Friday, December 15, 2017

အနာဂတ် ဘေးကြီး ( ၅ ) ပါး


မောင်လေး ညီမလေးတို့ရေ ….
နိဗ္ဗာန်ကိုမျက်မှောက်ပြုဘို့ရာ ဘယ်လောက်ခက်ခဲ့ကြောင်းပြောပြီးတဲ့နောက် ….
ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားတော်မူခဲ့တဲ့ အနာဂါတ်မှာ သာသနာတော်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် ဘေးကြီး ငါးပါးကို ပြောပြချင်ပါတယ် ….
ဘာလို့လဲဆို နူးတို့ ထေရ၀ါဒ သာသနာတော်ထွန်းကားရာ မြန်မာမှာလည်း မျက်မှောက် ခေတ်မှာ ဘုရားရှင်ဟော တော်မူ ခဲ့တဲ့ အနာဂါတ် ဘေးကြီးငါးပါးဟာ တစ်ပါးမကျန် ဖြစ်ပေါ် နေလို့ပါပဲ ။
.
ခုဆိုရင် နူးတို့မြန်မာမှာ …..
သောတာပန် တွေကလည်း သောတာပန် အဖွဲ့ ထောင်လို့
တချို့တရာစခန်းတွေကလည်း သေခါနီးလေးသာ တရားပြလိုက် ကောင်းရာ သုဂတိ တန်းရောက်တယ် ဘာမှမဟုတ်ပါဘူး တဲ့
.
တရားစခန်းကနေပြီး နတ်သမီးဖြစ်သွားတာပါဆိုပြီး နတ်သမီးက ၀င်ပူးပြီးမဲဆွယ်တဲ့ တရား စခန်း လည်း ရှိရဲ့
.
နောက်တစ်ကြိမ် တစ်စခန်းထလာတဲ့ မယားတွေ ငုတ်တုတ်ကြီး နဲ့ ရဟန္တာတွေစုနေတဲ့ မိုးပြာဂိုဏ်း
ပြန်လည်ဦးထောင်စပြုလာတဲ့ ကျောက်သဘောင်္
.
အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ပါဘူး သီဟိုဠ်က အဌကထာဆရာတွေ လက်စွမ်းပြ တာပါ ဆိုပြီး သက်သေ သက္ကာယ ပေါင်းများစွာနဲ့ သပ်လျှိုဝင်ရောက်လာတဲ့ အဖွဲ့
.
၂ပတ် အတွင်း တမဂ် ၂မဂ် ၃မဂ် ရအောင် အာမခံ နဲ့ တရားပြပေးပြီး Certificate ပါတန်း ပေးတဲ့ တရားစခန်း
ရဟန္တာဖြစ်အောင် လုပ်ပေးတဲ့တရားစခန်း
.
ဝေမာနိကပြိတ္တာ မြေဖုတ်ဘီလူးအနွယ်ဝင် ဥစ္စာစောင့်ကို သီလရှင်ဝတ်ပေးနေကြတဲ့ သာသနာ တွင်းက ဓမ္မန္တရာယ် သီလရှင်ဆရာ ကြီးများ
.
မိမိဘက်မပါလို့ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီး သံဃာကို ပုတ်ခတ် ဆဲဆိုနေကြတဲ့ သံဃာမီးသင့်မယ့်သူ များအဖွဲ့
.
သာသနာတော်ကို ခုတုံးလုပ်ပြီး ကျော်ကြား လာတဲ့ နာမည်နဲ့ မိမိ သားမယားတွေ မိဘ ဆွေမျိုးသားချင်းတွေကို သံသရာနဲ့ ရင်းပြီး လုပ်ကျွေးနေရှာတဲ့ တောထွက် အရှင် ဘုရား တစ်ချို့
.
သူတစ်ပါး အမှားကို စောင့်ကြည့်ပြစ်တင် အရှက်ခွဲပြီးမှ နေရာယူဘို့ ချောင်းနေတတ်တဲ့ အကုသိုလ် ကုန်ဝယ် တစ်ချို့
.
စတဲ့ ဗုဒ္ဓအလိုတော်နဲ့ ဆန့်ကျင်နေတာကိုမှ မောဟဖုံးလွှမ်းပြီး အမှန်လို့ ထင်နေသူတွေ အများကြီး ရှိနေပါပြီ
……….. ၀၀၀၀၀ ……….
.
ရံခါ သောတာပန်တွေက နူးကို စိတ်ပူပေး သနားပေး နေကြသေးတာ ။ နူးကိုဘာလာပြောကြလဲ သိလား ….
.
ဒီလောက် သိရက် တတ်ရက် ဥာဏ်ကောင်းပါလျှက်နဲ့ အချိန်တွေကို အလဟသတ်ဖြုန်း နေတယ် ။
.
လောလော ဆယ် တရားလေးကျင့်ပြီး သောတာပန်ဖြစ်မှ ကိုယ်လုပ်ချင်ရာ ဆက်လုပ်ပါ ခလေးရယ် တောင်းပန်ပါတယ်တဲ့ ။
မတော်တစ်ဆ သေသွားခဲ့ရင် ဘာမှရလိုက်မှာ မဟုတ်ဘူး တဲ့ ။
.
သူတို့ချစ်တာ စိတ်ပူ ပေးကြတာ နူးက ပီတိဖြစ်ရပါတယ် ။
ဒါပေမယ့် အရိယာဖြစ်ဘို့ ဘယ်လောက်ခက်ခဲလည်းဆိုတာ နူးကသိပေမယ့် သူ့တို့ အသိ အမြင်မှာ ၁၅ရက်လောက် တရားလေးထိုင်ယုံကိုး။ :'(
……. ၀၀၀၀၀ …….
.
နောက်တစ်ခုက ဥစ္စာစောင့်ဆိုတာ ဝေမာနိကပြိတ္တာအမျိုးအစားတွေထဲက မြေဖုတ်ဘီလူး ပါ။
.
လူတွေမြင်ရင် သတိလက်လွှတ် အသက်ရှုံးရလောက်အောင် ကြောက်စရာ ကောင်းတဲ့ သတ္တ၀ါတွေ ဖြစ်ပေမယ့် ။ မိမိကိုယ်ကို လှပအောင် ပုံစံအမျိုးမျိုးပြောင်းဖန်ဆင်းနိုင် သူတွေ ပါ။
.
ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ပဉာတ်တော်မူခဲ့တဲ့ သာသနာ့ဘောင် မ၀င်ထိုက် သူများ စာရင်း ထဲမှာ ပါ ပါတယ်။
.
ဒီမြေဖုတ်ဘီလူး အနွယ်ဝင် ဥစ္စာစောင့်တွေမှာ အမျိုးမျိုးရှိပါတယ်။
တရားသံ မကြားဝံ့သူ ( တရားသံကြားရင် အဝေးပြေးသူ )
တရားသံကြားရင် သောင်းကျန်းသူ
တရားနာတတ်သူ ( သာဓုတော့မခေါ် )
တရားနာပြီး သာဓုခေါ်တတ်သူ ( သာဓုခေါ်ပေမယ့် ဥစ္စစောင့် ဖြစ်ရတာ ကို တပ်မက် တွယ်တာပြီး သာဓုခေါ်ပေမယ့် တရားမရသူ ) စသည်ဖြင့်ပေါ့
အားတဲ့တစ်ရက် ဝေမာနိက ပြိတ္တာ အမျိုးအစားတွေ တင်ပေးပါ့မယ်။
.
ဒီဥစ္စာစောင့်တွေကိုဘုရားရှင်ရဲ့ပဉာတ်တော် အမိန့်အာဏာကိုလွန်ဆန်ပြီး သင်္ကန်းစည်း ပေးတဲ့ သရဏဂုံပျက်နေတဲ့ သင်္ကန်း စည်းတွေ
.
အဲ့ဒိကနေ နောက်ပိုင်း ဥစ္စာစောင် ဆရာကြီး ထံမှာ သင်္ကန်းတောင် သီလယူ ပြီး သာသနာ့ ဘောင်ဝင်ကြမယ်
.
နောက် ၃၇ မင်း သင်္ကန်းစည်းကြမယ် ။
အဲ့ ( ၃၇ ) မင်းကို ဥပစ္ဇျာယ်ပြုပြီး ရဟန်းဝတ် သီလရှင်ဝတ်ကြမယ် ။
ဒီလိုနဲ့ မြန်မာ့ ထေရ ဗုဒ္ဓ ဘာသာဟာ ရဟန်း သီလရှင်တွေ မလိုပဲ ( ၃၇ ) မင်းနဲ့ ဥစ္စာစောင့်တွေ သက်န်းစည်းပေးရင်၇တဲ့ သာသနာ ဖြစ်ရတော့မယ်။
( နတ်ကတော်တွေက စားပေါက်ပိတ် ငတ်စပြုနေပြီကိုး )
……. ၀၀၀၀၀၀ ……..
.
တစ်ဘ၀လုံးကြိုက်သလောက် မကောင်းတာလုပ် သေခါနီးသာ စိတ်လေး ထားတတ် အောင် ပြပေးမယ် သုဂတိဘုံကိုရောက်ရမယ်ဆိုတဲ့ တရားစခန်းကတစ်မျိုး
.
ဘုရားရှင်ရဲ့ လေးသင်္ချေ ကမ္ဘာ တစ် သိန်း ပါရမီဖြည့် ခဲ့တာကပဲ ပေါက်ကရ အပိုတွေလုပ်ခဲ့သလိုလို ….
……… ၀၀၀၀၀၀ …………
.
ဘုရားရှင်က ….
ဒါနံဝ အာဒိံ ကတွာ သမ္ဗောဓိံစ လဘန္တိတေ ….
ဒါန ဆိုတဲ့ စွန့်လွှတ်ခြင်းကို အစ အဦး ထားပြီး အရဟတ္တမင်္ဂဉာဏ် ၊ သဗ္ဗညုတဉာဏ် ရတော်မူကြတယ်လို့ အတိအလင်းဟော တော်မူခဲ့တဲ့အတိုင်း
ဒါနဟာ နိဗ္ဗာန်ကိုတက်လှမ်းရာ လမ်းစ သို့မဟုတ် အုတ်မြစ် ဖြစ်တယ်ဆိုတဲ့ တရားတော် ကို ဥပက္ခာပြုပြီး
.
ဒါနဆိုတာ သံသရာကိုဆွဲဆံ့တယ် ဒါနကိုဖြုတ်မှ သံသရာတိုလိမ့်မယ် ။ ဒါကြောင့် တရား စခန်း ပဲဝင် တရားကျင့် လို့ဆွယ်နေတဲ့ တရားစခန်းတွေနဲ့ အဲ့ဒိတရားစခန်းကနေ တရား ရပြီး ထွက်လာတဲ့ ( အရင်က ထက်ပိုပြီး လောဘ ဒေါသ အတ္တ တဏှာ ပိုကြီးလာတဲ့ ) သူတွေ ။
……….. ၀၀၀၀၀၀၀ ……….
.
နောက်
တစ်ပတ်အတွင်း ၁၅ ရက်အတွင်း သုံးလအတွင်း မဂ်ရအောင် အရဟတ္တဖိုလ်ဆိုက်အောင် ရဟန္တာဖြစ်အောင် အာမခံနဲ့ ပြပေးတဲ့ တရားစခန်း ကနေ ၁မဂ် ၂မဂ် ၃မဂ် ရဟန္တာ စတာတွေဖြစ်ပြီး အွန်လိုင်းမှာ ဆယ်ဖီးပုံ အမျိုးမျိုးတင် အဘိဓမ္မာသမားတွေနဲ့ ပတ် ရန်ဖြစ် နေတဲ့ ရဟန္တာဒေါ်ရူပမာလာတို့ အဖွဲ့
………. ၀၀၀၀၀၀ …………
.
စိတ်ကို အေးချမ်း တည်ငြိမ် ငြိမ်းချမ်းမှုပေးမှ မိမိနှလုံးသားမှာတရားအသိ ခိုအောင်းတယ် ဆိုတဲ့ ဗုဒ္ဓ၀ါဒကို ဆန့်ကျင်ပြီး မိမိကိုယ်ကို အထင်ကြီး ဆရာကြီးအထင်နဲ့ အွန်လိုင်းမှာ တရားငြင်း နေကြတဲ့ ပရမတ်ပြန်များ ။
……… ၀၀၀၀၀၀ ……..
.
ရဟန်းမပြောနဲ့ လေးငါးနှစ်သား သာမဏေ လေးတွေတောင် အနန္တောအနန္တဂိုဏ်းဝင် မိဘတွေနဲ ကြမ်းတစ်ပြေးထဲ ထိုင်ခွင့်မရှိတဲ့ သာသနာမှာ …..
.
သာသနာ့ဝန်ထမ်းရဟန်း သံဃာ သီလရှင် တွေကလည်း ဘုရားရှင် ချမှတ်ခဲ့တဲ့ ၀ိနည်း တော်တွေကို ကပျက်ကချော်ပြုပြီး
.
သာမန် ပုထုဇဉ် လူသားတွေ နဲ့ ထမင်းတွေလက်ဆုံစား
တစ်တန်းထဲထိုင် လိုထိုင် အနိမ့်မှာထိုင်လိုထိုင်
ဒါတောင် အားမရနိုင်သေးပဲ အစိုးရမင်းများက ကိုရင်တွေ သီလရှင်တွေကို ကြမ်းမှာ ထိုင်ခိုင်းပြီး ခုံပေါ်က တိတ္ထိ အယူရှိသူတွေကို မော်ဖူးခိုင်းတဲ့ အထိ
…….. ၀၀၀၀၀၀ ………
.
နိုင်ငံရေးကိုဘာသာရေးနဲ့ရောထွေး မိမိတို့ကိုယ်ကို သူတော်ကောင်းကြီးတွေ ပုံဖမ်းပြီး ၂၂၇ သွယ်သော သိက္ခာပုဒ်တွေကိုစောင့်ထိန်းနေတဲ့ သံဃာတွေကို အပြစ်ရှာ စော်ကား ပုတ်ခတ်ပြီး မိမိဘာသာကို ပြန်ပြီး အမြစ်က လှန်ချိုးနေကြတဲ့အဖွဲ့ ….
.
သံဃာတွေက ၀ိနည်းချိုးဖောက်မိရင် ပြန်လည်ကုစားလို့ရပါတယ် ။ ဆိုလိုတာ သူတို့မှာ ဖြေဆေး ရှိတယ်။
.
မိမိက သံဃာကို ပုတ်ခတ်စော်ကားမိရင်တော့ မိမိမှာဖြေဆေး မရှိဘူးဆိုတာတော့ သတိချပ်ဘို့ လိုပါလိမ့်မယ်။
.
ဒါကြောင့် ဖြေဆေး ရှိသူနဲ့ အဆိပ်ပြိုင်သောက်နေတာတွေကိုတွေ့ရတာ နူးတော့ သံသရာမှာလည်း သံဃာ့မီးအလောင် ခံရမှာဖြစ်သလို လက်ရှိဘ၀မှာလည်း လူမွေးလူတောင် မပြောင်တော့မယ့် သူတို့အဖြစ်တွေတွေးပြီး အတော်ရင်နာရပါတယ်။
……….. 000000 ……..
.
စတဲ့ သာသနာ ကွယ်ကြောင်းကို အားသွန်ခွန်စိုက်ပြုနေသူတွေ ဝေေ၀ဆာဆာနဲ့ နူးတို့ မြန်မာက ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ နူးတို့ကို လက်ပြ နှုတ်ဆက်စပြုပြုနေပါပြီ ။
.
ဒီလို အဖြစ်တွေကို ကြိုတင်သိမြင်တော်မူတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အနာဂါတ် မှာ ဖြစ်ပေါ်လာမယ့် ဘေးကြီး ငါးပါး အကြောင်း ခုလိုဟောခဲ့ပါတယ် ။
.
ရဟန်းတို့ ငါဘုရားလွန်ပြီး နောင်အခါမှာ ဤအနာဂါတ်ဘေး ( ၅ ) ပါးတို့ ဖြစ်ပေါ်လိမ့်မည် ။
ထို အနာဂါတ် ဘေး ( ၅ ) ပါးတို့ကို သင်တို့ ကြိုသိထားကြရမည် ။
ကြိုတင်သိထားပြီး၍ လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်
.
ရဟန်းတို့ ….


ကာယာနုပဿနာကို ပွားများပြီး မဟုတ်ကြကုန်သော၊
သီလကိုပွားများပြီး မဟုတ်ကြ ကုန်သော၊
သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊
ပညာကို ပွားများပြီး မဟုတ်ကြ ကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည်
မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြား တပည့် လူသာမဏေ တို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။
ဤနည်းအားဖြင့်
.
ဝိနည်း ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မ ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပ ခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။
ဝိနည်း ပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။


.
ရဟန်းတို့ ….
.
ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်း ဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်း ဆရာတို့၏ တပည့်အဆက်ဆက် တို့သည်လည်း
.
ကာယာ နုပဿနာကို မပွားများကြကုန်၊
သီလကိုမပွားများကြ ကုန်၊
သမာဓိစိတ်ကို မပွားများကြကုန်၊
ပညာကို မပွားများကြကုန်၊
.
တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည်မဟုတ်ကုန်။
.
ဤနည်းအားဖြင့်
ဝိနည်း ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မ ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပ ခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။
ဝိနည်း ပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။
.
ရဟန်းတို့ …..
အကြင်ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ
ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြ ပါဘဲလျက်
အဘိဓမ္မာ နှင့်စပ်သော တရားစကား၊
.
ဉာဏ်ပညာ နှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတစ်ပါး တို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့်
.
ဒေသနာ လမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍
သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့၊
.
ဒေါသစိတ်ဖြင့် သူတစ်ပါးကို ပုတ်ခတ်လျက်လည်းကောင်း၊
ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက် လည်းကောင်း၊
လာဘသက္ကာရကို မျှော်ကိုးလျက် လည်း ကောင်း
ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျိုသော အကုသိုလ်ဘက်သို့ သက် ရောက် ကူးပြောင်း သွားကြလိမ့် မည်။
.
ဤနည်းအားဖြင့် ……
ဝိနည်း ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မ ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပ ခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။
ဝိနည်း ပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။
.
ချစ်သားတို့ …..
ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့်
ခက်ခဲ နက်နဲ ကုန်သော
ခက်ခဲ နက်နဲသော အနက်အဓိပ္ပါယ်ရှိကြကုန်သော
လောကုတ္တရာ တရားကိုးပါးကို ဖော်ပြကုန်သော
သတ္တ၀ါကောင်၊
အသက်ကောင်၊
အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊
အာယတန၊
ဓာတ်၊
သစ္စာ၊
ပဋိစ္စသမုပ္ပာဒ် တရားသဘော သက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟော တရားတော် တို့ကို ဟောပြအပ်ကုန်သည်ရှိသော်
မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်း လင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။
.
ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင် ကြကုန်၊
.
သာသနာပြင်ပ ပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ
လိုလို ချင်ချင် နားထောင်ကြကုန်၊
စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊
သင်ကြား ဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန် လတ္တံ့။
.
ဤနည်းအားဖြင့်
ဝိနည်း ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပ ခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။
ဝိနည်း ပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။
.
ချစ်သားတို့ …….
.
ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီးမဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည်
ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊
.
သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့ လျော့လျော့ ကျင့်ကြကုန်၊
.
အောက် အပါယ်ဘုံသို့ရောက်ကြောင်း မကောင်းသောအကျင့်များ၌ ရှေ့သွားပဓာန ထားကြကုန်၊
.
မဂ်ဖိုလ် ရကြောင်း ကောင်းမြတ်သောကျင့်စဉ်များ၌ တာဝန်မဲ့အားထုတ်မှု လုံ့လ၊ ၀ီရိယကို လျှော့ချ ထားကြကုန်လတ္တံ့။
.
ထိုရဟန်းတို့၏ နောင်လာနောက်သားတပည့်များလည်း
ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့ အပြုအမူ အတိုင်း ပြုကျင့်ကြ လိမ့်မည်။
.
ဤနည်းအားဖြင့်
ဝိနည်း ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မ ပျက်စီးကွယ်ပခြင်း ဖြစ်လိမ့်မည် ။
ဓမ္မပျက်စီးကွယ်ပ ခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။
ဝိနည်း ပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။
.
ပဉ္စိမာနိ ဘိက္ခဝေ အနာပတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိအယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ၀ါယမိတဗ္ဗံ” (အံ-၂-၉၃၊ ၉၅)
.
ထိုဘေးကြီးငါးမျိုးတို့ နောင်အခါဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ကြိုတင် သိထားကြ ရမည်။ ကြိုတင် သိထားအောင် လေ့လာစုံစမ်းထောက်လှမ်းထားကြရမည်။
ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည် ……
လို့ဟောတော်မူခဲ့ပါတယ်။
…… 000000 …….
.
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဘေးကြီးငါးမျိုးတို့ဟာ မြန်မာနိုင်ငံတော်အတွင်း အနည်းအများပမာဏ ကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါတယ်။
ဘုရားရှင်ဟောတော်မူခဲ့တာထက်ပင် ပိုမိုဆိုးရွားလာတာတွေ့ရပါတယ်။
.
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဓမ္မ၀ါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိခြင်း တို့ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လာတာ တွေ့ရ ပါတယ်။
.
အဓမ္မ၀ါဒီများဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများ ကိုတောင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏ၀ါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန် …..
.
ထေရ၀ါဒဗုဒ္ဓသာသနာမှာ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူ နေကြ ရတဲ့ အဋ္ဌကထာ များကိုလည်း ….
.
အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓ၀ါဒ အစစ် အမှန် များ ကွယ်ပျောက်နေရသည်ဆိုပြီး ၀ါဒဖြန့်ခြင်း ….
.
စတာတွေနဲ့ အထက်မှာ နူးပြောခဲ့သလို သာသနာတော်ဝင်တွေကိုယ်တိုင် သာသနာ တော်ကို မြေလှန်နေတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
.
သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ
ဤလောက၌ သာသနာတော်မည်သည် မင်းကိုမှီ၍ တည်တံရ၏
ဆိုတဲ့ အဆိုအမိန့် ရှိပေမယ့် ……
.
ထားပါတော့ ….
ဘုရားရှင်ကလည်း ဒီအခြေအနေတွေကို သိမြင်တော်မူပြီး ကြိုတင် သတိပေး ဟောကြားတော် မူခဲ့သလို …..
.
လက်ရှိ နူးတို့မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ သာသနာတော်ဟာ ဘုရားရှင်ဟောကြားတဲ့ ဘေးကြီးငါးပါးနဲ့ ထိပ်တိုက်ရင်ဆိုင် ပြီး သာသနာတော် ကွယ်ဘို့ အရှိန်ယူပြုနေပါပြီ ….
.
နူးတို့ရဲ့ ဗုဒ္ဓဘာသာဝင် ရှေး ဘိုး ဘေးများရဲ့ လက်ဆင့်ကမ်းလာတဲ့ ကျေးဇူးတော်တွေ ကြောင့် နူးတို့ဟာလက်ရှိ အချိန်ထိ ဗုဒ္ဓ ဘာသာဝင်များအဖြစ် …..
အရင်လိုမဟုတ်တော့ပေမယ့် အတိုင်းအတာ တစ်ခုထိ အေးချမ်းစွာ ဘုရားသွား ကျောင်းတက် ဒါန သီလ ဘာဝနာလေး ပြုနေနိုင်ကြသေးပါတယ်။
.
နူးတို့လက်ထက်ရောက်မှ တာဝန်တွေပျက်ကွက်ပြီး သာသနာတော် ကွယ်ရမယ့် အဖြစ် ကိုဦးတည်နေတာကတော့ အတော်ပဲ ၀မ်းနည်းဘို့ကောင်းပါတယ်။
.
ဒီတော့ နူးတို့တစ်တွေက ….
လက်ရှိဖြစ်ပေါ်နေတဲ့ သာသနာကွယ်ကြောင်း ဘေးကြီးတွေကို သိရှိပြီးတဲ့နောက် မြတ်စွာဘုရားရှင် ဆုံးမတော်မူတဲ့အတိုင်း ဒီဘေးတွေကို သုတ်သင် ဖယ်ရှား တားမြစ်ပြီး ….
.
နူးတို့ ပတ်ဝန်းကျင် နဲ့ နူးတို့ရဲ့ သားမြေးတွေကို လမ်းမှားတွေ မလိုက်မိအောင် ငယ်စဉ်ထဲက နှလုံးသားထဲ သာသနာတော်အုတ်မြစ်ချပေးခြင်း
.
( ၃၈ ) ဖြာ မင်္ဂလာ ၊ ( ၅၅၀ ) နိပါတ်တော် ….စတာတွေကို ခလေးတွေ ညအိပ်ရာဝင်ပုံပြင်အဖြစ်ပြောပြခြင်း ။
.
ယဉ်ကျေးလိမ္မာ ကျောင်းများသို့ပို့ခြင်း
အခါကြီးရက်ကြီးနဲ့ ၀ါတွင်းသုံးလ မှာ ခလေးတွေကို ဘုရားသွားကျောင်းတက် ဥပုသ်သီတင်းသီလ ဆောက်တည်စေခြင်း
မိမိသားသမီးဆွေမျိုးများကို သာသနာ့ဘောင်သွင်းပြီး သာသနာ့အမွေခံစေခြင်း
သာသနာ့ဝန်ထမ်း ရဟန်း သံဃာတော် ရွာဦးကျောင်း ဆရာတော်ကြီးများ ရဲ့ အဆုံးအမကို ပုံမှန် ခံယူစေခြင်း ၀ိနည်းထိုရ် သံဃာများ ဆရာတော်များနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေစေခြင်း
.
စတာတွေ ပြုပေးခြင်း အားဖြင့်
နောင်လာနောက်သားတွေကို သာသနာတော်အမွေ လက်ဆင့်ကမ်းနိုင်အောင် နူးတို့ ကြိုးစား ကြရ အောင်နော်။
.
ချမ်းမြေ့ကြပါစေရှင် ……
.
( ဘုရားရှင်ဟောတော်မူတဲ့ အနာဂါတ် ဘေးကြီး ( ၅ ) ပါးကို တင်ပေးပါလို့ ညီမလေးတစ်ယောက် လာတောင်းထားတာကို နူးတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး ပိုစ့်တင်ပေးတာပါ အမှားပါခဲ့ရင် အရှင်ဘုရားများ ပြင်ပေးတော်မူကြပါ )




No comments:

Post a Comment