Friday, December 15, 2017

အိမ်ထောင်ပြု ခလေးယူတာ ကုသိုလ်လား အကုသိုလ်လား

မမ မာလုရေ..
မမကို လေးစားစွာဖြင့် မောင်လေး စဉ်းစားမိတဲ့အကြောင်းအရာတစ်ခု လောက် သိချင်လို့ မေးပါရစေနော် မမ.. မမ အဆင်ပြေတဲ့ အချိန် (သို့) အားလပ် တဲ့ အချိန်မှသာ ပြန်ဖြေ ပေးပါလို့နော်...
.
ကျွန်တော်ဖတ်ဖူးသလောက်စာပေတွေမှာ လူ့ဘဝဆိုတာ အရန်းရခဲးတာပေါ့နော်...
လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က ကျလာတဲ့အပ်တစ်စင်း ထိချင်ထိသွားမယ် လူ့ဘဝရဖို့ကအာ့လောက်တော့မလွယ်ဘူး ရခဲးလွန်းအားကြီးတယ်ပေါ့နော်...
ရခဲတယ်ဆိုတည်းက တန်းဖိုးရှိတယ် ဆိုပါတော့...
ဒါက လူတိုင်းသိပြီးသားလို့ ထင်ပါတယ်...
.
နောက်တစ်ခုက လူ့ဘဝဆိုတဲ့ ခန္ဓာရပြီးဆို တာနဲ့ ဒုက္ခတွေကြီးပဲလို့ မှတ်သားဖူးတယ် .... ဥပမာဗျာ.. ကျွန်တော်နဲ့ပဲ ကိုယ်စားပြုတော့မယ်
.
ကျွန်တော် အိမ်ထောင်ကျပြီ ကလေးယူ မယ်ဆိုပါတော့.. ဒီကလေးကို တန်ဖိုးရှိတဲ့ လူ့ဘဝကြီး ထဲကို ရောက်အောင် လုပ်ခဲ့တယ်လို့ မှတ်သားရမှာလား....?
.
ဒါမှမဟုတ် ခန္ဓာရပြီး ဒုက္ခများတဲ့ လူ့ဘဝကြီးထဲ ကလေးကို ဒုက္ခပေး တယ်လို့မှတ်ယူရမှာလာ...??
.
တကယ်လို့ ဒီအကြောင်းအရာတွေကို ကုသိုလ်ဖြစ်လား/အကုသိုလ်ဖြစ်လား ဆိုပြီး သေချာ မသိသေးတဲ့ ကျွန်တော်လို လူရာ သိပြီးသာသူတွေရော အိမ်ထောင်မပြုပဲ နေတာက ပိုပြီးအကျိုးရှိမယ်လို့ထင်လား..???
.
ကျွန်တော့် မေးခွန်းလေးတွေက ကလေးဆန် ချင် ဆန်နေမယ်လို့ ထင်ပါတယ် မမ... အမှားများပါရင်လည်း ခွှင့်လွှတ်ပေးပါနော်..
မမ မာလုကိုတော့ အစဉ်လေးစားလျက်ပါဗျာ ..
.
Km Rajini
.
.......... 000000000 ........
.
မောင်လေး မေးတာကို ( 2 ) ပိုင်း ဖြေပေးမယ် …..
ပထမ တစ်ပိုင်းက လူ့ဘ၀က ရခဲတယ် တစ်ဆက်ထဲမှာပဲ ခန္တာရပြီ ဆိုတာနဲ့ ဒုက္ခက ဒွန်တွဲ ပါလာတယ် ဆိုတာက တစ်ပိုင်း
ဒုတိယ တစ်ပိုင်းက ခလေး ယူရင် ကုသိုလ် အကုသိုလ် ဖြစ်မလားဆိုတဲ့ ကိစ္စက တစ်ပိုင်းပေါ့
နှစ်ခုက မတူဘူးလေ မောင်လေး
.
မှန်ပါတယ်
လူ့ဘ၀က ရခဲတယ် ။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က ကျလာတဲ့အပ်တစ်စင်း ထိချင်ထိသွားမယ် လူ့ဘဝရဖို့က မလွယ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ( ၃၁ ) ဘုံဆိုတဲ့ ဘ၀ အနိမ့် အမြင့် သံသရာ ထဲမှာ လူ့ဘုံ လူ့ဘ၀ တစ်ခုထဲကသာ ၀ိဇ္ဇာစရဏကို အပြည့်အစုံထူထောင်နိုင်လို့ ။
.
သံသရာမှာ မိမိတို့ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် တွေ အကျိုးပေးချိန်မှာ လူ့ဘုံ အပါယ် လေးဘုံ နတ်ဘုံတွေမှာ အဖန်ဖန် အထပ်ထပ် ကျင်လည်ရတဲ့ သံသရာ ၀ဲဂယက်က လွတ်မြောက် ဘို့ အခွင့် အလမ်းက လူ့ဘုံတစ်ခုထဲကပဲ ရနိုင်လို့ လူ့ဘ၀ဟာ သိပ်တန်ဘိုး ရှိသလို သိပ် ရခဲတယ်လို့ပြောတာပါ။
.
လွတ်မြောက်ခွင့် အခွင့်အလမ်းရှုထောင့်ပေါ့။
.
ဘ၀ဒုက္ခ က ကျတော့ သစ္စာရှုထောင့် အမြင်ပါ ။
ခန္တာဆိုတာရပြီဆိုတာနဲ့ ဒုက္ခပါ ကပ်ပါလာတယ် ဒုက္ခတွေ ချုပ်ငြိမ်းလွပ်မြောက်ရာ နိဗ္ဗာန်လမ်းရှိတယ် ဆိုတဲ့ တန်ဘိုးကြီးမားလှတဲ့ အသိဟာ
.
အမတို့က သာသနာတော်နဲ့ကြုံကြိုက်နေတဲ့အချိန် ကံ ကံ ၏ အကျိုး သစ္စာလေးပါ မဂ္ဂင်ရှစ်ပါး တရားကို သိမြင်လမ်းပြသူ ဗုဒ္ဓ ရဲ့ အဆုံးအမလမ်းပြမှုနဲ့ ကြုံကြိုက်တဲ့အချိန်မို့ သိကြရတာ မဟုတ်လား
.
ဒီတော့ လှူု့ဘ၀ဟာ ရခဲတယ် ။ လူ့ဘ၀ရခိုက်မှာ ဒုက္ခချုပ်ငြိမ်းပြီး သံသရာကလွတ်ကြောင်း အကျင့်တွေကျင့်ကြံသင့်တယ် ပါရမီဖြည့်သွားသင့်တယ် ဆိုတဲ့ တရားတွေက တော့ မိမိ ကိုယ်ကို ကယ်တင်ဘို့ အတွက်သာဖြစ်ပါတယ်။
ကိုယ်ယူမယ့် ခလေးနဲ့ မဆိုင်ဘူးရယ် ။
.
နောက်တစ်ပိုင်းက ခလေးယူချင် တဲ့ ကိစ္စ …..
အပေါ်မှာပြောခဲ့သလိုပဲ လူဖြစ်ဘို့ရာ သိပ်ခက်ခဲတယ်။
ဒါကြောင့် သိကြားမင်းတွေ နတ်သက်ကြွေခါနီးရင် လူ့ပြည်ကို အာရုံပြုဘို့ အကြံပေး ကြတယ်လို့ အဆိုရှိတယ် ။
လူ့ပြည်တစ်ခုထဲက လွတ်မြောက်ရာလမ်းကိုလျှောက်နိုင်လို့ ။ ပါရမီဖြည့်ကျင့်နိုင်လို့။
.
ဗြဟ္မ့ပြည်က အပ်တစ်စင်း လူ့ပြည်ကအပ်တစ်စင်း ထိဘို့လွယ်တယ် ဒါပေမယ့် လူဖြစ်ဘို့ ဒီလောက်ခက်ပါတယ်ဆိုမှ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ မိမိတို့ သွေးသားဆန္ဒနဲ့ သံဝါသ ပြုပြီး ခေါ်လို့ လူဖြစ် လာတာ မဟုတ် ဘူးပေါ့ မောင်လေးရ
.
ကလေး လာဖြစ်တာက ဖြစ်လာသူရဲ့ကံကြောင့်ပါ မိဘ နှစ်ဦး ကြောင့် မဟုတ်ပါဘူး။
ဘယ်မိဘကမှ နှိပ်စက်ချင်လို့ ခလေးယူတာမှမဟုတ်ပဲ ။
ကုသိုလ်စိတ်နဲ့ပဲ ယူကြတာပေါ့ သို့ပေမယ့် ခလေးရမယ့်ကံရှိမှရနိုင်မှာလေ။
.
ပြောရရင် အိမ်ထောင်ရှင်က ခေါ်လိုက်လို့ လူဖြစ်ရတာမဟုတ်ဘူး ။
ဒီလူဖြစ်မယ့် သတ္တ၀ါလေးရဲ့ အ၀ိဇ္ဇာ တဏှာနဲ့ အစမထင်တဲ့ သံသရာမှာ ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှု ကံတွေထဲက ရင့်သန်ပြီး အကျိးပေးချိန်တန်လာတဲ့ ကံတွေကြောင့် လူဖြစ်ရတာ။
.
မောင်လေးတို့မခေါ်လည်း ဒီသတ္တ၀ါလေးက လူဖြစ် မှာပဲ ။
တစ်ခုပဲ သူ့ကံက ကိုယ့် ဘ၀နဲ့ အပ်စပ်လို့ ကိုယ့်ဆီရောက်လာတာလို့ပဲပြောလို့ရမယ်။
.
ဥပမာ သူ့ကံက လူဖြစ်မယ် ဒါပေမယ့် လူ့ဘ၀ စရောက်တာနဲ့ ချို့ချို့တဲ့တဲ့ သူတောင်းစား ဖြစ်မယ့်ကံဆို သူတောင်းစားဆီ သန္ဓေတည်မှာပေါ့ မဟုတ်ဘူးလား။
.
ဒီတော့မောင်လေးရယ် ….
အိမ်ထောင်ရှင် ကတောင့်တလို့  ကလေးဖြစ်လာတာ မဟုတ်ဘူး။
အဲကလေး ကံတွေက လူဖြစ်စေတာ မိဘက အထောက်အပံ့ ဘဲ အဓိက မဟုတ် ဘူး။
ဒါပေမဲ့  တဘက်က မိဘကို မှီပြီး လူဖြစ်ရလို့  မိဘကျေးဇူးကတော့ အလွန်ကြီးမားတယ်
အမှီ အဖြစ် ကျေးဇူးပြုလို့ ပါ ။
.
……… ဝဝဝဝဝဝဝဝဝဝဝဝဝဝ ……….
.
ခလေးယူလို့ ကုသိုလ် ဖြစ်မလား အကုသိုလ်ဖြစ်မလားဆိုတာကတော့ မိမိရဲ့ စေတနာကံ ကပဲ အဆုံးအဖြတ်ပေးမှာပါ
.
စေတနာကို အရကောက်ရင် ကလေးကို ဒုက္ခခံစေလို သုခခံစေလိုတဲ့စေတနာ ပါခြင်း မပါခြင်း နဲ့  အကုသိုလ်ဖြစ် မဖြစ် ဆုံးဖြတ်ရမှာပါ
.
လူသား တစ်ဦး ကို ပြုစုကုသိုလ် ရချင်တာ ဆိုရင် တော့ ထိုစိတ်ကလေးတော့ ကုသိုလ်ပေါ့
ထိုစိတ်မဟုတ်ရင်တော့ အကုသိုလ်ပေါ့
.
ဒုက္ခ ဘုံ လာပါစေလို့ ခေါ် လိုတဲ့စိတ် နဲ့ ဆို အကုသိုလ်။ ဒါပေမယ့် မိဘလောင်းတွေက အဲ့စိတ် မရှိတာ များမယ် တဏှာပိုင်းပဲ သာယာမှာကိုး။
.
မိဘတိုင်းကတော့ သားသမီးကို မျှော်လင့်ချက်တစ်စုံတစ်ရာမရှိပဲ အသက်ပေးချစ်ကြ ပြုစု ယုယကြတာပဲမဟုတ်လား ။
.
ဥပမာ-
မလိုချင်ပဲ ရတာ ။ မွေးပြီး ပြစ်လိုက်တာ ။ ဖျက်ချမရလို့ မွေးလာပြီး မိဘဆီ ဆွေမျိုးတွေဆီ ထိုးထားတာ နောက်အိမ်ထောင်ပြုပြီး မိမိရင်သွေးကို နှိပ်စက်တာ တွေကျတော့ တစ်မျိုးပေါ့ ။
.
ပြီးတော့ မကောင်းတဲ့ စိတ် စေတနာ အခံနဲ့ မိမိ Partner ကို လက်စားချေလိုစိတ် ၊ သူများ သားသမီး ကို တစ်ကယ် မယူနိုင်ပဲ ကာမကို ယူပြီး ကိုယ်ဝန်ရှိလာတော့ ရှောင်ပြေး စသည်ဖြင့် ကလေးရ ထိုကလေးလည်း ဒုက္ခရ ဆိုရင်တော့ အကုသိုလ်ပေါ့
ဒါလည်း ကလေးက သူ့ကုသိုလ်ကံအလိုက် သူတို့နဲ့တန်တာ သူလာတာ
.
………. 0000000000 ……….
.
ခလေးလိုချင်ခြင်းကိုက အမတို့ သာသနာတော်ရဲ့ သစ္စာရှုထောင့်ကကြည့်ရင် သမုဒယပဲ ။ မိမိချစ်တဲ့ အိမ်ထောင်ဘက်နဲ့ ပေါင်းစပ်ပြီးဖြစ်လာတဲ့ ကိုယ်ပွားကိုလိုချင်တာကိုး ။
.
သူကိုဒုက္ခပေးတာထက် ကိုယ့်ကိုယ်ကို ဒုက္ခပေးခြင်းပဲ။
ခလေးဖြစ်လာမဲ့ သတ္တဝါက ကုသိုလ်ကံအပြည့်ပါလာရင် ကုသိုလ် အကျိုးခံစားရဖို့ ကိုယ်က ထောက်ပံ့သလိုဖြစ်ပြီး
အကုသိုလ်ကံ အများစုပါလာရင် ဒုက္ခလာခံဖို့  ကိုယ်က အထောက် အပံ့ပြုတယ်လို့  ပြောရ လိမ့်မယ်။
.
သစ္စာရှုထောင်အရ ဘဝဖြစ်ခြင်းမှန်သမျှ ဒုက္ခပဲ ဒုက္ခခံဖို့ ပဲ
မိမိတို့ ဖာသာသာယာခြင်းကတော့ အကုသိုလ်ပေါ့ ဒါပေမယ် ခလေးကို သုခ ဒုက္ခ ခံစေ လိုစိတ် မပါရင် ခလေးနဲ့ ပတ်သက်ပြီး ကုသိုလ်အကုသိုလ်ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူးလေ
လူကျင့်ဝတ်ရှုထောင်အရတော့ အကုသိုလ် မဟုတ်ဘူးလေ။
.
ဘုရားရှင်ကိုယ်တော်တိုင်က မိမိရဲ့ သား သမီး ( မရှိခဲ့ရင် ) မွေးစား သား သမီး တို့ကို သာသနာထဲသွတ်သွင်းမှသာ အပါယ်တံခါးပိတ်မယ် သာသနာ့အမွေခံထိုက်တယ်လို့ ဟောတော်မူခဲ့ဘူးတယ်။
.
တစ်ခါ …. ကောသလမင်းကြီး ဘုရားထံရောက်ခိုက် မိဖုရားကြီး သမီးမွေးတဲ့အကြောင်း မင်းချင်းကလာသတင်းပို့တော့ ကောသလမင်းကြီးက သမီးမိန်းခလေးမွေးတဲ့အတွက် ရှက်ပြီး မျက်နှာမကြည်သာတဲ့အခါမှာ ဘုရားရှင်က ….
.
လောကကိုစောင့်ရှောက်ဘို့ သားသမီးလိုအပ်တယ် ။
သင်တို့အလိုရှိတိုင်း သားယောက်ျား ချည်းမွေးပါက မျိုးဆက် ၂ဆက်မှာတင် လူသား မျိုးနွယ်တွေ ဆိတ်သုဉ်း ကုန်လိမ့်မည်။
.
သားယောက်ျားလေးထက် သမီးမိန်းခလေးကပို၍ပင်လိုအပ်ပေတယ်။ သမီးမိန်းခလေး မမွေးခဲ့ရင် ဘုရင် ဆိုတာလည်း ရှိမလာနိုင် သူရဲကောင်းဆိုတာလည်း ရှိမလာနိုင်။
.
နောက်ဆုံး ဘုရားရှင်ဆိုတာလည်း ရှိမလာနိုင်ဘူး ။ ဒါကြောင့် သမီးမိန်းခလေးမွေးခြင်းသည် သားယောက်ျားလေးမွေးခြင်းထက် လောကကို ပို၍ အကျိုးပြုနိုင်ပေတယ်လို့ သားသမီး မွေးတာ နဲ့ ပတ်သက်ပြီးဟောတော်မူဘူးတယ်။
.
ဆိုတော့ သားသမီး လိုချင်လို့ ယူတာဟာ ကုသိုလ်ပြုတယ်လို့ မဆိုနိုင်သလို အကုသိုလ်ပြုတာလည်း မဟုတ်ဘူးလို့ အမကတော့ လူဗျိန်းနားလည်အောင်ပြောရလိမ့်မယ်။
.
ကဲ ….
ဒီလောက်ဆို ဘ၀င်ကျပြီလား ….
.
မာလုရဲ့ အမြင်ကို ပြောပါ ဆိုရင်တော့ ….
ကိုယ်ကမွေးတာနဲ့ လူတွေအားလုံးနဲ့ လောကက ခလေးတွေအားလုံးကို အတူတူပဲ လို့ မြင်တယ်
အားလုံးသတ္တ၀ါတွေပဲ ကိုယ်မွေးမှ မဟုတ်ဘူး အားလုံး အတူတူ ပဲလေ
ကိုယ်ကသာ မွေးတာ တစ်ကယ်တော့ ကိုယ်မွေးလည်း ကိုယ့်ဟာ မဟုတ်ဘူး လေ။
ဥတုဇ ရုပ်အဖြစ်သာ မိဘက အကူ။
သူ့ကံနဲ့သူလာပြီး ကိုယ့်ကို မှီပြီး လူ့လောက ရောက်လာတာ မဟုတ်လား ။
ဒီလောက်ပါပဲ …..
.
ကဲ
မောင်လေး ညီမလေးတို့အားလုံးပဲ ချမ်းမြေ့ကြပါစေ။
.


ဆရာတော် U War Ya Ma
ဆရာတော် Wana Warthi
အကိုတော် Ahmyin Hman
အကိုတော်ကို ထိန်လင်း တို့ကို ဦးတင်လျှက် ...။
.


No comments:

Post a Comment