာ အကောင်း အဆိုး မဟုတ် ကြလို့ အဗျာကတ တွေ လို့ တော့ ဆို နိုင် ပါတယ်။

ဟုတ်ပြီ။ သဘာဝတရား ကြီး က အမိ အဖ တွေ ကနေ တစ်ဆင့် ပစ်လွှင့်လိုက်လို့ လူသား ဟာ လောကကြီးထဲ ကျရောက်လာခဲ့ တယ်။ ပတ်ဝန်းကျင် တစ်ခု မှာ ကြီးပြင်းလာရ တယ်။ သူ့ ရဲ့ မွေးရာပါ လူသား ရုပ် နာမ်ခန္ဓာ တွေ က သူ့ ရဲ့ ပကတိ အတ္တ ပဲ ဖြစ်တယ်။ သူ ဟာ သူ ဖြစ်ကြောင်း ထပ်တူစွဲ နိုင်တဲ့ အမှတ်သရုပ် (Personal Identity) ဖြစ်တယ်။ ဒီ အတ္တဟာ သဘာဝ အတ္တ ဖြစ်လို့ ကိုယ်လုပ်တာ လဲ မဟုတ် သူ့ သဘော သူဆောင် နေတဲ့ အတ္တ ပဲ ဖြစ်တယ်။ ဒီ အတ္တ ရဲ့ အလိုဆန္ဒတွေ နဲ့ တုန့်ပြန်မှု တွေ က သဘာဝ သာ ဖြစ်လို့ ကုသိုလ် အကုသိုလ် မဟုတ်တဲ့ အဗျာကတတွေ သာဖြစ်တယ် ပယ်စရာလဲ မလို ဘူး လို့ ဦးဥာဏ က ပြော ပါတယ်။ ဒီ အပြစ်မဲ့ လူသား သဘာဝ ကလေးငယ်လေးဟာ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ ပြွမ်းတီးနေတဲ့ လူ့ ပတ်ဝန်းကျင်ထဲ ကို ရောက်လာ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ  ရဲ့ ကူးစက်မှု ကို စပြီးခံ ရပါတော့ တယ်။

သူ့ပတ်ဝန်းကျင်မှာ လူ တွေ ကံကျူး နေတာ တွေ ကို မြင်တယ်။ ဒီနေရာ မှာ ကံကျုးတယ်ဆို တာ ကို မိုးပြာ ဦးဥာဏက မိမိ သဘာဝ မဟုတ်ပဲ အလွန်အကျွံ ထပ်ခါတလဲလဲ လုပ် တာ တွေ ကို ဆို ပါတယ်။ ကာမဘ၀ မှာ ကံလွန်ကျူး မှု တွေ က တော့ သတ်-ခိုး-မှား-လိမ်-မူး စတဲ့ ဂရုဓမ္မသီလ ချိုးဖေါက်မှု တွေ အပြင် အခြားသော အပုည ကိရိယာ တွေ ချိုးဖေါက်မှု တွေ ကာမဂုဏ်အာရုံ တွေ ကို သဘာဝလွန်အကျူးအကျော်ထပ်ဖန်တလဲလဲ ခံစားလို မှု တွေ အပြင် အနာဂတ်ကာလ အတွက် ကာမဘ၀ အကျိုးပေးတွေ ကို စိတ္တဇ နဲ့ စိတ်ကူးယဉ် မျှော်မှန်းပြီး လုပ် တဲ့ ပုည ကိရိယာ တွေ ပါ ပါဝင်ပါတယ်။ ရူပဘ၀-အရူပဘ၀ ဆိုင်ရာ ကံလွန်ကျူး မှု တွေ က တော့ရူပဈာန် အရူပဈာန်တရားတွေ မှာ ရုပ်နာမ်ပျောက်ဆုံး ပြီး မဟဂ္ဂုတ် သုခ ဈာန်ချမ်းသာတွေ ထဲ မှာ သာယာနစ်မွန်း နေတာ တွေ ကို ဆို လို ပါသတဲ့။ ဒါတွေ အားလုံး က ဒုက္ခ နဲ့ ဒုက္ခ ချုပ်ငြိမ်းမှု အမှန် ကို မသိတဲ့ အတွက် ဖြစ်ပွား နေရ တဲ့ လွန်ကျူးမှု တွေ ပါ။

ဒါကို တွေ့မြင်ကြုံသိ ရတဲ့ လူသားဟာ ဒီ ကံကျုးမှု တွေ ကူးစက်ပြီး သူ့ စိတ်သဏ္ဍာန်မှာ လဲ အချစ် အမုန်း အမိုက် ကိလေသာ တွေ ကပ်ငြိလာ ပါတယ်။ အချစ် အမုန်း အမိုက် ကိလေသာတွေ ရဲ့ တွန်းအားကြောင့် သူများတွေ နည်းတူ သူလဲ ကံကျူးမှု တွေ ကို လုပ်ပါတယ်။ ဒီ ကံကျူးမှုတွေ က ရရှိလာတဲ့ ဝေဒနာ တွေ အပေါ် တပ်မက်သာယာတာ ကြောင့် အစွဲဥပါဒါန်တွေ ဖြစ်လာပါတယ်။ဒီ အစွဲ တွေ ဟာ ကံကျူးသူ ရဲ့ သန္တာန် မှာ အနုသယဓါတ် အနေနဲ့ ပြန်ကိန်းပြီး တော့ ကံဝိပါက်တွေ ကြွင်းရစ်စေပါတယ်။ ဒီ အနုသယတွေ ကြောင့် အကြောင်းတိုက်ဆိုင်တဲ့ အခါ ကိလေသာ အသစ်တွေ တစ်ဖန် ဖြစ်လာပြန် ပြီးတော့ ကံကျူးမှု အသစ် တွေ ကို ထပ်လုပ်ပြန်ပါတော့ တယ်။ ဒီလို နဲ့ ကိလေသာ==ကံကျူးမှု==ဝေဒနာ==သာယာမှု==စွဲလန်းမှု==အနုသယ==၀ိပါက် စတာတေါ ဟာ လူသား ပေါ်မှာ တရစပ် လည် နေတာ ကို ပဲ သူ က သံသရာ လို့ ခေါ်ခဲ့ ပါတယ်။

ဒီလို့ ကံကျုးမှု နဲ့ ဥပါဒါန်အစွဲ ၀ိပါက် တွေ ကြောင့် ဖြစ်ပေါ်လာရတဲ့ အသွင်အပြင် အစုအဝေးကြီး ကို ပဲ သတ္တ၀ါ လို့ ခေါ်တယ်။ သတ္တ၀ါ ဆို တာ သိမှတ်ခွဲခြားနိုင်လောက် အောင် ထင်ရှားပေါ်လွင်လာတာ ကို ဆို ပါတယ်။ အင်္ဂလိပ်ဘာသာ နဲ့ Personality လို့ ဆို နိုင်မယ် ထင် တယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး သတ္တ၀ါ တွေ အများ ကြီး ရှိ နိုင်ပါတယ်။ ဘ၀ကဏ္ဍတွေ ဟာ သတ္တ၀ါတွေ ပါပဲ။ ကိုယ်ပြုသော ကံ က ကိုယ်ထံ ပြန်လာပြီး ဆိုင်ရာ သတ္တ၀ါ အသွင် ကို ပေါ်ပေါက် စေပါတော့ တယ်။ ဒါကိုပဲ ဦးဥာဏ က ဥပါဒါနက္ခန္ဓာ တွေ လို့ လဲ ဆို ပါတယ်။ ကံလွန်ကျူးမှု ဆို တဲ့ ကမ္မဘ၀ ကြောင့် ဖြစ်ပွားပေါ်လွင်ထင်ရှားလာရတဲ့ ဇာတိ တွေ လို့ လဲ ဆိုပါတယ်။ သူ့ အမြင် မှာ သတ္တ၀ါ ရယ် ဥပါဒါနက္ခန္ဓာ ရယ် ဇာတိ ရယ် ဟာ အနက်တူ ပါတယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး ဇာတိ တွေ အများ ကြီး ရှိ နိုင် ပါတယ်။

ဥပမာ လူတစ်ယောက် ဟာ သူများတွေ ခိုးဝှက်ပြီး ချမ်းသာနေကြတာ ကို မြင်ပြီး အားကျလာ တယ် ဆိုပါဆို့။ ဒါက သူတပါး ကံကျုးမှု က ကိုယ်ထံ ကူးစက် လာ တာပါ။ ဒီတော့ သူ လဲ ခိုးချင်လာတယ် ကိလေသာတွေ သောင်းကျန်းတယ်။ ဒီတော့ ခိုးတဲ့ ကံကိုယ် သူ ကိုယ်တိုင် ကျူးလွန်တယ်။ ခိုးရာပါပစ္စည်းတွေ ရလာတော့ ပျော်ရွှင်တယ် သုခဝေဒနာ ရတယ်။ ဒီကို စွဲမက်တဲ့ စိတ် ဖြစ်တော့ ဒါကို ကောင်းတယ်ထင်တဲ့ ဥပါဒါန် က ၀ိပါက်ကြွင်းပြီး သူ့ သန္တာန် မှာ ကပ် နေတော့ တယ်။ အနုသယ ဖြစ်လာ တယ်။ ဒီ အခါ မှာ သူ ဟာ သူခိုး ဇာတိ ဖြစ်သွားပြီ==သူခိုး မျက်လုံး သူခိုးနား တွေ နဲ့ သူခိုး ဥပါဒါနက္ခန္ဓာ တွေ ပဲ ဖြစ်ပွားလာပြီးတော့ သူခိုးဆိုတဲ့ သတ္တ၀ါ သဘော ပီပြင် ထင်ရှားလာပါတော့ တယ်။ 

မိုးပြာ ဦးဥာဏ က ဆက်ရှင်းတာ က တော့ လူရဲ့ သဘာဝ အဗျာကတ ခန္ဓာ မှာ သူမဟုတ်တဲ့ သူ့ ကံကျူးမှု တွေ က တည်ဆောက်ထားတဲ့ ဥပါဒါနက္ခန္ဓာ တွေဟာ ပယောဂကြောင့် ဖြစ်တဲ့ အပ မှီ နေသလို ပဲ တွယ်ကပ်နေကြတာ ဖြစ်တယ်လို့ မြင်တယ်။ လူမှာ လူမဟုတ်တဲ့ သတ္တ၀ါတွေ ဇာတိတွေ က လာရောက်စွဲ ကပ်ပြီး သူတို့ အမိန့်ပေးစေစားတဲ့ အတိုင်းလူ က လိုက်လုပ် နေရ တယ် သူတို့ ကျေးကျွန် ဖြစ်နေတဲ့ အခြေအနေ နောက် ဒါကို လဲ အကောင်းထင်ပြီး သာယာနေတဲ့ အခြေအနေ ဟာ လူ့ ဒုက္ခ= ဒုက္ခအရိယသစ္စာ ဖြစ်တယ်လို့ ဆို တယ်။ Human Situation and His Predicament လို့ ဆို နိုင်ပါတယ်။

ဒီနေရာ မှာ ဘုန်းဘုန်း ဓမ္မအလင်း ကို တင်ပြချင်တာ က တော့ (( မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်)) ဆို တာ နဲ့ ပတ်သက်လို့ ပါပဲ။ မိုးပြာ ဦးဥာဏ က ဥာဏ်ထက်ခဲ့ ပါတယ်။  ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူခဲ့ ပါတယ် လို့ ပြော ပါရစေ။ သူ ဘယ်လို ထုတ်ယူခဲ့ သလဲ ရှင်းပြပါ့မယ်။

မိုးပြာ ဦးဥာဏ က အရှိတရား ကို အလွှာ အထပ် (၃)ခု ခွဲ တယ် ။

(၁) အခြေခံ အကျဆုံး အလွှာ က ပရမတ္ထသစ္စာ အလွှာ ဖြစ်တယ်။ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ရဲ့ လောက ဖြစ်တယ်။ အဘိဓမ္မာ ရူပဗေဒ စိတ္တဗေဒ ဓါတု ဗေဒ စတဲ့ ဘာသာရပ်တွေ က လေ့လာ တယ့် နယ်ပယ် ဖြစ်တယ်။ ဒီနေရာ မှာ ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။ ဆိုတဲ့ ဘုန်းဘုန်း ဓမ္မအလင်း ရဲ့ အမြင် ကို လက်ခံတယ်။ ထပ်ပြီး နက်နက် ရှိုင်းရှိုင်း ပြောရရင် အဖြစ်တရား တွေ ဆို တာ မရှိတရား တွေ ဖြစ်တယ် (ဖမ်းဆုပ်ညွှန်ပြမရအောင်ပြောင်းလဲနေလို့ ပဲ ဖြစ်တယ်)==မရှိတရားတွေ ဆို တာ လဲ မဖြစ်မပျက် တဲ့ တရားတွေ ပဲ ဖြစ်တယ်။(အရှိသဘာဝ ညွှန်ပြစရာ မရှိလို့ ဒီအရာ ဖြစ်တယ် လို့ တောင် မပြော နိုင်ပါ)==ဒီတော့ ပရမတ္ထသစ္စာ အလွှာ ကို စူးစိုက် လေ့လာမယ် ဆို ရင် နောက်ဆုံးမှာ ထပ်တူစွဲမှုတွေ မရှိတော့ တဲ့ ဖြစ်ခြင်းပျက်ခြင်း အမူအယာတွေ ကင်းဆိတ် နေတဲ့ အနိမိတ္တ သုညတ သဘော ဆီ ကို ပဲ ဆိုက် ရောက် မှာ ဖြစ်တယ်။
မိုးပြာ ဦးဥာဏ ရဲ့ စကား အတိုင်းပြော ရ ရင် ဒြပ် (သမ္မုတိ) ကို ဖေါက်ခွဲ ရင် ကာလတရား (ဖြစ်ပျက်တရား) ကို ရ မယ်။ ကာလတရား (ဖြစ်ပျက်တရား) ကို ဖေါက်ခွဲ ရင် အာကာသ တရား (မဖြစ်မပျက်တရား) ကို ရ မယ်။

(၂) ပရမတ္ထသစ္စာ အလွှာ ဖြစ်တဲ့ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ကို ပေါင်းစုပြီး နာမပညတ်တင်လိုက်တဲ့ အခါ သမ္မုတိ သစ္စာ အလွှာ က ပေါ်လွင်လာတယ်။ လှည်း ရဲ့ အစိတ်အပိုင်းတွေ ကို ပေါင်းစု လိုက်တဲ့ အခါ လှည်းအသွင် ပေါ်လာပြီး လှည်းလို့ နာမပညတ် ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ လူ ခွေးကြောင် အိမ် တိုက်တာ အဆောက်အဦ စတာ တွေ ပေါ်လွင် လာ လို့ ဒီ သမ္မုတိ သစ္စာ အလွှာ ကို အစိတ်အပိုင်းတွေ ပေါ် အခြေခံ တဲ့ အစု အရှိတရား လို့ ဆို နိုင်ပါတယ်။ ဒီ နေရာ မှာ ထေရ၀ါဒ နဲ့ မိုးပြာ ဦးဥာဏ အမြင်ကွာခြားချက် ရှိပါတယ်။ ထေရ၀ါဒ အနေနဲ့ က သမ္မုတိ သစ္စာ အလွှာ ဖြစ်တဲ့ အစု အရှိတရား တွေ ဟာ ပညတ်သက်သက် တွေ ပဲ ဖြစ်လို့ တကယ်မရှိတဲ့ တရားတွေ ဖြစ်ပြီး ရုပ်နာမ် ဖြစ်ပျက် စတဲ့  အစိတ်အစိတ်တွေ ရဲ့ လောက -ပရမတ္ထသစ္စာ အလွှာ က တော့ အဟုတ်ရှိ အမှန်ရှိတဲ့ အရာ တွေ ဖြစ်တယ် ဆိုတာ ပါပဲ။ ငါ-သူတပါး-ယောကျာ်း-မိန်းမ မရှိ ရုပ် နဲ့ နာမ် သာ ရှိ တယ်လို့ ထေရ၀ါဒ ၀ိပဿနာ သမားတွေ ပြော လေ့ ရှိပါတယ်။

မိုးပြာ ဦးဥာဏ ရဲ့ အမြင် က တော့ သမ္မုတိ သစ္စာ အလွှာ နဲ့ ပရမတ္ထသစ္စာ အလွှာ နှစ်ခုလုံး ဟာ သူ့ရှုထောင့်နဲ့သူ ရှိ ကြတဲ့ သစ္စာတွေ ဖြစ်ပါတယ်။ ပရမတ္ထသစ္စာ ရှုထောင့် ကကြည့်ရင် ပရမတ္ထသစ္စာ ပဲရှိပြီး သမ္မုတိ သစ္စာ က မရှိ သလို သမ္မုတိ သစ္စာ ရှုထောင့် ကကြည့်ရင် သမ္မုတိ သစ္စာပဲရှိပြီး ပရမတ္ထသစ္စာ ကို မရှိဘူးလို့ မြင်နိုင်တာ ပါပဲ။ အစိတ်သဘော နဲ့ အစုသဘော တွေ ဟာ နိုင်းရ တွေ ပဲ ဖြစ်တယ်။ အစိတ်မပါ ပဲ အစု မဖြစ်နိုင်သလို အစု လို့ ပြောလိုက် ရင် လဲ အစိတ် သဘော က ပါပြီးသား ဖြစ် ပါတယ်။ အနောက်တိုင်း ဒဿနပညာ နယ်ပယ် မှာ Parts and Whole ပြဿနာ ကို အကျယ်တ၀င့်ဆွေးနွေးကြပါတယ် ဒီနေရာ မှာ တော့ မသက်ဆိုင်လို့ မပြော တော့ ပါ။

သတ္တ၀ါတွေ ဟာ အဆင့်မြင့်လာတဲ့ အခါ မှ သမ္မုတိ သစ္စာ အလွှာ ကို သိလာတာ ပါ။ ဘာသာစကား သင်္ကေတစနစ်တွေ ကို သင်ကြားလေ့လာ လာရတာပါ။ ပရမတ္ထတရား တွေ ကတော့ အဆင်းအနံ့ အရသာ စတာ တွေ ဖြစ်လို့ ခရု ပက်ကျိနဲ့ က စလို့ နို့စို့ ကလေး တောင် သိတယ် လို့ ဆို ရမှာ ဖြစ်တယ်။ပရမတ္ထတရား တွေ ကို ပရမတ္ထတရား တွေအနေနဲ့ သစ္စာ ဖွဲ့ ပြီး သိတဲ့ အခါ သမ္မုတိ သစ္စာ အလွှာ ထဲ ကို ရောက်သွား ပါပြီ။ အဘိဓမ္မာ စာပေ တွေ ဖြစ်ထွန်းလာပါတော့ တယ်။

(၃) မိုးပြာဦးဥာဏ ရဲ့ အမြင် မှာ ဖေါ်ပြခဲ့တဲ့ အစိတ်အရှိတရား (ပရမတ္ထသစ္စာ အလွှာ) နဲ့ အစုအရှိတရား (သမ္မုတိ သစ္စာ အလွှာ) တွေ အပြင် နောက်ထပ် သစ္စာ အလွှာ တစ်ရပ် ရှိနေပါသေးတယ်။ ဒါက တော့ အမှုကိစ္စ အရှိတရားတွေ ရဲ့ အရိယသစ္စာ အလွှာ ဖြစ်ပါတယ်။ ဥပမာ လှည်း အစိတ်အပိုင်းတွေ ပေါင်းစု လို့ လှည်း ဆို တဲ့ ပညတ် ဖြစ်လာတယ်။ ဒီလှည်းဟာ ပညတ် သက်သက် မဟုတ်ပဲ စီးနင်းသူ ကို လိုရာ ရောက်အောင် ပို့ ဆောင်ပေးနိုင်ခြင်း ဆို တဲ့ အမှုကိစ္စ/ Function ကို ဆောင်ရွက် ပေးပါတယ်။ ဒီလိုပဲ လူမှာ လဲ အစိတ်သဘော ရုပ်နာမ်တွေ ကို အခြေခံပြီး မောင်ဖြူမောင်နီ ပညတ် တွေ အစုအရှိ တွေ ဖြစ်လာ တယ်။ ဒီ အစု လူသား က ကံကျူးခြင်း မကျူးခြင်း ဆို တဲ့ ကမ္မအမှုကိစ္စ တွေ ကို လုပ်ဆောင် ပါတော့ တယ်။ အစိတ် ကို အခြေခံ လို့ အစု ဖြစ် အစု ကို အခြေခံ လို့ အမှု ဖြစ် ဆို တာ က မိုးပြာဦးဥာဏ ရဲ့ ပရမတ် က နေ ကံ အထိ အောင် ဆက်စပ်ယူသွားတဲ့ အမြင် ပါပဲ ဘုန်းဘုန်းရေ။

အရိယာ ဆို တာ ဖြူစင်သူ ဆို တဲ့ အနက် ကြောင့် အရိယသစ္စာ အလွှာ ဟာ ကံကျူးမှု အစွန်းတွေ ကို ရှောင်ရှားပြီး တော့ မိမိ ကမ္မတရားတွေ ကို ဖြူစင်စေသူ ပါပဲ။ ဒီတော့ ဥပါဒါနက္ခန္ဓာ တွေ နဲ့ ကပ်ငြိ နေတဲ့ လူ သာ ဖြူစင်ရိုးသား ယဉ်ကျေးမြင့်မြတ်သူ အရိယာ အဖြစ် ကို ရောက် အောင် ဘယ်လို အားထုတ်မလဲ။ ဒါကို မိုးပြာဦးဥာဏ ရဲ့ သင်ကြားချက် မှာ ဓမ္မာနုဓမ္မာ ပဋိပတ္တိ လို့ ခေါ်ပါတယ်။ ဓမ္မာ= သူတော်ကောင်းဆရာသမားထံ က ပရေတောဃောသ ကြားခဲ့ ရသော တရားသဘောတို့ ကို ဆင်ခြင်မှတ်သားပြီး + အနုဓမ္မ ပဋိပတ္တိ = မိမိ ၏ သန္တာန်၌ ကံကျူးမှု တွေ မဖြစ်အောင် အဖန်ဖန် လေ့ကျင့် အားထုတ်ခြင်း ပါပဲ ။

ဒီလို အားထုတ်နိုင်ဖို့ ဆရာထံ က နေ ကိလေသာ=ကံ=၀ိပါက်=ဥပါဒါန်=ဇာတိ စတာတွေ အဖန်ဖန် လည် ပတ် နေပုံ နဲ့ ဒါတွေ ရပ်တန့်ချုပ်ငြိမ်းပုံတွေ ကို သင်ကြားရပါတယ်။ သစ္စာလေးပါးရဲ့ ခွင် ထဲ မှာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတွေ ကို တင်လို့ ကမ္မ၀ိပဿနာ ဥာဏ် နဲ့ မြင်နိုင်အောင် ရှု ပွား ရ ပါတယ်။

(၁) ပွား ရ မှာ က မဂ္ဂ အရိယသစ္စာ ဖြစ်ပါတယ်။ သမာသော ကောင်းမြတ်သော မလွန်ကျူးသော ကံ (၈) ပါး ကို အားထုတ် ရမှာ ဖြစ်တယ်။ လူသား ရဲ့ နေ့စဉ်ဘ၀ မှ ရှိတဲ့ အယူအမြင်၊ အတွေးအကြံ။ အပြော အဆို။ အလုပ်အဆောင်။ သက်ဝင်ရှင်သန်မှု။ အားထုတ်မှု။ သတိရှိမှု နဲ့ တည်ကြည်မှု စတာ တွေ ကို သမာသော ကောင်းမြတ်သော မလွန်ကျူး သော ကံတွေ ဖြစ် အောင် တရပ်စပ် နေထိုင် အားထုတ် နေရ မှာ ဖြစ်ပါတယ်။ သတိ ပညာ ၀ီရိယ သမာဓိ စတာ တွေ ဦးစီးတဲ့ နေထိုင်မှု ဘ၀ဟန် ကို တည်ဆောက် ရ မှာ ဖြစ်တယ်။

(၂) အပွားခံ တရား က ဒုက္ခ အရိယသစ္စာ ဖြစ်ပါတယ်။ ကံ (၈) ပါး မှာ လွန်ကျူး မှားယွင်းနေခဲ့ ရင် ကာမသုခလ္လိက အစွန်း နဲ့ အတ္ထကိလိမထ အစွန်းတွေ ကို ကျရောက် မယ်။ လုပ်ပြီးတိုင်း ဆာလောင်လို့ ထပ်ထပ် လုပ်ချင် တဲ့ အနုယောဂ အကျင့်တွေ စွဲ နေမှာ ဖြစ် ပါတယ်။ ဒီ အကျင့် တွေ ကမ္မဘ၀ တွေ ကြောင့် ဇာတိတွေ ဖြစ်လဲ ဒီ ဇာတိတွေ က ကြာကြာမခံ ပဲ ပျက်စီးတယ် (အနိစ္စ) မိမိ ကို နှိပ်စက် နေတယ် (ဒုက္ခ) မိမိ ဘ၀ မိမိ အစိုးမရ အောင် သူတို့ က ကြိုးကိုင် ချယ်လှယ် နေတယ် (အနတ္တ) ဆို တဲ့ ဒုက္ခ အရိယသစ္စာ လက္ခဏာ တွေ ကို ပေါ်လွင် ထင်ရှားလာ အောင် မပြတ်သော သတိ နဲ့ စောင့်ကြည့်ပွားများ နေရ မှာ ဖြစ်ပါတယ်။

(၃) ပယ်အပ်တဲ့ တရား က သမုဒယ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ကို ဖြစ်ပေါ်စေတဲ့ ကိလေသာ အစွဲတွေ ဖြစ်ပါတယ်။ ဒီနေရာ မှာ မိုးပြာဦးဥာဏ ရဲ့ အမြင် အရ ဆာလောင်မှုတိုင်း လိုချင်မှု တိုင်း ကို ကိလေသာ လို့ မသတ်မှတ်ပါဘူး။ သဘာဝတ္ထခန္ဓာတွေ (ဘုန်းဘုန်းစကားနဲ့ ဆို အဗျာကတ၀ိပါက် ခန္ဓာတွေ) က တောင်းဆို တာ မှန်သမျှ က သဘာဝ က တောင်း တာ ဖြစ်လို့ ပယ်ရန်မထိုက်တဲ့ (၀ါ) သမုဒယ အရိယသစ္စာ မဟုတ်တဲ့ တရားစုတွေ ပါပဲ။ အတ္တ မဟုတ်တဲ့ အတ္တ (သို့မဟုတ်) သဘာဝအတ္တ မှာ လာကပ်ငြိ နေတဲ့ အနတ္တ ဥပါဒါနက္ခန္ဓာ တွေက နေ တရိရှားရှား ဆာလောင် မွတ်သိပ် တောင့်တ နေ တာ တွေ က သာ ကိလေသာတွေ ပါပဲ။ ကာမတဏှာ နဲ့ အပို ဆာဒါး ကာမဂုဏ် သာယာမှု တွေ ကို တောင့်တ မယ်။ ဘ၀တဏှာ နဲ့ မိမိ ရဲ့ ဇာတိ သဏ္ဍာန် သတ္တ၀ါ ဘ၀ တည်မြဲ မှု တွေ ကို တောင့် တမယ် ၀ိဘ၀တဏှာ နဲ့ ဒီ ဘ၀ တွေ ကို အရှိမှတ်ထင်ပြီး ချုပ် မှ အေးမယ် ဆို ပြီးတောင့်တမယ် ပေါ့ ။ အစဉ်အလာ သမထ ၀ိပဿနာ အားထုတ်မှု တွေ ဟာတောင် ဒီ ကမ္မဘ၀ အမြင် ကို မရပဲ ရုပ်နာမ်ချုပ်ပြတ်ရေး ကို ဦးတည် အားထုတ် နေရင် ၀ိဘ၀တဏှာ ဖြစ်စေတယ်လို့ မိုးပြာဦးဥာဏ က ကောက်ယူ ပါတယ်။

(၄) ဆိုက်ရောက် အပ် တဲ့ တရား က တော့ နိရောဓ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ရဲ့ ငြီးငွေ့ဖွယ် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တွေ ကို မြင် ပြီး ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် ကို ထပ် မကျော့ တော့ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် စက်ဝိုင်းကြီး ဟာ ကျိုးပျက် သွား ရပါတော့ တယ်။ ကိလေသာတွေ ကင်းစင် ငြိမ်းအေးတဲ့ အစွန်းလွတ်နေတဲ့ ကံ မကျူးတော့ တဲ့ လူသား ဟာ အရိယာ ဖြစ်ပါပြီ။ ဖြူစင်ရိုးသားယဉ်ကျေးမြင့်မြတ်သူ လို့ သတ်မှတ်လို့ ရ ပါပြီ။ ဒီလူ သား ဟာ လူ့ အောက် လျှော့ကျ လို့ ကာမတဏှာ တွေ နဲ့ ရစ်ပတ်နှောင်ဖွဲ့ ပြီးတော့ ကာမဘုံသားဆုံလည်နွား ဖြစ် နေရ တဲ့ ဘ၀ ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။ လူ့ အထက် ကျော်လွန်မြင့်တက်လို့ ဘ၀တဏှာ ၀ိဘ၀တဏှာ ရူပရာဂ အရူပရာဂ တွေ နဲ့ ဈာန် မဟဂ္ဂုတ်တွေ ပဲ ပျော်ဝင် နစ်မွန်း နေတဲ့ လူလွန် အဖြစ် ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။သူ ဟာ လူသား နဲ့ အတူ ဆုံး လူသား လူ့ယဉ်ကျေးမှု အဖွဲ့ အစည်းတိုင်း က လက်ခံ နိုင်တဲ့ လူသား ပရိုတိုတိုက်ပ် ဖြစ်လို့ သူ့ ကို သာမညလူသား (Universal Man) လို့ ပဲ ခေါ်နိုင် ပါတော့ မယ်။ ဤ ကမ္ဘာ မြေ၀ယ် နေခွင့် ရသမျှ နေရက် တွေ ကို လွတ်လပ် ပေါ့ပါးချမ်းမြေ့အေးငြိမ်းစွာ ရှင်သန် နေထိုင်သွားမဲ့ လူသား သာ ဖြစ်ပါတော့ တယ်။

မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ် ဆိုတဲ့ဘုန်းဘုန်း ရဲ့ မှတ်ချက် နဲ့ ပတ်သက်ပြီးတော့ ပြော ရ ရင် မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို ထပ်တူ ပဲ စွပ်စွဲ ထား ပါတယ်။ သူ့ အမြင်မှာ ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ ဘုရားရှင် လွန်တော်မူပြီးနောက် နှစ်ပေါင်း ၂၀၀ လောက် ပဲ တည်တယ်လို့ ဆို တယ်။ နှစ်ပေါင်း ၂၃၀၀ လောက် ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ အကွယ်ခံ ရပြီး ဒီနေရာ မှာ ထေရ၀ါဒ မဟာယာန စသည် တို့ ရဲ့ ပရမတ္ထသာသနာ ပဲ ထွန်းကားခဲ့ တယ်လို့ ဆိုတယ်။ ဒီ ဟာ က အလွန် ၀န်လေး သော အဆို ဖြစ်ပါတယ်။ ထေရ၀ါဒ မဟာယာန စသည် တို့ ဟာ ဗုဒ္ဓဓမ္မ ကို နက်နဲစွာ မသိမြင်ပဲ လူ အများ ကို လမ်းလွဲစေတယ် လို့ ဆို တာ ဖြစ်လို့ ပါပဲ။ ဒီ အချက် က တော့ ထရ၀ါဒ မဟာယာန စသည် တို့ က ဆရာတော်ကြီးတွေ နဲ့ မိုးပြာ ဦးဥာဏ အကြိတ် အနယ် ဆွေးနွေးသင့်တဲ့ အချက်ပါ။ မိုးပြာ ဦးဥာဏ က ထေရ၀ါဒ က ဟိုး အတွင်း ကလီစာ အထိ အောင် ထိုးနှက် ထား တာ ဖြစ်ပါတယ်။ ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ် လို့ ဆို သလို ပဲ မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို သနားမိတယ် လို့ ဆို ပါတယ်။ ဒါတွေ က တော့ ပုဂ္ဂလ ဓိဋ္ဌာန် အမြင်တွေ ပဲ မို့ တပည့်တော် အကျယ် မဆွေးနွေးတော့ ပါဘူး။
ဒီလောက် ဖတ်ရရင်တော့ မိုးပြာဓမ္မတရား ဘာလဲ ဆို တာ အကြမ်းဖျင်း သဘော ပေါက် လောက်ပီထင်ပါတယ်။ ရိုးရာ ထေရ၀ါဒ နဲ့ မဟာယာန တွေ ဟာ အခြေခံ အားဖြင့် သဿတဒိဋ္ဌိ ကို အခြေခံ ပြီး ဒါန သီလ တွေ ပါရမီတွေ ဟော နောက်မှ သမထ ၀ိပဿနာ နဲ့ သဿတဒိဋ္ဌိ ကို ဖြုတ်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။ မိုးပြာဓမ္မတရား က ဥစ္ဆေဒ ဒိဋ္ဌိ ကို အောက်ခံ ကျောက်တုံး အနေနဲ့ တည်ဆောက် ထားတဲ့ ဓမ္မတရား ဖြစ်ပါတယ်။ ဒီ နှစ်ခု က တစောင်းစေး နဲ့ မျက်ချေး လို ပဲ ဖြစ်ပါတယ်။ အတူတကွ ယဉ်တွဲ လက်ခံ ဖို့ မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ဘုန်းဘုန်းဘုရား။

တပည့်တော် ကြုံကြိုက် ရင် မိုးပြာဓမ္မတရား ဝေဖန်ချက် တွေ ရေးပြီးတင်ပါဦးမယ်။ အလွန်ရှည်လျှားသော  ပြန်ကြားချက် ကို ခန္တီ မေတ္တာ လက်ကိုင်ထား ဖတ် ရှု ပေးသော ဘုန်းဘုန်း ဓမ္မအလင်း နဲ့ ဓမ္မ မိတ်ဆွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ တရားတွေ့ ကြ ပါစေလို့ ဆု တောင်း လိုက်ပါတယ်။

မေတ္တာဖြင့်

အောင်ကျော်မိုး (ဓမ္မနဒီ)

Wednesday, March 26, 2014

စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ








http://www.hittai.org/remember/all/18.htm       

ကိုယ်.ဆရာတို.ရေကျွန်တော်နှင်. တကွဗုဒ္ဓဘာသာဝင် အားလုံးနီးပါးစိတ်ထဲ မှာမရှင်းတာလေးတစ် ခုတော.ရှင်းပြပေး စေလိုပါ တယ်။ အဲဒါကတော.မြင်းမိုရ်တောင်နဲ.ကျွန်းကြီးလေးကျွန်းပါပဲ။ဗုဒ္ဓဘာသာကိုအနည်းငယ်တီးမိခေါက်မိရှိတဲ. တစ်ခြား ဘာသာဝင်တွေက မေးရင်ဘယ်လိုကျေနပ်အောင်ပြန်ရှင်းပြရမလဲဆိုတာမသိလို.ပါ။ 
ကျေးဇူးတင်လျှက်။

ဟိုတလောကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ်။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ်လို့ သုံးသပ်ကြတယ်။
မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေ ပြကြ

တော့မယ် ထင်တယ်။


နိကယ်ကဏ္ဍ ၊၁၄-သတ္တသူရိယ သုတ်တော်ရဲ့ ကောက်နှုတ်ချက်မှာ ….
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း ကပင်ကြိုတင်၍ လောကဗျူဟာ နတ်တို့သည် ကမ္ဘာလောကဓာတ် တစ်ခွင်လုံးကို လှည့်လည် ကြွေး ကြော်ကြတယ်။
ဓ အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။ မဟာ သမုဒ္ဒ ရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင်းမိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက်၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ …..မြင်းမိုရ်တောင်က ဘယ်နားမှာရှိလဲ လိုက်ရှာဖတ်ကြည်တော့ လဲ တွေ့ပါတယ်။ သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း စသည် တို့ ဖြစ်သည်။

     ဒီကျမ်းတွေမှာ ဆိုတာက စကြ၀ဠာ တစ်ခုမှာ နေတစ်စင်း ၊လတစ်စင်း နှင့် အလယ်တွင် မြင့်မိုရ်တောင်ရှိသည် ။ မြင့်မိုရ် တောင် ကိုဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ထောင်ကို နေ နဲ့ လ က အလင်း ရောင်ပေး နေတယ် လို့ ဆိုပါတယ်။ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် ကို စကြ၀ဠာ တစ်ခု လို့ ဆိုပါတယ် ။ စကြ၀ဠာ ဟာ အ၀ိုင်းပုံစံ နဲ့ အရေအတွက် အနန္တရှိတယ် ဆိုပါတယ်။ စကြ၀ဠာ (၃) ခုကြားမှာ လောကန္တရိတ် ငရဲ ရှိတယ်ဆိုပါတယ်။ (အဇာတသတ် ကျနေတဲ့ ငရဲပါ)

စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ်သည့် သဘောရှိပါတယ်၊ ဘုရားရှင်ပွင့် တဲ့ ကာလဟာ မဟာပေါက်ကွဲမှု(Big Bang) အပြီးမှာ Expension of Universe စနေတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဂြိုလ်တွေ အခုလောက် မများသေးဘူး လို့ ယူဆကြပါတယ်။ တောင်စဉ် (၇) ဆိုတာ ဂြိုလ် (၇) လုံး ရှိနေပြီ လို့ ယူဆရင် ၊ ကျွန်းကြီး (၄) ကျွန်းက ကမ္ဘာထဲ ပို့ရတော့မယ်။ လက်ရှိခေတ်မှာတောင် ဂြိုလ်တိုင်းမှာ မြေကြီးသဘောမရှိပဲ အခိုးအငွေ့ပဲ ရှိနေတာတွေ ရှိသေး တယ်။ဒီအခိုးအငွေ့ပဲ ရှိနေတာတွေကို တောင်စဉ် တွေလို့ ဟောခဲ့တယ် ဆိုရင် ကျွန်းကြီး (၄) ကျွန်းက မြေကြီးရှိတဲ့ ဂြိုလ် (၄)ခု ဖြစ်နိုင်တယ်။ ဒါဆိုရင်မဆိုးပါဘူး။ ကျွန်းကြီး (၄) ကျွန်းထဲ က တောင်ကျွန်း ( ဒီပ ) = ကမ္ဘာ နဲ့ မဇ္ဈိမ ( ဒေသ ) ဆိုရင် ဘုရား ခေတ်မှာ မြေသဘောရှိတဲ့ ဂြိုလ် (၄) လုံး နဲ့ အဲဒီထဲမှာ ကမ္ဘာက တောင်ဘက် ဂြိုလ် ၊ ကမ္ဘာထဲမှာမှ မဇ္ဈိမ ( ဒေသ ) မှာ သူ ပဋိသန္ဓေ ယူမယ်လို့ သေတကေတု နတ်သားကြည့်တယ် ဆိုရပါမယ် ။ဂြိုလ်အရေအတွက်တွေကလဲ ပြောင်းနေကိုး အခုတောင်း ပြောင်းသွားပြန်ပြီ မဟုတ်လား။ ဂြိုလ်အဆင့် မမီလို့ ချလိုက်တာတို့ ၊ ဘာတို့ ကရှိနေသေးတော့ ဘုရားခေတ်မှာ မြေကြီးရှိတဲ့ ဂြိုလ် (၄)ခုပဲရှိတယ်လို့ ဖြစ်နိုင်တယ်။ ဒါလဲ ဘုရားရှင်ကိုယ်တော်တိုင်က လက်ရှိခေတ်နဲ့ နှိုင်းယှဉ်ပြီး လာရှင်းမှ ရမယ်။ ဘယ်အရာတွေကို အဲဒီတုန်းက ကျွန်းလို့ ဒါပြောတာ ၊ ဘယ်ဟာတွေ အဲဒီတုန်းက မရှိသေးဘူး စသည်ဖြင့်ပေါ့ ။

ဒါဆိုရင် စိတ္တသူကြွယ်ရဲ့ ဇနီး ကမြောက်ကျွန်းသူ လို့ ဆိုတယ်။ အဲဒီမှာ စတွေ့တာပဲ ။ ဂြိုလ်သားဖြစ်နေပြီ ။တခြားဂြိုလ်က ခေါ် လာတာ ဖြစ်နေပြီ ။ ဒီ အမျိုးသမီးက ။ သုတ္တန်မှာကလည်း သူက လူစစ်စစ် ၊ အသားဖြူတယ်။ ချောတယ်။ ထွားတယ် လို့ ပါနေ တော့ ၊အမေရိကန်၊ ရုရှား၊ဥရောပ သူလို့ ဆရာတော်တွေက ယူဆကြပြန်တယ်။( စိတ္တသူကြွယ် သုတ်တော် ဖတ်ကြည့် နာကြည့် ပါ ။ဆရာတော် တစ်ပါးက ဆို မြောက်အမေရိကတိုက်ကဖြစ်မယ်တဲ့ ။ ဒါတော့ မဖြစ်နိုင်ပါဘူး။ ဥရောပသူဖြစ်ဖို့ များ ပါတယ်။ အမေရိကတိုက်ကို လူတွေ ကိုလံဘတ်စ် ရှာတွေ့မှ သိကြတာပါ၊ ကမ္ဘာ့သမိုင်းအရ)နည်းနည်းတော့ ရှုပ်တယ်ဗျ ။ ညှိနိုင်းရတာခက်တယ်။

ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာ သင်တန်းမှာ ကြားလိုက်ရတာလေး ရှိသေးတယ်။ ရယ်စရာ အနေနဲ့ပေါ့ ။ သူက တက္ကသိုလ် တုန်း က ဆရာတစ်ယောက်ကို မေးတယ်တဲ့ ။ (ဒေါက်တာခင်အောင် ကို ထင်တယ်) ။ ဆရာ မြင့်မိုရ်တောင်က ဘယ်နားမှာလဲ ၊မြင်လဲ မမြင်ကြပါလားဆိုတော့ …ဆရာက .. အေး..အဲဒီ မြင့်မိုရ်တောင်ထိပ်မှာ ဘာရှိလဲ..တဲ့ ။ တာဝတိံ သာ နတ်ပြည်ရှိတယ် ဆရာ…ဆိုတော့….. မင်း တာဝတိံ သာ နတ်ပြည်ကိုတောင် မမြင်ရတာ သူ့အောက်က မြင့်မိုရ်တောင်ကိုလဲ ဘယ်မြင်ရပါ့မလဲတဲ့ ။ မြင့်မိုရ်တောင်ကို မြင်ချင်ရင် တာဝတိံ သာ နတ်ပြည်ကို မြင်အောင် အရင်လုပ်ပါတဲ့ ။
သာမာန် မျက်စိတွေ ကိရိယာတွေနဲ့ တော့ မမြင်ရဘူးပေါ့ ။ ဒိဗ္ဗစက္ခု အဘိဥာဉ် နဲ့မှ မြင်ရမယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သီတင်းကောင်းတစ်ခုကတော့ ဖားအောက်တောရကျောင်းတိုက်မှာ ယောဂီတွေဟာ ဒါတွေကို မြင်နေရတယ်။ နိုင်ငံခြားသားတွေေ၇ာပဲ။ မယုံရင်လာ …ဘက်တွေ့ တရားလာမှတ်၊ ကိုယ့်ဟာကို ကြည့် ကြလို့ ဆရာတော်ကြီးက ရဲ ရဲ ဖိတ်ခေါ် တယ်။ ငါပြောတာကို ယုံမနေနဲ့ ။ကိုယ့်ဟာကို ကြည့်ကြတဲ့ ။ အခုနောက်ပိုင်း ပုဗ္ဗေနိဝါဿ အဘိဥာဉ်ရသူတွေတော်တော်များ လာကြောင်း ဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းမှာ ပြောတာကြားရတယ်။

ကိုပြေဇော်တွက်ထားတာလေးတွေ ရှိတယ်။ ကူးတင်ပေးမယ်။ စိတ်ဝင်စားစရာပေါ့ ။

    

လေးကျွန်း တစ်မြင်းမိုရ်နဲ့ စကြ၀ဠာအနန္တဆိုတာကို ဗုဒ္ဓဟောအနေနဲ့ ရှိတာတော့ အကိုလဲ ထောက်ခံတယ်။
ကမ္ဘာမြေကြီးထုက နှစ်သိန်းလေးသောင်းတို့ ၊ နတ်ပြည် ၊ ငရဲပြည် အကွာအဝေးတွေကတော့ ဆရာတော်တွေလဲ ပါဠိတော်မှာ တိုက်ရိုက်မတွေ့ဘူးလို့ ဆိုကြတယ်။ သီဟိုရ်ဆရာတော် အရှင်အနုရုဒ္ဓရဲ့ အပြောတွေ ပဲ ဖြစ်နေတယ်။ ဒါကလဲ ပြဿနာ ရှိနေတယ်။ ဆက်တင်ပေးမယ်။


ဒါက အရင်တုန်းက ပဒုမ္မာမှာ ကိုပြေဇော်ရေးထားတာပါ။

စကြာဝဠာအကြောင်း

ယနေ့ ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများပါ စိတ်ဝင်စားနေကြသည့် စကြာဝဠားကြီးတည်ရှိပုံ၊ စကြာဝဠာကြီး တစ်ခု ဖြစ်တည်ပျက် သဘောတရားများသည် မိမိတို့ ဉာဏ်မမီသော အရာများအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ထိုအကြောင်းအရာများမှာ ဗုဒ္ဓဘာသာဝင်များအဖို့ သံသရာလွတ် မြောက်ကြောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဂေါတမမြတ်စွာဘုရားက အဂ္ဂညသုတ္တန်တွင် စကြာဝဠာနှင့်ပတ်သက်၍ အထိုက်အလျောက် ဟောကြားခဲ့ဘူးပါသည်။

ယနေ့အနောက်တိုင်း Physical Cosmology သည်လည်း စကြာဝဠာအကြောင်း လေ့လာသုတေသနပြုနေဆဲ ဖြစ်ပြီး ဆုံးခန်း တိုင်ရောက်ပြီဟုလည်း မပြောနိုင်သေးပါ။ သို့ရာတွင် ၄င်းတို့၏ တွေ့ရှိချက်များနှင့် ဗုဒ္ဓ၏ဟောကြားချက်များကို ပေါင်းစပ်ပြီး သုံးသပ်ကြည့်ရာ စိတ်ဝင်စားဖွယ်ရာ အချက်အချို့ကို ဖော်ထုတ်ရရှိပါသည်။

The Buddha seems to present a model of cosmology wherein the universe expands and contracts over extremely long periods of time, this description has been found by some to be consistent with the expanding universe model and Big Bang. The Buddha seems to be saying here that the universe expands outward, reaches a stabilising point, and then reverts its motion back toward a central point resulting in its destruction, this process again to be repeated infinitely. Throughout this expanding and contracting process, the objects found within the universe undergo periods of development and change over a long stretch of time, according to the environment in which they find themselves. Following this passage above, the Buddha goes on to say that the “beings” he described in this paragraph become attached to an earthlike planet, get reborn there, and remain there for the duration of the life. As a consequence of this, physical characteristics change and evolutionary changes takes place. This is often interpreted as a very rough theory of evolution. Furthermore, the Aggañña Sutta presents water as pre-existent to earthlike planets, with the planet forming with water and the life moving from the water onto the earth. Buddha does not talk about a specific earth, but about earthlike planets in general.

အထက်ပါ စာပိုဒ်၏ အစတွင် မိမိတို့၏ စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ် သည့် သဘောရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အဂ္ဂညသုတ္တန်ကို ရည်ညွှန်း၍ သုံးသပ်ထားသည်။ Expansion of universe နှင့် Big-Bang အယူအဆနှင့်လည်း ကိုက်ညီနေသည်ဟုလည်း ဖော်ပြထားပါသည်။

အဂ္ဂညသုတ္တန်တွင် ဗုဒ္ဓမြတ်စွာဘုရားက ‘ ၀ါဌေသ ထိုအခါ (စကြာဝဠာ ကုဋေ တစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီး သားတည်း၊ မှောင်အတိဖြစ်၏၊ တခဲနက်မှောင်အတိဖြစ်၏၊ လနေတို့မရှိကုန်၊ နက္ခတ်တာရာတို့လည်းမရှိကုန်၊ နေ့ညလည်းမရှိ၊ ဥတုနှစ်တို့လည်းမရှိ’ ဟု စကြာဝဠာကြီး စတည်ပုံကို ဟောကြားခဲ့သည်။ နောက်ပိုင်းတွင် နေ၊ လတို့ထွက်လာပုံ၊ နေ့ ည ဖြစ် ပေါ်လာပုံတို့ကို တဆင့်ခြင်း ဟောကြားသွားခဲ့သည်။

ထို့ကြောင့် Cocmological model of universe တစ်ခု ဖြစ်သည့် Big-Bang အယူအဆတွင် စကြာဝဠာကြီးသည် အလွန်သိပ် သည်းမှုများပြီး အပူချိန်မြင့်တက်နေရာမှ ပေါက်ကွဲပြီးပြန့်ကားခြင်း ဖြစ်နေသည်။ ယနေ့အထိ expansion ဖြစ်နေဆဲဟု လက်ခံ ထားကြသည်။ ဤယူဆချက်သည် အဂ္ဂညသုတ္တန်နှင့် အနီးစပ်ဆုံး ကိုက်ညီသော်လည်း steady state ရောက်ပြီး ပြန်ကျုံ့သွား သည်ဟု ဗုဒ္ဓဘုရားရှင်က ယင်းသုတ္တန်တွင် ဟောကြားထားကြောင်း မတွေ့ရပေ။ သို့သော် စကြာဝဠာကြီးသည် steady state ရောက်ပြီး ပြန်ကျုံ့သွားသည်ဆိုသည့် ပညာရှင်တို့၏ ယူဆချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဗုဒ္ဓပွင့်တော်မူချိန်သည် စကြာဝဠာကြီးပေါ်ပေါက်လာပြီး ဒုတိယ အသင်္ချေယျကပ်၏အစ ပထမ အန္တရကပ်အဆုံးပိုင်း ရောက်နေပြီ ဖြစ်၍ လူ့သက်တမ်း ၁၀၀ နှစ်ရှိသည်။ ပထမ အသင်္ချေယျကပ်သည် စကြာဝဠာကြီး ဖြစ်တည်လာသည့် အချိန် အပိုင်းအခြား၊ ဒုတိယ အသင်္ချေယျကပ်သည် steady state သို့ ပြောင်းနေသည့် အချိန်အပိုင်းအခြား ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ယင်းဟောကြားချက်သည်လည်း သိပ္ပံပညာရှင်တို့၏ expansion ဖြစ်နေဆဲဟု ယူဆချက်နှင့် ကိုက်ညီနေပြန်သည်။

ယနေ့ သိပ္ပံပညာရှင်များက စကြာဝဠာကြီး၏သက်တမ်းကို နှစ်သန်းပေါင်း ၁၃၇၀၀ ရှိပြီဟု ခန့်မှန်းထားပါသည်။
သို့ဖြစ်ပါ၍ သိပ္ပံပညာရှင်များ လက်ခံထားသော စကြာဝဠာသက်တမ်းကို အခြေခံထား တွက်ချက်ကြည့်ရာ အန္တရကပ်တစ်ခုသည် နှစ်သန်းပေါင်း ၆၅၂.၄ နှစ်ခန့် ကြာမည် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင် ပွင့်စဉ် လူ့သက်တမ်း ၁၀၀ မှ ပျှမ်းမျှ တစ်နှစ်လျှင် ၂ နာရီ ၉ မိနစ်နှုန်းဖြင့် သက်တမ်းလျော့လာနေရာ နောင်နှစ်ပေါင်း ၃.၇ သိန်းခန့်တွင် ၁၀ နှစ်တမ်းသို့ ရောက်မည် ဖြစ်ပါသည်။ ထိုမှတဖန် နှစ်သန်းပေါင်း ၃၂၆.၂ ကြာသော် လူ့သက်တမ်းသည် ၈၀၀၀၀ ထိပြန်ရောက်လာမည်ဖြစ်ပြီး ဤကမ္ဘာအတွက် ပဉ္စမမြောက် နောက်ဆုံးဘုရား ပွင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် နှစ်သန်းပေါင်း ၃၂၆.၅၇ ခန့်တွင် အရိမေတ္တယျမြတ်စွာဘုရားပွင့်မည်ဟု ခန့်မှန်းပြောဆိုနိုင်ပါသည်။

စကြာဝဠာကြီးသည် ဒုတိယအသင်္ချေယျကပ်အတွင်း လက်ရှိ ပြန့်ကားထွက်လာခြင်းသည် steady state သို့ ရောက်ရှိသွားပြီး နောက် တတိယ အသင်္ချေယျကပ်သည် စကြာဝဠာကြီး ပျက်စီးမည့် ကာလအပိုင်းအခြားဖြစ်ပါသည်။
ဤနေရာတွင် သိပ္ပံပညာရှင်များ၏ စကြာဝဠာကြီးသည် တဖြေးဖြေး ကျုံ့သွားသည်ဆိုသည့် ယူဆချက်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆပါသည်။ ထိုသို့ ကျုံ့လာလျှင် ကြယ်များတစ်ခုနှင့်တစ်ခု နီးကပ်လာသဖြင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအနီးသို့လည်း ကြယ်များရောက်လာနိုင်ပါသည်။
ဗုဒ္ဓဘုရားရှင် ဟောကြားးထားသည့် နေ ၇ စင်းထွက်မည်ဆိုသည်ကို မိမိတို့နေ စကြာဝဠာငယ်အနီးသို့ အခြားကြယ်ကြီး ၆ ခု နီးကပ်လာသည့်အခါ နေ ၇ စင်းထွက်သည့်သဘောဟု ယူဆပါသည်။ အဆမတန် ပူပြင်းပြီး နောက်ဆုံးတွင် စကြာဝဠာတိုက်အတွင်း ရှိသမျှ နက္ခတ်တာရာများအားလုံးနှင့်အတူ မီးလောင်ပျက်စီးသွားမည် ဖြစ်ပါသည်။(ကာမ ၁၁ ဘုံနှင့် အောက်ဆုံးဗြဟ္မာဘုံပါဝင်မည်။ ကျန်အထက်ဘုံများမပါ။)
ဤသို့ ကမ္ဘာကြီး ပျက်ရန်မှာ နှစ်သန်းပေါင်း ၂၅၄၄၄ ခန့် လိုသေးကြောင်း ခန့်မှန်း တွက်ချက်တင်ပြလိုက်ရပါသည် ခင်ဗျာ။
(မိမိ၏ သုံးသပ်ချက်များမှာ အကြွင်းမဲ့မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ရနိုင်သမျှ အချက်အလက်များပေါ် အခြေခံ၍ သုံးသပ်ခြင်း ဖြစ်ပါသည်။)

လေးစားစွာဖြင့်

မောင်ပြေဇော်

ဒါကတော့ အကိုတို့ မြင့်မိုရ်တောင်ကို စဉ်းစားကြည့်ခဲ့တာ ပါ။

—————————–
ကောင်းတယ်ဗျာ ၊ ဖတ်ရတာ တော်တော် အရသာရှိတယ်။
ဟိုတလော ကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာ ကရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ် ။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ် လို့ သုံးသပ်ကြတယ်။
မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင်သက်သေပြကြတော့မယ် ထင်တယ်။
ချမ်းသာကြပါစေ ။
————————————
ကျွန်တော် ရှုပ်သွားတာ တစ်ခုရှိတယ်ဗျ ။ နိကယ်ကဏ္ဍ ၊၁၄-သတ္တသူရိယ သုတ်တော်ရဲ့ ကောက်နှုတ်ချက်မှာ ….
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း ကပင်ကြိုတင်၍ လောကဗျူဟာ နတ်တို့သည် ကမ္ဘာလောကဓာတ် တစ်ခွင်လုံးကို လှည့်လည် ကြွေးကြော်ကြတယ်။
” အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။ မဟာ သမုဒ္ဒရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင်းမိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက်၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ ။ ”

မြင်းမိုရ်တောင်က ဘယ်နားမှာရှိလဲ လိုက်ရှာဖတ်ကြည်တော့ လဲ တွေ့ပါတယ်။ သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း စသည် တို့ ဖြစ်သည်။

ဒီကျမ်းတွေမှာ ဆိုတာက စကြ၀ဠာ တစ်ခုမှာ နေတစ်စင်း ၊လတစ်စင်း နှင့် အလယ်တွင် မြင့်မိုရ်တောင်ရှိသည် ။ မြင့်မိုရ်တောင်ကိုဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ထောင် ကို နေ နဲ့ လ က အလင်းရောင်ပေးနေတယ် လို့ ဆိုပါတယ်။ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် ကို စကြ၀ဠာ တစ်ခု လို့ ဆိုပါတယ် ။ စကြ၀ဠာ ဟာ အ၀ိုင်းပုံစံ နဲ့ အရေအတွက် အနန္တရှိတယ် ဆိုပါတယ်။ စကြ၀ဠာ (၃) ခုကြားမှာ လောကန္တရိတ် ငရဲ ရှိတယ်ဆိုပါတယ်။(အဇာတသတ် ကျနေတဲ့ ငရဲပါ)

ဒီမှာ ကျွန်တော် မရှင်းတာ က ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာ ကရှာတွေ.တယ်ဆိုရင် မြင်းမိုရ်တောင်ကို ဘာလို့ မတွေ့ကြတာလဲ ။ ရှိတာတော့ သေချာနေပြီ ။ သာမန် မံသစက္ခုနဲ့ မမြင်နိုင်ဘူး လို့ ယူဆရ မှာ လား ။ ကိုပြေဇော် ဘယ်လို ယူဆပါသလဲ ။

ချမ်းသာကြပါစေ ။
Solomon

——————
     ကို solomon ရေ

သိပ္ပံပညာကလည်း တော်တော်လေး လေ့လာမှုတွေ ရှိထားတာပဲ။ သို့သော် မြင့်မိုရ်တောင် ဘယ်မှာဆိုတာတော့ confirmed မဖြစ်ဘူးဖြစ်နေတယ်။ ရှုပ်ကုန်မှာ စိုးလို့ ကျွှန်တော် တမင်ချန်ထားတာ။ ခင်ဗျားက လာမေးတော့ ထည့်ရှင်းရမှာပေါ့။ ဟောဒီ http://en.wikipedia.org/wiki/Sumeru မှာဖတ်ကြည့်လိုက်ပါ။ ဒီလိုဖော်ပြထားတယ်။

40,000 yojanas is also the height at which the Sun and Moon circle Sumeru in a clockwise direction. This rotation explains the alteration of day and night; when the Sun is north of Sumeru, the shadow of the mountain is cast over the continent of Jambudvīpa, and it is night there; at the same time it is noon in the opposing northern continent of Uttarakuru, dawn in the eastern continent of Pūrvavideha, and dusk in the western continent of Aparagodānīya. Half a day later, when the Sun has moved to the south, it is noon in Jambudvīpa, dusk in Pūrvavideha, dawn in Aparagodānīya, and midnight in Uttarakuru.
နေနဲ့ လ ကမြင့်ရ်မိုတောင်ကို ပတ်နေလို့ မြင့်ရ်မိုတောင် ကွယ်ရင် အဲဒီကျွှန်းက ညဖြစ်တယ်။ ဆန့်ကျင်ဘက်ကျွှန်းက နေ့ဖြစ်တယ်ပေါ့။ ဒီလိုတွေလည်း ရေးထားတာတွေ့နေရတယ်။ စကြာဝဠာကြီး ဖြစ်ပြီးစ၊ နေ လတို့ ပေါ်ထွန်းစ၊ ကျွှန်းလေး ကျွှန်း မြင့်မိုရ်တောင်ကြီး ပေါ်ထွန်းစ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀၀ ၀န်းကျင်က စကြာဝဠာကြီး ခုလောက် expansion မဖြစ် ခင် အခြေအနေကို ရည်ညွှန်းပြီး ဟောခဲ့တယ်လို့သာ မှတ်လိုက်ပါ။ ဒါမှမကြိုက်ရင် အဘိညာဉ်နဲ့ ကြည့်ရင် တွေ့ဦးမယ်လို့ မှတ်ချင်လည်းမှတ်ပေါ့။ ဘုရားရှင်ရဲ့ ဟောကြားချက်ကို မှားတယ်လို့တော့ မယူပါနဲ့။ ကျွှန်တော်လည်း အဘိညာဉ်မရတော့ တပ်အပ်တော့ မပြောနိုင်ဘူး။ စကြာဝဠာကြီးက အချိန်နဲ့ အမျှ ပြောင်းနေတာလေ။ Evolution ပေါ့ဗျာ။ တရွေ့ရွေ့ ပြောင်းလဲတဲ့ ဖြစ်စဉ်ပေါ့။ သိပ္ပံပညာရှင်တွေက စကြာဝဠာထဲက အရာဝတ္တုတွေကိုဖော်ပြရင် 3-D( 3 Dimensions)နဲ့ မရဘူး။ 4-D နဲ့မှ ရမယ်။ Time ဆိုတဲ့ Dimension တစ်ခုထပ်ထဲ့ ထားတယ်။ ဒီလို spacetime နဲ့ ဖော်ပြမှ ပြည့်စုံတယ်တဲ့။ ဆိုလိုတာက အချိန်နဲ့အမျှ ပြောင်းလဲတဲ့သဘောလို့ပဲ မှတ်ထားလိုက်ပါ။
ကျွှန်တော်အနေနဲ့က သိပ္ပံနယ်ပယ်မှာ တွေ့ရှိချက်အချို့နဲ့ ဘုရားရှင်ရဲ့ဟောကြားချက်တွေထဲက တိုက်ဆိုင်တယ်ထင်တာပဲ ရွေးထုတ်တင်ပြတာပါ။

နောက်တစ်ဆက်တည်း တင်ပြလိုတာက စကြာဝဠာကြီးက ပျက်ခါနီးရင် ကျုံ့သွားတယ်ဆိုတာ ပညာရှင်တွေ ပြောတာမဟုတ်ပဲ ဗုဒ္ဓဘုရားရှင် ဟောကြားချက်မှာပါကြောင်း မူလတင်ပြမှုကို ဖြည့်စွက်လိုပါတယ်။ အဂ္ဂညသုတ်ကို အင်္ဂလိပ်လို ရေးထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
In the second part of the Sutta, Buddha tells the story of how the human beings came to dwell on Earth. The Buddha told that sooner or later, after a very long time, there would be a time when the world shrinks. As the universe shrinks, many of its inhabitants would die. Of these deceased creatures, some were born again (due to good karma) in the Heavenly realm of Abbhasara (Lucid Light). There, they floated for a very - very long time, as a bodiless, radiating extreme light. They don’t eat or drink, as they nourish themselves from pure spiritual joy.

ဒီလောက်ဆိုရင် ကျွှန်တော့်အဖြေကို ကျေနပ်မယ်လို့ မျော်လင့်ပါတယ်ဗျာ။

ခင်မင်လျက်

မောင်ပြေဇော်


နောက် ပြဿနာ တစ်ခုကတော့ ကမ္ဘာမြေကြီးရဲ့ ထုထည်နဲ့ ငရဲပြည်တွေရဲ့ အကွာအဝေး ကို အကို လိုက်တွက်ကြည့် တဲ့ အခါ တွေ့ရတဲ့ ပြဿနာပါပဲ ။
ဒီအကွာအဝေးတွေကို ဘုရားရှင်ရဲ့ မူရင်းပါဠိတော်မှာ မပါဘူးလို့ ဒေါက်တာ မင်းတင်မွန်ူက တော့ ပြောသွားတယ်။ သူလဲ သံသယဖြစ်လို့ Confirm လုပ်နေတာကြာပြီတဲ့ ။ နိုင်ငံခြားရောက်တိုင်း ဒါတွေကို မေးလေ့ရှိနေတော့ ရဲရဲ မပြောရဲဘူးပေါ့ ။
ဒါတွေကလဲ ဘုန်းကြီးတွေနဲ့ ခေတ်ပညာတတ်တွေ ပူးပေါင်းစဉ်းစားပြီး သေချာအောင်လုပ်သင့်တဲ့ အချက်တွေပါ။ပြဿနာ က ဒီလိုပါ ။

လက်ရှိဆရာတော်တွေ ဟောနေတာ ၊ ရေးထားတာတွေမှာ -
ကမ္ဘာ မြေကြီး၇ဲ့ ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိသိပ္ပံပညာမှာက ကမ္ဘာ့ အချင်းဟာ အီကွေတာ အတိုင်းဆိုရင်
The diameter of the earth at the equator is 7,926.41 miles (12,756.32 kilometers).the earth through the poles the diameter is a bit shorter - 7,901 miles (12,715.43 km).

ဒီတော့ ထုထည်ဆိုတာက Volume = 4/3 pi r^3 ဆိုတော့ သိပ္ပံပညာအရ ကမ္ဘာ မြေကြီး၇ဲ့ ထုထည်ဟာ မိုင်သန်းပေါင်း ၂၆၀၀၀၀ လောက် ရှိတယ်။ အတိအကျဆိုရင် ၂၅၈၀၀၀ သန်းရှိတယ်။
တစ်ယူဇနာကို (၈ )မိုင် သော်လည်းကောင်း ၊ (၁၃) မိုင်သော်လည်းကောင်း ၊ (၁၂)မိုင်၊(၅)ဖာလုံ ၊(၈ )သံကြိုး ၊(၄) ကိုက် သော် လည်းကောင်း ရှိတယ် ဆိုပါဆို့ ။ဘုရားဟောကို ပြန်တွက်ရင် အနည်းဆုံး ကမ္ဘာရဲ့ အချင်းက ၁၃၂၈၉၀ မိုင်လောက်ရှိ နေတယ်။ ယူဇနာကို မိုင် ပြောင်းအပြီးမှာပေါ့။ သိပ္ပံ နဲ့ကွာနေတယ်။

အဓိက ပြဿနာက ငရဲ (ဂ )ထပ်ရဲ့ တည်နေရာပါပဲ ။
ငရဲ (ဂ ) ထပ်ဟာ မြေမျက်နှာပြင်ကနေ ယူဇနာ (၁၅၀၀၀) ဆီ အောက်ကို နိမ့်ပြီး ရှိနေတယ်လို့ ဟောထားတယ်။ ဟောနေတုန်းပဲ ။ ဒီတော့ ယူဇနာ ၁၅၀၀၀ ဆိုတာ ၁၅၀၀၀ (အမြှောက်) ၈ မိုင် ဆိုရင်တောင် ၁၂၀၀၀၀ မိုင်မှာ ပထမဆုံး သိဥ္စိုးငရဲ က စရှိနေ မယ်။ ဒါဆိုရင် တောင်မြောက် အချင်း - ၇၉၀၀ မိုင်ပဲ ရှိတဲ့ ကမ္ဘာ ရဲ့ အပြင်ကို ဒီ ငရဲ ရောက်နေပြီ လို့ ပြောရမလို ဖြစ်နေတယ်။ ကျန်တဲ့ (၇) ခုဆို ပိုဆိုးပြီ။
တရားတော်တွေမှာက ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ပြောပြီးတာနဲ့ မြေကြီးအောက်ကို ယူဇနာ ၁၅၀၀၀ ဆီ အောက်မှာ ငရဲတွေ ရှိနေတယ်လို့ ဆိုတယ်။
စက္က၀တ္တိသုတ်တော်၊ သတ္တသူရိယ သုတ်တော် အကျယ်တွေမှာ ပါနေတယ်။ အနက် ( Depth ) နဲ့ ထုထည်(Volume)ကို နှိုင်းယှဉ်ပြထားသလိုဖြစ်နေတယ်။အနက်ကို အနက်နဲ့ ယှဉ်ပြရင် ကျွန်တော်တို့ သတိထားမိနိုင်တယ်။အခု ယှဉ်ကြည့်လိုက်တော့ အဲဒီလိုအပြင်ကိုရောက်တာ ဖြစ်နေတယ်။

ငရဲတွေကလည်း ကမ္ဘာထဲမှာပဲ ရှိတယ်လို့ အဆိုကရှိနေတယ်။အပြင်မှာလည်း ရှိနိုင်တယ်ဆိုရင်တော့ အားလုံးအစဉ်ပြေမယ်။ အ၀ီစိကတော့ အပြင်နဲ့ ဆက်စပ်နိုင်တယ်။ဘာကြောင့်လဲဆိုရင် အ၀ီစိ၇ဲ့ အရံ လောက ကုမ္ဘီငရဲဟာ စကြာဝဠာ (၃)ခု ဒါမှမဟုတ် (၂) ခု ဆုံတဲ့ ကြာ်းမှာ မှောင်မည်းပြီး ရှိနေတယ်လို့ ဆိုတယ.်။ ဒါကလည်း အဇာတသတ်မင်းနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားတွေမှာ ရှိနေတယ်။ သိပ္ပံကလည်း အခုဆိုရင် ကျွန်တော်တို့ စကြာဝဠာရဲ့ အဆုံးလို့ ပြောလို့ ရတဲ့နေရာကို တွေ့ပြီလို့ ဆိုတယ်။မှောင်မည်းနေတယ်တဲ့ ။ ဒီအမှောင်ရဲ့ ဟိုဘက်မှာ နောက် စကြာဝဠာတစ်ခု ရှိမယ်ဆိုရင်တော့ ဘုရားရှင်ဟောတဲ့ စကြာဝဠာအနန္တဆိုတာကို သိပ္ပံပညာက တွေ့ရတော့မယ်။

္ပဒီတော့ လက်ရှိခေတ်နဲ့ ကိုက်ညီအောင် ငရဲတွေကို ဘယ်လို တွက်ကြမလဲ ။ ဒေါက်တာ မင်းတင်မွန်တို့ကတော့ ဒါတွေက သီဟိုဠ်ကဆရာတော် ပြန်ရေးတဲ့ အဋ္ဌကထာက စကားတွေပါလို့ ပဲ .ဇာတ်လမ်းဖျက်လိုက်ပါတယ်။

ချမ်းသာကြပါစေ

Solomon


ဒီမေးခွန်းတွေ အဖြေရှာတာတွေဟာ မဂ် ၊ဖိုလ်၊ နိဗ္ဗာန် သွားရာ မဟုတ်လို့ အရေးမပါဘူးလို့ လဲ မတင်လိုက်ပါနဲ့ ။
နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ သာသနာပြုမယ်ဆိုရင် သူတို့ မေးတာတွေကို အရင် စုံနေအောင် ဖြေနိုင်ပြီးမှ သူတို့ ရဲ့ First Impression ကို ရမယ်။ ဒါပြီးမှ သမထဖြစ်စေ၊ ၀ိပဿနာ ဖြစ်စေ ဟောပြောသင်ကြားလို့ ရမယ်။ ဒါတွေကို ဟောပြောခဲ့တဲ့ ဗုဒ္ဓဆိုတာလဲ ဘယ်လိုပုဂိုလ်ဖြစ်တယ်၊ ဥာဏ်တော် ဘယ်လောက်ကြီးကျယ်ဆိုတာကို အဲဒီ ဘာသာခြား ၊ဘာသာမဲ့တွေက ဒီလို မေးခွန်းတွေနဲ့ပဲ တိုင်းတာကြပါတယ်။

လက်ရှိ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်တို့မှာ သာသနာပြု ဒေသစာရီကြွမယ့် ဆရာတော်လောင်းလျာ စာသင် သားတွေကို သိပ္ပံပညာအချို့သော Concept တွေ ၊ Unit ပြောင်းတဲ့ Formulae တွေ ၊ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ ၊ ဘာသာစကားတွေ၊သမိုင်းတွေ၊ အဆိုအမိန့်တွေ ကို ပါဠိတော် နဲ့ အတူ တွဲပြီးသင်ပေးနေတယ်ဆိုတာ ဒါကြောင့်ပါပဲ ။

နိုင်ငံခြားသားနဲ့ စတွေ့တာနဲ့ အဝိဇ္ဇာ ပစ္စယာ သခါၤရ၊ သခါၤရာ ပစၥယာ ဝိဥာဏံ၊ ဝိဥာဏ ပစၥယာ နာမရူပံ စသည် တန်းပြီး ရွတ်လို့ ရတာ မဟုတ်ဘူး။
ဝိဥာဏ ပစ္စယာ နာမရူပံ ဆိုတာလေးကို သူတို့လက်ခံနိုင်ဖို့ အနည်းဆုံး ဒီလောက်ပြောနိုင်ရမယ်။ဥပမာ အနေနဲ့ ရေးပြမယ်။

ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ ရုပ် ၊ နာမ် ပိုင်း ဖြစ်စဉ် အဟော၊ နဲ့ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ လည်း နီးစပ်နေတာ တွေ့ရပါတယ်။
သိပ္ပံပညာရှင်ပေါင်းများစွာ စုဝေးပြီး ကမ္ဘာမြေကို မဟာဓါတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ကြရာ ( လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀၀ ကျော်က ) ကာဗွန် ၊ ဟိုက်ဒရိုဂျင် ၊အောက်ဆီဂျင် နဲ့ နိုက်ထရိုဂျင်တွေ အချင်းချင်းဓာတ်ပြုပြီး ရှုပ်ထွေးဆန်းကျယ်တဲ့ မော်လီကျူး အဖြစ်ပေါင်းစပ်သွားကြတယ် ။ ဒီဖြစ်စဉ်မှာ တစ်ခုခုသော ပေါင်းစပ်မှုဟာ ဇီဝအသက် ဆိုတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး Process တစ်ခုကို ဖြစ်သွားစေခဲ့တယ်။ ရုပ်ပိုင်း အခြေခံမှာ မီသိန်း ၊ အမိုးနီးယား နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ ပေါင်းစပ်သွား တဲ့ ပရိုတိန်း ( ၀ါ ) ပေါ်လီမာ (Polymer ) ဒြပ်ပေါင်း တစ်ခုဖြစ်နိုင်တယ် လို့ ယူဆကြတယ်။ အဲဒီလိုစတင်ခဲ့တဲ့ အသက်ဇီဝ ဓာတ်ပေါင်းလေးဟာ နှစ်ကာလများစွာကြာမှ လူသားဖြစ်လာတယ်လို့ ယူဆကြပါတယ်။Polymer ဖြစ်ပေါ်မှုဟာ နှစ်သန်း အနည်း ငယ်ပို၍ စောပြီး လူသားကတော့ ဤစကြာဝဠာမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်း( ၁၀၀,၀၀၀ )ခန့်ကမှ ဖြစ်လာတယ်လို့ ဆိုပါ တယ်။

တဖန် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကမ္ဘာမြေမှာ ဆက်ပြီးဖြစ်ပေါ်လာတယ် ။ ဤစကြာဝဠာမှာ ကမ္ဘာမြေ ရဲ့ အပေါ်ယံ အလွာ ဖြစ်ပေါ်လာပြီးနောက်မှာ စကြာဝဠာမှာ လဲ ပြောင်းလဲမှုတွေ ဆက်ဖြစ်လာတယ်လို့ ယူဆကြတယ်။ဒီ ပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကို “မဟာပေါက်ကွဲမှု ( Big Bang )” သီအိုရီ လို့ ခေါ်လိုက်ကြပါတယ် ။

“မဟာပေါက်ကွဲမှု ( Big Bang )” ကို တွေ့ရှိခြင်းဟာ ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ အဟော နဲ့ အတွေးအမြင် သွားတူနေတာ တွေ့ရပါတယ်။ ဗုဒ္ဓကျမ်းဂန်တွေမှာ လည်း နောက်ဆုံးမှာ ကမ္ဘာဟာ အလွန်ပူပြင်းလာပြီး တစ်ချိန်တည်းလောက်နီးနီးမှာ နေ (၇) စင်း ပေါ်ထွက်လာလျက် ကမ္ဘာလောက ပေါက်ကွဲ တော့မည့် အခြေအနေကို ဖော်ပြကြပါတယ်။ဒီ အပူရှိန်ကလည်း ကမ္ဘာမြေကို လောင်ကျွမ်းပစ်လိုက်မယ် လို့ ဆိုပါတယ်။
    
သိပ္ပံပညာရှင်တွေကတော့ ဒီ Big Bang ဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဘီလီယံ ခန့်က ဖြစ်ပျက်ခဲ့တယ် လို့ ယူဆကြပါတယ်။အဲဒီ နောက် ဆင့်ကဲ ဖြစ်စဉ်ပေါင်းများစွာ မှာ သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေ လဲ ပါဝင် လာရတယ် လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များစွာတို့ သည် သတ္တ၀ါရဲ. မူလဘူတ ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်ရမည်။ ဒီလိုမှ မဟုတ်ရင် လုံးဝ မဖြစ်ပေါ်နိုင်ကြောင်း ယူဆကြသည် ။

Einstein ကလဲ ... Matter and mind must arise together or not at all ; that, in other words , there is simultaneous genesis of matter and mind . လို့ အတည်ပြုခဲ့ ပါတယ်။

အဲဒီမှ တဆင့် ဒီလို ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်လာဖို့ ဘုံအရင်းအမြစ် တစ်ခုတော့ ရှိရမယ် ဆိုပြီး ရှာကြံကြပါတယ် ။

Henri Bergson said that mind is a condensation from consciousness . He also said that once consciousness is present, matter can be deduced from it. In other words, consciousness gives rise to mind and matter. ဟင်နရီဘဂ်ဆင် ပြောတာ က နာမ်ဟာ အာရုံစုဖွဲ့မှုကနေ ဖြစ်လာတယ် ။ အာရုံစုဖွဲ့မှုဖြစ်လာတာနဲ့ ရုပ်ကိုလည်း ဆင်ခြင်တွေး ဆနိုင်ပြီ ။ တစ်နည်းဆိုရရင် အာရုံသိမှုဟာ နာမ် နဲ့ ရုပ်ကို ဖြစ်စေတယ်…… လို့ ပြောပါတယ်။

ဒီအချက်ကို ဗုဒ္ဓမြတ်စွာက အတိအကျ ဟောတော်မူခဲ့ပါတယ်။
” ၀ိဥာဏပစ္စယာ နာမရူပံ “...(အာရုံသိမှု ၀ိဥာဏ် သည် နာမ် နှင့် ရုပ် ကို ဖြစ်စေသည်။)….

ဒီတော့ စကြာဝဠာ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ တဆင့် သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေဟာ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ နဲ့ ဗုဒ္ဓမြတ်စွာရဲ. တရားတော်များ အဘယ်မျှ တူညီ နီးစပ်နေကြောင်း ၀မ်းမြောက်ဖွယ် ရာ တွေ့ ရှိရပါ ကြောင်း……………………။

ဒီလို သူတို့ ရင်းနှီးပြီးသား သိပ္ပံပညာရှင်တွေ ရဲ့ အကိုးအကားတွေ ဘာတွေနဲ့ တိတိကျကျပြောနိုင်မှ သူတို့က လက်ခံမှာလေ။ တရားဟောဖို့ဆိုရင် ဘာလဲ ၊ ဘယ်မှာလဲဆိုတာကိုတောင် သေသေချာချာမဖြေနိုင်ရင် ဘယ်လို ဆက်ဟောနိုင်ပါ့မလဲ ။ဘယ်ယုံကြည်ပါတော့မလဲ ။

အခုနောက်ပိုင်းတော့ နိုင်ငံခြားမှာ ချမ်းမြေ့  ဆရာတော် ဖြေတာတွေ သိပ်ကို ကောင်းတယ် ။ အရမ်းကို အဆင့်အတန်းမြင့်တဲ့ သုံးသပ်ချက်တွေ၊ ကိုးကားချက်တွေ နဲ့ ဖြေတယ်။ဓမ္မစေတီဆရာတော်လဲ ဒီလို ပါပဲ ။ဒါပေမယ့် နိုင်ငံခြားမှာ သူဖြေတာတွေတော့ သေသေချာချာမဖတ်ကြရသေးဘူး။ တရားတွေမှာဟောရင်းပြောသွားတာလောက်ပဲ သိနေရတယ်။ သူကတော့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ပညာရှင်တွေကိုဆရာတော်တွေကို အကြံပေးကြဖို့ ၊ ပူးပေါင်းပြီး ဒီလို သက်သေပြချက်တွေ ထုတ်ကြဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။

တို့တွေလဲ တတ်နိုင်သလောက် စဉ်းစားအဖြေရှာကြတာပေါ့ ။

ချမ်းသာကြပါစေ။
ပေးပို့ မျှဝေသူ။ ကိုတေ teza htut <tezahtut@gmail.com>

Friday, February 14, 2014

အရှင်ဥပဂုတ္တ ရဟန္တာ တစ်ကယ် ရှိ မရှိ




တစ်ကယ်တော့ ... ဘုရားရှင်ခြေရာတော် ... ဘုရားရှင်အရပ်တော် ... ပြီးတော့ ရှင်ဥပဂုတ္တဆိုတဲ့ ရဟန္တာလို့ပြောတဲ့ ပုဂ္ဂိုလ် အကြောင်းတွေကို ... မတင်ချင်ပါဖူး ... ဘာလို့လဲဆိုတော့ .... နူး တင်ရင် မြန်မာကလက်ခံထားတာနဲ့ ... လွဲနေမှာ ဖစ်တဲ့အတွက် ... မတင်တာပါ ...ခုတော့ ရှင်ဥပဂုတ္တ အကြောင်းတင်ပေးပါဆိုတာ ... လွန်ခဲ့တဲ့ ၄လကျော်လောက်ထဲက ...ခုထိ ၁၀ယောက်မကတော့တာနဲ့ တင်ပေး လိုက်တာပါ ... ။

တစ်ကယ်တော့ ရှင်ဥပဂုတ္တရဟန္တာ ရှိတယ်ဆိုတာ ထေရ၀ါဒရဲ့ ဘယ် ဘုရားဟော ပိဋကတ် ကျမ်းဂန်မှာမှ မပါ ပါဖူး ...

ဒီ ဇတ်လမ်းရဲ့ အစက ... ထုံးစံအတိုင်း ကြုံရာနေရာဒေသမှာ ... အဲ့ဒေသတွေမှာ  လက်ရှိ ကိုးကွယ်တဲ့ ဘုရား သို့မဟုတ် နတ်ရဲ တွေနဲ့ ဘုရားရှင်ရဲ့ တရားတွေ ကို ရော သမမွှေပြီး  သာသနာပြု တတ်ကြတဲ့ မြောက်ပိုင်း သာသနာဝင်တွေ လို့လူသိ များတဲ့ မဟာယနတွေကစတာပါ....။

ဒီလိုဆိုပြန်တော့ မြန်မာပြည်မှာ မဟာယန ဗုဒ္ဓဘာသာ ရှိခဲ့ မရှိခဲ့ ဆိုတာကို အရင်ဆုံးလေ့ လာကြရအောင်ပါ။

★ ★  မြန်မာနိုင်ငံ တွင် မဟာယန ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပုံ

မဟာယန ဗုဒ္ဓဘာသာသည် ပျူခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက် ရှိနေခဲ့ပြီ ဖြစ်ကြောင်း၊ ပျူခေတ် ဘုရားလောင်းပုံပါ အုတ်ခွက်များက သက်သေ ခံနေခဲ့သည်။

ပျူမြို့တော်ဟောင်း များကို တူးဖော်ပြီး ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန မပြုရသေးသောကြောင့် ပျူခေတ်တွင် ဗုဒ္ဓဘာသာ တန္တရ၀ါဒ ထွန်းကားခဲ့ခြင်း ရှိ၊မရှိကိုမူ အတိအကျမ သိရသေးချေ။

ပျူခေတ်ကို ဆက်ခံသော ပုဂံခေတ် ၌ကား၊ သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသန အထောက်ထားများအရ မဟာယနဗုဒ္ဓဘာသာတဖြစ်လဲ တန္တရ၀ါဒ ထွန်းကားလျက် ရှိသည်ဟု ယူဆနိုင်ပါသည်။

မဟာယာနကျမ်းတစ်ခုဖြစ်သောအရှင်ဥပဂုတ္တဒိဗျာဝဒါနသက္ကတကျမ်းတွင်

ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်ခြင်းကို ပုဂံမင်းဆက်၌ပင် ရှိသည် ကိုတွေ့မြင်ရကြောင်း အဘယ်ကြောင့်ဆိုသော် ကျန်စစ်သားမင်း၏ သားတော် ရာဇ ကုမာရ် မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထား ကိုးကွယ် ၏။ ထိုဘုရားစေတီရှိ နံရံဆေးရေး ပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောက မင်းကြီးတို့ သာသနာတော် ပြန့်ပွားရေး အတွက်ဆွေးနွေးနေ ပုံဆေးရေးပန်း ချီကျောက်ထွင်း ပန်းချီများအပြင် ရေးထိုးထားသော  ကျောက်စာအရ ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ ဖြစ်ကြောင်းကို သိရှိရပါသည်။

သက္ကရာဇ် ( ၁၁၅၄ ) ခုနှစ်တွင်ပုဂံ၌ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိပါဠိ သဒ္ဒါကျမ်းတွင်လည်း

 ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို(ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ (ဥပဂုတ္တောမာရဗန္ဓော)ဟု  ဆေးရေးပန်ချီ၊ ကျောက်စာတို့တွင်  ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

ပုဂံခေတ် အရည်းကြီးများသည် တန္တရ၀ါဒ ( မဟာယန ) ကို ကျင့်သုံးခဲ့သူများပင် ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

 အနော်ရထာမတိုင်မီက အရည်းကြီးများသည် တန္တ၀ါဒီတို့ ကျင့်သုံးသော အရက်သေ စာသောက် စားခြင်း(မေရယ)၊ အမဲသားငါး စားခြင်း(မံသ)နှင့် ပန်းဦးလွတ်၊ ပန်းဦး အလှူခံကာ မေထုန် မှီဝဲခြင်း(မေထုန) လမ်းစဉ်တို့ကို ကျင့်သုံးခဲ့ကြသည် ဟု ဖော်ပြခြင်း များရှိခဲ့သည်။

အနော်ရထာမင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည် လက်ခံပြီးနောက် အရည်းကြီး တို့ ကို နှိမ်နှင်းခဲ့သည်။ သို့ရာတွင် အရည်းကြီးတို့၏လုပ်ရပ်မှာ လုံးလုံးပျောက် ကွယ်သွားခြင်း မဟုတ်၊ ခေတ္တတိမ်ငုတ် သွားခြင်း သာ ဖြစ်ပြီး ပုဂံခေတ် နရပတိစည်သူမင်း နောက်ပိုင်းတွင် ပြန်လည်ထွန်းကားလာသည်။

ဤမင်း လက်ထက်တွင် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းဟု ဂိုဏ်းသီးခြား တည်ထောင်လာကာ နေ့ညမဟူ အမဲသားငါး စားခြင်း၊သေရည်သေရက်သောက်ခြင်း တို့ကို ပြုကြလေသည်။
အိန္ဒိယတန္တ၀ါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သောနတ်ဘုရား၊ နတ်ဘုရားမ ပူဇော်ကာ၊ မန္တာန်ရွတ်ဖတ်ခြင်း၊ အင်း၊ အိုင်၊ ခလှည့်လက်ဖွဲ့စီရင်ခြင်းစသည့် ဂန္ဓာရီကျင့်စဉ်များကို အကောင်အ ထည်ဖော် ခဲ့ကြသည်။ သိဒ္ဓိ(လိုရာပြီးစီးခြင်း)၊ မဟိဒ္ဓိ(တန်ခိုးအစွမ်း အမျိုးမျိုးပြည့် စုံခြင်း)လမ်းတို့ကို လိုက်ခဲ့ကြသည်။တောကျောင်း ဂိုဏ်းသည် အင်းဝခေတ် ၁၅ -ရာစုအထိ ထွန်းကားခဲ့သည်။

ထို့နောက်တွင်လည်း အရည်းကြီးတို့၏ အယူအဆဖြစ်သော ထွက်ရပ်ပေါက် လုပ်ငန်း၊ ဂန္ဓာရီလုပ်ငန်း လိုက်စားမှု့များ ကြိုကြားပေါ်ပေါက်ခဲ့သည်။ မျက်မှောက်ကာလတိုင် အချို့ က လိုက်စားနေဆဲ ရှိသည် ကို တွေ့နိုင်ပါသည်။

ထိုခေတ် အချိန်အခါက ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည်ပင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဆိုသူကိုလည်းကိုးကွယ်နေကြသည် ဖြစ်ရာ မဟာယန ကျမ်းများတွင်ပါသော အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်မြတ် ရှစ်ပါး ( သေလေးပါး၊ ရှင်လေးပါး ) တို့ကို ကိုးကွယ် ကုန်ကြသည် ...

သေလေပါးမှာ........
အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ(ဥတ္တမတောင်)
ရှင်ဥပေက္ခေ(မကုလတောင်)
ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။

ထိုရဟန္တာများသည် လူ့ဝေါဟာရအရပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက် ရှင်သန်နေသည်။ တန်ခိုးအစွမ်း ရှိနေသည်ဟု ယုံကြသည်ကြသည်။


ရှင်လေးပါးမှာ........
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။

ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုကြည်ကြသည်။ ( ထေရ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သောအယူဖြစ်သည်။ )

မြန်မာနိုင်ငံရှိ အမှန်တစ်ကယ် ထွက်ရပ် ပေါက်များ

အမှန်တစ်ကယ် ... သက်သေအထောက်အထား ရှိစွာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူး များအဖြစ် မြန်မာ ပြည်၌ အလေးထားခံရသူများမှာ ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့၊ ဘိုးဘိုးအောင်၊ ဘိုးမင်ခေါင်၊ ယက္ကန်းစင်တောင် ဆရာတော် စသည်တို့ဖြစ်ကြသည်။

 ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့ တို့မှာ ထေရ၀ါရအနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။
ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက် ပြီး  ရှင်မထီး နှင့်ဘာမဲ့ တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်များသည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စား လာကြ သည်။ ယနေ့တိုင် ဓာတ်စီး ၀င်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်း ရှိနေသေးသည် ဟု ဆိုသည်။

ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်းမြဲသော အတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် သေလွန်ပြီးနောက်နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ဖြစ် သွားဖွယ် ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။


★ ★ ★ ဒီတော့ ဘယ်ကျမ်းဂန်တွေကြောင့် မြန်မာပြည်မှာ ရှင်ဥပဂုတ္တကို ကိုးကွယ်ကြ တာလဲ ဆိုတာ သုံးသပ်ကြရအောင်ပါ ....။

များလိုက်တဲ့ ဗျာဒိတ်တော် ..

 ( ၁ ) မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှာ ရေးထားတာက

 ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။ အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍ မည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီး အကဲ မျောက်မင်း သည်ပစ္စေက ဗုဒ္ဓါ တို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။

 ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ရသေ့ငါးရာတို့အား ပစ္စေက ဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းကလက်ဟန်ဖြင့် ပြသညွှန်ကြား၏။

 ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်း လည်း အိုမင်းမစွမ်းဖြစ်ကာကွယ်လွန်လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည်တို့ဖြင့် သင်္ဂြိုဟ်ကြ၏။

 ထိုမျောက်မင်း သည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့်သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကိုစောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟုဗျာဒိတ်ပေး ဟောကြားတော် မူခဲ့ပါသည်တဲ့

( ၂ )  မဟာယန အယူရောထွေးနေသော ထေရ၀ါဒဗုဒ္ဓဘာသာဝင် သီဟိုဠ် ဆရာတော်များရေးသော မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ 

 ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှ ဘုရား ရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်းခွင့်တောင်းရာ ဘုရားရှင် က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့်ပရိဗိုဇ်များက ၀ိုင်းဝန်း တားမြစ်ကြ သဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

 စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးနောက် အနှစ် တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီး မားတော်မူမည်။
သီရိဓမ္မာသောကမင်းသည်စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီး များ ပြုလုပ် သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှော က် လိမ့် မည် လို့ ဗျာဒိတ် တော်ထားခဲ့ပါတယ်လို့ ရေးထားပြန်ပါရော...။

( ၃ ) မဟာယန ကျမ်းတစ်ခုတွင်လည်း

ဘုရားရှင်လက်ထက်တော်က ဆွမ်းခံကြွလာသော ဘုရားရှင်အား ပီယဒဿီ-အမည်ရှိ သူဌေးသားသူငယ်က ကြည်ညိုသဒ္ဓါ လှသဖြင့် (မိမိတို့ကစားနေသော နေရာတွင် အခြားလှူဖွယ်ပစ္စည်းလည်း တစုံတရာ မရှိသဖြင့်) ကစားနေသော မြေမှုန့်များကိုသာ
အမွန်အမြတ်ပြုကာ ရိုရိုသေသေ လောင်းလှူလိုက်လေ၏။ ထိုသဒ္ဓါတရား အလှူကု
သိုလ်အဟုန်၏ အကျိုးပေးကို သိမြင်တော်မူသော ဘုရားရှင်က သာသနာနှစ် ဤရွေ့ ဤမျှ အချိန်တွင် အသောကမင်းကြီး၏ အနုမောဒနာပွဲ၌ မာရ်နတ်၏ အန္တရာယ် ခပ်သိမ်း မှ တားဆီးကာ အသောကမင်းကြီး၏ သာသနာပြုခြင်းကို ကူညီထောက် ပံ့မည့်  ဥပ ဂုတ္တမည်သော ရဟန္တာဖြစ်လတံ့ ဗျာဒိတ်တော် ၇ှိလာပါသည် ဟု ရေး ထားပြန် ပါသည်။

( ၄ ) ရာဇ၀ံသကျမ်းနှင့်  လောကပညတ္တိကျမ်းမှာတော့

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံ သားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီအရွယ်ရာက် လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှပင် ကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာ အပြည့်အစုံနှင့် ဖောင်ပေါ်တင်ပြီး မြစ် တွင် မျှော လိုက်လေသည်။
 မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ ကူးလို၍ ပို့ပေး ရန်ပြောရာ မစ္ဆဒေ၀ီကသူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါဝန်ခံသဖြင့် တဖက်ကမ်းသို့ပို့ပေး၏။
ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေ တည်ရှိသွားလေ၏။

ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘော တူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေး သည်ကို အစွဲပြု၍ ဥပဂုတ္တဟုအမည်ပေး၏။

အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာဈာန်သမာပတ် တို့ကို ရရှိသော ရဟန္တာဖြစ်ပြီး လျှင် တောင်သမုဒ္ဒရာ၌ကြေးပြာသာဒ် နှင့်စံနေတော်မူသည်။

သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏  အန္တရာယ်တို့ကို တားဆီးလျက် မာရ်နတ်မင်းအား လည်းဆုံးမတော် မူ၏ ဟုရေးထားပြန်ပါသည်။

( ၅ ) ရှင်ဥပဂုတ်ပူဇော်နည်းနှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ စာအုပ်တွင် ရှင်ဥပဂုတ် သည် မစ္ဆဒေ၀ီ၏ သားဟုဖေါ်ထားသော်လည်း ဒိဗျာဝဒါနကျမ်းတွင် ရှင်ဥပဂုတ်သည် မဓုရပြည်သားရေမွှေး ကုမ္ပဏီပိုင်ရှင်ဂုတ္တ၏သားဟူ၍ဖေါ်ပြလေ၏။

( ၆ ) မုန်ရွေးဇေတ၀န် ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း တွင်

အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မဉာ ပကပြု၍ မှတ်းသား လောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိ ဓမ္မာသောက မင်းကြီးသည် စေတီ ရှစ်သောင်းလေးထောင်တို့ကို အနုမော ဒနာပြုသော ကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တကဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင်ဥပဂုတ္တေနမာရဗန္ဓောဟုဥဒါဟရုဏ်သာဓကထုတ်ဖော်ကြောင်း၊

( ၇ ) မိလိန္ဒပဥှာတွင်ယထာ မောဂ္ဂလိပုတ္တတိဿ တ္ထေရာဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံဧတေပိနိဒ္ဒိသတိမယံပရိနိဗ္ဗုတေပဉ္စသတ ၀ဿသတေကာလေ ဧတေ ဥပဇ္ဇိဿန္တိစသည်ဖြင့်အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊အရှင်ဥပဂုတ္တထေရ်စသည်တို့သည်တရားညွှန်ပြသကဲ့သို့ထို့အတူပရိနိဗ္ဗာန်စံပြီးနောက်အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊တရားညွှန်ပြကုန်လတံ့ဟုဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးချေသည်ဟူ၍ ဖော်ပြထားပါသည်။

( ၈ ) ရှင်ဥပဂုတ္တကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ၊ သရဲ၊ စသည်တို့ မကပ်ရောက်နို င်ခြင်း၊ ရော ဂါကင်းခြင်း၊ စသည့်အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူ ခဲ့ကြောင်း မှတ်သားဖူးသည်။

အထက်ဖော်ပြခဲ့သည့်ပုဂ္ဂိုလ်များအထောက်အထားအကြောင်းအရာများအရမဟာယနကျမ်းလာ ရှင်ဥပဂုတ္တမထေရ်မြတ် ကို မြန်မာထေရ၀ါဒ သာသနာတော်ဝင် လူအများ ယုံကြည် ကိုး ကွယ်ပူဇော်ကြသည်ဟု ယူဆမိပါသည်။

★ ★ ★ ကဲ....ဒီတော့.. နောက်ဆုံး ကောက်ချက်ချကြည့်၇ရင် တော့

★ ★ သီဟိုဠ် မဟာယန ဆရာတော်တွေက သူတို့ ဘုရားဟောမဟုတ်တာကို သာဓက တစ်ခုခု ပေးချင်ပြီဆိုရင်  အမည်မသိ ဗာရာဏ မင်းမသိ ဗြဟ္မဒတ် ဆိုတဲ့အတိုင်း  ဗျာဒိတ်တော်တွေမှာ ... ဗာရာဏသီ ဗြဟ္မဒတ် လို့သုံးထားခြင်းကို ကြည့်ခြင်းအားဖြင့် မဟာယနဂိုဏ်းမှ လုပ်ကြံဖန်တီး ၍ရောသမမွှေကာ ၀င်ရောက် လာသော ရှင်ဥပဂုတ္တ ဇာတ်လမ်းသည် ဖြူစင်သော  သန့်ရှင်းသော စင်ကြယ်သော ,မြင့်မြတ်သော အထက်တန်း  ထေရ ၀ါဒ ဗုဒ္ဓဘာသာ၌ အမည်းစက်တစ်ခုသာဖြစ်ပေလိမ့်မည်။

★ ★ ဗျာဒိတ်တော်တွေက အမျိုးမျိုး ပြောင်းနေခြင်း ကြောင့်လည်း တစ်ကယ်ရှိမရှိဆိုတာ သံသယဖစ်စရာပါ

★ ★ မဟာယန ဂိုဏ်းသားတွေဟာ   ဘာသာဝင်အားလုံး ဘုရားဆုပန် (ဗောဓိသတ္တ) များသာ ဖြစ်ကြရမယ် ဆိုတဲ့ အယူဝါဒရှိပါတယ် ... ဒီရှင်ဥပဂုတ် ဒဏ္ဍာရီက မရ်နတ်ကြီး ညည်းတွားသံက ဒါဟာမဟာယနအယူဆိုတာ ခိုင်မာတဲ့ သက်သေပါ ..။

★ ★ မာရ်နတ် နဲ့ ရှင်ဥပဂုတ် တန်ခိုးပြိုင်ပြီး ရှင်ဥပဂုတ္တက မာရ်နတ်ရဲ့ လည်ပင်း ကို ခွေးသေကောင် ပုတ်ကြီး စွပ်ပေးလိုက်တဲ့အခါ မာရ်နတ်ဟာ နတ်ပြည်၊ ဗြပ္မာာ့ပြည် များမှာ သွားပြီး ချွတ်ပေးဘို့တောင်းပန် ခဲ့ပါတယ်တဲ့ ဒါပေမယ့် ဘယ်သူမှ မချွတ်ပေးရဲကြဖူးတဲ့ ဒီအခါမာရ်နတ်ကြီးဟာ ဘယ်လိုညည်းတွားလဲဆိုတော့...

ငါသည် ရှေးအခါက မြတ်စွာဘုရားအား များစွာဖောက်ပြန်သော အမှုကိုပြုခဲ့၏မြတ်စွာ ဘုရား သည် ငါ့အား တစ်စုံတစ်ခုသော ညှင်းဆဲခြင်းကို မပြု ၊ယခုသာဝက(ရှင်ဥပ ဂုတ်) သည် သနားခြင်း မရှိ သည်ဖြစ်၍ ငါ့အားညှင်းဆဲနှိပ်စက်ဘိ၏

ငါသည်ရှေးရှေးသော ဘ၀ကလည်း ဘုရားရဟန္တာဖြစ်အောင် ပုညအစု ကောင်းမှု အထူးကို ဆည်းပူးခဲ့ပြီး ဤကုသိုလ်၏အာနိသင်ကြောင့်နောင်သောအခါ ဘုရားဆုကို သာ ရလိုပါ၏ ။သတ္တ၀ါတို့အား သနားခြင်းမရှိသော သာဝက မဖြစ်လိုပါ

ဒီဆုတောင်းတွေအရ မဟာယာန တို့၏ သာဝက(ရဟန္တာ)မဖြစ်ချင် ဘုရားလောင်း (ဗောဓိသတ္တ) သာ ဖြစ်ချင်သည် ဆိုသည့်အချက် နှင့် တစ်ထပ်တည်းကျနေပါတယ်..။

★ ★ မာရ်နတ် နဲ့ ရှင်ဥပဂုတ် တန်ခိုးပြိုင် ရာ မာရ်နတ်ကြီး ရှုံးပြီး ရှင်ဥပဂုတ္တက မာရ်နတ် ရဲ့လည်ပင်း ကို ခွေးသေ ကောင် ပုတ်ကြီး စွပ်ပေးလိုက် သည်တဲ့

ဒီမှာလဲမေးစရာ တစ်ခုရှိနေပြန်ပါတယ် ... ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ရဟန္တာ များ တန်ခိုးပြခြင်း မရှိကြပါ ...

★ ★ မြတ်စွာဘုရားရှင် ကိုယ်တော်ဟာ သည်တပည့်သာဝကတို့ကိုတန်ခိုးအရာမှာ အားပေးတော်မူခြင်း မရှိခဲ့ပါ။

ဝေရဉ္ဇာပြည်ဒု ဗ္ဘိက္ခ န္တရ ကပ်ကြီး ဆိုက်ရောက်၍ ဆန်ကွဲထ္မင်းကို မျှတရုံ ဘုဉ်းပေးနေရသော အချိန် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် မထေရ်မြတ်မှ - ဘုန်းတော်ကြီးတော် မူသောမြတ်စွာဘုရား ကမ္ဘာ ပထ၀ီမြေကြီး၏ အောက်အပြင်တွင် အလွန်ချိုမြိန်ကောင်းမြတ်သောမြေဆီ မြေလွှာ မြေသြဇာများရှိပါ

သည်။ ထိုမြေဆီမြေလွှာများကို ယူ၍ ရဟန်းသံဃာတော်တို့အားဆက်ကပ်ပါမည် ခွင့်ပြုတော်မူပါ ဟုမြတ် စွာဘုရား အားလျှောက်ထားရာ

ဘုရားရှင်က ချစ်သား မောဂ္ဂလာန် သတ္တ၀ါတွေကို သင်ဘယ်လိုဆောင်ရွက်မည်နည်း ဟု မေးပါတယ် ဒီအခါ မထေရ် မြတ်က မှန်လှပါဘုရားတပည့်တော်၏ လက်တစ်ဘက်ကို ယ္ခုနေသောမြေကြီး အဟန်ဖန်ဆင်း၍ လက်တစ်ဘက်ဖြင့် မြေဆီမြေလွှာကိုယူပါမည်ဘုရားဟု လျှောက်ထားပါတယ် ..

ထိုအခါ ဘုရား ရှင်ကအလံတေမောဂ္ဂလာန မာတေရုစ္စိပထ၀ိံပရိဝတ္တေတုံ၊၀ိပ္ပလ္လာသံ ပိသတ္တာပဋိလဘေယျုံ အစရှိသော ဂါထာကို မိန့်တော်မူပါ တယ် အဓိပ္ပါယ် ကတော့

ချစ်သားကမ္ဘာပထ၀ီမြေကြီး ကိုပြောင်းပြန်လှန်ပြီးမြေဆီမြေလွှာ ကိုယူဖို့သင်မနှစ် သက်ပါနှင့်။ သတ္တ၀ါတွေဟာ သင်တို့လွန်မြောက် ရာ ကာလရောက်သော်ဖောက်ပြန် ခင်း အမှုကိုပြု ကြပေလိမ့် မည် ဟုအရှင်မဟာမောဂ္ဂလာန်၏ တန်ခိုးအရာကိုကန့့် ကွက် တော်မူခဲ့ပါတယ်

★ ★ အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်စန္ဒကူးသပိတ်ကိုတန်ခိုးပြ၍ယူရာ တွင်လည်းနောင် အခါတန်ခိုးမပြရ အာပတ်သင့်စေ ဟုတားမြစ်တော်မူခဲ့ပါ၏။

★ ★ ဒီတော့ မာရ်နတ်ကို တရားမဟောပဲ တန်ခိုး ပြိုင်ခြင်းဟာ စဉ်းစားစရာပါ .... ဒါ့အပြင် ဘုရားရှင် လက်ထက်တော်က  မာရ်နတ်ရဲ့ ဦးရီးတော်ခဲ့ဖူးသူ ရှင်သာရိပုတ္တရာ ဆုံးမခဲ့တဲ့အတွက် မာရ်နတ်ဟာ သံဝေဂ ရပြီးတဲ့အထောက် အထားတွေ ရှိနေပါတယ်။

★ ★ ★ ကဲနောက်ဆုံးး ရှင်ဥပဂုတ္တ ကိုဘာကြောင့်ကိုးကွယ်သနည်း လို့ သုံးသပ်ကြရအောင်ပါ...

ယ္ခုရှင်ဥပဂုတ္တကို  အဘယ့်ကြောင့် ကိုးကွယ်ကြသနည်း ဟုလေ့လာကြည့် ရာတွင် အသောကမင်း အလှူပွဲတွင် မာရ်နတ်ကိုနှိမ်နင်း၍ အနိုင်ရ လောက်အောင် တန်ခိုးကြီးသောကြောင့် ဆိုသည့် အဖြေကိုတွေ့ရလေ၏ ။

ဒါဆို တန်ခိုးကြီး တဲ့ ရဟန္တာကိုမှ ကိုးကွယ်ချင်ကြတယ် ဆိုရင်  တန်ခိုးအရာ ဧတ ဒဂ် ရတော်မူတဲ့ လက်ဝဲတော်ရံ မထေရ်မြတ်ကြီးကို  မကိုးကွယ်သင့်ပါလော

ယ္ခုရှင်ဥပဂုတ္တသည် ငါတို့၏ထေရ၀ါဒ ပိဋကတ်ကျမ်းတို့တွင်မလာမရှိပေ။ သဒ္ဒါကျမ်းများတွင် ဥဒါဟရုဏ်ပုံစံ(example) အနေဖြင့် ဥပဂုတ္တေနမာရော ဗန္ဓော။ ဟုသာထုတ်ပြထားလေ၏။ သို့စဉ်လျှင် ပုရိသေနသြဒနောပစ္စတေ--စသည်တို့ကိုမည်ကဲ့သို့သဘောထားကြလေမည်နည်း ။

★ ★ ရှင်ဥပဂုတ်နှင့်ပတ်သက်၍စကြာ ရန်အောင်ဆရာတော်  ရေးသားတော်မူသော- ဗုဒ္ဓနိုင်ငံတော်- စာမျက်နှာ(၄၉၀)တွင် ဤကဲ့သို့ဖေါ် ပြထားလေ၏။

( က ) မဟာယာန ဗုဒ္ဓဘာသာမှတ်တမ်းများအရ အသောကမင်းတရား လက်ထက်က မဓုရမြို့အနီးနတဘာသိတတောအုပ်ကြီး အတွင်းဂုရုမုဏ္ဍတောင် ပေါ်တွင် သီတင်း သုံးသော ဥပဂုတ္တမထေရ် စသည်ဖြင့် မဟာယာနမထေရ် တစ်ပါးသာဖြစ့်ကြောင်းပြဆို ထားလေ၏ ။

( ခ ) ဆရာဇာဂရုဆိုသောပုဂ္ဂိုလ် တစ်ဦးရေးသားသည့် ရှင်ဥပဂုတ္တရဟန္တာ ပူဇော် နည်းနှင့်ပရိတ်တော် စာအုပ်တွင်ရဟန္တာဟုပြဆိုထားရုံမျှမက ဣုန္ဒဂုတ္တ အဿဂုတ္တ မထေရ်ကြီးများပင် ရှင်ဥပဂုတ်ဖြစ်ကြောင်းပြ ဆိုထားရာ များစွာရောထွေးသွားလေ၏။

( ဂ ) သို့ရာတွင်မဟာယာန သာသနာဝင်ဖြစ်သော သက္ကတဘာသာရေး ဒိဗျာဝဒါန ကျမ်းမှ ရှင်ဥပဂုတ် အတ္ထုပ္ပတ္တိကို ဖတ်ရှုရပေရာ တနည်းအားဖြင့် ထိုကျမ်းဆရာ အား ကျေးဇူး တင်ရပေသည်။

ထိုစာအုပ်မှာ ဒိဗျာဝဒါနမဟာယာနသာသနာဝင် ကိုမူထား၍ ဟိန္ဒူပညာရှင်များ ခရစ်ယာန်သာသနာပိုင် ကာလ်ဒ၀ဲလ် စသောပညာရှင်များ၏ (သက္ကတ၊ဟိန္ဒီ၊အင်္ဂလိပ်) အဆိုအမိန့် များကိုပေါင်းစပ်၍ သုတေ သနပြုထားသောကျမ်းဖြစ်သည်

ရှင်ဥပဂုတ်သည် မဓုရပြည်သားရေမွှေးကုမ္ပဏီပိုင်ရှင် ဂုတ္တ၏ သားငယ်ဖြစ်ပြီး  ရှင်ဥပဂုတ်သည် လက္ခဏာကြီးငယ် မပါသောဘုရားတစ်ဆူ ဖြစ်ကြောင်း

အဃတ်စ်တျသံဟိတာကျမ်း၊အဃတ်စ်တျဂီတာကျမ်း၊သကလအာဒိကာရကျမ်း များပြုစုကြောင်း ဂဏန်းကျမ်းကောင်းကင်နက္ခတ် ကုမ္ဘစက်ဂြိုဟ်နေကြတ် လကြတ် စသည် တို့ကိုဓာတ်စေတော်မူသည့် တန်ခိုးကုဒ္ဓိပါဒ်အရှင်ဖြစ်ကြောင်း ရေးသား ထားတာ ကိုဖတ်ခြင်းအားဖြင့် ရှင်ဥပဂုတ်ဟူသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ကွဲကွဲပြားပြား သိစေမှာပါ။

စည်းပွား အာဏာ ရာထူး စသည်တို့အတွက် ကိုးကွယ် ပသခြင်း ဆိုတာ သေချာ သွားပါတယ်။

★ ★ မိမိတို့ယုံကြည်ရာအလိုက်ကိုးကွယ်နေကြတာကို မပြောလိုသော်လည်း အရှေ့နှင့် အနောက်ခြားနား လှသော သဘာဝ နှစ်ခုကိုမူ ထပ်တူပြုခံယူရေးသားခြင်း ဗုဒ္ဓအယူနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်ကို ထပ်တူပြုခြင်းသည် ဆိုးရွား လှပါ သည်။

★ ★   နောက်ဆုံး ကောက်ချက်ချကြည့် ရရင်ဖြင့် ရှင်လေးပါးကိစ္စပါ ပေါင်းဆို ချင်ပါတယ်။ (၁)တောင်သမုဒ္ဒရာရှိ အရှင် ဥပဂုတ္တ၊ (၂) အနောက်သမုဒ္ဒရာရှိ အရှင်ခေမ (၃)မြောက်သမုဒ္ဒရာရှိ အရှင်ဘဒ္ဒ (၄)အရှေ့သမုဒ္ဒရာရှိ အရှင်ဓမ္မသာရတို့ ကို ယခုတိုင် သက်ရှိထင်ရှားရှိသောတန်ခိုးရှင်များအဖြစ် ယုံကြည်ကိုးကွယ်ကြ၏။

 မိမိတို့ကား ယင်းမထေရ်ကြီးတို့သည် ဆဠာဘိညာပတ္တရဟန္တာများအဖြစ် လက်မခံခြင်းမျိုးမရှိ။ စာမတင်မိသောသမိုင်းတွင် ယင်းကဲ့သို့ဖြစ်နိုင်၏။ သို့သော်…..…ယခုတိုင် သက်ရှိထင်ရှား ရှိနေတယ်လို့ ဆိုကြ၀ယ် ဣဒ္ဓိပါဒ်လေးပါးနှင့် အသက်အာယကို ဆက်စပ်စဉ်းစားမိ၏။ “ဣဒ္ဓိပါဒ်လေးပါးကို ပွားများထားပါက ထိုပုဂ္ဂိုလ်များသည် အလိုရှိသည်ဖြစ်အံ့ တစ်ကပ်လုံးသော်လည်းကောင်း ထိုထက် အလွန်သော်လည်းကောင်း တည်နိုင်၏ဟု” သုတ်မဟာဝါမဟာပရိနိဗ္ဗာနသုတ်တွင် မြတ်ဗုဒ္ဓ မိန့်တော်မူ ခဲ့ခြင်းကြောင့် သေလောက်သောရောဂါပင် ရှိစေဦး တစ်ကပ်ပြည့်အောင် ထို့ထက်လွန်အောင် မိမိ၏ သက်တမ်းကို ဆွဲထားနိုင်၏ဟု မှတ်သားရ၏။

ကပ်ဟူသောစကားသည် (၁)အာယုကပ် (၂) အန္တရကပ် (၃) အသင်္ချေယကပ် (၄)မဟာကပ်ဟု ပြားသည်ကို သိရာ၏။ ထိုတွင် ဘုရားရှင်တို့သည် ပြိုင်ဆိုင်ပွင့်ရိုးမရှိခြင်း တစ်ကမ္ဘာအတွင်း ၅-ဆူအထိ ပွင့်နိုင်ခြင်းတို့ကို ထောက်ဆက မဟာကပ်စသည်ကို မဆိုလို။ အာယုကပ်(သက်တမ်းတစ်ခု)ကိုသာ ဆိုသည်ဟုသိရာ၏။

 မြတ်စွာဘုရားစသော ဣဒ္ဓိပါဒ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်များသည် မည်သည့်ရောဂါပင်ဖြစ်စေ (အသက်တစ်ရာတမ်း တစ်ထောင်တမ်း စသည်အားဖြင့်) မိမိတို့ရောက်ရာခေတ်၏ သက်တမ်း ကုန်အောင် နေနိုင်ကြ၏။ ရောဂါမတိုးအောင် ထိန်းထားနိုင်၏ ((ခန္ဓာကြီးအိုတာကိုတော့ ပျိုအောင် မလုပ်နိုင်ဟူသတတ်)) ။

ဘုရားရှင်သည် ဝေဠုဝရွာသီတင်းသုံးစဉ် သေပျက်လောက်သော ရောဂါဆိုး ခံစားရ၏။ အာယုပါလကခေါ် သက်စောင့်ဖလ သမာပတ်ဖြင့် အန္တရာယ်ကို ဟန့်ထားပယ် ခွာတော် မူခဲ့၏။ မည်သို့ဆိုစေ သက်တမ်းတရာ တမ်းဖြစ်ရကား သက်တော်(၈၀) တွင် စံတော်၏။

ယခုသာသနာ၏ သက်တော်ရှည်မထေရ်ကြီး အရှင် ဗာကုသ (ရောဂါကင်းသူတို့တွင် အသာလွန်ဆုံး ဧတဒဂ်ရ) မထေရ်ကြီးသည်လည်း သက်တော် (၁၈၀)တွင် လွန်တော် မူခဲ့၏။

သို့ဖြစ်ရကား အရှင်ဥပဂုတ္တစသောမထေရ်များသည် တန်ခိုးကြီးရဟန္တာများအဖြစ်ကား အတိတ်တွင် ရှိခဲ့နိုင်ပါ၏။ ရှိခဲ့သည်ဟု ယုံကြည်သည့်နောက် သုပ္ပဋိပန္နတာ ဂုဏ်တော် များဖြင့် သံဃာဂုဏ် မှန်းပူဇော်က လည်း အကျိုးမနည်းတန်ရာ။ လွန်စွာကောင်းလှပါ၏။

သို့သော် သာသနာ့နောက်ပိုင်း အရှင်ဥပဂုတ္တစသည် တို့သည် ယခုတိုင် သက်တော်ထင်ရှားရှိနေသည်ဟု ယုံကြည်ခြင်းသည် မသင့်တန်ရာ။

ဘုရားမနှစ်သက်သော သဘာဝလွန် ယူဆမှားမှုဟုသာ သုံးသပ်လိုပါ၏။ ဆင်ခြင်ကြ ပါကုန်……….။

★ ★  နှစ်ဦးသား ဗာလတို့

မိုက်ကြသည့်အနေ။

 တစ်ဦးသား ဗာလက

ရဟန္တာ ဧကန္တကို

ဤသူလျှင် ဒုဿီလဟု

 မြွက်ဟတုံပေ။

တစ်ဦးမှာ ဒုဿီလကို

 ရဟန္တာ ဧကန္တဟု

ခွန်းနှုတ်က ဖွင့်ချေသည်

ဆိုပုံလေ လွန်ရိုင်း။

 နှစ်ပါးစုံ ထိုကံညစ်မှာ

အပြစ်ကယ် အတူရှိတယ်

 ဖြေ၏ မှန်တိုင်း။ ။

မင်းကွန်းဆရာတော်နှင့် မန်လည်ဆရာတော်တို့၏ ပညာဝီမံသကထာကျမ်းမှ အထက်ပါ အဆိုအမိန့်ကိုထောက်၍ ရဟန္တာမဟုတ်သူကို ရဟန္တာဟု ဆိုနေကြခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ။

 ကိုးကားချက်များ

၁။ ရှင်ဥပဂုတ္တ ရဟန္တာပူဇော်နည်း။ ဓမ္မာစရိယ ဦးခင်မောင်လင်း (၁၉၇၇-ဇူလိုင်လ)

၂။ သာသနာ ၂၅၀၀-ခရီး။ (မောင်အံ့)

၃။ အသောကကျောက်စာ (ပါရဂူ)

၎။ ထေရ၀ါဒ နှင့် ပတ်သက်သော မှတ်ချက်များ (နန္ဒာသိန်းဇံ)

၅။ ဓမ္မဂဝေသီ အရှင်ကဉ္စနောဘာသ

၆။ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ

၇။ အရှင်ဥာဏိဿရ ( ကချင်ပြည်နယ် )

၈။ အရှင် ကောဏ္ဍည ( ထူးကြီးဆရာတော် )

★ ★ ဒါက ကျမ သုံးသပ်ချက်ပါ

ဗုဒ္ဓဘာသာအယူမှာ ထာဝရ ဆိုတာ မရှိပါဖူး ... ဗြဟ္မာအယူပဲ ရှိပါတယ်

ရဟန္တာ တန်ခိုးပြိုင်ရိုးထုံးစံလဲ မရှိပါ  ...

ဘယ် ရဟန္တာမှ အာယုကပ် ( လက်ရှိသက်တမ်း ) ကိုကျော်ပြီးနေရရိုးထုံးစံမရှိပါဖူး ...  ဘုရားရှင်လက်ထက် အရှင် ဗာကုသ (ရောဂါကင်းသူတို့တွင် အသာလွန်ဆုံး ဧတဒဂ်ရ) မထေရ်ကြီးသည်သော်မှ  သက်တော် (၁၈၀)မှာ ခန္တာ၀န်ချခဲ့ တာပါ

 ဘုရားရှင်ဗျာဒိတ်တော်ထားရှိခဲ့တဲ့ ပရိနဗ္ဗန်ပြုပြီး ရဟန္တာတွေ အများအပြားပေါ်ပေါက်မယ်ဆိုတဲ့ စကားကို နင်းပြီး ... ရှင်ဥပဂုတ္တ ဆိုတဲ့နာမည်ကို ဘုရားရှင်နှုတ်တော်မှ ဗျာဒိတ်တော်မူခဲ့သယောင် ဒဏ္ဍာရီ လုပ်ကြ တာလို့မြင်ပါတယ်

ဒီဒဏ္ဍာရီဟာ ... တစ်ခြားထေရ၀ါဒနိုင်ငံတွေ မဟာယန နိုင်ငံတွေမှာ မတွေ့ရပဲ မြန်မာတစ်နိုင်ငံထဲ မှာ တွေ့ခြင်းကြောင့် ... မြန်မာနိုင်ငံကို မဟာယနတွေဝင်တဲ့အခါ အနော်ရထာခေတ်က ခေတ်စားတဲ့ ထွက်ရပ်ပေါက်ယုံကြည်မှုတွေနဲ့ ရောမွှေ  ဒဏ္ဍာရီတစ်ခု ထွင်ပြီး ထေရဒါဒထဲ မဟာယနအယူ သပ်လျှို ခံရတယ်လို့ပဲ သတ်မှတ်ရမှာပါ

ပြီးတော့ မြန်မာနိုင်ငံမှာ ထေရ၀ါဒ မဟာယန ကျမ်းတွေ သေသေချာချာမကွဲပြားခင်မှာ ... ယုံကြည် ကိုးကွယ်မှု ဖြစ်လာတယ်လို့ပဲမှတ်ယူရမှာပါ...။

Monday, January 20, 2014

ဥပုသ်အကြောင်းသိကောင်းစရာ။






ဥပုသ်ဟူသော စကားလုံးသည် ဥပေါသထဟူသော ပါဠိမှ ဆင်းသက်လာတာဖြစ်ပါတယ်။...
ဥပေါသထကို ဥပ + ၀သထ လို့ခွဲခြားသတ်မှတ်ပါတယ်။

ဥပ - သူ့အသက် မသတ်ခြင်း ၊ သူ့ပစ္စည်းဥစ္စာမခိုးယူခြင်း စသော အကျင့်ကောင်း အကျင့်မြတ်တို့ကို ပြည့်စုံကောင်းမွန်စွာ ဆောက်တည်ကျင့်သုံးခြင်း။
ဝသထ - နေထိုင်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။


ဥပုသ်စောင့်သုံးပုံအစီအစဉ်
်*****************************

ဥပုသ်စောင့်သုံးပုံအစီအစဉ်ကို ဆရာတော်အရှင်ဇနကဘိဝံသ ရေးသားသော ရတနာဂုဏ်ရည် စာအုပ်တွင် အောက်ပါအတိုင်း ရေးသားလမ်းညွှန်ထားပါတယ်။

(၁) မနက်ဖြန်ဥပုသ်စောင့်မည်ဟု ကြံစည်သောသူတော်စင်သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းငှာ မသင့်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှပြီးစီးအောင် စီမံထားရာ၏။

(၂) ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိနေလျင် နက်ဖန်မိမိစားဖို့အတွက် ပြောပြစီမံထားရာ၏။ (ဥပုသ်စောင့်သည့်အခိုက် အခါတိုင်းထက်ကောင်းမွန်အောင် စားဖို့ကား မစီမံသင့်ပေ)

(၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျင် နက်ဖန်ကိစ္စနည်းအောင် ပြီးစီးအောင် ၊ စားဖွယ် သောက်ဖွယ်များကို ပြီးစီးအောင်စီမံထားရာ၏။

(၄) နက်ဖန်နံနက်အာရုဏ်တက်ချိန်ကပင် ကိုယ်လက်စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသောအ၀တ်ကို ၀တ်ဆင်ရာ၏။

(၅) ပန်းပန်မှု ၊ နံ့သာလိမ်းချယ်မှုနှင့် အထူးတလည် ပြင်ဆင်မှုများကို မပြုလုပ်ရာ။

(၆) ထို့နောက် ခပ်စောစော သီလကိုဆောင့်တည်ရာ၏။

(၇) သီလဆောက်တည်ပြီးလျင် ကျွေးမွေးလှုဒါန်းဖွယ်ကိစ္စရှိပါက ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာစီမံ၍ စားသောက်ရာ၏။

(၈) ကျွေးမွေးစားသောက်ပြီးလျင် ကိုယ်လက်မစင်ကြယ်ပါက စင်ကြယ်လာအောင် ရေချိုးရာ၏။

(၉) ထို့နောက် မိမိတစ်ဦးတည်း နေသင့်သူများဖြစ်လျင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူအဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာအရပ်၌ ဗြဟ္မ္မဥပုသ်ကိုစောင့်လိုလျင် ဘုရားဂုဏ်တော်ကို အာရုံပြု၍` နေရာ၏။

(၁၀) တာရှည်စွာဆင်ခြင်၍ မနေနိုင်လျင် တရားစာများကို ဖတ်ရှုနေရာ၏။

(၁၁) နည်းလမ်းကျကျ ဟောပြောပြသည့် ပုဂ္ဂ္ဂိုလ်ရှိလျင် တရားနာရာ၏။

(၁၂) အချင်းချင်းလည်းတရားစကား ဆွေးနွေးမေးမြန်းစူးစမ်းရာ၏။

(၁၃) ညဥ့်အချိန်သို့ရောက်သောအခါ မိမိသီလကိုပြန်၍` ဆင်ခြင်ပြီးလျင် အရိယာသူတော်ကောင်း ရဟန္တာ္တအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။


ဥပုသ်အမျိုးအစား (၆) မျိုး
**************************

ဥပုသ်စောင့်ရင်း ဆင်ခြင်နေထိုင်ကျင့်သုံးပုံကို တိကင်္ဂုတ္တရ အဋ္ဌကထာ ၊ ၀ိသာခဥပေါသထသုတ်မှာ ဥပုသ်အမျိုးအစား (၆)မျိုးနဲ့ပြဆိုထားပါတယ်။

(၁) ဗြဟ္မ္မုပေါသထ -
ဗြဟ္မ္မဥပုသ်ရှစ်ပါးသီလဆောက်တည်ကာ ဘုရားရှင်၏အရဟံ အစရှိသော ဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများ နေထိုင်ခြင်းဖြစ်သည်။

(၂) ဓမ္မုပေါသထ -
ဓမ္မဥပုသ်ဓမ္မဥပုသ်ဆိုသည်ကား သွာက္ခာတော ဘဂ၀တာ ဓမ္မော အစရှိသော တရားဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများနေထိုင်သော ဥပုသ်ဖြစ်သည်။

(၃) သံဃုပေါသထ -
သံဃဥပုသ်သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ အစရှိသော သံဃာဂုဏ်တော်များကို ဆင်ခြင်ပွားများရင်ဆောက်တည်သော ဥပုသ်ဖြစ်၏။

(၄) သီလုပေါသထ -
သီလဥပုသ်မိမိဆောက်တည်ထားသောသီလ မကျိုးမပေါက်အောင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု့ကို အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ပွားများနေထိုင်သောဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။

(၅) ဒေ၀တုပေါသထ -
ဒေ၀တာဥပုသ်ဘုန်းရှင် ကံရှင် နတ်ဗြဟ္မ္မာများမှာ ရှေးရှေးဘ၀များက သီလစသောကောင်းမှုတရားများကြောင့် နတ်ဗြဟ္မ္မာများဖြစ်ခဲ့ကြရသည်။ ငါ့မှာလည်းယခုအခါ သဒ္ဓါ ၊ သီလဂုဏ်စသော ကောင်းမြတ်သောအကျင့်ဂုဏ်တို့ဖြင့် ပြည့်စုံနေပါပေစွ ဟူ၍ နတ်ဗြဟ္မ္မာတို့၏ ရှေးကအကျင့်ဂုဏ်ကို အခြေပြုလျက် နေထိုင်ဆင်ခြင်သုံးသပ်သော ဥပုသ်ကို ဒေ၀တုပေါသထ ဥပုသ်လို့ခေါ်ပါတယ်။

(၆) အဋ္ဌင်္ဂုပေါသထ -
ရှစ်ပါးသီလအားလုံးကိုဆင်ခြင်သောဥပုသ်ရဟန္တာ္တ အရှင်မြတ်တို့ကား သတ္တ၀ါများအား ၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု မရှိသလို ငါသည်လည်းယနေ့အခါ ထို ရဟန္တာ္တတို့လို နေထိုင်အပ်ပေပြီ.. စသည်ဖြင့်ပါဏာတိပါတမှ စ၍ရှစ်ပါးသီလ သိက္ခာပုဒ်များအားလုံး ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်မှုကို ဆင်ခြင်ပွားများအောက်မေ့ကာ နေထိုင်သောဥပုသ်ကို အဋ္ဌင်္ဂုပေါသထဥပုသ်လို့ခေါ်ဆိုပါတယ်


(၈)ပါးသီလ
************

(၁) ပါဏာတိပါတာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၂) အဒိန္နာဒါနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၃) အဗြဟ္မစရိယာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၄) မုသာဝါဒါ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၇) နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၈) ဥစ္စာသယန ၊ မဟာသယနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။


(၈)ပါးသီလ၏အနက်အဓိပ္ပါယ်။
်********************************

(၁) ပါဏာတိပါတာ - သူတပါး၏အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ် ၊နှုတ်ဖြင့် မပေးအပ်သော ၊ သူတပါးဥစ္စာခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ - မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - ကုသိုလ်ကောင်းမှု့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော ၊ သေရည်သေရက်ကိုသောက်သုံးခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ - နေ့လွဲညစာ စားခြင်းမှ ၊ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၇) ၊ နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ တို့ကိုကြည့်ရှု့နားထောင်ခြင်း ၊ ပန်းပန်ခြင်း ၊နံ့သာလိမ်းကျံခြင်း ၊ နံ့သာတို့ဖြင့် ပြေပြစ်အောင်ပြုပြင်ခြင်း၏အကြောင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၈) ဥစ္စာသယန ၊ မဟာသယနာ - မြင့်သောနေရာ ၊ မြတ်သောနေရာထက်၌နေခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။


သီလစောင့်ထိန်းခြင်းအကျိုး
******************************

သီလစောင့်ထိန်းခြင်းကြောင့်အကျိုးကျေးဇူးများပုံကို မဟာဗုဒ္ဒ၀င်ပထမပိုင်း ပါရမီတော်ခန်း သီလပါရမီခန်းမှာ ယခုလိုပြဆိုထားပါတယ်။
(၁) မမေ့မလျော့ခြင်း အပ္ပမာဒတရားအခြေခံရှိသောကြောင့် စည်းစိမ်ဥစ္စာတိုးပွားခြင်း။
(၂) ကောင်းသတင်း ကျော်ဇော်ခြင်း။
(၃) ပရိသတ်အလယ်ရဲဝံ့တည်ကြည်စွာ ချဉ်းကပ် ၀င်ရောက်နိုင်ခြင်း။
(၄) သက်တမ်းစေ့နေရကာ မတွေမဝေ ကောင်းမွန်စွာသေရခြင်း။
(၅) သေပြီးနောက် လူ့ပြည် နတ်ပြည် စသောကောင်းရာသုဂတိဘ၀များ ရောက်ရခြင်း စသည့်ကောင်းကျိုးတရား ငါးပါးရရှိစေပါတယ်။

ထိုမျှမက ဥပုသ်စောင့်ထိန်းခြင်း၏ကောင်းကျိုးတရားများပုံကို မြတ်စွာဘုရားသည် သာဝတ္တိံပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစဉ် ကျောင်းအမကြီး ၀ိသာခါအား ဤသို့ဟောကြားတော်မူခဲ့၏။

“ ၀ိသာခါ ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးရခြင်းကား အကျိုးအာနိသင်အလွန်ကြီးမားလှ၏။ အဘယ်မျှကြီးမားသနည်းဟူကား… ရတနာအမျိုးမျိုး ပြည့်ဖြိုးကြွယ်ဝသည့် တိုင်းကြီး ၁၆ တိုင်းကိုအစိုးရသော စကြာမင်းကြီး၏စည်းစိမ်သည် ဥပုသ်စောင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုး၏ ၁၆ စိတ်၊ စိတ်၊ တစ်စိတ်ကိုမျှမမီနိုင်ပေ။တနည်းကား… ၂၅၆ စိတ် စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ချေ။အဘယ်ကြောင့်ဆိုသော် ဥပုသ်စောင့်ခြင်းကြောင့် ကာမသုဂတိဖြစ်သော နတ်ဘုံ နတ်ချမ်းသာ နတ်စည်းစိမ်ကို အလွယ်တကူပင်ရရှိသောကြောင့် ဖြစ်သည်။ လူ့စည်းစိမ်လောက်ကား ဆိုဖွယ်မရှိချေ ”
(နက်ဖန်နံနက်ဝါခေါင်လကွယ် ဥပုသ်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ဖို့ ဓမ္မမိတ်ဆွေအပေါင်းအား နှိုးဆော်အသိပေးအပ်ပါတယ်။ ဖတ်မိ မှတ်မိ လေ့လာမိသမျှ ဗုဒ္ဒ၏အဆုံးအမစကားများအား ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်။)


credit Khaing Khaing Win.