မတ်လပဌမပတ်ထဲမှာ နိုင်ငံတော်သြ၀ါဒါစရိယဆရာတော်ကြီးများ အစည်းအဝေးသို့ နိုင်ငံတော်သြ၀ါဒါစရိယ ရွှေကျင်နိကာယကရတ္တညူမဟာနာယက ဖြစ်တော်မူသော အလုံတပ်မြို့ဆရာတော်ဘုရားကြီး ကြွရောက်လာ တာမို့ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်ကို သွား ရောက်ဖူးမြင်ရှိခိုးကန်တော့ကာ ဆရာတော်ဘုရားကြီးဆီကနေ သြ၀ါဒခံယူခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးဟာ သက်တော်ကိုးဆယ်နားကပ်နေပေမယ့် မှတ်ဥာဏ်တွေကတော့ မိမိတို့လို ငယ်ရွယ်သူတွေထက် အပုံကြီးသာ ပါတယ်။ ပါဠိသဒ္ဒါကျမ်းတွေကို သက်တော်ကိုးဆယ်နားကပ်နေသည့်တိုင်အောင် ကြည့်ရှု့လေ့လာနေဆဲဖြစ်သ လို ၀ိနည်းအဆုံးအဖြတ်တွေနဲ့ ပတ်သက်လာရင်လည်း အရေးတယူရှိလောက်သည့် အခြားဆရာတော်ကြီးတွေ နဲ့ တွေ့တဲ့အခါတိုင်းလည်း နှီးနှောဖလှယ်နေဆဲပါ။
ပိဋကသုံးပုံ ပါဠိတော်အဋ္ဌကထာ ဋီကာကျမ်းစုံ အစမှအဆုံး တိုင်အောင် သုံးခေါက်ထက်မနည်း ဖတ်ရှု့လေ့လာပြီးသားလည်း ဖြစ်ပါတယ်။ အကျင့်သီလဘက်ကဆိုရင် လည်း ခင်မွန်သုံးဂိုဏ်းချုပ်အနွယ်အဆက်မှ ဆင်းသက်လာတဲ့ ဆရာတော်ကြီးပီပီ အင်မတန်ဝိနည်းတော်ကို လေးလေးစားစားနဲ့ ကျင့်သုံးလိုက်နာတော်မူပါတယ်။
ရဟန်းတစ်ဝါအရမှာ ``ဒီကိုယ်တော်လေးက သာသနာအ တွက် အားကိုးအားထားပြုနိုင်လောက်တဲ့ အရည်အချင်းအရှိတယ်´´လို့ ဒသမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဘုရားကြီးက မှတ်ချက်စကား ပြောကြားခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီး အိပ်ခန်းထဲဝင်ရောက် အနားယူတဲ့အခါမှာ
ဆရာတော်ကြီးကိုပြုစုဖို့ရန် လိုက်ပါလာတဲ့ ဒက္ခိဏာရုံဘုန်းတော်ကြီးနဲ့အတူ
သာကြောင်းမာကြောင်းကနေ လက်ရှိဖြစ်နေပျက်နေတဲ့ ဘာသာရေးသာသ နာရေးမှသည်
အခြားသောအကြောင်းအရာတို့ကိုပါ တစ်နာရီပါးပြောဆို ဆွေးနွေးဖြစ်ပါတယ်။
ညနေစောင်း ရောက်တော့ နှုတ်ဆက်ကန်တော့ပြီး အခန်းထဲကအထွက်မှာ ``ဦးဇင်း ပါစိတျာဒိအဋ္ဌကထာ စာမျက်နှာ၁၈၁က နေ စဖတ်ကြည့်လိုက်စမ်းပါဦး´´လို့ တိုက်တွန်းစကားပြောကြားလိုက်ပါတယ်။
ဒက္ခိဏာရုံဘုန်းတော်ကြီးရဲ့ ကျမ်းညွှန်းကို ဖတ်ရှု့ကြည့်လိုက်တဲ့အခါမှာ ရဟန်းတစ်ပါးအနေနဲ့ မဖြစ်မနေ သိမှတ်ထားရမယ့် အရာတွေ ဖြစ်နေတာကို သိရှိလိုက်ရပါတယ်။
အင်မတန်မှကို သိမှတ်ဖွယ်ရာကောင်းတာမို့ နားလည်လွယ်မယ့် အရပ်သုံး စကားနဲ့ မူလအဓိပ္ပါယ်မပျက် ပြောပြပေးပါ့မယ်။
ဘိက္ခုလို့ခေါ်တဲ့ ရဟန်းယောကျာင်္းဖြစ်စေ ဘိက္ခုနီလို့ခေါ်တဲ့ ရဟန်းမိန်းမဖြစ်စေ မိမိနေထိုင်တဲ့ကျောင်းကို အနှောက်အယှက်ပြုနေသော ကျောင်းပိုင်သစ်ပင်စသည်တို့ကို ဖျက်ဆီးနေသော ကျောင်းပိုင်ပစ္စည်းများကို ခိုးယူလုယက်သော သူခိုးဓားပြလူရမ်းကားများကို တရားမစွဲကောင်းပါဘူး။
သူခိုးကို ဖမ်းယူခြင်းငှါ အခွင့်အာဏာ ရှိသော ရဲစသော ဆိုင်ရာအာဏာပိုင်များကိုလည်း နာမည်နှင့်တကွ အတိအကျမတိုင်ကောင်းပါဘူး။ ခိုးနေတာ ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတဲ့အခါမှာလည်းပဲ သူခိုးသူခိုးစသဖြင့် မအော်ကောင်းပါဘူး။
``မိမိတို့ကျောင်း ကို သူခိုးဓားပြလူရမ်းကားတို့ နှောက်ယှက်ဖျက်ဆီး ခိုးယူနေပါတယ်။ နောင် အခါမှာ နှောက်ယှက်ဖျက်ဆီး ခိုးယူမခံရအောင် အစောင့်အရှောက်ပေးပါ။
ကျောင်းကမည်သည့် ပစ္စည်းပျောက်သွားပါတယ်။ ပြန်လည်ရရှိ အောင် ပြုလုပ်ပေးပါ´´လို့သာ ရဲစသော ဆိုင်ရာအာဏာရှိသူများကို ပြောဆိုကောင်းပါတယ်။
နာမည်တပ်ပြီး အတိအကျ မတိုင်တန်းကောင်းပါဘူး။ တရားလည်း မစွဲဆိုကောင်းပါဘူး။ မိမိစကားနားထောင်တဲ့ ရဲစသော ဆိုင်ရာအာဏာပိုင်များကိုတော့ ``မိမိကျောင်းက မည်သည့်ပစ္စည်းကို မည်သူခိုးယူသွားပါတယ်။ ပစ္စည်းကိုသာ ပြန်လည်ရရှိအောင် ပြုလုပ်ပေးပါ။ သူ့ကိုတော့ ဒဏ်မတပ်ပါနဲ့´´လို့ ပြောဆိုကောင်းပါတယ်။
အကယ်၍ နာမည်တပ်ပြီး တိုင်းတန်းလိုက်လို့ ဆိုင်ရာအာဏာပိုင်များက သူခိုးဓားပြလူရမ်းကားတို့ကို ဒဏ်ငွေ ချမှတ်ခဲ့ရင် အဲဒီဒဏ်ငွေကို တိုင်းတန်းသူက သူခိုးစသောသူရဲ့အစား ပေးဆောင်ရပါမယ်။ မပေးဆောင်ပါပဲနဲ့ ``သင့်ကိုဒဏ်ငွေတပ်တာ ငါ့ကိုတပ်တာ မဟုတ်ဘူး။ သင့်ကိုယ်စား ငါကမပေးနိုင်ဘူး´´လို့ ပြော ဆိုလိုက်တာ နဲ့ တစ်ပြိုင်နက် အဆိုပါရဟန်းယောကျာ်း ရဟန်းမိန်းမဟာ ရဟန်းဘ၀ကို ဆုံးရှုံးစေတဲ့ ပါရာဇိအာပါတ်သင့်ပါ တယ်။ ဒဏ်ငွေက ငါးပဲမျှသော ဒဏ်ငွေလေးဆိုရင်တောင်မှ ပါရာဇိကအာပါတ်သင့်ပါတယ်။
နာမည်တပ်ပြီး မတိုင်တန်းပါပဲ ဆိုင်ရာအာဏာပိုင်များက သူတို့ဘာသာစုံစမ်းဖမ်းဆီးပြီး ဒဏ်ငွေချမှတ်ရင်တော့ ပါရာဇိကအာ ပါတ်မသင့်ပါဘူး။ ရဟန်းယောကျာ်းဖြစ်စေ ရဟန်းမိန်းမဖြစ် မိမိကမှန်နေရင်တောင်မှ လူပုဂ္ဂိုလ်စသည်တို့ကို တရားမစွဲဆိုကောင်းပါဘူး။ နာမည်တပ်ပြီး မတိုင်တန်းကောင်းပါဘူး။
ရဟန်းယောကျာင်္းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မမှန်မကန်လုပ်ကြံပြီး လူပုဂ္ဂိုလ်စသည်တို့ကို တရား မစွဲကောင်းပါ ဘူး။
တရားစွဲလို့ တရားသူကြီးက အမှုကိုလက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ကဋ်အာပါတ် ထုလ္လစ္စည်းအာပါတ် သံဃာဒိသေသ်အာပါတ်စသဖြင့် ဆိုင်ရာအာပါတ်တို့ သင့်ရောက်ပါတယ်။ တရားရုံးကို သွားရောက်တဲ့ ခြေ လှမ်း တိုင်း ခြေတစ်လျှင် ဒုက္ကဋ်အာပါတ်တစ်ချက် သင့်ရောက်ပါတယ်။ တရားအနိုင်ရရှိခဲ့ရင် ရဟန်းဘ၀ကို ဆုံးရှုံးစေ တဲ့ ပါရာဇိအာပါတ်အထိ သင့်ရောက်နိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ရဟန်းတော်များဟာ ကိုယ့်ဘက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူပုဂ္ဂိုလ် စသောသူတို့ကို လုံးဝလုံးဝ တရားမစွဲဆိုကောင်းပါဘူး။
နာမည်နဲ့တ ကွ အတိအကျ မတိုင်တန်းကောင်းပါဘူး။ တကယ်တော့ ရဟန်းတော်နဲ့ တရားဥပဒေဆိုတာ လားလားမျှ မအပ်စပ်ပါဘူး။ တရားဥပဒေနဲ့ ရဟန်းနဲ့ဆိုတာက မိုးနဲ့မြေလိုပါပဲ။ နီးတယ်ထင်ရပေမယ့် အရမ်းဝေးကွာလွန်းပါ တယ်။
ပါစိတျာဒိအဋ္ဌကထာကို ဖတ်ပြီးနောက်မှာ လက်ရှိသာသနာရေး ဘာသာရေး နိုင်ငံရေးအခြေအနေတို့ကို ဆက် စပ်စဉ်းစားနေရင်းနဲ့ အဖြစ်အပျက်သုံးခုကို သွားသတိရမိပါတယ်။
တစ်ခုက မင်းတုန်းမင်းကြီးလက်ထက်က ဖြစ်ပျက်ခဲ့တာပါ။ တစ်ခုကတော့ ဘုရားမပွင့်ခင်က အဖြစ် အပျက်ပါ။ တစ်ခုကတော့ ဟိတောပဒေသနီတိကျမ်း လာ အဖြစ်အပျက်ပါ။
မင်းတုန်းမင်းတရားကြီး လက်ထက်တုန်းက ရှမ်းကလေးကျွန်းဆရာတော်က ရဟန်းသာမဏေများ ကျန်းမာရေး ကောင်းမွန်လျက် မြို့တွင်းရွာတွင်း ဖိနပ်စီးထီးဆောင်းသွားရင် အလဇ္ဇီဒုဿီလ-အကျင့်ပျက် အရှက်မရှိသော ရဟန်းသာမဏေလို့ သတ်မှတ်ကာ ဒကာဒကာမများက ဆွမ်းသင်္ကန်း ကျောင်းဆေး ဟူသော ပစ္စည်းလေးပါး မလှုဒါန်းကြဖို့ရန် ၀ိနည်းဖြတ်ထုံးရေးပြီး မင်းတုန်းမင်းကြီးဆီကို ဆက်သွင်းပါတယ်။
မင်းတုန်းမင်းကြီးကလည်း ရှမ်းကလးကျွန်းဆရာတော်ကို ကြည်ညိုရင်းစွဲရှိတာမို့ ဆက်သွင်းလာတဲ့ ၀ိနည်းဖြတ်ထုံးကို သုဓမ္မာဆရာတော် တို့ကို ပြသတိုင်ပင် အတည်ပြုချက်ရယူပြီး တရားဥပဒေအဖြစ် သတ်မှတ်ပြဋ္ဌာန်းကာ နိုင်ငံအ၀န်းကို ကြေငြာ ချက်ထုတ်ပြန်ခဲ့ပါတယ်။
ဝိနည်းတော်အရ ကျန်းမာရေးကောင်းမွန်ပါလျက် မြို့တွင်းရွာတွင်း၌ ရဟန်းသာမဏေများ ဖိနပ်စီး ထီးဆောင်း ရင် ရဟန်းဆိုရင် ဒုက္ကဋ်အာပါတ်သင့်ပြီး ရှင်သာမဏေကိုရင်ဆိုရင် ဒဏ်သင့်ပါတယ်။ ရဟန်းက ဒေသနာကြား ပြီး ကိုရင်က သဲဒဏ်ရေဒဏ်ကို ခံယူလိုက်ရင် အပြစ်ကျေပါတယ်။
သဲဒဏ်ရေဒဏ်ဆိုတာက ဒဏ်ထိုက်တဲ့ ကိုရင်ကို ဆိုင်ရာတာဝန်ရှိ ရဟန်းတော်များက ရေဘယ်နှစ်ခေါက် ထမ်းရမယ်။ သဲဘယ်နှစ်ခေါက်ထမ်းရမယ်ဆို လို့ အပြစ်ပေးခြင်းကို ဆိုလိုတာပါ။ အာပါတ်ခုနှစ်မျိုးထဲမှာ အသေးဆုံးအာပါတ်ကလေးကို ဇာချဲ့ပြီး ပြစ်ဒဏ်အ ကြီးကြီး ချမှတ်ခြင်းဟာ သွေးရိုးသားရိုး ကိစ္စမ ဟုတ်ဘူးလို့ ဗန်းမော်ဆရာတော်ကြီးက ယူဆပါတယ်။
ရှမ်းက လေးကျွန်းဆရာတော်က ကသည်းလူမျိုးဖြစ်တာမို့ ဘာသာဘာဝအရ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပေမယ့် အ ခြားမျိုးနွယ်စုမှ မွေးဖွားလာကြတဲ့ ရဟန်းသာမဏေများက ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
ပြီးတော့ မြန်မာနိုင်ငံ ဟာ ဘုရားရှင်ခေတ်က အိန္ဒိယလို ရာသီဥတုမညီမျှပါဘူး။ အကယ်၍ ဖိနပ်မစီး ထီးမဆောင်းရလျှင် ရဟန်းသာမ ဏေများ မကျန်းမမာဖြစ်ကာ အကျိုးထက် အပြစ်က ပိုများဖွယ်ရာရှိတယ် လို့ ဗန်းမော်ဆရာတော်ကြီးက ယူဆပါ တယ်။
ဒါကြောင့် ရှမ်းကလေးကျွန်းဆရာတော်ကို ၀ိနည်းနဲ့ပတ်ပြီး မျက်နှာချင်းဆိုင်ကာ ပြောဆိုဆွေးနွေးဖို့ စာချိုးပြီး စိန်ခေါ်လိုက်ပါတယ်။
မန္တလေးတောင်ပေါ်မှာ နန်းတော်ဘက်ကို မျက်နှာမူပြီး လက်ညှိုးထိုးနေတဲ့ ဗျာဒိတ်ပေးရပ်တော်မူ ဆင်းတုတော် ကြီးတစ်ဆူရှိပါတယ်။ အဲဒီဆင်းတုတော်ရဲ့ လက်ညှိုးမှာ ``ဟိုဘက်ခြံကနွားကြီး သာသနာရေးကိစ္စ နားမလည် ပဲ ၀င်မရှုပ်နဲ့။ ငြိမ်ငြိမ်နေ´´လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တစ်ခုကို ဗန်းမော်ဆရာတော်ကြီးက ချိတ်ဆွဲထား လိုက်ပါတယ်။
ဘာသာရေး သာသနာရေးကိစ္စကို ခြေခြေမြစ်မြစ်နားမလည်ပဲ ဘာသာရေး သာသနာရေးကိစ္စကို ဥပဒေပြဋ္ဌာန်းတဲ့ မင်းတုန်းမင်းကြီးကို နွားကြီးသတ်မှတ်ခေါ်ဆိုလိုက်တဲ့ သဘောဖြစ်ပါတယ်။
တစ်ခါတုန်းက မင်းဥယျာဉ်စောင့်တစ်ဦးဟာ နက္ခတ်ပွဲသဘင်ကျင်းပရာ မြို့တွင်းဘက်ကနေ ဂီတသံတွေကို ကြားရတဲ့အခါမှာ နက္ခတ်ပွဲသဘင်ကို သွားရောက် ပျော်မြူးလိုတဲ့စိတ် ဖြစ်ပေါ်လာပါတယ်။
အဲဒီမင်းဥယျာဉ်ကြီး ထဲမှာ မျောက်တွေအများကြီးလည်း နေထိုင်ကြပါတယ်။ ဒါကြောင့် ဥယျာဉ်စောင့် ဟာ မျောက် အကြီးအကဲကို ``အချင်းမျောက်ကြီး ဤဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။
သင်တို့သည် ဥယျာဉ်မှထွက်ရှိသော အသီး အပွင့်အရွက်တို့ကို စားသုံးကြရ၏။ မြို့တွင်း၌ နက္ခတ်ပွဲသဘင် ကျင်းပနေ၏။ ငါသည် နက္ခတ်ပွဲသဘင်သို့ သွား ရောက်ပျော်မြူးချေအံ့။ အကြင်မျှလောက် ငါသည်မလာအံ့။ ထိုမျှလောက် ဥယျာဉ်အတွင်းရှိ သစ်ပင်ငယ်တို့ကို ရေလောင်းပေးခြင်းငှါ တတ်နိုင်ကုန်အံ့လော´´လို့ မေးမြန်းပြောဆိုပါတယ်။
မျောက်ကြီးကလည်း သစ်ပင်ငယ် တို့ကို ရေလောင်းပေးမယ်ဆိုတဲ့အကြောင်း ကတိပေးပါတယ်။ ဥယျဉ်စောင့်ဟာ အထပ်ထပ်အခါခါ မှာကြား ပြောဆိုပြီးတော့ ရေလောင်းဖို့ရန် သားရေအိတ် သစ်သားပုံးတို့ကို ပေးအပ်ပြိး နက္ခတ်ပွဲသဘင်သို့ သွားရောက် ပါတယ်။
မျောက်ကြီးဟာ နောက်လိုက်ဖြစ်သော နောက်လိုက်မျောက်များနဲ့ အတူတကွ သစ်ပင်ငယ်များ ကို ရေလောင်း နေ ရင်း နဲ့ ``အို မျောက်တို့ ရေမည်သည် တန်ဖိုးရှိ၏။ အလွန်ရခဲ၏။ ထို့ကြောင့် သင်တို့သည် သစ်ပင်ငယ်တို့ကို နှုတ်၍ ကြည့်ကြကုန်။
အမြစ်တိုသော အပင်တို့ကို ရေအနည်းငယ်သာ လောင်း၍ အမြစ်ရှည်သော အပင်တို့ ကို ရေများ စွာလောင်းကြ ကုန်။´´လို့ ပြောကြားလိုက်ပါတယ်။
မျောက်များကလည်း မျောက်ကြီးပြောတဲ့အတိုင်း ပြု လုပ်ကြပါတယ်။ အဲဒီအချိန်မှာ ဥယျာဉ်ထဲသို့ ပညာရှိယောကျာင်္းတစ်ယောက်က ၀င်ရောက်လာခဲ့ပါတယ်။ သူဟာ မျောက်တွေ ရေလောင်းနေ ပုံကို မြင်လိုက် ရတာကြောင့် ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ မေးမြန်းတဲ့အခါ မှာ မျောက်ကြီးက အကြောင်းစုံကို ရှင်းလင်းပြောပြပေးပါတယ်။
မျောက်ကြီးရဲ့ ပြောစကားကို ကြားလိုက်ရတဲ့ ပညာရှိက ``ပညာမရှိသောသူသည် အကျိုးစီးပွားကို ပြုအံ့ဟူ၍ ကြံစည်စဉ်းစားကာ အကျိုးစီးပွားကို ပြုလုပ်ပါသော်လည်း အကျိုးစီးပွားမဲ့ကိုသာ ပြုလုပ်မိလေ၏။
အကျိုးရှိခြင်း မရှိခြင်းကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသောသူသည် ပစ္စုပ္ပန်တမလွန် နှစ်တန်သော အကျိုးစီးပွား ကို ပြုလုပ်ပါသော် လည်း ပြုလုပ်ခြင်းငှါ မစွမ်းနိုင်ကုန်။
သစ်ပင်ငယ်တို့အား ရေလောင်းနေသော မျောက်တို့သည် အကျိုးစီးပွားကို ပြုအံ့ဟူ၍ ကြံစည်ကာ ပြုလုပ် ပါသော်လည်း အကျိုးမဲ့ကိုသာလျှင် ပြုလုပ်မိလေ၏။
အကျိုးရှိခြင်း မရှိခြင်းကို ခွဲ ခြားသိမြင်နိုင်စွမ်းမရှိသောသူသည် အကျိုးစီးပွားဖြစ်ထွန်းအောင် မပြု လုပ်နိုင်ကြကုန်´´လို့ ပြောဆိုကာ ဥယျာဉ် ထဲမှ ထွက်ခွါသွားခဲ့ပါတယ်။
တစ်ခါတုန်းက ကပူရပဋအမည်ရှိ ခ၀ါသည်တစ်ယောက်ဟာ နုနယ်ပျိုမျစ်သော ဇနီးမယားလေးနဲ့ ညနက် သည့် တိုင်အောင် ကလူကျီစယ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။
အဲဒီအချိန်မှာ အလစ်ချောင်းနေတဲ့ သူခိုး က အိမ်တွင်းသို့ ၀င်ရောက်ပါတယ်။ သူခိုးဝင်ရောက်လာတာကို မြင်တွေ့လိုက်ရတဲ့ ခ၀ါသည်ရဲ့မြည်းက အနား မှာရှိတဲ့ ခွေးကို ``အဆွေ သင်၏တာဝန်ဖြစ်ပါလျက် အဘယ့်ကြောင့် အသံကျယ်စွာဟောင်ပြီး သခင်ကို မနှိုးသ နည်း´´လို့ သတိပေးစကားပြောကြားပါတယ်။
ဒီအခါမှာ ခွေးက ``အဆွေမြည်း ကျွန်ုပ်ကိစ္စ၌ အသင် ကြောင့်ကြစိုက်ရန်မလို။ ခွေးအလုပ် ကို မြည်းဝင် မရှုပ်ပါ နဲ့။
သခင့်အိမ်ကို ကျွန်ုပ်နေ့ညဥ့်မပြတ် စောင့်ရှောက်လာခဲ့သည်မှာ အသင်အသိမဟုတ်ပါလော။ အချိန်ကာလ ကြာမြင့်စွာ စောင့်ရှောက်ပေးနေပါလျက် သခင်သည် ကျွန်ုပ်၏ ကျေးဇူးကိုမသိပေ။ ကျွန်ုပ်ကို ဂရုတစိုက် အစာ ကျွေးမွေးခြင်း မပြုပေ။
အရှင်သခင်တို့မည်သည် တစ်ခုခုသော ဘေးရန်ဒုက္ခကို တွေ့ကြုံခြင်းမရှိသေးသမျှ ကာ လပတ် လုံး ကျေးကျွန် တို့၏အပေါ်၌ လေးစားခြင်းကင်းမဲ့ကြသည်´´လို့ ပြန်လည်ပြောဆိုပါတယ်။
မြည်းကလဲ ဒီလိုမပြုလုပ်သင့်ကြောင်းစသဖြင့် ခွေးနဲ့ အချေအတင်ပြောကြားကာ ပြောမရတဲ့အဆုံး ကိုယ်တိုင်ပဲ ကျယ် လောင်စွာ မြည်တွန်ပြီး သခင်ကို နိုးပါတယ်။
ခ၀ါသည်ဟာ မြည်သံကြောင့် လန့်နိုးလာပြီး အိပ်ရေးပျက်အောင် လုပ်ရမလားဆိုပြီး စိတ်ဆိုးဆိုးနဲ့ မြည်းကို ရိုက်သတ်ပစ်လိုက်ပါတယ်။
တကယ်တော့ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေဟာ အကျိုးစီးပွားမဲ့ ကို အကျိုးစီးပွားထင်ပြီး ပြုလုပ်တတ်ကြသလို၊ ကိုယ့်ကျရာတာဝန်မဟုတ်သော အခြားသူရဲ့တာဝန်၊ ကိုယ့်အလုပ် မဟုတ်သော အခြားသူရဲ့အလုပ်ကို ၀င်ရောက်လုပ်ကိုင်တဲ့ သူတွေဟာလည်း စေတ နာရှေ့ထား ပြီး အကျိုးစီးပွား ကို ပြုလုပ်ပေးတယ်ဆိုပေမယ့် အကျိုးစီးပွားကို ပြုလုပ်ပေးရာမရောက်ပဲ အကျိုးမဲ့ကိုသာ ပြုလုပ်ပေးရာ ရောက် သွားတတ်ပါတယ်။
မိမိမကျွမ်းကျင်တဲ့အလုပ်ကို ၀င်ရောက်လုပ်ကိုင်လိုက်ရင် ပညာရှင်တွေရဲ့ နွားကြီးဟုခေါ် ဆိုသတ်မှတ်ခြင်း ကိုလည်း ခံရတတ်ပါတယ်။
ဒါကြောင့် မိမိတို့အနေနဲ့ အကျိုးစီးပွားမဲ့တွေကို အကျိုးစီးပွားထင် ပြီး မပြုလုပ်မိစေရန်၊ မိမိသူတစ် ပါး နှစ်ဦး သား တို့၏ အကျိုးစီးပွားကို မဖျက်စီးမိစေရန်၊ နွားကြီးဟု ပညာရှင်များ ရဲ့ သတ်မှတ်ခေါ်ဆိုခြင်းကို မခံရစေရန် ကိုယ့်ကျတာဝန် ကိုယ့်အလုပ်ကိုသာ အကောင်းဆုံး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြဖို့လိုပါတယ်။
ကိုယ်နဲ့မသက်ဆိုင်တဲ့ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တွေကို ၀င်မရှုပ်သင့်ပါ ဘူး။
(မိုးသု-မန္တလေး)

No comments:
Post a Comment