Showing posts with label သာသနာတော်နဲ့ဆိုင်သော ဆောင်းပါးများ. Show all posts
Showing posts with label သာသနာတော်နဲ့ဆိုင်သော ဆောင်းပါးများ. Show all posts

Friday, December 15, 2017

အလ္လဇ္ဇီ ဒုဿီလ

မောင်လေး ညီမလေးတို့ရေ …..
ဝိသုဒ္ဓိမဂ်မှာ သံဃာတော်တွေကို လူတွေအနေနဲ့ မဝေဖန်သင့်ဘူး ဆိုတဲ့ အကြောင်း ပါတယ် လို့ ပြောမိတယ်။
.
အကြောင်းမဲ့ အခွင့်ထူးခံအနေနဲ့ မဝေဖန်ရဘူးလို့ ဟောတာမဟုတ်ဘူး သာမာန်လူရဲ့ ဥာဏ်နဲ့ အရိယာရဲ့သဘောကို သိဖို့မလွယ်လို့ပါ ။
.
သီလ ရှိသူကို ပြစ်မှား စော်ကားမိရင် သီလရင့်ကျက်ရင် ရင့်ကျက်သလောက် ကိုယ့်မှာ အကု သိုလ် ဖြစ်သလို အရိယာပုဂ္ဂိုလ်ကို ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စော်ကား မော်ကား ပြောမိလို့ မဂ်တား ဖိုလ်တား အကုသိုလ်ကြီးတွေ ဖြစ်ကုန်မယ်ဆိုရင် သံသရာ နဲ့ ချီပြီး အကျိုးနည်းကုန်မှာမို့ပါ ….
.
ကောဇာသက္ကရာဇ် ၁၂၁၇-ခုနှစ်က သာသနာတော်စင်ကြယ်ရန် မင်းတုန်းမင်းတရားကြီးက တောင်းပန် လျှောက်ထားတဲ့ အတွက် ရှမ်းကလေးကျွန်းဆရာတော်က ဓမ္မဝိနယ အမိန့် တော် ပြန်တမ်း ရေးသားတော်မူပြီး
.
ဒီဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကို မှန်နန်းဆောင် မှာ သုဓမ္မာ သာသနာပြု ဆရာတော်များ ကြည့်ရှုပြုပြင်တော်မူကြပြီးနောက် သာသနာပိုင် ဆရာတော်ထံ အပ်နှံပြီး နိုင်ငံတစ်ဝန်း ပြန်တမ်းထုတ်ခဲ့ပါသတဲ့
.
အဲ့ဒီပြန်တမ်းအမိန့်ကို အချို့ဆရာတော်များက မကြိုက်ကြဘူး ။
.
ဗန်းမော်ဆရာတော်ကြီး ကတော့ အောင့်မနေဘဲ ၁၂၁၇-ခုနှစ်၊ တပို့တွဲလဆုတ် ၆-ရက်နေ့ နံနက် ချက်တီးကျော် အချိန်၊ အတွင်းဝန် ဦးချိန့်အိမ်ဝင်းအတွင်း ပစ်စာတစ်စောင် ပစ်ထားသတဲ့။
.
ပစ်စာ အဆုံးမှာတော့ ….
ရာဇဝင်ထုံးကျမ်း၊ အရှည်ကိုလှမ်းပေသည့်
ပြန်တမ်းတော်မှာ၊ စာမှားတွေ ဗရာချာနှင့်၊ တို့ရှက်ပါဘိ။
တစပ်ကယ် ဝိနည်းကျယ်၊ တယ်ချင်လှ မောင်ရှမ်း။
ထွက်ခဲ့နော် ဘက်ပေါ်လျှင် အမြန်ထုတ်ကရော့၊
ရှုံးထိပ်ပုတ်တမ်း။ …. လို့ ရေးသားသေးတယ်။
.
ဒီ အမိန့်တော်ပြန်တမ်းအတွက် အထက်အောက်မြန်မာပြည်မှာ မကျေမလည် ဖြစ်ခဲ့ ကြလို့ မင်းတုန်းမင်းကြီးနှင့် သုဓမ္မာတိုင်အောင် တင်သွင်းဆုံးဖြတ်ခဲ့ရတယ်။
.
ပြန်တမ်းရဲ့ ဆိုလိုရင်းကတော့ ……
ရဟန်းများဟာ အနာမရှိဘဲ ရထား ထမ်းစင် ယာဉ် သန်လျင်း လှည်းစီးခြင်း ဖိနပ်စီးခြင်း ထီးဆောင်းခြင်း မလုပ်ကြရဘူး၊
.
ကွမ်းစားခြင်း, ဆေးသောက်ခြင်း မပြုလုပ်ကြရဘူး၊
ပြုလုပ်ခဲ့လျှင် အလဇ္ဇီလို့ သတ်မှတ်ပြီး ထိုအလဇ္ဇီများကို မကိုးကွယ်မလှူဒါန်းကြရဘူး၊ မြို့ရွာ ရှင်တို့က နိုင်နင်းအောင် တားမြစ်ကြရမယ်လို့ ဆိုလိုပါတယ်
.
အမိန့်တော်ပြန်တမ်းထုတ်ပေမယ့်လည်း ပြင်းပြင်းထန်ထန် အရေးယူဘို့ မပါတာက တစ်ကြောင်း ။
.
တစ်ကယ့် ကျမ်းတတ် ရဟန်းတော်မြတ်တွေက လက်မခံတဲ့ အတွက် သူတို့ ဆက်ပြီး ရှေ့တိုးလို့မရတော့ အမိန့်တော်ပြန်တမ်းက အသက်မ၀င်ဘူးပေါ့။
.
ဖိနပ်စီးမှု ယာဉ်စီးမှုနှင့်ပတ်သက်ပြီး ဝိနယမဟာဝဂ္ဂ ဓမ္မက္ခန္ဓာကမှာ ဘုရားရှင်က ခွင့်ပြုတော် မူပြီး ဖြစ်ပါတယ်။
.
အဖြစ်က ဒီလို


ရာဇဂြိုလ်ပြည့် ဂိဇ္ဈကုဋ်တောင်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ်က စမ္ပာမြို့ သူဋ္ဌေးသား သောဏဟာ အလွန်နူးညံ့သိမ်မွေ့တယ်၊ ခြေဖဝါးအပြင်မှာတောင် အမွေးနုကလေးများ ပေါက်နေတယ်လို့ သတင်းကြားတဲ့အတွက် မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းကြီးက အခေါ် လွှတ်ပြီး ကြည့်တော်မူသတဲ့။
.
ကြည့်ပြီးတော့ ရာဇဂြိုလ်မြို့ကို သင်တို့လာခိုက် ဘုရားရှင်ကိုလည်း ဖူးသွားကြဦးလို့ တိုက်တွန်း တဲ့ အတွက် သူဋ္ဌေးသားသောဏနှင့် အခြံအရံ ပရိသတ်များဟာ ဘုရားရှင် သီတင်းသုံးရာ ဂိဇ္ဈကုဋ်တောင်ကိုသွားကြတယ်၊
.
ဂိဇ္ဈကုဋ်တောင်ရောက်တော့ ဘုရားရှင်ရဲ့ တရားတော်ကိုနာပြီး သူဌေးသား သောဏရဲ့ အပေါင်းပါ သူဌေးသားများနဲ့ အခြွေအရံမျာက ဥပါသကာတွေဖြစ်ပြီး သူဋ္ဌေးသား သောဏ ကတော့ လူ့ဘဝကိုစွန့်ပြီး ရဟန်းဝတ်တယ်၊
.
ရဟန်းဝတ်ပြီးတဲ့ သောဏ မထေရ်ဟာ ယင်းတိုက်တောမှာ စင်္ကြံကြွပြီး တရား အားထုတ် ရာမှာ အလွန်နူးညံ့လွန်းတဲ့အတွက် ခြေဖဝါးတွေကွဲကုန်သတဲ့၊
.
သည်အကြောင်းကြောင့် ဘုရားရှင်က သောဏထေရ်ကို ဖိနပ်စီးခွင့် ပေးတော်မူတယ်၊
.
သောဏထေရ်က အများရဟန်းတွေ ဖိနပ်မသုံးဆောင်လျှင် တပည့်တော်လည်း မသုံး ဆောင် ပါဘူးလို့ လျှောက်ထားတဲ့အတွက် အားလုံး ရဟန်းတော်များကို ဖိနပ်စီးခွင့် ပေးတော် မူခဲ့တယ်၊
.
ဒါကြောင့် အပ်တဲ့ဖိနပ်ကို စီးလျှင်အပ်တယ်၊
အပ်တဲ့ယာဉ်ကို စီးလျှင်လည်း အပ်တာပါပဲ၊
ထို့အတူ အပ်တဲ့ထီးကိုခွင့်ပြုတော်မူသလို ဆေးတံသောက်ခြင်းကိုလည်း အခြေအနေအရ ခွင့်ပြုတော်မူထားပါတယ်၊
.
ဒါကြောင့် ဖိနပ်စီးရုံ, ယာဉ်စီးရုံ, ထီးဆောင်းရုံ, ကွမ်းစား ဆေးသောက်ရုံမျှနှင့်တော့ အလဇ္ဇီ လို့ မစွပ်စွဲသင့်သေးပါဘူး၊
.
( မင်းတုန်းမင်းကြီးလက်ထက် ပြန်တမ်းတော်ထုတ်တာ ကတော့ ပညတ်တော်များကို လေးလေး နက်နက် လိုက်နာစေလိုတဲ့အတွက် ထုတ်ပြန်တာ ဖြစ်ပါလိမ့်မယ်၊)
.
အလဇ္ဇီ သုံးမျိုး ရှိပါတယ်
.
(၁) သဉ္စိစ္စ အာပတ္တိံ အာပတဇ္ဇတိ
စေတနာနှင့် အာပတ်ကို ကျူးလွန်တဲ့ အလဇ္ဇီ
.
(၂) အာပတ္တိံ ပရိဂူဟတိ
မိမိ၌သင့်ရောက်နေတဲ့ အာပတ်ကို ထိမ်ချန်ထားတဲ့ အလဇ္ဇီ
.
(၃) အဂတိဂမနဉ္ဇ ဂစ္ဆတိ
အဂတိလိုက်စားတဲ့ အလဇ္ဇီ …… တို့ပါပဲ။
.
ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော ……. လို့
.
ပရိဝါပါဠိတော်မှာ ဟောတော်မူတဲ့အတိုင်း သည်ပုဂ္ဂိုလ် (၃)မျိုးကို အလဇ္ဇီပုဂ္ဂိုလ်လို့ သတ်မှတ်ကြပါတယ် ။
.
ဒါပေမယ့် ပထမအလဇ္ဇီအရ အာပတ်သင်တိုင်းသာ အလဇ္ဇီလို့ ခေါ်ရရင် အာပတ်က ကုဋေ ကိုးထောင်ကျော်ရှိတော့ လောကမှာဘုရားရှင်ကလွဲရင် ကျန်တာအကုန် အလ္လဇ္ဇီ ဖြစ်ပြီပေါ့
.
ဒီအလဇ္ဇီ သုံးမျိုးကို တိုင်းတာဖို့ ပေတံကတော့
.
သဉ္စီစ္စ အပတ္တိံ အာပဇ္ဇတိ ဆိုတဲ့ပုဒ်ကို ကင်္ခါဋီကာဟောင်း နိဒါနဝဏ္ဏနာ ၉-မှာ သဥ္စိစ္စ အာပတ္တိ အာပဇ္ဇတီတိ ဧတ္ထ အနာဒရိယဝသေန အာပဇ္ဇန္တော ဧဝ အလဇ္ဇီ ဟောတိ၊ န ဣတရော …… လို့ဖွင့်ပြထားတယ်
.
အဓိပ္ပာယ်ကတော့ သိက္ခာပုဒ်တော်ကိုတော့ ရိုသေပါရဲ့၊
မသိလို့ လွန်ကျူးမိခြင်း
သိပင် သိသော် လည်း မိမိရဲ့ ကိလေသာကို မနိုင်တဲ့အတွက် လွန်ကျူးမိခြင်းကိုတော့ အလဇ္ဇီလို့ မခေါ်ထိုက် ပါဘူးတဲ့၊
.
ထို့အတူ အာပတ်လျှို့ဝှက်ရာမှာလည်း ဖွင့်ပြောရမှာခက်လို့ လျှို့ဝှက်တာမျိုးကို အလဇ္ဇီလို့ မခေါ်ရဘူးတဲ့၊
.
သိက္ခာပုဒ်တော်ကို မရိုသေသောအားဖြင့် လျှို့ဝှက်မှသာ အလဇ္ဇီလို့ ခေါ်ပါသတဲ့။
.
ဆိုလိုတာက သိက္ခာပုဒ်တော်တွေကို ရည်ရွယ်ချက်နဲ့ မရိုမသေ ပြုချင်လို့ လုပ်တာကိုမှ အလ္လဇ္ဇီလို့ သတ်မှတ်တာပါ။ အာပတ်သင့် တိုင်းသာ အလဇ္ဇီဖြစ်ရရင် ခက်ရချေရဲ့
.
အလဇ္ဇီကို ပြစ်မှားမိလျှင်
******************************
.
ပြီးတော့ အလ္လဇ္ဇီကို အလ္လဇ္ဇီလို့ တစ်သက်မတ်တည်း သတ်မှတ်လို့မရပြန်ဘူး
.
သဥ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ …. အရ
စေတနာနှင့်တကွ အားထုတ်ပြီး မအပ်မှန်းသိလျက်နှင့် လွန်ကျူးကျင့်မိလို့ အလဇ္ဇီအဖြစ် ရောက်သွားပေမယ့် သင့်ရောက်တဲ့အပြစ် (အာပတ်) ကို ပညတ်တော်အတိုင်း ကုစားလို့ အာပတ်ကင်းစင်သွားရင် အလဇ္ဇီဟာ လဇ္ဇီပြန်ဖြစ်သွားတယ်။
.
ဒါကြောင့် အလဇ္ဇီပဲရယ်လို့ အမြဲ မှတ်သားမထားသင့်ဘူး၊
အကယ်၍ အလဇ္ဇီပဲလို့ အမြဲမှတ်ထားရင် ဒီကိုယ်တော်က အာပတ်ကုစားပြီး အပြစ်ကင်းစင် လဇ္ဇီရဟန်း ဖြစ်နေတာကို မသိပဲ အလဇ္ဇီအဖြစ် ကိုယ်ကစွပ်စွဲမိလျက်သား ဖြစ်နေတက် ပါတယ်၊
.
လဇ္ဇီကို အလဇ္ဇီအစစ်နှင့် ပြစ်မှားမိခဲ့ ရင်တော့ တစ်သံသရာလုံး မှောက်ပြီပေါ့ ခလေးတို့။
.
ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်းကို ဘုရားရှင်က သောသလသံယုတ် မှာ ……
.
အခါတစ်ပါး သာဝတ္ထိပြည့် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးဟာ ဘုရားရှင်ထံတော်ပါးချဉ်းကပ်ပြီး
.
အရှင်ဂေါတမဟာ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်ခံပါသလားလို့ လျှောက် ထားတယ်၊
ဘုရားရှင်က ဝန်ခံကြောင်းမိန့်တော်မူတော့ ကောသလမင်းကြီးက
.
အရှင်ဂေါတမ-အရှင်ဂေါတမ ရဟန်းဖြစ်လာတာလည်း မကြာသေးဘူး၊ အသက် အရွယ် အားဖြင့်လည်း ကြီးမားကြတဲ့ .....
.
ပုရဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, သဉ္စယ, ပကုဓကသစ္စာယန, အဇိတ ….. ဂိုဏ်းဆရာကြီး ( ၆ ) ယောက် တို့သော်မှမေးမြန်းကြည့်တဲ့အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်မခံကြဘူး၊ အရှင်က ဘာကြောင့် ဝန်ခံသလဲ …. လို့မေးတယ်၊
.
ဘုရားရှင်က မင်းကြီး ငယ်တယ်ရယ်လို့ မထီမဲ့မြင်မပြုအပ်တဲ့ တရား လေးပါး ရှိတယ်၊
.
(၁) မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၂) မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၃) မီးကို သေးငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
.
(၄) ရဟန်းကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး။
.
မင်းကြီး -
.
မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင်ပြုမိလျှင် မင်းသား မင်းဖြစ်တဲ့အခါ ကြီးစွာသော ရာဇဒဏ်ကို ခံရတက်တယ်၊
.
မြွေကို ငယ်တယ်လို့ မထီမဲ့မြင်ပြုခဲ့လျှင် မြွေကိုက်ခံရတက်တယ်၊
.
မီးကိုသေးငယ်တယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မီးလောင်ခံရတက်တယ်၊
.
ရဟန်းကိုလည်း ထို့အတူပဲ မထီမဲ့မြင်ပြုခဲ့လျှင် ရဟန်း မီး အလောင်ခံရတက်တယ်၊
.
မင်းကြီး -
.
ရဟန်း မီး အလောင်ခံရလျှင် ပကတိသောမီး အလောင်ခံရသည်ထက် ပိုပြီးနာတယ်၊
.
ပကတိသောမီးဟာ မြက် သစ်ပင်တွေကို ဘယ်လိုလောင်သော်လည်း မိုးကျလာလျှင် မီးအလောင်ခံရတဲ့ မြက်သစ်ပင်တွေဟာ တစ်ဖန် ပြန်လည်ပေါက်ရောက်နိုင်တယ်၊
.
ရဟန်း-မီး အလောင်ခံရလျှင် မထီမဲ့မြင် ပြုလုပ်သူကို သာမက ထိုသူနှင့် စပ်သော သား, သမီး, ကျွဲ, နွားများကစပြီး အညွန့်မပေါက်ကြဘူး၊
.
သားမဲ့, သမီးမဲ့, အခြံအရံမဲ့ဖြစ်ပြီး ထန်းပင်ငုတ်တိုကြီးလို တရိရိ ဆွေးသွားတယ်၊
.
ဒါကြောင့် ကြောင်းကျိုးမြင်သိ ပညာရှိမှန်လျှင် မင်းကိုဖြစ်စေ၊ မြွေကိုဖြစ်စေ၊ မီးကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ မထီမဲ့မြင် မပြုသင့်ဘူး၊ ပြက်ရယ်မပြုသင့်ဘူး၊ ကောင်းစွာကျင့်သုံးသင့်တယ်လို့ ဟောတော်မူတယ်၊
.
သည်အခါမှာ ကောသလမင်းကြီးဟာ အမြင်မှန်ရပြီး ရတနာသုံးပါးကို ဆည်းကပ်တဲ့ ဥပါ သကာ ဖြစ်သွားတယ် ။
.
ဒါက ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်း ဘုရား ဟောပေါ့
.
အလဇ္ဇီ နှင့် ဒုဿီလ
*******************
.
အလ္လဇီအကြောင်းပြောတော့ ဒုဿီလ အကြောင်းကို ပြောမှ ကွဲပြားမှာပေါ့နော်
.
ဒုဿီလဆိုတဲ့ပုဒ်ရဲ့ အနက်က
ဒု-ဆိုတာက ….. မကောင်းသော
သီလကတော့ …… အကျင့် - သီလ ပေါ့၊
နှစ်ခုစပ်လိုက်တော့ မကောင်းတဲ့ အကျင့် - သီလ ရှိသောပုဂ္ဂိုလ်လို့ အဓိပ္ပာယ် ရပါတယ်
.
မကောင်းတဲ့ သီလရှိသူဟာ ဒုဿီလပါ။
ဒုဿီလ ကိုလည်း ( ၃ ) မျိုးခွဲထားပါတယ် …..
.
( ၁ ) ပါရာဇိကကျလို့ သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိလ်၊
ပါရာဇိက ကျပြီဆိုတော့ ရဟန်းမှ ဖြစ်ခွင့်မရှိတော့ပဲ ။ သံသရာမှောက်ပြီပေါ့။
.
( ၂ ) ကြွင်းသော သိက္ခာပုဒ်ပျက်စီးတဲ့ ဒုဿီလပုဂ္ဂိလ်
ဝိမတိဝိနောဒနီဋီကာမှာ
ဒုဿီလာတိ နီဿီလာ ဒုဿိတသီလာ စ ….. လို့ ဖွင့်ပြထားတယ်၊
.
နိဿီလပင်ဖြစ်စေ၊ ဒုဿီလပင်ဖြစ်စေ ကျူးလွတ်လိုသောစိတ်ဖြင့် သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ သင့်ရောက်သောအာပတ်ကို လျှို့ဝှက်ခြင်းရှိခဲ့လျှင် အလဇ္ဇီလို့ ခေါ်ဆိုရတယ်၊ အလဇ္ဇီအင်္ဂါနှင့် မညီညွတ်လျှင်တော့ အလဇ္ဇီလို့ မခေါ်နိုင်ပါဘူးတဲ့ ။
.
ဆိုလိုတာက သိက္ခာပုဒ်တွေကို တစ်ခုပြီးတစ်ခု ကျူးလွန်ထားတယ်။
စိတ်ထဲကလည်း သိက္ခာပုဒ် ဆိုတာ ဘာမှမဟုတ်ပါဘူးကွာ တချိန်ချိန်အားရင် အာပတ် လေး ဖြေလိုက် တာပေါ့ ဆိုတဲ့ သဘောနဲ့ ဘုရားရှင်ရဲ့ ပဉာတ်တွေကို မထီမဲ့မြင် ပြုတဲ့ စိတ်နဲ့ အားတိုင်း ယားတိုင် လွယ်လွယ် ကျူးလွန်နေသူကို ဒုဿီလ - အလ္လဇ္ဇီ လို့ သတ်မှတ် ရမယ်တဲ့ ။
.
( စေတနာကံတစ်ခုကြောင့် မလွှဲမရှောင်သာလို့ သိက္ခာပုဒ်ကို ကျူးလွန်မိပြီး ချက်ချင်း အာပတ်ဖြေတဲ့ သူမဟုတ် ပဲ သိက္ခာပုဒ်ကို ပေါ့ပေါ့တန်တန်သဘောထား လွယ်လွယ် ကျူးလွန် နေလို့ပါ )
.
( ၃ ) မကောင်းသော အကျင့် သီလ ( ၀ါ ) မှားယွင်းသော အကျင့် သီလ ရှိသူရယ်ဆိုပြီး ခွဲပါတယ်။
.
ဆိုလိုတာက ….
မကောင်းသော အယူ အကျင့် သီလ ရှိသူကို ကိုးကွယ်မိရင် ကိုးကွယ်တာရဲ့နောက်မှာ ယုံကြည်တာ ပါ ပါတယ်။ ယုံကြည်တာရဲ့ နောက်မှာ လုပ်ဆောင်မှု ပါ ပါတယ်။
.
ဒုဿီလ ခိုင်းတာကို ယုံယုံကြည်ကြည်နဲ့ လုပ်မိရင်လည်း သံသရာနဲ့ ချီပြီး အကျိုးနည်းဖို့ ရှိပါတယ်။
.
ဥပမာ ဗေဒင် ယတြာ အင်း အိုင် ခလှည့် လက်ဖွဲ့ အဂ္ဃိယတ် မှော် စတာတွေ လိုက်စားတဲ့ ရဟန်းမျိုးတွေပေါ့ ။
.
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်ကို လှူဒါန်းပူဇော်လို့ အကျိုး ရှိ - မရှိ ….
.
အဖြေကတော့ လှူသူရဲ့ စိတ်ထားပေါ်မှာ မူတည်ပါတယ် လို့ပြောရမှာပါ ။လှူတဲ့သူက ဘယ်လိုစိတ်နှင့် လှူသလဲ …….
.
အလဇ္ဇီ ဒုဿီလ အမှုကို ချီးမြှောက်အားပေးလိုတဲ့စိတ်နဲ့ လှူသလား၊
ဒါမှမဟုတ် အလဇ္ဇီ ဒုဿီလ ရဲ့ ကောင်းကွက်တစ်ခုခုကိုကြည်ညိုလို့လှူသလား၊
.
ဒါမှမဟုတ် မိမိရဲ့ဒါန စေတနာ သန့်သန့်ကို ရည်ရွယ်ပြီးလှူသလားဆိုတာ ရှေးဦးစွာ စိစစ်သင့် ပါတယ်၊
.
မကောင်းမှုလုပ်နေသူကို ထိုမကောင်းမှု ပိုပြီးလုပ်နိုင်အောင် အားပေးအားမြှောက် သဘော မျိုးနဲ့ လှူတယ်ဆိုရင် လှူသူရဲ့ စိတ်ထားက မကောင်းဘူး၊ အဆိပ်ပင်ကို ရေလောင်းပေး နေသလို ဖြစ်ပါတယ်၊
.
ဒါကြောင့် အဲသည်စိတ်ထားမျိုးနှင့် လှူဒါန်းပူဇော်လို့ အကျိုးမရတဲ့အပြင် အပြစ်ဖြစ်တယ် လို့ ဖြေဆိုရပါလိမ့်မယ်၊
.
  မဓုရဝါဟိနီကျမ်း ပဏ္ဍရင်္ဂဝတ္ထုမှာ …..
.
သီဟိုဠ်ကျွန်း မဟာဂါမရွာစား တိဿအမတ်ဟာ ဆွမ်းဦးကို မလှူဘဲ ထမင်းမစားဘူးတဲ့၊ တစ်ရက်တော့ အမှုကိစ္စတွေများနေလို့ မွန်းတည့်ချိန်လွန်မှ ထမင်းစားခွင့်ကြုံသတဲ့၊ သည် အချိန် မှာတော့ ဆွမ်းဦးကိုလှူဖို့ဆိုတာလည်း ရဟန်းတော်များ ဆွမ်းစားချိန် မဟုတ် တော့ဘူး၊
.
သည်တော့ ဆွမ်းဦးကို ဘယ်သူ့ပေးလှူရပါ့မလဲလို့ စိတ်ကူးလိုက်တော့ သင်္ချိုင်းမှာနေတဲ့ ပဏ္ဍရင်္ဂပရိဗိုဇ်ကိုသတိရတယ်၊
.
ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ် မဟုတ်သော်လည်း ရဟန်းများနှင့် အသွင် တူသူဖြစ်တယ်၊
.
ဒါကြောင့် ဆွမ်းဦးကို ပဏ္ဍရင်္ဂထံ ပေးလှူဖို့ အကြံရပြီး မင်းချင်းတစ်ယောက်ကို ဆွမ်းဦး အလှူခိုင်းလိုက်သတဲ့၊
.
မင်းချင်း ဆွမ်းဦးကို ဆောင်ယူသွားတဲ့အချိန်မှာ ပဏ္ဍရင်္ဂဟာ အရပ်မူးမူးနှင့် ကန်ပေါင်မှာ ငါးမျှားနေတယ်၊ ငါးမျှားရာက လူရိပ်လူခြည်မြင်တော့ ငါးမျှားတံကို ရေမှာနှစ်ပြီး ခြေဖြင့် နင်းကာ ယောင်ချာချာလုပ်နေသတဲ့။
.
သည်အခြင်းအရာကို မင်းချင်းကမြင်တော့ သည်လောက်ယုတ်မာသူဟာ ဆွမ်းဦးနဲ့ မတန်ဘူးလို့ ယူဆပြီး ဆွမ်းဦးကို တိဿအမတ်ထံ ပြန်ယူသွားတယ်၊
.
တိဿအမတ်က ဘာကြောင့် ပြန်ယူခဲ့တာလဲလို့မေးတော့ မင်းချင်းက အကြောင်း ပြန်ပြောတယ်၊
.
သည်အခါ တိဿအမတ်က အချင်းယောက်ျား- ပဏ္ဍရင်္ဂဟာ ဘယ်လောက် ယုတ်မာ သူပင်ဖြစ်စေ သင့်ကိုမြင်တော့ မကောင်းမှုမှ ရှက်သောစိတ်ဖြင့် ငါးမျှားတံကို ရေမှာ နှစ်မြှုပ်ပြီး ဝှက်ထားရှာတယ်၊
.
အဲသည် မကောင်းမှုမှရှက်ခြင်းဆိုတဲ့ ဟိရီတရားတစ်ခု သည်ပင်လျှင် ပဏ္ဍရင်္ဂအဖို့ အလှူခံ ထိုက်သောအကြောင်းဖြစ်တယ်၊
.
ထိုအကြောင်းကို ရည်ရွယ်ပြီး ငါ၏ စားဦး ဖြစ်သော ခဲဖွယ် ဘောဇဉ်ကို ပဏ္ဍရင်္ဂအား ပေးလှူပါ လို့ဆိုပြီး စားဦးကို အလှူခိုင်းတယ်။
.
တိဿအမတ်ဟာ ကြီးကျယ်တဲ့ အလှူတွေ အများအပြား လှူဒါန်းခဲ့ဖူး သော်လည်း သေကာနီး ကာလရောက်တော့ အခြားအလှူများကို မအောက်မေ့မိဘဲ ပဏ္ဍရင်္ဂကို ပေးလှူ ရတဲ့ ဆွမ်းဦးအလှူကိုသာ အဖန်တလဲလဲ အောက်မေ့မိပြီး
.
စုတိတဲ့အခါ ပဏ္ဍရင်္ဂကိုလှူဖူးတဲ့ ကုသိုလ်စေတနာက အကျိုးပေးတဲ့ အတွက် တည်ပင် နတ်ကြီးရှိရာ မဟာဝိဟာရကျောင်းအနီး စရည်းပင်ကြီးမှာ နတ်၌ဖြစ်သော ခဲဖွယ်ဘောဇဉ် များပြည့်စုံတဲ့ ဘုမ္မစိုးနတ်ကြီးဖြစ်သတဲ့၊
.
ဒါကြောင့် အလှူရှင်က စေတနာသန့်ရှင်းစင်ကြယ်ပါလျှင် အလှူဆိုတာ အကျိုးမပေးဘူး ရယ်လို့ မရှိကောင်းပါဘူး၊
.
ဥပရိပဏ္ဏာပါဠိတော် ဒက္ခိဏဝိဘင်္ဂသုတ်တော်မှာ -
.
ဘဝိဿန္တိ ခေါ ပနာနန္ဒာ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝ ကဏ္ဌာ ဒုဿီလ ပါပဓမ္မာ၊ တေသု ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျ အပ္ပမေယျံ ဝဒါမိ- လို့ ဘုရားရှင်က ဟောထားတယ်
.
အဓိပ္ပာယ်ကတော့ နောင်သောအခါ ရဟန်းယောင်မျှသာဖြစ်၍ သင်္ကန်း လည်ပင်းမှာ ပတ်ထား သော သီလမရှိတဲ့ ရဟန်းတွေ ဖြစ်ပေါ်လာလိမ့်မယ်၊
.
ထိုရဟန်း များဟာ ဘုရားရှင်ရဲ့ တရားတော်များကို ဟောနိုင်တဲ့အတွက် သံဃာ အမှတ် ထားပြီး လှူဒါန်းပူဇော်ခဲ့လျှင် မရေတွက်နိုင် မနှိုင်း ယှဉ်နိုင်တဲ့ အကျိုးရှိတယ်လို့ ဆိုလိုတယ်
.
ကဲ
ဒီလောက်ဆို မောင်လေး ညီမလေးတို့က အလ္လဇီ နဲ့ ဒုဿီလအကြောင်း ကို ကွဲကွဲ ပြားပြား သိပြီလို့ထင်ပါတယ်။
.
သိချင်တာရှိရင်လည်း အားမနာတမ်းမေးနော် နူးမသိရင် အမြင်မတော်တဲ့ သူ တစ်ယောက်ယောက် သို့မဟုတ် ဆရာတာ် တစ်ပါးပါး ၀င်ဖြေပေး ပါလိမ့်မယ်..။
.
ချမ်းမြေ့ကြပါစေရှင် …..
.
.


ဓမ္မ အဓမ္မ နှင့် မျိုးချစ်စိတ်

မိမိ အိမ်ယာကို ကျူးကျော်သူတို့အား သနား စာနာ မြှောက်ပင့် ထောက်ပံ့ ကာကွယ်နေ ခြင်းသည် အဓမ္မကို အားပေးခြင်း နှင့် မျိုးချစ်စိတ် ပျက်သုဉ်းခြင်းသာလျှင် ဖြစ်၏

.
လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်တလင်းပြင်ဖြစ်၏
.
လောကကို တည်ငြိမ်အောင်လုပ်သည့် တရား အစုကို ဓမ္မဟုခေါ်၍
လောကကို မတည် ငြိမ်အောင် လုပ်သည့် တရားစုကို အဓမ္မ ဟုခေါ်၏ ….
.
ထို့ကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် စစ်ခင်း နေကြ၏ ။
.
လောကရှိ သတ္တ၀ါအားလုံးတို့သည် မိမိတို့၏ ဘ၀ တည်ငြိမ်စေချင်ကြ၏ ….
သတ္တ၀ါအားလုံး၏ ဘ၀ တည်ငြိမ်ရန် လောကတည်ငြိမ်ဘို့လို၏ ။
တစ်ဖန် လောက တည်ငြိမ်ရန် လောကစစ်မြေပြင်၌ ဓမ္မအင်အားစုများက အဓမ္မ အင်အားစုများ အပေါ် အနိုင်ရဘို့လို၏
.
လူ့ဘ၀၏ အဓိပါယ်ဟူသည် ချမ်းသာခြင်းမဟုတ်
ငြိမ်းချမ်းစွာနေရခြင်းသာလျှင် ဖြစ်၏။
သူတော်စင်တို့သည် ဘ၀၏ အဓိပါယ်ကို ငြိမ်းချမ်းစွာနေခြင်းဖြင့် သက်သေပြခဲ့ကြ၏
.
ငြိမ်းချမ်းစွာနေခြင်းဖြင့် ဘ၀၏ အဓိပါယ်ကို ဖော်ဆောင်ရာတွင် ဘ၀ကို ကိုးကွယ်စရာ အဖြစ် မကိုးကွယ်ပဲ မိမိအကျိုးထက် လောက အကျိုးစီးပွား အတွက် မိမိဘ၀ကို အသုံးချစရာအဖြစ် အသုံးချသင့်ပေ၏
.
အဓမ္မကို အောင်နိုင်ရန် မိမိကိုယ်တွင်း၌ ဓမ္မအင်အား ခိုင်မာအောင် အုတ်မြစ်ချ တည်ဆောက် သင့်ကြပေ၏။
ဓမ္မကို ခိုင်မာအောင် အုတ်မြစ်ချခြင်း ဆိုသည်မှာ ငါးပါးသီလကို စောင့်ထိန်းခြင်းဖြစ်၏
.
ငါးပါးသီလတွင် ပထမဆုံးသီလမှာ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြစ်၏
အဓမ္မအင်အားစုကို အနိုင်ယူပြီး လောကငြိမ်းချမ်းစေရန် အားထုတ်ရာ၌ ပါဏာတိပါတာ ပုဒ်၏ အနက်ကို ပိုကျယ်အောင် ချဲ့ယူအပ်၏
.
သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ခြင်း တွင်
သူတစ်ပါးအသက်ရှည်အောင် အားထုတ်ခြင်း
သတ်ခွင့်ကြုံပါလျှက် မသတ်ခြင်း
ချစ်ခြင်းနှင့် သနားကြင်နာခြင်း တစ်နည်း မေတ္တာနှင့် ဂရုဏာ စသည်တို့ အကျုံးဝင်၏
.
လူဟူသည်မှာ မိမိတစ်ယောက်တည်း နေသည်မဟုတ် ….
မိသားစု နှင့် နေ၏
လူမျိုးစု နှင့် နေ၏
နိုင်ငံ နှင့် နေ၏
ထို့ကြောင့် …. မိမိကိုယ်ကို ချစ်၏ ၊ မိသားစုကို ချစ်၏ ၊ မိမိအမျိုးကို ချစ်၏ ၊ မိမိလူမျိုးကို ချစ်၏ ၊ မိမိနိုင်ငံကိုချစ်၏ ….
.
ရံခါ မိမိနိုင်ငံကို အခြားနိုင်ငံများက စော်ကားလာနိုင်၏
မိမိလူမျိုးကို အခြားလူမျိုးများက စော်ကားလာနိုင်၏
မိမိ မိသားစုကို အခြားမိသားစုများက စော်ကားလာနိုင်၏
ထိုအခါမျိုးတွင် သူတစ်ပါးအသက်ကို ရှောင်ကျဉ်ခြင်း သိက္ခာပုဒ်ကို စောင့်ထိန်းရန် အခက် တွေ့လာ နိုင်၏
.
ဤနေရာတွင် ဓမ္မနှင့် အဓမ္မသည် အထူးအရေးပါလာ၏
လူဟူသည် လူ့တာဝန် အနေဖြင့် ဓမ္မဘက်မှ ရပ်တည်ရမည်ဖြစ်၏
ထိုသို့ ဓမ္မဘက်မှ ရပ်တည်ရာတွင် '' အနစ်နာခံမှု '' သည် များစွာအရေးကြီးလာ၏
.
ပါဏာတိပါတ သိက္ခာပုဒ်အရ သူ့အသက်ကို မသတ်ရ ဟူ၍လည်းကောင်း သူ့အကျိုးကို ထိပါးအောင်မလုပ်ရ ဟူ၍လည်းကောင်း ဆိုပါသော်လည်း
.
ဤလောကတွင် မိမိ၏နိုင်ငံကို ကျူးကျော်စော်ကားသည့် အခါသမယ မျိုး
မိမိလူမျိုးကို ကျူးကျော်စော်ကားသည့် အခါ မျိုး
မိမိ မိသားစုကို ကျူးကျော်စော်ကားလာသည့် အခါ မျိုး
မိမိ ကိုယ်ကို ကျူးကျော်စော်ကားလာသည့် အခါ မျိုး
.
ထိုအခါမျိုး၌ကား ….
ခုခံပိုင်ခွင့် အရ ပါဏာတိပါတ သိက္ခာပုဒ်ကို ကျော်လွန်ပြီး သူ့အသက်ကို သတ်ရသည့် အခါ မျိုးလည်းရှိနိုင်၏။
သူ့အကျိုးကိုထိပါးရသည့် အခါလည်းရှိနိုင်၏။
.
ထိုကဲ့သို့မှမလုပ်ပါလျှင် မိမိ နိုင်ငံသည် သူတစ်ပါးလက်အောက်သို့ ရောက်သွား ပေ လိမ့်မည်။
မိမိ၏လူမျိုးသည် သူတစ်ပါး၏ ကျေးကျွန် ဖြစ်သွားပေလိမ့်မည်။
မိမိ၏ လူမျိုးသည် မျိုးသုဉ်း ပျောက်ကွယ်ခြင်း အဖြစ်သို့ရောက်သွားပေလိမ့်မည်။
မိမိ၏ မိသားစုသည် အရှက် တကွဲအကျိုး နည်း သို့မဟုတ် အိုးအိမ်မဲ့ ဖြစ်သွား ပေလိမ့်မည်။
မိမိသည်လည်း ရခဲလှသော လူ့ဘဝမှ ပျောက်ကွယ်သွားကောင်း သွားပေလိမ့်မည်။
.
ဤအခါမျိုးတွင်လည်း ဟာနောပါဒါန သဘောတရားအရ အနစ်နာခံခြင်းနှင့် သူ့အကျိုးကို ဆောင်ရွက်ခြင်း တို့ဖြင့် ဓမ္မဘက်က ရပ်တည် ဆောင်ရွက် ရမည်ဖြစ်၏။
.
အနစ်နာခံရာတွင် ဓမ္မနှင့် အဓမ္မကို ချင့်တွက်ရ၏။
လောက၌ ငြိမ်းချမ်း သာယာမှုကို ဖြစ်ထွန်း ရာ၌ ပုဂ္ဂိုလ်သတ္တဝါဟူသည် ပဓါန မဟုတ် ဓမ္မနှင့် အဓမ္မသည်သာ ပဓါနဖြစ်၏ ။
.
ထို့ကြောင့် လောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရေးတို့အတွက် လူတိုင်း၌ တာဝန်ရှိ၏
ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနာခံခြင်းအရ
.
လောလော ဆယ် ပစ္စက္ခ၌ပင် မိမိ၏ပစ္စည်းဥစ္စာ များလည်းဆုံရှုံးနိုင်၏ ။
မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလည်း ဆုံရှုံးနိုင်၏
မိမိ၏အသက်ပင်ဆုံးရှုံးနိုင်၏
တမလွန်၌လည်း အပါယ်သို့ ကျရောက်နိုင်၏
ဤသည်မှာ အဓမ္မအပေါ် ဓမ္မကအောင်နိုင်ရေး အတွက် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်း၏ ရလဒ်များဖြစ်၏
.
ဗုဒ္ဓဒေသနာ အရ ဘုရားအလောင်း၏ ဘဝများကိုကြည့်လျှင် များစွာ ကျေးဇူး တင်ဖွယ် များ အံ့ချီးဖွယ်များနှင့် အတုယူဖွယ်များကိုတွေ့ရ၏
.
လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် …..
.
ငရဲလည်း ကျခဲ့၏
တိရစ္ဆာန်လည်းဖြစ်ခဲ့၏
ဆင်လည်းဖြစ်ခဲ့၏
နဂါးလည်းဖြစ်ခဲ့၏
တေမိမင်းသားမဖြစ်မီ ငရဲကျခဲ့သည်ကို တေမိမင်းသားဖြစ်သောအခါ ကောင်းစွာ မှတ်မိ နေ၏
.
အဘိဓမ္မာဒေသနာတော်အရ မကောင်းမှုအကုသိုလ် ဒုစရိုက်များကို ကျူးလွန်မှ အပါယ်သို့ ကျရောက်ရခြင်းဖြစ်လေရာ
.
ဗျာဒိတ်ရပြီးနောက်မှာပင် ဘုရားအလောင်းတော်သည် ပါဏာတိ ပါတ သိက္ခာပုဒ်ကို ကျူးလွန်ခဲ့ကြောင်းထင်ရှား၏
ဘာမှအငြင်းပွားစရာမရှိ။
.
မုသာဝါဒါ သိက္ခာပုဒ်မှ လွဲ၍ကျန်သိက္ခာပုဒ်များကို အကြောင်းအားလျော်စွာ ဘုရား အလောင်းသည် လွန်ကျူးခဲ့သေးကြောင်း ကျမ်းဂန်များ၌ဆို၏
.
သို့ရာတွင် ထိုသို့ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မ အပေါ် အဓမ္မက မလွှမ်းမိုးရ လေအောင်သာ မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏
.
ဤသည်မှာလောကသားတို့ အတူယူ လိုက်နာရမည့် တာဝန်ဖြစ်၏
ထိုတာဝန်ကို လောကသားတို့မရှောင်လွှဲအပ် ၊ မရှောင်လွှဲထိုက် ။
.
မရှောင်လွှဲအပ်သဖြင့် ထိုတာဝန်ကိုကျေပွန်စွာ ဆောင်ရွက်လေသောကြောင့်
ဖြစ်လေရာ ဘဝတို့၌ အထက်တန်း က အဖြစ်များ၏
.
ငှက်ဖြစ်လျှင်လည်း ငှက်မင်းဖြစ်၏ ငှက်ပုရောဟိတ်ဖြစ်၏
ငရဲကျလျှင် ငရဲမင်းဖြစ်ရ၏
အခြားသော ဘဝတို့၌လည်း ထိုနည်းအတူပင် အထက်တန်းက အဖြစ်များ၏


ဤသို့ဖြစ်ရခြင်းမှာ …. မိမိ၏ဘဝကို စတေးပြီး မိမိမြေ ၊ မိမိရေ ၊ မိမိအမျိုး အတွက် ဓမ္မဘက်က ရပ်တည်ခဲ့ သောကြောင့် ဖြစ်၏
ထိုသို့သော စိတ်ဓါတ်မျိုးကိုသာလျှင် မျိုးချစ် စိတ်ဓါတ် အစစ်အမှန်ဟု ခေါ်၏
.
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားအလောင်း၏ ထုံးကို နှလုံးမူပြီး လောက၌ ဓမ္မ ထွန်းကား ပြီး လောက နှင့် လောကသားများ ငြိမ်းချမ်း ရလေအောင်
.
အဓမ္မ ကွယ်ပျောက် ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘဝကို စတေးပြီး ဆောင်ရွက် ဘို့ အထူး လိုအပ် လှပေ၏ ...။
.
ချမ်းမြေ့ကြပါစေရှင် ….
.
ဆရာကြီး ဦးရွှေအောင် ၏ စာများကို ကိုးကားပါတယ်ရှင်