Friday, December 15, 2017

ဘုရားဝတ်ပြု တရားနာချိန် ခေါင်းပေါင်းထားသင့် မသင့်

အမနူး ….
ဘုန်းတော်ကြီးများကို ၀တ်ပြုတဲ့အချိန် ဘုရားမှာ ၀တ်ပြုတဲ့အချိန် တရားနာတဲ့ အချိန်တွေမှာ ခေါင်းပေါ်မှာ ခေါင်းပေါင်း ဦးထုတ် သဘက်တွေပေါင်းထားရင် ငရဲကြီးပါလား ခင်ဗျာ
.
ရှေးအခါက မင်းခန်း မင်းနားအလှူအတန်း ပွဲလမ်းသဘင် ရှိတဲ့ အချိန်ကလွဲရင် …..
ကျောင်း ကန် ဘုရား ဆရာသမားများထံ သွားတဲ့ အခါ များသောအားဖြင့် တောက်တောက် ပြောင်ပြောင် အ၀တ် အစား အဆောင် အယောင် မ၀တ်ဆင်ကြပါဘူး။
.
ပကာသန ကြွားဝါခြင်း ဂုဏ် စတဲ့ အဆောင် အယောင်တွေ အလျှဉ်း မရှိပဲ ရိုးရိုး ယဉ်ယဉ် ၀တ်စားပြီး သွားလာလေ့ ရှိကြ ပါတယ်။
.
ဒါက ဘာကိုပြသလဲ ဆိုရင်
ရတနာ သုံးပါး ဆရာသမား စတဲ့ အနန္တော အနန္တ ဂိုဏ်းဝင်တွေကို ရိုသေလေးစားသမှုနဲ့ ငါဆိုတဲ့ အတ္တစွဲ မာန်မာန တွေ ခ၀ါချလာတဲ့ သဘောပါ။
.
အမှန်ကတော့မောင်လေး ညီမလေးတို့ရယ် ….
ခေါင်းပေါင်းတို့ ၊ ဦးထုတ်တို့ဆိုတာက အဆောင် အယောင်တွေပါ
.
ဦးထုပ် ခေါင်းစွပ် ခေါင်းပေါင်းကြီး တကားကားနဲ့ ရတနာသုံးပါး မိဘ ဆရာသမားများရှေ့မှာ တခမ်းတနား နေတာဟာ ရတနာသုံးပါးနဲ့ မိဘ ဆရာသမားများကို မရိုသေ မလေးစား အလေးမထား မခန့်လေးစား ပြုရာ ကျပါတယ်။
.
ဒီသဘောတရားကို နားလည်တဲ့ အမျိုးကောင်းသား တွေကတော့ လမ်းမှာ ဦးထုပ်ဆောင်း ခေါင်းပေါင်း လာကြ ပေမယ့် ။
.
ဆရာသမား ဘုန်းတော်ကြီးများ ရှေ့ရောက်တဲ့အခါမှာ ဦးထုပ် ခေါင်းစွပ် ခေါင်းပေါင်းများကို ချွတ်ပြီးမှ ရိုကျိုးနှိမ့်ချစွာ နှုတ်ဆက်ခြင်း ရှိခိုးဝပ်ချ ခြင်း ပြုပြီးမှ စကာစမြည် ပြောဆို လျှောက်ထားလေ့ ရှိကြပါတယ်။
( ဗုဒ္ဓဘာသာတင်မကပါဘူး ကျန်တဲ့ဘာသာတွေမှာပါ ဒီဓလေ့ရှိပါတယ် )
.
မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကလည်း ကျမ်းမာလျှက် ဖိနပ်စီး ထီးဆောင်း ခေါင်းပေါင်း တကားကား နဲ့ တခမ်းတနား နေတဲ့ ပုဂ္ဂိုလ်ကို ရဟန်းရော ရှင်လူပါ ဘယ်သူမှ တရားမဟော ရဘူးလို့ ပညတ်ထားတော်မူပါတယ်။
.
မောင်လေး ညီမလေးတို့ရေ ….
ဘုရားရှင် လက်ထက်တော် အခါက ပေါ့ ၊ တစ်ခါမှာ ကောသလမင်းကြီးဟာ စိတ်ပြေလက်ပျောက် နဂရက ဆိုတဲ့ ဥယျာဉ် ထဲမှာ လှည့်လည်နေခိုက် ဘုရားရှင်ကို ဖူးတွေလိုတဲ့ ဆန္ဒ ပြင်းပြလာတဲ့ အတွက်
.
မိမိနဲ့ အတူပါလာတဲ့ စစ်သူကြီး ကာရာယန ကို ဘုရားရှင်သီတင်းသုံး နေတော်မူရာ ဌာန သွားကြဘို့အမိန့်ပေးလိုက်ပါတယ်။
.
ကျောင်းရှေ့ရောက်လို့ ဘုရားရှင် ရှေ့တော်မှောက် ၀င်ခါနီးကျတော့ ဒီလိုတွေးတယ် ….
.
လောကမှာ ငါအထူး ရိုသေလေးစားရတဲ့ သုံးလောက ထွဋ်ထား ဘုရားရှင် ရှေ့မှောက်ကို ၊ တောက်တောက် ပြောင်ပြောင် မင်းဝတ် တန်ဆာ အဆောင် အယောင်တွေ ၀တ်ပြီး ခမ်းခမ်းနားနား ကြွားကြွား ၀ါဝါ ၀င်သွားရင် ရှင်တော်ဘုရားကို မလေးစားရာကျမယ်။ မသင့်တော်ပေဘူး …. ဆိုပြီး
.
သန်လျှက် သင်းကျစ် မကိုဋ် စတဲ့ မင်းဝတ် တန်ဆာတွေကို ချွတ် ကာရာယန စစ်သူကြီး လက်ထဲ အပ်ပြီး မှ ဘုရားရှင် ရှေ့တော်မှောက်ကို ၀င်ရောက်ခဲ့တယ်တဲ့ ။
( မဇ္ဈိမပဏ္ဏာသ ၊ ဓမ္မစေတီသုတ် )
.
ကဲ ….
ဘယ်လောက်အတုယူစရာကောင်းလဲ ရှင် ….
.
ဒါကြောင့် ဘုန်းတော်ကြီးများနဲ့ ဘုရားရှင်ကို ရှိခိုးဝတ်ပြုစဉ် ခေါင်းပေါင်းပေါင်းထားခြင်း ဦးထုပ်ဆောင်းထားခြင်း ခေါင်းစွပ် စွပ်ထားခြင်း သဘက် ပေါင်းထားခြင်းဟာ ဂါရဝေါစ နိဝါတောစ ဆိုတဲ့ ရိုသေထိုက်သူကို ရိုသေခြင်း ဆိုတဲ့ မင်္ဂလာတရား ခေါင်းပါးပြီး
.
အဂါရ၀တရား အမင်္ဂလာ အမှုကို ပြုတဲ့ မာန် မာန ဆိုတဲ့ အကုသိုလ်အပြစ်ကို ပြုတာ ဖြစ်တဲ့ အတွက် အပြစ် ဖြစ်ပါတယ်။
.
……….
.
ဒါနဲ့ စကားမစပ်
မောင်လေး ညီမလေးတို့ကို နူးရဲ့ အူကြောင်ကြောင် အတွေး တခု ပြောပြရအုန်းမယ် ။ နူးငယ်ငယ်တုန်းကလေ သိလား
.
သံဃာတွေ ဆွမ်းခံကြွချိန်ဆိုရင် ဟိုး အဝေးကြီး နူးနဲ့ မျက်နှာချင်းဆိုင်က သံဃာတစ်ပါး ပါး သို့မဟုတ် ကိုရင်တစ်ပါးပါး ဆွမ်းခံကြွလာပြီ ဆိုတာ မြင်တာနဲ့ နူးက အခြားလမ်းက ပတ်သွားဘို့ ကြံ တော့တယ် ။
.
ဘာလို့လဲဆို အရိပ်ကို နင်းမိမှာ စိုးလို့ ပြီးတော့
အဲ့ဒိ ကိုယ်တော် ဘေးကဖြတ်သွားတဲ့ အရှိန်နဲ့ နူးဆီကို ရိုက်လာမယ့် ဒီရဟန်းရဲ့ သင်္ကန်းနံ့ ကိုယ်နံ့ ပါတဲ့ လေက နူး ထမိန် စကပ် တွေကို လာထိ မိပြီးကပ်သွားရင် နူးငရဲကြီးမှာစိုးလို့လေ ။ ( အဲ့လို ပေါက်ပေါက်ရှာရှာတွေးကြောက်တာ ၊ တစ်ကယ်ပါ )
.
ဒါကြောင့် ကိုယ့်ရှေ့တူရူက ရဟန်းတစ်ပါးလာတာတွေ့လို့ တစ်ခြားလမ်းပြောင်း လျှောက်စရာ မရှိရင် မျက်ကလူးဆန်ပြာနဲ့
အဲ့ရဟန်း လျှောက်လာတဲ့ အခြမ်းရဲ့ ဆန့်ကျင်ဘက် လမ်းဘေးကို ချော်ပြီး မြက်ခင်းအစွန်း မြောင်းဘေးနားထိ ရောက်အောင် အဝေးဆုံးကပ်ပြီး ဖိနပ်ချွတ် ရပ်နေတာ ကလား ။ အဲ့လို ။ :(
.
ဘယ်လောက် အရေးကြီးတဲ့ ကိစ္စ ရှိနေပါစေ မိမိရှေ့မှာ ကြွနေတဲ့ ရဟန်း ? ကိုရင် ၊ ဆရာ - ဆရာမ ကို ဘယ်သောအခါမှ ကျော်မတက်ဘူး။
.
စက်ဘီးစီးလာရင် မိမိက ရဟန်း သံဃာ ဆရာသမား ရဲ့ အမြင့်ရောက်နေတဲ့အတွက် စက်ဘီး ပေါ်က ဆင်းတယ် ။
.
ရဟန်း ဖိနပ်စီးမထားရင် ကိုယ်က ဖိနပ်စီးထားတဲ့အတွက် ရဟန်းထက်မြင့်နေပြီ ။ဒါကြောင်း ဖိနပ်ချွတ်ပြီး ဆွမ်းခံရဟန်း ကျော်သွားတဲ့ထိစောင့်တယ်။
.
ပြီးတော့ နူးတို့ ဘိုးဘေးတွေ မှာ လည်း ဓလေ့တစ်ချို့ ရှိကြတယ် ။
ရတနာသုံးပါ မိဘဆရာ တွေရှေ့ဖြတ်လျှောက်ရင် ကိုယ်ကိုကိုင်းပြီးလျှောက်တယ် ။
ပစ္စည်းယူရင် ပေးရင် လက်နှစ်ဖက်နဲ့ခါးကိုင်းပြီးယူတယ်။
.
မိန်းခလေးတွေ ထမိန် ကို တစ်ကြိမ်ထဲ ခိုင်မြဲနေအောင်စည်း၇တယ်။
ထမိန် ခနခန ပြင် မ၀တ် ရဘူး။
ငြုတ်သီးထိုင်ထောင်းရင် လုံချည်ကို ခြေမျက်စိမပေါ်အောင်ဖုံးရတယ်။
ညအိပ်ရင် လုံချည်ကို ခြေသလုံးပေါ်တဲ့အထိ လန်တက်အောင် မအိပ်ရဘူး ။
.
လူကြီးသူမ မိသားစု မောင်နှမ သားချင်း အဖေ အဖိုး ဦးမင်းရှေ့ ဘုရားစင် နတ်စင်ရှေ့ ဧည့်သည် ရှေ့ လူရှေ့ ယုတ်စွ အဆုံး မိမိ အခန်းရဲ့ အပြင်မှာ လုံချည်ပြင် မ၀တ်ရဘူး။
ပြီးတော့ သူတို့ကို ကျောခိုင်းပြီး ခါးမကိုင်းရဘူး။ ခါးကိုင်းပြီး တခုခု ကုန်းမယူရဘူး။
.
ဘုရားနဲ့ ဘယ်သောအခါမှ ဓါတ်ပုံမ ရိုက်ရဘူး ….
ဘာလို့လဲဆို ကိုယ်နဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံမှာ ဘုရားပါတော့ ဓါတ်ပုံ အယ်လ်ဘန်မှာထားလည်း အဆင်မပြေ ဘုရားစင်ပေါ်တင်ထားလည်း လူကြီးမိဘတွေက ဘုရားဝတ်ပြုရင် ကိုယ့်ပါထိုင်ရှိခိုးမိနေမှာစိုးလို့လေ။
.
ဖိုးဖိုးဖွားဖွားတွေနဲ့ လပြည့် လကွယ် ရှစ်ရက်ဥပုသ်နေ့တွေမှာ ဘုန်းကြီးကျောင်းသွားရတယ်။
ဝါတွင်းသုံးလ ဥပုသ်နေကတိုင်းဥပုသ်စောင့်ရတယ်။
အိပ်ခါနီး တစ်အိမ်လုံးက လူကြီးတွေကို ပတ်ပြီး ရှိခိုးရတယ်။
.
ထားပါတော့ ….
အများကြီးရှိတာပေါ့ မောင်လေး ညီမလေးတို့ရယ်
.
ကဲ မောင်လေး ညီမလေးတို့ကရော …..
နူးပြောတဲ့ အရာတွေထဲက ဘယ်အချက်တွေကိုများ လိုက်နာနေသေးလည်း ၊ လိုက်နာ နေခဲ့ ဘူးလည်း ရှင် ။ နူးကိုပြောပြပါ။
.
ပြီးတော့ မောင်လေး ညီမလေးတို့အတွက် စကားလက်ဆောင်လေး တစ်ခုကတော့....
.
မိမိအမျိုး မိမိဘာသာ မိမိသာသနာကို မိမိတို့ ကိုယ်တိုင်မြှင့်မှ မြင့်မှာ တင့်မှာဆိုတာလေးတော့ အထူးသတိချပ်ပါလို့ ပြောပါရစေ
.
ချမ်းမြေ့ကြပါစေရှင် …..
.
.


No comments:

Post a Comment