Friday, December 15, 2017

အလ္လဇ္ဇီ ဒုဿီလ

မောင်လေး ညီမလေးတို့ရေ …..
ဝိသုဒ္ဓိမဂ်မှာ သံဃာတော်တွေကို လူတွေအနေနဲ့ မဝေဖန်သင့်ဘူး ဆိုတဲ့ အကြောင်း ပါတယ် လို့ ပြောမိတယ်။
.
အကြောင်းမဲ့ အခွင့်ထူးခံအနေနဲ့ မဝေဖန်ရဘူးလို့ ဟောတာမဟုတ်ဘူး သာမာန်လူရဲ့ ဥာဏ်နဲ့ အရိယာရဲ့သဘောကို သိဖို့မလွယ်လို့ပါ ။
.
သီလ ရှိသူကို ပြစ်မှား စော်ကားမိရင် သီလရင့်ကျက်ရင် ရင့်ကျက်သလောက် ကိုယ့်မှာ အကု သိုလ် ဖြစ်သလို အရိယာပုဂ္ဂိုလ်ကို ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စော်ကား မော်ကား ပြောမိလို့ မဂ်တား ဖိုလ်တား အကုသိုလ်ကြီးတွေ ဖြစ်ကုန်မယ်ဆိုရင် သံသရာ နဲ့ ချီပြီး အကျိုးနည်းကုန်မှာမို့ပါ ….
.
ကောဇာသက္ကရာဇ် ၁၂၁၇-ခုနှစ်က သာသနာတော်စင်ကြယ်ရန် မင်းတုန်းမင်းတရားကြီးက တောင်းပန် လျှောက်ထားတဲ့ အတွက် ရှမ်းကလေးကျွန်းဆရာတော်က ဓမ္မဝိနယ အမိန့် တော် ပြန်တမ်း ရေးသားတော်မူပြီး
.
ဒီဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကို မှန်နန်းဆောင် မှာ သုဓမ္မာ သာသနာပြု ဆရာတော်များ ကြည့်ရှုပြုပြင်တော်မူကြပြီးနောက် သာသနာပိုင် ဆရာတော်ထံ အပ်နှံပြီး နိုင်ငံတစ်ဝန်း ပြန်တမ်းထုတ်ခဲ့ပါသတဲ့
.
အဲ့ဒီပြန်တမ်းအမိန့်ကို အချို့ဆရာတော်များက မကြိုက်ကြဘူး ။
.
ဗန်းမော်ဆရာတော်ကြီး ကတော့ အောင့်မနေဘဲ ၁၂၁၇-ခုနှစ်၊ တပို့တွဲလဆုတ် ၆-ရက်နေ့ နံနက် ချက်တီးကျော် အချိန်၊ အတွင်းဝန် ဦးချိန့်အိမ်ဝင်းအတွင်း ပစ်စာတစ်စောင် ပစ်ထားသတဲ့။
.
ပစ်စာ အဆုံးမှာတော့ ….
ရာဇဝင်ထုံးကျမ်း၊ အရှည်ကိုလှမ်းပေသည့်
ပြန်တမ်းတော်မှာ၊ စာမှားတွေ ဗရာချာနှင့်၊ တို့ရှက်ပါဘိ။
တစပ်ကယ် ဝိနည်းကျယ်၊ တယ်ချင်လှ မောင်ရှမ်း။
ထွက်ခဲ့နော် ဘက်ပေါ်လျှင် အမြန်ထုတ်ကရော့၊
ရှုံးထိပ်ပုတ်တမ်း။ …. လို့ ရေးသားသေးတယ်။
.
ဒီ အမိန့်တော်ပြန်တမ်းအတွက် အထက်အောက်မြန်မာပြည်မှာ မကျေမလည် ဖြစ်ခဲ့ ကြလို့ မင်းတုန်းမင်းကြီးနှင့် သုဓမ္မာတိုင်အောင် တင်သွင်းဆုံးဖြတ်ခဲ့ရတယ်။
.
ပြန်တမ်းရဲ့ ဆိုလိုရင်းကတော့ ……
ရဟန်းများဟာ အနာမရှိဘဲ ရထား ထမ်းစင် ယာဉ် သန်လျင်း လှည်းစီးခြင်း ဖိနပ်စီးခြင်း ထီးဆောင်းခြင်း မလုပ်ကြရဘူး၊
.
ကွမ်းစားခြင်း, ဆေးသောက်ခြင်း မပြုလုပ်ကြရဘူး၊
ပြုလုပ်ခဲ့လျှင် အလဇ္ဇီလို့ သတ်မှတ်ပြီး ထိုအလဇ္ဇီများကို မကိုးကွယ်မလှူဒါန်းကြရဘူး၊ မြို့ရွာ ရှင်တို့က နိုင်နင်းအောင် တားမြစ်ကြရမယ်လို့ ဆိုလိုပါတယ်
.
အမိန့်တော်ပြန်တမ်းထုတ်ပေမယ့်လည်း ပြင်းပြင်းထန်ထန် အရေးယူဘို့ မပါတာက တစ်ကြောင်း ။
.
တစ်ကယ့် ကျမ်းတတ် ရဟန်းတော်မြတ်တွေက လက်မခံတဲ့ အတွက် သူတို့ ဆက်ပြီး ရှေ့တိုးလို့မရတော့ အမိန့်တော်ပြန်တမ်းက အသက်မ၀င်ဘူးပေါ့။
.
ဖိနပ်စီးမှု ယာဉ်စီးမှုနှင့်ပတ်သက်ပြီး ဝိနယမဟာဝဂ္ဂ ဓမ္မက္ခန္ဓာကမှာ ဘုရားရှင်က ခွင့်ပြုတော် မူပြီး ဖြစ်ပါတယ်။
.
အဖြစ်က ဒီလို


ရာဇဂြိုလ်ပြည့် ဂိဇ္ဈကုဋ်တောင်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ်က စမ္ပာမြို့ သူဋ္ဌေးသား သောဏဟာ အလွန်နူးညံ့သိမ်မွေ့တယ်၊ ခြေဖဝါးအပြင်မှာတောင် အမွေးနုကလေးများ ပေါက်နေတယ်လို့ သတင်းကြားတဲ့အတွက် မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းကြီးက အခေါ် လွှတ်ပြီး ကြည့်တော်မူသတဲ့။
.
ကြည့်ပြီးတော့ ရာဇဂြိုလ်မြို့ကို သင်တို့လာခိုက် ဘုရားရှင်ကိုလည်း ဖူးသွားကြဦးလို့ တိုက်တွန်း တဲ့ အတွက် သူဋ္ဌေးသားသောဏနှင့် အခြံအရံ ပရိသတ်များဟာ ဘုရားရှင် သီတင်းသုံးရာ ဂိဇ္ဈကုဋ်တောင်ကိုသွားကြတယ်၊
.
ဂိဇ္ဈကုဋ်တောင်ရောက်တော့ ဘုရားရှင်ရဲ့ တရားတော်ကိုနာပြီး သူဌေးသား သောဏရဲ့ အပေါင်းပါ သူဌေးသားများနဲ့ အခြွေအရံမျာက ဥပါသကာတွေဖြစ်ပြီး သူဋ္ဌေးသား သောဏ ကတော့ လူ့ဘဝကိုစွန့်ပြီး ရဟန်းဝတ်တယ်၊
.
ရဟန်းဝတ်ပြီးတဲ့ သောဏ မထေရ်ဟာ ယင်းတိုက်တောမှာ စင်္ကြံကြွပြီး တရား အားထုတ် ရာမှာ အလွန်နူးညံ့လွန်းတဲ့အတွက် ခြေဖဝါးတွေကွဲကုန်သတဲ့၊
.
သည်အကြောင်းကြောင့် ဘုရားရှင်က သောဏထေရ်ကို ဖိနပ်စီးခွင့် ပေးတော်မူတယ်၊
.
သောဏထေရ်က အများရဟန်းတွေ ဖိနပ်မသုံးဆောင်လျှင် တပည့်တော်လည်း မသုံး ဆောင် ပါဘူးလို့ လျှောက်ထားတဲ့အတွက် အားလုံး ရဟန်းတော်များကို ဖိနပ်စီးခွင့် ပေးတော် မူခဲ့တယ်၊
.
ဒါကြောင့် အပ်တဲ့ဖိနပ်ကို စီးလျှင်အပ်တယ်၊
အပ်တဲ့ယာဉ်ကို စီးလျှင်လည်း အပ်တာပါပဲ၊
ထို့အတူ အပ်တဲ့ထီးကိုခွင့်ပြုတော်မူသလို ဆေးတံသောက်ခြင်းကိုလည်း အခြေအနေအရ ခွင့်ပြုတော်မူထားပါတယ်၊
.
ဒါကြောင့် ဖိနပ်စီးရုံ, ယာဉ်စီးရုံ, ထီးဆောင်းရုံ, ကွမ်းစား ဆေးသောက်ရုံမျှနှင့်တော့ အလဇ္ဇီ လို့ မစွပ်စွဲသင့်သေးပါဘူး၊
.
( မင်းတုန်းမင်းကြီးလက်ထက် ပြန်တမ်းတော်ထုတ်တာ ကတော့ ပညတ်တော်များကို လေးလေး နက်နက် လိုက်နာစေလိုတဲ့အတွက် ထုတ်ပြန်တာ ဖြစ်ပါလိမ့်မယ်၊)
.
အလဇ္ဇီ သုံးမျိုး ရှိပါတယ်
.
(၁) သဉ္စိစ္စ အာပတ္တိံ အာပတဇ္ဇတိ
စေတနာနှင့် အာပတ်ကို ကျူးလွန်တဲ့ အလဇ္ဇီ
.
(၂) အာပတ္တိံ ပရိဂူဟတိ
မိမိ၌သင့်ရောက်နေတဲ့ အာပတ်ကို ထိမ်ချန်ထားတဲ့ အလဇ္ဇီ
.
(၃) အဂတိဂမနဉ္ဇ ဂစ္ဆတိ
အဂတိလိုက်စားတဲ့ အလဇ္ဇီ …… တို့ပါပဲ။
.
ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော ……. လို့
.
ပရိဝါပါဠိတော်မှာ ဟောတော်မူတဲ့အတိုင်း သည်ပုဂ္ဂိုလ် (၃)မျိုးကို အလဇ္ဇီပုဂ္ဂိုလ်လို့ သတ်မှတ်ကြပါတယ် ။
.
ဒါပေမယ့် ပထမအလဇ္ဇီအရ အာပတ်သင်တိုင်းသာ အလဇ္ဇီလို့ ခေါ်ရရင် အာပတ်က ကုဋေ ကိုးထောင်ကျော်ရှိတော့ လောကမှာဘုရားရှင်ကလွဲရင် ကျန်တာအကုန် အလ္လဇ္ဇီ ဖြစ်ပြီပေါ့
.
ဒီအလဇ္ဇီ သုံးမျိုးကို တိုင်းတာဖို့ ပေတံကတော့
.
သဉ္စီစ္စ အပတ္တိံ အာပဇ္ဇတိ ဆိုတဲ့ပုဒ်ကို ကင်္ခါဋီကာဟောင်း နိဒါနဝဏ္ဏနာ ၉-မှာ သဥ္စိစ္စ အာပတ္တိ အာပဇ္ဇတီတိ ဧတ္ထ အနာဒရိယဝသေန အာပဇ္ဇန္တော ဧဝ အလဇ္ဇီ ဟောတိ၊ န ဣတရော …… လို့ဖွင့်ပြထားတယ်
.
အဓိပ္ပာယ်ကတော့ သိက္ခာပုဒ်တော်ကိုတော့ ရိုသေပါရဲ့၊
မသိလို့ လွန်ကျူးမိခြင်း
သိပင် သိသော် လည်း မိမိရဲ့ ကိလေသာကို မနိုင်တဲ့အတွက် လွန်ကျူးမိခြင်းကိုတော့ အလဇ္ဇီလို့ မခေါ်ထိုက် ပါဘူးတဲ့၊
.
ထို့အတူ အာပတ်လျှို့ဝှက်ရာမှာလည်း ဖွင့်ပြောရမှာခက်လို့ လျှို့ဝှက်တာမျိုးကို အလဇ္ဇီလို့ မခေါ်ရဘူးတဲ့၊
.
သိက္ခာပုဒ်တော်ကို မရိုသေသောအားဖြင့် လျှို့ဝှက်မှသာ အလဇ္ဇီလို့ ခေါ်ပါသတဲ့။
.
ဆိုလိုတာက သိက္ခာပုဒ်တော်တွေကို ရည်ရွယ်ချက်နဲ့ မရိုမသေ ပြုချင်လို့ လုပ်တာကိုမှ အလ္လဇ္ဇီလို့ သတ်မှတ်တာပါ။ အာပတ်သင့် တိုင်းသာ အလဇ္ဇီဖြစ်ရရင် ခက်ရချေရဲ့
.
အလဇ္ဇီကို ပြစ်မှားမိလျှင်
******************************
.
ပြီးတော့ အလ္လဇ္ဇီကို အလ္လဇ္ဇီလို့ တစ်သက်မတ်တည်း သတ်မှတ်လို့မရပြန်ဘူး
.
သဥ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ …. အရ
စေတနာနှင့်တကွ အားထုတ်ပြီး မအပ်မှန်းသိလျက်နှင့် လွန်ကျူးကျင့်မိလို့ အလဇ္ဇီအဖြစ် ရောက်သွားပေမယ့် သင့်ရောက်တဲ့အပြစ် (အာပတ်) ကို ပညတ်တော်အတိုင်း ကုစားလို့ အာပတ်ကင်းစင်သွားရင် အလဇ္ဇီဟာ လဇ္ဇီပြန်ဖြစ်သွားတယ်။
.
ဒါကြောင့် အလဇ္ဇီပဲရယ်လို့ အမြဲ မှတ်သားမထားသင့်ဘူး၊
အကယ်၍ အလဇ္ဇီပဲလို့ အမြဲမှတ်ထားရင် ဒီကိုယ်တော်က အာပတ်ကုစားပြီး အပြစ်ကင်းစင် လဇ္ဇီရဟန်း ဖြစ်နေတာကို မသိပဲ အလဇ္ဇီအဖြစ် ကိုယ်ကစွပ်စွဲမိလျက်သား ဖြစ်နေတက် ပါတယ်၊
.
လဇ္ဇီကို အလဇ္ဇီအစစ်နှင့် ပြစ်မှားမိခဲ့ ရင်တော့ တစ်သံသရာလုံး မှောက်ပြီပေါ့ ခလေးတို့။
.
ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်းကို ဘုရားရှင်က သောသလသံယုတ် မှာ ……
.
အခါတစ်ပါး သာဝတ္ထိပြည့် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးဟာ ဘုရားရှင်ထံတော်ပါးချဉ်းကပ်ပြီး
.
အရှင်ဂေါတမဟာ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်ခံပါသလားလို့ လျှောက် ထားတယ်၊
ဘုရားရှင်က ဝန်ခံကြောင်းမိန့်တော်မူတော့ ကောသလမင်းကြီးက
.
အရှင်ဂေါတမ-အရှင်ဂေါတမ ရဟန်းဖြစ်လာတာလည်း မကြာသေးဘူး၊ အသက် အရွယ် အားဖြင့်လည်း ကြီးမားကြတဲ့ .....
.
ပုရဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, သဉ္စယ, ပကုဓကသစ္စာယန, အဇိတ ….. ဂိုဏ်းဆရာကြီး ( ၆ ) ယောက် တို့သော်မှမေးမြန်းကြည့်တဲ့အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်မခံကြဘူး၊ အရှင်က ဘာကြောင့် ဝန်ခံသလဲ …. လို့မေးတယ်၊
.
ဘုရားရှင်က မင်းကြီး ငယ်တယ်ရယ်လို့ မထီမဲ့မြင်မပြုအပ်တဲ့ တရား လေးပါး ရှိတယ်၊
.
(၁) မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၂) မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၃) မီးကို သေးငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၄) ရဟန်းကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး။
.
မင်းကြီး -
.
မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင်ပြုမိလျှင် မင်းသား မင်းဖြစ်တဲ့အခါ ကြီးစွာသော ရာဇဒဏ်ကို ခံရတက်တယ်၊
.
မြွေကို ငယ်တယ်လို့ မထီမဲ့မြင်ပြုခဲ့လျှင် မြွေကိုက်ခံရတက်တယ်၊
.
မီးကိုသေးငယ်တယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မီးလောင်ခံရတက်တယ်၊
.
ရဟန်းကိုလည်း ထို့အတူပဲ မထီမဲ့မြင်ပြုခဲ့လျှင် ရဟန်း မီး အလောင်ခံရတက်တယ်၊
.
မင်းကြီး -
.
ရဟန်း မီး အလောင်ခံရလျှင် ပကတိသောမီး အလောင်ခံရသည်ထက် ပိုပြီးနာတယ်၊
.
ပကတိသောမီးဟာ မြက် သစ်ပင်တွေကို ဘယ်လိုလောင်သော်လည်း မိုးကျလာလျှင် မီးအလောင်ခံရတဲ့ မြက်သစ်ပင်တွေဟာ တစ်ဖန် ပြန်လည်ပေါက်ရောက်နိုင်တယ်၊
.
ရဟန်း-မီး အလောင်ခံရလျှင် မထီမဲ့မြင် ပြုလုပ်သူကို သာမက ထိုသူနှင့် စပ်သော သား, သမီး, ကျွဲ, နွားများကစပြီး အညွန့်မပေါက်ကြဘူး၊
.
သားမဲ့, သမီးမဲ့, အခြံအရံမဲ့ဖြစ်ပြီး ထန်းပင်ငုတ်တိုကြီးလို တရိရိ ဆွေးသွားတယ်၊
.
ဒါကြောင့် ကြောင်းကျိုးမြင်သိ ပညာရှိမှန်လျှင် မင်းကိုဖြစ်စေ၊ မြွေကိုဖြစ်စေ၊ မီးကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ မထီမဲ့မြင် မပြုသင့်ဘူး၊ ပြက်ရယ်မပြုသင့်ဘူး၊ ကောင်းစွာကျင့်သုံးသင့်တယ်လို့ ဟောတော်မူတယ်၊
.
သည်အခါမှာ ကောသလမင်းကြီးဟာ အမြင်မှန်ရပြီး ရတနာသုံးပါးကို ဆည်းကပ်တဲ့ ဥပါ သကာ ဖြစ်သွားတယ် ။
.
ဒါက ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်း ဘုရား ဟောပေါ့
.
အလဇ္ဇီ နှင့် ဒုဿီလ
*******************
.
အလ္လဇီအကြောင်းပြောတော့ ဒုဿီလ အကြောင်းကို ပြောမှ ကွဲပြားမှာပေါ့နော်
.
ဒုဿီလဆိုတဲ့ပုဒ်ရဲ့ အနက်က
ဒု-ဆိုတာက ….. မကောင်းသော
သီလကတော့ …… အကျင့် - သီလ ပေါ့၊
နှစ်ခုစပ်လိုက်တော့ မကောင်းတဲ့ အကျင့် - သီလ ရှိသောပုဂ္ဂိုလ်လို့ အဓိပ္ပာယ် ရပါတယ်
.
မကောင်းတဲ့ သီလရှိသူဟာ ဒုဿီလပါ။
ဒုဿီလ ကိုလည်း ( ၃ ) မျိုးခွဲထားပါတယ် …..
.
( ၁ ) ပါရာဇိကကျလို့ သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိလ်၊
ပါရာဇိက ကျပြီဆိုတော့ ရဟန်းမှ ဖြစ်ခွင့်မရှိတော့ပဲ ။ သံသရာမှောက်ပြီပေါ့။
.
( ၂ ) ကြွင်းသော သိက္ခာပုဒ်ပျက်စီးတဲ့ ဒုဿီလပုဂ္ဂိလ်
ဝိမတိဝိနောဒနီဋီကာမှာ
ဒုဿီလာတိ နီဿီလာ ဒုဿိတသီလာ စ ….. လို့ ဖွင့်ပြထားတယ်၊
.
နိဿီလပင်ဖြစ်စေ၊ ဒုဿီလပင်ဖြစ်စေ ကျူးလွတ်လိုသောစိတ်ဖြင့် သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ သင့်ရောက်သောအာပတ်ကို လျှို့ဝှက်ခြင်းရှိခဲ့လျှင် အလဇ္ဇီလို့ ခေါ်ဆိုရတယ်၊ အလဇ္ဇီအင်္ဂါနှင့် မညီညွတ်လျှင်တော့ အလဇ္ဇီလို့ မခေါ်နိုင်ပါဘူးတဲ့ ။
.
ဆိုလိုတာက သိက္ခာပုဒ်တွေကို တစ်ခုပြီးတစ်ခု ကျူးလွန်ထားတယ်။
စိတ်ထဲကလည်း သိက္ခာပုဒ် ဆိုတာ ဘာမှမဟုတ်ပါဘူးကွာ တချိန်ချိန်အားရင် အာပတ် လေး ဖြေလိုက် တာပေါ့ ဆိုတဲ့ သဘောနဲ့ ဘုရားရှင်ရဲ့ ပဉာတ်တွေကို မထီမဲ့မြင် ပြုတဲ့ စိတ်နဲ့ အားတိုင်း ယားတိုင် လွယ်လွယ် ကျူးလွန်နေသူကို ဒုဿီလ - အလ္လဇ္ဇီ လို့ သတ်မှတ် ရမယ်တဲ့ ။
.
( စေတနာကံတစ်ခုကြောင့် မလွှဲမရှောင်သာလို့ သိက္ခာပုဒ်ကို ကျူးလွန်မိပြီး ချက်ချင်း အာပတ်ဖြေတဲ့ သူမဟုတ် ပဲ သိက္ခာပုဒ်ကို ပေါ့ပေါ့တန်တန်သဘောထား လွယ်လွယ် ကျူးလွန် နေလို့ပါ )
.
( ၃ ) မကောင်းသော အကျင့် သီလ ( ၀ါ ) မှားယွင်းသော အကျင့် သီလ ရှိသူရယ်ဆိုပြီး ခွဲပါတယ်။
.
ဆိုလိုတာက ….
မကောင်းသော အယူ အကျင့် သီလ ရှိသူကို ကိုးကွယ်မိရင် ကိုးကွယ်တာရဲ့နောက်မှာ ယုံကြည်တာ ပါ ပါတယ်။ ယုံကြည်တာရဲ့ နောက်မှာ လုပ်ဆောင်မှု ပါ ပါတယ်။
.
ဒုဿီလ ခိုင်းတာကို ယုံယုံကြည်ကြည်နဲ့ လုပ်မိရင်လည်း သံသရာနဲ့ ချီပြီး အကျိုးနည်းဖို့ ရှိပါတယ်။
.
ဥပမာ ဗေဒင် ယတြာ အင်း အိုင် ခလှည့် လက်ဖွဲ့ အဂ္ဃိယတ် မှော် စတာတွေ လိုက်စားတဲ့ ရဟန်းမျိုးတွေပေါ့ ။
.
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်ကို လှူဒါန်းပူဇော်လို့ အကျိုး ရှိ - မရှိ ….
.
အဖြေကတော့ လှူသူရဲ့ စိတ်ထားပေါ်မှာ မူတည်ပါတယ် လို့ပြောရမှာပါ ။လှူတဲ့သူက ဘယ်လိုစိတ်နှင့် လှူသလဲ …….
.
အလဇ္ဇီ ဒုဿီလ အမှုကို ချီးမြှောက်အားပေးလိုတဲ့စိတ်နဲ့ လှူသလား၊
ဒါမှမဟုတ် အလဇ္ဇီ ဒုဿီလ ရဲ့ ကောင်းကွက်တစ်ခုခုကိုကြည်ညိုလို့လှူသလား၊
.
ဒါမှမဟုတ် မိမိရဲ့ဒါန စေတနာ သန့်သန့်ကို ရည်ရွယ်ပြီးလှူသလားဆိုတာ ရှေးဦးစွာ စိစစ်သင့် ပါတယ်၊
.
မကောင်းမှုလုပ်နေသူကို ထိုမကောင်းမှု ပိုပြီးလုပ်နိုင်အောင် အားပေးအားမြှောက် သဘော မျိုးနဲ့ လှူတယ်ဆိုရင် လှူသူရဲ့ စိတ်ထားက မကောင်းဘူး၊ အဆိပ်ပင်ကို ရေလောင်းပေး နေသလို ဖြစ်ပါတယ်၊
.
ဒါကြောင့် အဲသည်စိတ်ထားမျိုးနှင့် လှူဒါန်းပူဇော်လို့ အကျိုးမရတဲ့အပြင် အပြစ်ဖြစ်တယ် လို့ ဖြေဆိုရပါလိမ့်မယ်၊
.
  မဓုရဝါဟိနီကျမ်း ပဏ္ဍရင်္ဂဝတ္ထုမှာ …..
.
သီဟိုဠ်ကျွန်း မဟာဂါမရွာစား တိဿအမတ်ဟာ ဆွမ်းဦးကို မလှူဘဲ ထမင်းမစားဘူးတဲ့၊ တစ်ရက်တော့ အမှုကိစ္စတွေများနေလို့ မွန်းတည့်ချိန်လွန်မှ ထမင်းစားခွင့်ကြုံသတဲ့၊ သည် အချိန် မှာတော့ ဆွမ်းဦးကိုလှူဖို့ဆိုတာလည်း ရဟန်းတော်များ ဆွမ်းစားချိန် မဟုတ် တော့ဘူး၊
.
သည်တော့ ဆွမ်းဦးကို ဘယ်သူ့ပေးလှူရပါ့မလဲလို့ စိတ်ကူးလိုက်တော့ သင်္ချိုင်းမှာနေတဲ့ ပဏ္ဍရင်္ဂပရိဗိုဇ်ကိုသတိရတယ်၊
.
ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ် မဟုတ်သော်လည်း ရဟန်းများနှင့် အသွင် တူသူဖြစ်တယ်၊
.
ဒါကြောင့် ဆွမ်းဦးကို ပဏ္ဍရင်္ဂထံ ပေးလှူဖို့ အကြံရပြီး မင်းချင်းတစ်ယောက်ကို ဆွမ်းဦး အလှူခိုင်းလိုက်သတဲ့၊
.
မင်းချင်း ဆွမ်းဦးကို ဆောင်ယူသွားတဲ့အချိန်မှာ ပဏ္ဍရင်္ဂဟာ အရပ်မူးမူးနှင့် ကန်ပေါင်မှာ ငါးမျှားနေတယ်၊ ငါးမျှားရာက လူရိပ်လူခြည်မြင်တော့ ငါးမျှားတံကို ရေမှာနှစ်ပြီး ခြေဖြင့် နင်းကာ ယောင်ချာချာလုပ်နေသတဲ့။
.
သည်အခြင်းအရာကို မင်းချင်းကမြင်တော့ သည်လောက်ယုတ်မာသူဟာ ဆွမ်းဦးနဲ့ မတန်ဘူးလို့ ယူဆပြီး ဆွမ်းဦးကို တိဿအမတ်ထံ ပြန်ယူသွားတယ်၊
.
တိဿအမတ်က ဘာကြောင့် ပြန်ယူခဲ့တာလဲလို့မေးတော့ မင်းချင်းက အကြောင်း ပြန်ပြောတယ်၊
.
သည်အခါ တိဿအမတ်က အချင်းယောက်ျား- ပဏ္ဍရင်္ဂဟာ ဘယ်လောက် ယုတ်မာ သူပင်ဖြစ်စေ သင့်ကိုမြင်တော့ မကောင်းမှုမှ ရှက်သောစိတ်ဖြင့် ငါးမျှားတံကို ရေမှာ နှစ်မြှုပ်ပြီး ဝှက်ထားရှာတယ်၊
.
အဲသည် မကောင်းမှုမှရှက်ခြင်းဆိုတဲ့ ဟိရီတရားတစ်ခု သည်ပင်လျှင် ပဏ္ဍရင်္ဂအဖို့ အလှူခံ ထိုက်သောအကြောင်းဖြစ်တယ်၊
.
ထိုအကြောင်းကို ရည်ရွယ်ပြီး ငါ၏ စားဦး ဖြစ်သော ခဲဖွယ် ဘောဇဉ်ကို ပဏ္ဍရင်္ဂအား ပေးလှူပါ လို့ဆိုပြီး စားဦးကို အလှူခိုင်းတယ်။
.
တိဿအမတ်ဟာ ကြီးကျယ်တဲ့ အလှူတွေ အများအပြား လှူဒါန်းခဲ့ဖူး သော်လည်း သေကာနီး ကာလရောက်တော့ အခြားအလှူများကို မအောက်မေ့မိဘဲ ပဏ္ဍရင်္ဂကို ပေးလှူ ရတဲ့ ဆွမ်းဦးအလှူကိုသာ အဖန်တလဲလဲ အောက်မေ့မိပြီး
.
စုတိတဲ့အခါ ပဏ္ဍရင်္ဂကိုလှူဖူးတဲ့ ကုသိုလ်စေတနာက အကျိုးပေးတဲ့ အတွက် တည်ပင် နတ်ကြီးရှိရာ မဟာဝိဟာရကျောင်းအနီး စရည်းပင်ကြီးမှာ နတ်၌ဖြစ်သော ခဲဖွယ်ဘောဇဉ် များပြည့်စုံတဲ့ ဘုမ္မစိုးနတ်ကြီးဖြစ်သတဲ့၊
.
ဒါကြောင့် အလှူရှင်က စေတနာသန့်ရှင်းစင်ကြယ်ပါလျှင် အလှူဆိုတာ အကျိုးမပေးဘူး ရယ်လို့ မရှိကောင်းပါဘူး၊
.
ဥပရိပဏ္ဏာပါဠိတော် ဒက္ခိဏဝိဘင်္ဂသုတ်တော်မှာ -
.
ဘဝိဿန္တိ ခေါ ပနာနန္ဒာ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝ ကဏ္ဌာ ဒုဿီလ ပါပဓမ္မာ၊ တေသု ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျ အပ္ပမေယျံ ဝဒါမိ- လို့ ဘုရားရှင်က ဟောထားတယ်
.
အဓိပ္ပာယ်ကတော့ နောင်သောအခါ ရဟန်းယောင်မျှသာဖြစ်၍ သင်္ကန်း လည်ပင်းမှာ ပတ်ထား သော သီလမရှိတဲ့ ရဟန်းတွေ ဖြစ်ပေါ်လာလိမ့်မယ်၊
.
ထိုရဟန်း များဟာ ဘုရားရှင်ရဲ့ တရားတော်များကို ဟောနိုင်တဲ့အတွက် သံဃာ အမှတ် ထားပြီး လှူဒါန်းပူဇော်ခဲ့လျှင် မရေတွက်နိုင် မနှိုင်း ယှဉ်နိုင်တဲ့ အကျိုးရှိတယ်လို့ ဆိုလိုတယ်
.
ကဲ
ဒီလောက်ဆို မောင်လေး ညီမလေးတို့က အလ္လဇီ နဲ့ ဒုဿီလအကြောင်း ကို ကွဲကွဲ ပြားပြား သိပြီလို့ထင်ပါတယ်။
.
သိချင်တာရှိရင်လည်း အားမနာတမ်းမေးနော် နူးမသိရင် အမြင်မတော်တဲ့ သူ တစ်ယောက်ယောက် သို့မဟုတ် ဆရာတာ် တစ်ပါးပါး ၀င်ဖြေပေး ပါလိမ့်မယ်..။
.
ချမ်းမြေ့ကြပါစေရှင် …..
.
.


No comments:

Post a Comment