Sunday, March 9, 2014

ပုက္ကုသာတိ မင်း

 

မောင်လေး ညီမလေးတို့ကို ဘုရားရှင်လက်ထက်  တော်က ဘုရင်ကြီးတစ်ပါး အကြောင်းပြောပြချင်ပါတယ်

 ဘုရားရှင်လက်ထက်တော်က ... အိန္ဒိယ မြောက်ပိုင်း သိန္ဓူမြစ် အနောက်ဖက်က တက္ကသီလာ ဆိုတဲ့ ပြည်ကြီးမှာ ... ဘုရင်တစ်ပါးရှိတာပေါ့ ... သူ့နာမည်က ပုက္ကုသာတိ မင်း တဲ့ သူ့အကြောင်းပေါ့ ။

ဒီအကြောင်းကိုမပြောခင် ဘုရားရှင်လက်ထက်တော်က သိသင့်တာလေးတွေအရင်ပြောတာပေါ့
ဘုရားရှင်လက်ထက်တော် အခါကထင်ရှားကျော်ကြားတဲ့ တိုင်းကြီး ၁၆ တိုင်းရှိတာပေါ့ ။  ၁။ အင်္ဂတိုင်း၊ ၂။ မာဂဓတိုင်း၊ ၃။ ကာသိတိုင်း၊ ၄။ ကောသလတိုင်း၊ ၅။ ဝဇ္ဇီတိုင်း၊ ၆။ မလ္လာတိုင်း၊ ၈။ စေတီတိုင်း၊ ၉။ ဝံသတိုင်း၊ ၁၀။ ကုရုတိုင်း၊ ၁၁။ ပဉ္စာလတိုင်း၊ ၁၂။ မစ္ဆတိုင်း၊ ၁၃။ သူရသေနတိုင်း၊ ၁၄။ အဿကတိုင်း၊ ၁၅၊ အဝန္တိတိုင်း၊ ၁၆။ ဂန္ဓာရတိုင်း၊ ၁၆။ ကမ္ဘောဇတိုင်း ဟု တိုင်းဒေသကြီး ၁၆ ခုကို တွေ့ရ၏ ။ (( အင်္ဂုတ္တရနိကာယ် ဥပေါသထ သုတ်(အံ-ပ ၂၁၃) .. (နိယံ- အင်္ဂနှင့်၊မဂဓာ၊ ကာသိ-ကောသလာနှင့်၊ ဝဇ္ဇီပါ မလ္လာပြ၊ စေတိယပါ၊ ဝံသနှင့် ကုရုတဖြာ၊ ပဉ္စာလာ မစ္ဆော၊ သူရသေ အဿကာနှင့်၊ အဝန္တီ ဂန္ဓာရရယ်၊ ကမ္ဘောဇနှော။)... ))

အခု နူးပြောမယ့်  ပုက္ကုသာတိ ဘုရင်ကြီး က အဲ့တိုင်းကြီး ( ၁၆ ) တိုင်းထဲက ဂန္ဓာရ တိုင်း တက္ကသီလာ ပြည်ကြီး ရဲ့ ဘုရင်ကြီးပေါ့ ..။
ကသ္မီရ လို့ခေါ်တဲ့ ဂန္ဓာရတိုင်းမှာ ပါဝင်တဲ့ ပြည်တွေကတော့  တက္ကသီလာ (တက္ကသိုလ်)၊ ပုရိသပုရ အမည်များနှင့် ထင်ရှားခဲ့ပြီး၊ ယ္ခု ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိတဲ့  ကသ္မီရတိုင်း၊ ယင်း၏အနောက် ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် ယ္ခု ပါကစ္စတန် .... အာဖဂန် နစ္စတန်တို့ ပါဝင်တဲ့ဒေသပေါ့ ...

ဘုရားရှင်လက်ထက် မတိုင်ခင်ကတည်းက  ဒီအရပ်ဒေသဟာ   တက္ကသိုလ်ပြည်လို့ နာမည်ကြီးတာပေါ့  တိုင်းကြီး ၁၆ တိုင်းက မင်းညီမင်းသား ... မင်းမျိုးမင်းနွယ်များနှင့် မင်းခစားပုဏ္ဏားများ၊ သူဌေးသူကြယ် သားသမီးတို့ တတ်အပ်သော အဋ္ဌာရသ (၁၈) ရပ်တို့ကို သင်ကြားပေးရာ အရပ်လည်း ဖြစ်တယ် ။  ပညာရှိတို့ကို မွေးဖွားပေးရာ တစ်ခုတည်းသော ဒေသကြီးဖြစ်ခဲ့ဖူးတာပေါ့ ။

စာပေနှင့် ယဉ်ကျေးမှု အရာမှာ  မြတ်ဗုဒ္ဓနဲ့  ခေတ် ပြိုင်ထင်ရှားတဲ့ ကျောင်းတော်ကြီးဖြစ်ခဲ့တယ်တဲ့
ပသေနဒီကောသလမင်းကြီးနှင့် သမားတော် ဇီဝက (အဘယမင်းသား၏သား) တို့ ဟာ တက္ကသိလာကျောင်းထွက် တွေဖြစ်သလို .... ကမ္ဘာကျော် သဒ္ဒါပါရဂူပါဏီနိ မွေးဖွားရာ အရပ်ဒေသ လည်းဖြစ်ခဲ့သေးတယ်တဲ့ ... ဘုရားရှင်၏ အထက် လက်ဝဲ စွယ်တော် ကိန်းဝပ်ရာ အရပ်လည်းဖြစ်သတဲ့ ။

သိရိဓမ္မာသောက မင်းကြီးလက်ထက် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုစေလွှတ်ရာမှာလည်း အရှင် မဇ္ဈန္တိက မထေရ်မြတ် ခေါင်းဆောင်သော အဖွဲ့ဝင် သံဃာတော် ၄-ပါး၊ဟာ  အာသီဝိသောပမ သုတ္တန်ကို ဟောကြား ကာ ဒီဒေသမှာ သာသနာ ပြုတော်မူခဲ့ကြပါတယ်...

သာသနာနှစ် (၄၅၀) ခန့်၊ မိလိန္ဒမင်းကြီးလက်ထက်မှာတော့  ရဟန္တာ ခြောက်သောင်းအထိ ရှိခဲ့ ပြီး တစ်တိုင်းပြည်လုံး ရဟန်းသံဃာ များ ဖြင့် သာသနာတော်  ပြန့်ပွားခဲ့ရာ အရပ်ဒေသကြီး လည်း ဖြစ်ခဲ့ပါတယ်။

ဤဗုဒ္ဓသာသနာတော် ထွန်းကားခဲ့ရာ ဒေသဟာ ဘုရားရှင်သာသနာနှစ်   တစ်ထောင့် နှစ်ရာ အလွန်မှာ   အနောက်ဖက်မှ အစ္စလာမ်တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံရပြီး အမျိုးကောင်း သမီးများအား သားမယားပြုကာ မွတ်စလင်နိုင်ငံကြီး ထူထောင်ခဲ့ကြတာပေါ့ ...။

လွန်ခဲ့သော ခရစ်နှစ် (၂၀၀၀) ပြည့်နှစ်မှာတော့  တာလီဘန်ခေါင်းဆောင် မူလာအိုမာက ဘာမီယန်တောင် ကုန်းမှာရှိတဲ့  ဉာဏ်တော်ပေ (၁၆၀) နဲ့ ပေ (၁၄၀) ခန့်ရှိ  ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကို ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များ ဘာသာရေးအဖွဲ့များ ကမ္ဘာ့နိုင်ငံပေါင်းစုံ  အစိုးရခေါင်းဆောင်များ တားမြစ် နေတဲ့ကြားက အမြောက်များနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ် ။

မအောင်မြင်ခဲ့ပါဖူး ... ဒါနဲ့ ခရစ်နှစ် ၂၀၀၁-ခုနှစ် နှစ်ဆန်းပိုင်းမှာ အဲလ်ကိုင်ဒါခေါင်းဆောင် အိုစမာ ဗင်လာဒင်ရဲ့ အကူအညီနဲ့ ကိုယ်လုံးတော်မှာ ဗုံးများမြုပ်နှံကာ ဖောက်ခွဲခဲ့ကြပါတယ်

 နှစ်ပေါင်း ၁၇၀၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းမှာ  အစောဆုံး၊ အဦးဆုံး ဆင်းတုတော်များ လို့ သတ်မှတ်ခံထားရတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူဟာ  အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီး ခဲ့ရပါတယ်။

 ရုပ်ပွားတော်ကြီးများ ပျက်စီးခဲ့ရတဲ့ လမှာပဲ တာလီဘန်ခေါင်းဆောင် မူလာအိုမာနဲ့ အိုစမာ ဗင်လာဒင်တို့ ဟာ တပြေးတည်း ပြေးနေရပါတယ် ....  ခရစ်နှစ် (၂၀၁၁) ခုနှစ်၊ မေလ (၄) ရက်နေ့မှာတော့  ဗင်လာဒင် ဘ၀ ဇာတ်သိမ်းသွားပါတယ် ။

အာဖဂန်လူမျိုး သမိုင်းပညာရှင်၊ မစ္စတာဇာမီယာက မိမိတို့ဘာသာ ပြောင်းသွားသော် လည်း မိမိတို့၏ ဘိုးဘေးများကိုးကွယ်ခဲ့သော ဗုဒ္ဓကို မမေ့ကြပါဘူး ဒေသခံအားလုံး ခံစားကြရပါ သည်ဟု ပြောခဲ့ပါတယ် ။


 
 ဒါပေမယ့် ဘာမီယန်တောင်ကုန်းကြီးမှာ  ရပ်တော်မူ ဗုဒ္ဓ ရုပ် ပွားတော်ကြီးနှစ်ဆူနှင့် အတူ ထိုင်နေတော် မူဟန် ရုပ်ပွားတော်တစ်ဆူလည်း ရှိ သေးကြောင်း ဒါ့အပြင်  လျောင်းတော်မူ ရုပ်ပွားတော်ကြီး တစ်ဆူကို ဘာမီယန်တောင်ကုန်းကြီးအောက် လိုဏ်ဂူတွင် တွေ့ရှိ ခဲ့ဖူးကြောင်း (၇ -ရာစုနှစ်) မှ တရုတ်ခရီးသည်ကြီး ရွှင်ကျန်၏ မှတ်တမ်းမှာ ရေးသားဖူးပါတယ် ... ယခုခေတ်သမိုင်း ပညာရှင်တို့ ရှာဖွေနေတုန်းပါ ။

ကဲ  ပုက္ကုသာတိမင်း အကြောင်းဆက်ပြောကြပါစို့ ....

ဂန္ဓာရတိုင်း ဘုရင်ပုက္ကုသာတိ ရယ်  ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ရယ်တို့ဟာ မိတ်ဆွေတွေပေါ့ ... ပြီးတော့ အဲ့ဒီ အချိန်တွေကဆို တက္ကသီလာပြည်ဟာ အနောက်အရပ်မှ ကုန်ပစ္စည်း တွေကို  အရှေ့အရပ် ရာဇဂြိုဟ်သို့ ပို့ရာ ကုန်ရောင်းကုန်ဝယ် အချက်အချာကျတဲ့  အရပ်ဒေသ လည်း ဖြစ်ခဲ့တာပေါ့ ။

တစ်နေ့မှာ ဘုရင် ဗိမ္ဗိသာရ က ကုန်သည် အကြုံနဲ့ သူ့သူငယ်ချင်း ပုက္ကုသာတိ မင်းထံကို  ရောင်း ရင်းရေ ရှေးဗျာဒိတ် တော်တွေအတိုင်း  လောကမှာ ဘုရားရှင် ဆိုတာ ကျုပ် တို့ဒေသမှာ ပွင့်တော်မူပြီ ဘုရားရှင် ရဲ့ခြေအစုံတော် ကို ဖူးခွင့်ရပြီ ဆိုတဲ့ အကြောင်း အကြုံပါးလိုက်တာပေါ့ ..။

ဒီအခါမှာ ပုက္ကုသာတိမင်း ဟာ ဘုရားရှင်ဆိုတဲ့ အသံကို ကြားတဲ့ တစ်ခနမှာပဲ  ဘ၀များစွာ က ဖြည့်ဆည်း ခဲ့တဲ့ ပါရမီအရှိန်အဟုန် ကြောင့် နှစ်သိမ့်ခြင်း ပီတိ နှင့်အတူ နိဝရဏဆိတ်ခြင်းကို ဖြစ်ပေါ်လာခဲ့တယ်တဲ့  သုခလည်းမဟုတ် ချမ်းသာကို လွန်မြောက်ကာ ဝေဒနာသာရှိသော စတုတ္တဈာန် ကို ရရှိ လာခဲ့တယ်တဲ့။ ၀မ်းမြောက်သော ပီတိအဟုန်နဲ့  ဥပက္ခာစိတ်တို့ ဖြစ်ပေါ်လာပြီး၊ လူတို့နှင့် အတွေ့မခံတော့ စကား မပြောတော့ ပဲဘုရား ရှင်ကို  ရည်မှန်း၍သာ နေနေတော့တယ်  ..။

ဒီနေရာမှာ တစ်ခုပြောချင်တာက .... ပုက္ကုသာတိဘုရင်ကြီးကဲ့သို့ အသံကြားကြားခြင်း၊ ဉာဏ်အလင်းပေါက် သွားသူ တွေလောကမှာရှိခဲ့ပါတယ် ...။ ဥပမာ

 ရှင်သာရိပုတ္တရာအလောင်း ဥပတိဿသည် အရှင်အဿဇိနှင့် တွေ့ သည့်အခါ . . .
““ယေ ဓမ္မာ ဟောတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာကတော အာဟတေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော”” ဟု အက္ခရာ ၃၄လုံးရှိသော ဂါထာ ကို ဟောကြားရာတွင် . . .
““ယေ ဓဓ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာကတော အဟ”” ဟူသော နှစ်ပါဒ (ဂါထာဝဂ်) အဆုံးတွင် ပါရမီဉာဏ် ထက်သန်လာကာ သောတပန် တည်ခဲ့ပါတယ်...။

ဒီလိုနဲ့ ပုက္ကုသာတိမင်းဟာ ကုန်သည် တွေဆီက ဘုရားရှင်အကြောင်းတွေ ကိုသာ တစ်ချိန်လုံးမေးမြန်း စုံစမ်းနေတော့တာပေါ့ ... နောက်ဆုံးမှာတော့ မိမိကိုယ်ကို အကြိမ်ကြိမ်သုံးသပ် စိတ်ကိုပိုင်းဖြတ်ပြီး .... မိမိကိုယ်ကို ရဟန်း အသွင် ၀တ်ရုံတို့ကို ဆင်လျှက်  ဘုရားရှင်သည် ထီးမဆောင်း၊ ဖိနပ်မစီး လို့ ကြားမိ ပြီး  ကြည်ညို စိတ်တွေနဲ့ မိမိလည်း ထီးမယူ၊  ဘိနပ်မပါ ဘုရားရှင်ကို ဖူးမြော်ရန်အတွက် ထီးနန်းကိုစွန့်ခွားပြီး တစ်ဦးတည်း နန်းတော်မှ ထွက်ခွာ လာခဲ့တော့ တယ်တဲ့ ...။

တစ်ကယ်တော့ ... ရာဇဂြိုဟ်နဲ့ တက္ကသီလာဟာ ကိုးဆယ့်နှစ်ယုဇနာရှိတာ တစ်ယူဇနာကို ၁၂ မိုင် ၆ ဖာလုံ၊ ၄သံကြိုးး နဲ့ တွက်မယ်ဆိုရင်တော့  (၁၂၁၀ ) မိုင်  ဝေးတာပေါ့ ... နဲတဲ့ခရီးမှမဟုတ်တာ..။

ရာဇဂြိုဟ်ပြည်နဲ့ နီးလေလေ ဗုဒ္ဓရဲ့ အသံတော်များ ကြားရ လေလေ အားတွေ ပိုရှိလေလေပေါ့ ... ဒီလိုနဲ့
မဂဓတိုင်း အတွင်း ရောက်ရှိလာပြီး ၊ နောက်ဆုံးမှာတော့ ရာဇဂြိုဟ်ပြည် ကို ချဉ်းကပ်မိလာတော့တယ်တဲ့ ..။
ရောက်တဲ့ အချိန်က ညာဥ့်လဲနက်နေ တဲ့အတွက် ပုက္ကုသာတိမင်းဟာ ရာဇဂြိုဟ်မြို့အ၀င်က အိုးဖုတ် စားတဲ့ အိုးထိန်းသည် ဘဂ္ဂ၀ ရဲ့ အိုးလုပ်ရာ တင်းကုပ် မှာတစ်ညတာ ခွင့်တောင်း နားနေပြီး နံက်လင်းတာနဲ့ ကိုယ်လက် သန့်စင်ပြီး  ရာဇဂြိုလ် မြို့ထဲဝင်  ဆုံးဖြတ်ခဲ့တာပေါ့  ..။ ဒီအချိန် ဘုရားရှင်ဟာ ရာဇဂြိုလ် မှာ မရှိဖူးရယ် ... သာဝတ္ထိပြည် ဇေတ ၀န်ကျောင်းတော် မှာသီတင်းသုံးနေတဲ့အချိန်ဖြစ်နေတယ်  ...။

ဒီအချိန် မှာ ဇေတ၀န်ကျောင်းတော်မှာ  သီတင်းသုံးနေတော်မူတဲ့  မြတ်စွာဘုရားရှင် ဟာ မိမိအား ရည်စူးကာ  ဘိနပ်မပါ၊ ထီးမဆောင်းဖြင့် ဝေးလံလှသော တက္ကသိုလ်ပြည်မှ လာတဲ့ ပုက္ကုသာတိမင်း ရဲ့ အဖြစ်ကို ဂရုဏာ ဖြစ်တော်မူလာခဲ့တယ်တဲ့ ပြီးတော့  ပုက္ကုသာတိ ရဲ့ အတိတ် အကြောင်းကို သုံးသပ် ဆင်ခြင်ပြီး သာဝတ္ထိပြည် ကနေ  (၄၅) ယူဇနာ ဝေးတဲ့ ရာဇဂြိုဟ်ပြည်၊ ဘဂ္ဂ၀ ရဲ့ အိုး တင်းကုပ်ကို တစ်ပါးတည်း ကြွတော်မူလာခဲ့ပါတယ် ။

 ဘဂ္ဂ၀၏ အိမ်ဝင်း ကိုရောက်တဲ့ အခါ ဘုရားရှင်က ...  ဘဂ္ဂ၀၊ သင့်မှာ ၀န်မလေးခဲ့သော် သင့်အိမ်မှာ တစ်ညတည်းခိုပါရစေ လို့ဆိုသတဲ့ ....
ဒီအခါ ဘဂ္ဂ၀ကဘုရားရှင်ကို သူ့ရဲ့အိမ်မှာရဟန်းကြီးတစ်ပါးလဲ တစ်ညတာ သီတင်းသုံး ရန်ခွင့်တောင်းနေ နှင့်တော်မူကြောင်းလျှောက်ထားပြီး ခွင့်ပြုတာပေါ့ ..။
ဒီလိုနဲ့ ဘုရားရှင်ဟာ အိုးလုပ်တဲ့ တင်းကုတ်ကိုဝင်ပြီး ပုက္ကိသာတိ ရဟန်းကို တစ်ညတာ အတူတူတည်းခိုဖို့ခွင့်တောင်းသတဲ့ ...

ရဟန်းအိုကြီးဟာ ... အသရေတော် နဲ့ပြည့်စုံလွန်းတဲ့ ရဟန်းတစ်ပါးကိုမြင်တဲ့အခါ ... ကြည်ညို စိတ်ဖြစ် ပေါ်ပြီး အတူတူ မျက်နှာချင်းဆိုင်ထိုင်ကာ သုံးသပ်နေသတဲ့ ...။

မထူးဆန်းဖူးလား  ဗုဒ္ဓဟာ ဒီနေရာကို ပုက္ကုသာတိ အတွက် ကြွရောက်လာခြင်းဖြစ်ပြီး ဗုဒ္ဓက ပုက္ကုသာတိကို သိတော်မူခဲ့တယ် ..။

ဒါပေမယ့်  ပုက္ကုသာတိကတော့  ဗုဒ္ဓထံ လာခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓနှင့် မျက်နှာချင်းဆိုင် ဆုံမိပါလျှက် ဗုဒ္ဓမှန်းမသိ သာမန်ရဟန်းတစ်ပါးလို့သာထင်နေတာပေါ့ ...။

ဗုဒ္ဓဟာ ခရီးဝေးကနေ လာရတဲ့ ပုက္ကုသာတိရဲ့ ခန္ဓာကိုယ် အပန်းပြေ ငြိမ်းအေးစေပြီးမှ စိတ်အင်္ဂါတို့ အခန့်သင့်ဖြစ်မယ့်အချိန်ကို  စောင့်ဆိုင်းနေတာပေါ့ ...။
ပုက္ကုသာတိကတော့  အင်း ... ဒီကိုယ်တော်ဟာ ဘုရားရဲ့သားတော် ပီသစွာဣနြေ္ဒသိက္ခာတော် ပြည့်စုံ ပါကလား လို့တွေးနေသတဲ့

သင့်တင့်တဲ့အချိန်ရောက်တဲ့ အခါ ဘုရားရှင်က
အသင်ရဟန်း ဘယ်အကြောင်းကြောင့် သင်ရဟန်းပြုသနည်း။သင့်ဆရာကား မည်သူနည်း၊လို့စတင်မေး သတဲ့ ။

ပုက္ကုသာတိ က  ငါ့ရှင်၊ ငါကား  ဂေါတမဗုဒ္ဓကို ကြည်ညိုသောကြောင့်  ရဟန်းပြုလိုက်ခြင်းဖြစ်၏ ထို့ကြောင့်
ငါ၏ဆရာကား တရားခပ် သိမ်းကို ကိုယ်ပိုင်ဉာဏ်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူသော ဂေါတမဗုဒ္ဓ ရှင်တော်မြတ် ဘုရားတည်းလို့ဖြေသတဲ့ ..။

အသင်ရဟန်း၊  ဗုဒ္ဓဂေါတမကို သင်မြင်ဖူးပါသလော

မမြင်ဘူးသေးပါ ငါ့ရှင်၊ သို့သော် မမြင်ဘူးပဲလျက်၊ ဗုဒ္ဓကိုလည်းကောင်း၊ ဗုဒ္ဓ၏ တရားတော်ကိုလည်းကောင်း၊ ကြည်ညို၍  ရဟန်းပြုခဲ့ခြင်း ဖြစ်ပါ၏

အသင်ရဟန်း သင့်အား ငါတရားဟောတုံငြားအံ့၊ ငါ့တရားကို သင်နာလို သလော

ကျွန်ုပ် နာပါအံ့၊ ဟော်တော်မူပါ၊ အသင်ကား၊ ဗုဒ္ဓမြတ်စွာထံမှ တိုက်ရိုက် ဆင့်ပွား လာသူဖြစ်သဖြင့် သင့်တရားကို ဗုဒ္ဓတရားတော်ဟူ၍ အကျွန်ုပ်နာယူပါအံ့ ဟူ၍ ရိုသေ စွာ တောင်းပန်ခြင်းပြုလေ၏။

ဒီအခါမှာ ဗုဒ္ဓက ပုက္ကုသာတိ နှင့် လျော်ကန်သော ဓာတ်ခြောက်ပါး တရားကို ဟောကြားတော်မူခဲ့ပါတယ်။

--------------------------------------------------------------------------------------
နားထောင်လော့ အသင်ရဟန်း ...
ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါးတို့သည် မူလဓာတ် သဘောတို့အရ ရုပ်ဝတ္ထုတို့၏ သဘောမျှသာတည်း။
မလှုပ်ရှားနိုင်၊ သိမှုမရှိ၊
ထိုဓာတ်လေး ပါးအား လှုပ်ရှားစေနိုင် သော အာကာသဓာတ်နှင့် ၀ိညာဏဓာတ်တို့ ပေါင်းစပ်မှသာ ပုဂ္ဂိုလ်သတ္တ၀ါဖြစ်စေ၏။

အသင်ရဟန်း၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ  ပုဂ္ဂိုလ်ဟုဆိုအပ်သော သတ္တ၀ါဟူသမျှတို့သည် ထိုဓာတ် ခြောက်ပါး ၏ အစုအဝေးသာဖြစ်၏။
ပုဂ္ဂိုလ်သတ္တ၀ါတိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်သော်
ပထ၀ီ (မြေဓာတ်)၊
အာပေါ (ရေဓာတ်)၊
ဝါယော (လေဓာတ်)၊
 တေဇော (မီးဓာတ်)၊
အာကာသ (ဟင်းလင်းပွင့်နေသောဓာတ်)၊
ဝိညာဏ (အသိဓာတ်)၊ ဤဓာတ်ခြောက်ပါးကိုသာ တွေ့ရ၏။
ရဟန်း သင့်မှာလည်း ဓာတ်ခြောက်ပါးနှင့်ပင်ဖြစ်၏။

မြေဓါတ် (ပထ၀ီ )
အသင်ရဟန်း၊ ကောင်းစွာ မှတ်သားဘိလော့၊ ပထ၀ီ (မြေဓာတ်)  ဟူ၍ ရှိ၏။ အချို့သည် ကိုယ်တွင်းမှာဖြစ်၏။ အချို့ကား ကိုယ်၏အပမှာဖြစ်၏။
အသင်ရဟန်း၊ မြေဓာတ်ကို ရှေးဦးစွာ ဤသို့ သင်မှတ်ဘိလော့၊
အကြင်ရုပ်ဝတ္ထုသည် ကြမ်း၏။ မာ၏။ ကိုယ်၌မှီတွယ်၍ဖြစ်၏။ လိုချင်မှုတဏှာ မစွဲစွဲအောင် ဆွဲဆောင်ထား၏။ ထိုရုပ် မျိုးသည် မြေဓာတ်မည်၏။
(၃၂)ကောဋ္ဌာသ အစုအဝေးဖြစ်သော ပုဂ္ဂိုလ် သတ္တ၀ါတိုင်း၏ ကိုယ်၌ မြေဓာတ်ဖြစ်သော ထိုရုပ်ကြမ်း ရုပ်မာတို့ ရှိကုန်၏။
အသင်ရဟန်း၊ ယင်းရုပ်ကြမ်းမျိုးကို ခွဲလိုက်သော် ဆံပင် (ရုပ်) မွေးညှင်း (ရုပ်)၊ ခြေသည်း၊ လက်သည်း (ရုပ်)၊ သွား၊ အရေထူအရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညိ၊ နှလုံး၊ အသည်း။ အမြေး၊ အဖျန်း၊ အဆုတ်၊ အူသိမ်၊ အူမ၊ အစာအိမ်သစ်၊ အစာဟောင်း၊ ရုပ်ဟူ၍ အားလုံးသော ရုပ်၊ ရုပ်တို့၏သဘော ရုပ်ကြမ်း၊ ရုပ်မာများ အားလုံးသည် မြေဓါတ်ဖြစ်ပေ၏

အသင်ရဟန်း ဤမြေဓာတ်တို့သည် သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော
မပိုင်ပါ၊ ကျွန်ုပ်၏ ပစ္စည်းများ မဟုတ်ပါ
အသင်ရဟန်း ဤမြေဓာတ်သည် သင်ပိုင်မဟုတ်၊ သင့်ပစ္စည်းမဟုတ်လျှင် ဤမြေဓာတ်သည် သင်များကောဟုတ်သလော၊ မဟုတ်ဘူးလော
အကျွန်ုပ်လည်း မဟုတ်ပါ။
သင်မဟုတ်ခဲ့လျှင် သင်၏ အတ္တများဖြစ်နေသလော
အကျွန်ုပ်၏ အတ္တလည်း မဟုတ်ကြောင်းပါ
အသင်ရဟန်း၊ သာဓု၊ သာဓု၊ သာဓု ကောင်းဘိ။ ဤမြေဓာတ်တို့ကို မူလဓာတ်ရင်း၊ ဓာတ်ငုတ်၊ မြှပ်ပျောက် မသွားစေဘဲ၊ အမှန်ကို အမှန်အတိုင်း သိအောင်၊ ထင်အောင်၊ မြင်အောင်၊ ယထာဘူတဉာဏ်ဖြင့် ရှုအပ်၏။ ရှုလော့

ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤမြေဓာတ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ အမှန်ကို အမှန်အတိုင်း သဘောပေါက်အောင် ထိရောက်စွာ ရှုလေသည်ရှိသော် ဘာမှတွယ်တာ စရာ၊ မြတ်နိုးစရာ ရှာမတွေ့သဖြင့် မြေဓာတ်အပေါ်၌ မြေဓာတ်ဟုခေါ်သော ဆံပင်၊ မွှေးညင်းတို့ အပေါ်၌ ငြီးငွေ့လာ၏။ ယင်းမြေဓာတ်နှင့် ပတ်သက်၍ စိတ်ကိုတပ်မက်ခြင်း၊ သာယာခြင်း၊ စွဲလန်းခြင်းမရှိ ကင်းစေ၏။ တပ်မက်ခြင်း ကင်းသွားပါက စွဲလန်းခြင်း ရှိနိုင်ပါတော့မည်လော။

အာပေါ (ရေဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး အာပေါဓာတ်ခေါ်သော ရေဓာတ်ဟူသည်ရှိသည်။ ယင်းရေ ဓာတ်သည်လည်း အချို့ကား ကိုယ်တွင်းမှာ အချို့ကား ကိုယ်၏အပမှာဖြစ်၏။ ထိုရေဓာတ်သတ္တိ ကား ဖွဲ့စည်းတတ်၏။ ဖွဲ့စည်းဆိုသည်ကား အရာဝတ္ထုများကို တမျိုးနှင့်တမျိုး တစ်ခုနှင့်တစ်ခု ပူးမိ အောင် ကပ်မိအောင်၊ နှောမိအောင်၊ တွဲမိသွားအောင် ပြုလုပ်ပေးခြင်းဆိုပေသည်။
အသင်ရဟန်း၊ သည်းခြေ၊ သလိပ်တို့သည် အဘယ်၌ တည်သနည်း။ အဘယ်ကို စွဲ၍ ဖြစ် သနည်း။ ခန္ဓာကိုယ်ကိုစွဲမှီ၍ ဖြစ်နေသည် မဟုတ်ပါလော။ ထို့အတူ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်ရေ၊ ဤသို့သော ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်တိုင်း၊ သတ္တ၀ါတိုင်းတို့၏ ခန္ဓာကိုယ်၌ တည်ကုန်၏
 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော .. သင်၏ အတ္တလော ....

ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤရေဓာတ်သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဥစ္စာ ငါ့ဟာမဟုတ်၊ ငါ့အတ္တကော  မဟုတ်ဟူ၍ ဤသို့ အမှန်ကို အမှန်အတိုင်း သိအောင်၊ မြင်အောင်၊ ထိရောက်စွာ ရှု၏။ ဤသို့ ရှုဖန်များလတ်သော် တွယ်တာစရာ၊ မြတ်နိုးစရာဟူ၍၊ ဘာမှမတွေ့သဖြင့်၊ ရေဓာတ်ဖြစ်သော သည်းခြေ၊ သလိပ်၊ သွေး စသည်တို့အပေါ်၌ ငြီးငွေ့ခြင်း၊ ဖြစ်လာလေသည်။
ထိုအခါ ယင်းရေဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ တပ်မက်ခြင်း ကင်းသည်ဆိုကတည်းက စွဲလန်းခြင်းလည်း ရှိနိုင်ပါတော့မည်လော။

ဝါယော (လေဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး ၀ါယောဓာတ်ခေါ်သော လေဓာတ်ဟူသည်ရှိသည်။ ယင်းလေ ဓာတ်သည်လည်း အချို့ကား ကိုယ်တွင်းမှာ အချို့ကား ကိုယ်၏အပြင်ဘက်တွင်ရှိ၏။ ယင်း လေဓာတ်၏သတ္တိကား လှုပ်ရှားခြင်း၊ ထောက်ကန်ခြင်း၊ အငြိမ်မနေ ကြရွစေခြင်းကို ဆိုလိုသည်။
အသင်ရဟန်း၊ လေနှင့်ပတ်သက်၍ အထက်ဆန်သောလေ၊ အောက်သို့ဆန်သောလေ၊ အူထဲ တည်သောလေ၊ ကိုယ်လက်အင်္ဂါတို့ကို ကွေးခြင်း၊ ဆန့်ခြင်း၊ ခုန်ခြင်း၊ ပျံခြင်း၊ ပြုလုပ်နိုင် အောင် ကူးချည်သန်းချည် လျှောက်နေသောလေ၊ ၀င်လေ၊ ထွက်လေ၊ ဤလေ၊ ထိုလေ အားလုံးတို့သည် ကိုယ်တွင်းမှာ ဖြစ်သောကြောင့် အတွင်းဓာတ် မည်ကုန်၏။ အတွင်းဓာတ်ဟူ၍ မှတ်

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏အတ္တလော .... ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤလေဓာတ်သည်ကား ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဥစ္စာ ငါ့ဟာမဟုတ်၊ ငါ့အတ္တ မဟုတ်ဟူ၍ အမှန်ကို အမှန်အတိုင်း သိအောင်၊ ထင်အောင်၊ ထိရောက်စွာရှု၏။ ရှုဖန်များ လတ်သော် တွယ်တာစရာ၊ မြတ်နိုးစရာဆိုသ၍၊ ဘာမျှမရှိတော့၊ လေဓာတ်ဖြစ်သော ထွက်သက် ၀င်သက်တို့အပေါ်၌ ငြီးငွေ့ခြင်း ဖြစ်လာလေ၏ ။
ထိုအခါ ငြီးငွေ့ခြင်းဖြစ်လာသော် လေဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ တပ်မက်ခြင်း ကင်းသည်ဆိုကတည်းက စွဲလန်းခြင်းလည်း ရှိနိုင်ပါတော့မည်လော။
 
တေဇော (မီးဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး တေဇောဓာတ်ခေါ်သော မီးဓာတ်ဟူသည်ရှိသည်။ယင်း မီးဓာတ်၏သတ္တိကား လောင်ကျွမ်းစေတတ်၏။ လောင်ကျွမ်းခြင်းသဘောရှိ၏။
အသင်ရဟန်း၊ ပုဂ္ဂိုလ်တိုင်း၊ သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်ကောင်သည် အကြင်ဓာတ်ကြောင့် ပူလောင်၏။ ကျွမ်း၏။ ဆွေးမြေ့ခြင်းသို့ ရောက်၏။ စားသောက်ဖွယ်ရာ ဟူသမျှတို့ကို ကောင်းစွာ ကြေညက်ခြင်း၊ နူးနပ်ခြင်းသို့ ရောက်စေ၏။ ထိုဓာတ်၊ ထိုရုပ်တို့သည် ခန္ဓာကိုယ်၏ အတွင်း၌ ဖြစ်သောကြောင့် အတွင်းဓာတ်မည်ကုန်၏။ အတွင်းဓာတ်ဟူ၍ မှတ်။

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏ အတ္တလော ....
ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤတေဓာတ်ဟုဆိုအပ်သော မီးဓာတ်၊ အပူဓာတ်၊ လောင်ကျွမ်းဓာတ်၊ ဆွေးမြေ့စေ တတ်သော ဓာတ်သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဟာငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ ထိ ရောက်ပေါက်မြောက်အောင် ရှု၏။ ဤသို့ ရှုဖန်များလတ်သော် ထိုတေဇော ခေါ် ပူလောင်သော ဓာတ်များအပေါ်၌ ငြီးငွေ့ခြင်းဖြစ်ပေါ်၏။ ယင်းဓာတ်များနှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ စိတ်၌ တပ်မက်ခြင်း ကင်းသွားသဖြင့် တပ်မက်ခြင်းကို ဖြစ်စေသော စွဲလန်းစိတ်သည် ရှိနိုင်ပါဦးမည်လော။

အာကာသ (အာကာသဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး သိမှတ်ဖွယ် ကျန်သေး၏။ သင်မှတ်လေဦး ဟင်းလင်းဟာလာ အတွယ်အတာ ငြိစရာဟူ၍ မရှိသော အာကာသဓာတ်ဟူသည်ရှိသေး၏။ ယင်း အာကာသဓာတ် သည် သင့်မှာလည်းရှိ၏။ ပုဂ္ဂိုလ်တိုင်း သတ္တ၀ါတိုင်းမှာလည်းရှိ၏။ ယင်း ဓာတ်တို့ကား အဘယ် နည်းဆိုသော် နားပေါက်၊ မျက်စိပေါက်၊ ပါးစပ်ပေါက်၊ အစာသစ်ပေါက်၊ အစာဟောင်းပေါက်တို့ ဖြစ်ကုန်၏။
ယင်း ဓာတ်တို့သည် တစ်စုံတစ်ရာဖြင့် အခြားအဟန့်အဆီးအတာမရှိ၊ သူပင်ကို ပကတိ အတိုင်း ဟာလာဟင်းလင်းပြင်ဖြစ်ကုန်၏။ တစ်ခုနှင့်တစ်ခု တစ်မျိုးနှင့်တစ်မျိုး ထိကပ်ရောစပ်ခြင်း မရှိ။ ဥပမာ သင်၏ နှာခေါင်းပေါက်၊ နားပေါက်များကို သင်ကြည့်လော့။ သူ့ဘာသာသူ ဟောင်း လောင်း၊ အပေါက်ကြီး ဖြစ်နေသည်မဟုတ်လော။ ယင်းအပေါက်တို့မှ ထွက်စရာရှိသည်တို့သည် ထွက်ကုန်၏။ ၀င်စရာရှိသည်တို့ ၀င်ကုန်၏
အသင်ရဟန်း သင့်အား ထပ်မံ၍ ရှင်းပြဦးအံ့၊ စားဖွယ်သောက်ဖွယ် အာဟာရတို့သည် ရှိကြကုန်၏။ သတ္တ၀ါတိုင်းသည် အာဟာရတို့ကို မှီတင်းနေကြရသည်ဖြစ်သောကြောင့် စားဖွယ်ကို စားကြကုန်၏။ သောက်ဖွယ်ကို သောက်ကြကုန်၏။ ထိုအခါ ယင်းစားဖွယ်၊ သောက်ဖွယ်တို့ အဘယ်သို့ မည်သည့်နေရာသို့ ရောက်ကုန်သနည်း။
ပုက္ကုသ ။     ။ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပါသည် ငါ့ရှင်
ဗုဒ္ဓ    ။    ။ ကောင်းပြီ ရဟန်း၊ စားဖွယ်သောက်ဖွယ်များ၊ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသည် ဟု သင်ဖြေ၏။ ယင်းစားဖွယ် သောက်ဖွယ်တို့သည်၊ မည်သို့သော နည်းလမ်းဖြင့် ခန္ဓာကိုယ်တွင်း သို့ ရောက်ရှိ သွားကုန် သနည်း။
ပုက္ကုသ ။     ။ ပါးစပ်ပေါက်မှ ရောက်ရှိသွားကြပါကုန်၏ ငါ့ရှင်
ဗုဒ္ဓ    ။      ။  ဒါဖြင့်ရင် စားသောက်ဖွယ်ရာများ ၀မ်းခေါင်းထဲ ခန္ဓာကိုယ်ထဲ ရောက်ရှိ သွားနိုင်ခြင်းသည်၊ ၀င်စရာတံခါး၊ ၀င်စရာပေါက်ရှိသောကြောင့်ဆိုတာ မထင်ရှားပေဘူးလား၊ ၀င် ပေါက် မရှိလျှင်၊ စားသောက်ဖွယ်ရာများ ၀မ်းထဲ ရောက်နိုင်ပါမည်လား၊
ပုက္ကုသ ။     ။ မရောက်နိုင်ပါ ငါ့ရှင်

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏ အတ္တလော ....
ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
အာကာသဓာတ်ဟုဆိုအပ်သော ပါးစပ်ပေါက်၊ နားပေါက်၊ မျက်စိပေါက်၊ နှာခေါင်းပေါက်၊ အစာသစ်ပေါက်၊ အစာဟောင်းပေါက်တို့သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဟာမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ မူလဓာတ်ငုတ်ကို မြုပ်မသွားစေဘဲ အမှန်အတိုင်းမြင်အောင် ယထာဘူတ ဉာဏ်ဖြင့် ရှု၏။ ထိုအခါ အာကာသဓာတ်များ အပေါ်၌ ငြီးငွေ့လာ၏။ အာကာသဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်းများ ကင်းစေ၏။ စိတ်၌ တပ်မက်ခြင်း၊ ပတ်သက်ခြင်း၊ ကင်း သွားသည့်အခါ စွဲလန်းခြင်းဟူသည် အဘယ်မှာ ဖြစ်နိုင်ပါတော့မည်နည်း။

ဝိညာဏ (သိမှုကို ခွဲခြားစိတ်ဖြာခြင်း)
ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင့်အား ငါမေးဦးအံ့၊ သစ်ပင်၊ တောတောင်တို့ရှိကြသည် ဖြစ်ကုန်ရာ၊ ယင်းတို့သည် ငါဟောအပ်ခဲ့ပြီးသော ဓာတ်ငါးပါးအနက်၊ မည်သည့်ဓာတ်များ ပါဝင် ကုန်သည် ထင်သနည်း။
ပုက္ကုသ ။     ။ မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ မီးဓာတ်၊ အာကာသဓာတ်အားဖြင့် ဓာတ်ငါးပါး စလုံး ပါဝင်ပါကြောင်း ငါ့ရှင်
ဗုဒ္ဓ    ။      ။ရဟန်းမြတ် သစ်ပင်တောတောင် စသည်တို့၌ ဓာတ်ကြီးလေးပါးနှင့် ဖွဲ့တည် နေကြောင်းမှာ ထင်ရှား၍ ထားဘိလော့၊ ယင်းတို့၌ အာကာသဓာတ် ပါဝင်ကြောင်းကို အဘယ်သို့ သင်နားလည်သနည်း။
ပုက္ကုသ ။     ။ ထင်ရှားပါသည် ငါ့ရှင်၊ ဥပမာ – တောင်ဆိုပါတော့၊ ယင်းတောင်သည် တသား တည်း တပြင်တည်း တစ်လုံးတစ်စည်းတည်း အကြားမရှိသော တောင်များလည်းရှိ၏။ အချို့ တောင်များမှာကား သတ္တ၀ါတို့ ခန္ဓာကိုယ်၌ အာကာသဓာတ် ပါးစပ်ပေါက်များ ရှိသကဲ့သို့ တစ်ခု နှင့်တစ်ခု ပူးကပ်စပ်နှောခြင်း မရှိ၊ ဟင်းလင်းပွင့်နေသော ဥမင်လှိုင်ခေါင်းကြီးများ၊ တူးမြောင်းကြီး ချောက်ကမ္ဘားကြီးများ ရှိကြပါကုန်၏။ ယင်းတို့သည် အဆီးအတား၊ အခြားအကန့်မရှိ၊ ဟင်းလင်း ပွင့်၊ အာကာသဓာတ် ဖြစ်ကြောင်း ထင်ထားပါသည်။
ဗုဒ္ဓ    ။      ။ သာဓု သာဓု သာဓု၊ သင့်ကို ငါမေးအံ့၊ ယင်းသစ်ပင်၊ တောတောင် စသည်တို့၌ရှိသော ဓာတ်ငါးပါးနှင့် သတ္တ၀ါတို့သဏ္ဍာန်မှာရှိသော ဓာတ်ငါးပါးတို့နှင့် ခြားနားချက် များရှိသလော
ပုက္ကုသ ။     ။ ခြားနားချက်မရှိပါ၊ ဓာတ်ငါးပါး၏ အစုအဝေးချည်းသာ ဖြစ်ပါကုန်၏
ဗုဒ္ဓ    ။      ။ ရဟန်းမြတ် ယင်းသို့ ဓာတ်ငါးပါး အရှိခြင်း တူပါလျက် သစ်ပင်တောတောင် တို့ကား လူတို့ကဲ့သို့ စကားပြောမှု၊ သွားလာလှုပ်ရှားမှု စသည်ကို အဘယ်ကြောင့် မပြုနိုင်ကြ သနည်း။
ပုက္ကုသ ။     ။ ဤသည်ကိုကား ကျွန်ုပ်မသိပါ င့ါရှင်
ဗုဒ္ဓ    ။      ။ အသင်ရဟန်း ယခု သင့်အား ငါဟောနေသည်မှာ ၀ိညာဏခေါ်သော (အသိ) ဓာတ်တရားဖြစ်၏။ ထိုအသိဓာတ်ကား စင်ကြယ်၏။ ဆွတ်ဆွတ်ဖြူ၏။ ယင်း ၀ိညာဏခေါ် အသိ ဓာတ်၏ သတ္တိကား အပူကို အပူမှန်းသိ၏။ ဆင်းရဲကို ဆင်းရဲမှန်းသိ၏။ သက်ရှိ သတ္တ၀ါတို့၌သာ ရှိ၏
အသင်ရဟန်း သင့်အား ဥပမာဖြင့် ပြအံ့။ သစ်ပင်ကြီးတစ်ပင်သည်ရှိ၏။ ထိုသစ်ပင်ကြီးအောက်တွင် ချုံနွယ်ပင်များ ပေါက်လျက်ရှိကြကုန်၏။ အသင်ရဟန်း၊ တစ်နေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း ဒဏ်ကြောင့် ထိုသစ်ပင်ကြီးမှ သစ်ကိုင်းကြီးတစ်ကိုင်းသည် အောက်ကချုံနွယ်ပင်များပေါ်သို့ ကျိုးကျသဖြင့် ပရမ်းပတာ ပျက်စီးခြင်းသို့ ရောက်ကုန်လေ၏။ ဤသည်ကို ထားဘိဦးလော့။ ယခု တရားနာနေခိုက်၊ သင့်ကို ခြင်ကိုက်သည်ဆိုပါတော့ သင်သည် ခြင်ကိုက်ခံရခြင်းနှင့် ချုံနွယ်များ သစ်ကိုင်းဖိခံရခြင်း ကို နှိုင်းယှဉ်ကြည့်လျှင် ခံရပုံခြင်းတူသည် မဟုတ်ပါလော၊ ထူးခြားသေးသလား
ပုက္ကုသ ။     ။ မထူးခြားပါ ငါ့ရှင်၊ သူတို့မှာလည်း သူတို့လျောက် ခံကြရခြင်းပါ။ အကျွန်ုပ် မှာလည်း အကျွန်ုပ်အလျောက် ခံရခြင်းပါ။ ဘာမျှ ထူးခြားခြင်း မရှိပါ
ဗုဒ္ဓ    ။      ။  အသင်ရဟန်း၊ သင့်မှာ ခြင်ကိုက်သည့်အခါ ကိုက်မှန်းသိ၏လော
ပုက္ကုသ ။     ။ ဘယ့်နှယ့်ပြောပါလိမ့် ငါ့ရှင်၊ မသိဘဲနေချည့် သိပါသော်ကော
ဗုဒ္ဓ    ။      ။ ဟုတ်ပြီ ခြင်ကိုက်သည်ကို သင်သိဘိသကဲ့သို့ ထိုချုံနွယ်ပင်များကော သစ်ကိုင်း ဖိခံရမှန်း သူတို့ သိကြပါ၏လော
ပုက္ကုသ ။     ။ သူတို့မသိကြပါ ငါ့ရှင်
ဗုဒ္ဓ    ။      ။ ““ခံရတာချည်းခြင်း တူပါလျက်၊ ၀ိညာဉ် ကမူ ခံရမှန်းသိချေ၏။ သူတို့ခမျာများ မသိကြ ခြင်းမှာ အဘယ်ကြောင့်ပါနည်း။ သူတို့ခမျာတွေလဲ သင်ကဲ့သို့ပင် သိထိုက်သည် မဟုတ်ပါလော
ထိုအခါ ပုက္ကုသရဟန်းကြီးသည် တွေ၍ စဉ်းစားနေ၏။ ဗုဒ္ဓကပင် ဆက်၍ မိန့် တော်မူ၏။
ဗုဒ္ဓ   ။       ။ အသင်ရဟန်း၊ ဤပြဿနာကား သင့်အဖို့ စဉ်းစားထိုက်သော ပြဿနာဖြစ်ပေ ၏။ ရုပ်ချည်းပင်၊ သင်မဖြေနိုင်သည်မှာ မထူးပြီ။ သတ္တ၀ါနှင့် သစ်ပင် တောတောင်တို့သည်  ဓာတ်ငါးပါး၏ အစုဝေးဖြစ်ခြင်း အရာတွင် တူညီကုန်ကြ၏။
လူသားသတ္တ၀ါတို့က သစ်ပင် တော၊ တောင် စသည်တို့ထက် ဓာတ်တစ်ပါး၊ ပိုကဲပါရှိနေ ပေသည်။ ထိုဓာတ် ကား ၀ိညာဏခေါ်သော အသိ(ဉာဏ်) ဓာတ်ဖြစ်ပေ၏။ ထိုအသိစိတ် သင့်မှာ ပါရှိသောကြောင့် ခြင်ကိုက် သည်ကို သင်သိသတည်း။ သစ်ပင်၊ တော၊ တောင် စသည်တို့ကား သင်၌ကဲ့သို့ ၀ိညာဏခေါ်သော အသိ ဓာတ်မျိုး မပါသောကြောင့် ချုံနွယ်တို့အပေါ်၌ သစ်ပင်ပိ၍လည်း ပိမှန်းမသိကုန်၊ နာရမှန်းမသိကုန်၊ ငါကျိုးကျပါကလား၊ နာ လိုက်ဘိခြင်း၊ ဆင်းရဲဘိခြင်းဟူ၍ မသိကုန်၊ ရှင်းပါ၏လော၊ အသင်ရဟန်း
ပုက္ကုသ ။     ။  ရှင်းပါ၏။ ဟောပြောမှုမှာ နက်လည်းနက်နဲလှဘိ။ အလွန်လည်း သိမ်မွေ့လှ၏။ ဓမ္မ၏ အနှစ်သာရလည်း ပြည့်ဝလှဘိ၏။ ငါ့ရှင်ကား ဗုဒ္ဓမြတ်ဘုရား ၏ ကိုယ်တော်ပွားများလေလားဟု ငါထင်၏ ဟု လှိုက်လှဲစွာ ဆိုသတည်း။

ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ နာဘိလော့ သင့်နှလုံးအိမ်သည် တည်ငြိမ်သိမ်မွေ့၍ ရွှေခွက် သည် ခြင်္သေ့ဆီကို စိမ့်ယိုခြင်းမရှိအောင် ခံနိုင်စွမ်းရှိဘိသည့်အလား၊ တရား၏ အနှစ်သာရကို ခံယူ နိုင်စွမ်းသော အားဓာတ်သည်၊ အထူးကောင်းမွန်လျက်ရှိဘိ၏။ တရားတော်၏ ဖြစ်၊ တည်၊ ပျက်ဟု ဆိုအပ်သော (ဥပါဒ်၊ ဋ္ဌီ၊ ဘင်) သဘောကို သင့်အား ဆက်၍ ဟောပေဦးအံ့။
ပုက္ကုသ ။     ။ ၀မ်းမြောက်လှပါသည် ငါ့ရှင်၊ ဟောတော်မူပါလော့
ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင်သည် အေးလျှင် အေးမှန်း၊ ပူလျှင် ပူမှန်းသိသည် မဟုတ် လော၊ အပူအအေးသည် အမှန်မှာ သူ့သဘောသူ အေး၏။ ပူ၏။ အာရုံတို့နှင့် ထိတွေ့မှ ဖဿ သည်ဖြစ်၏။ အပူအအေးတို့သည် ထိုထိတွေ့မှု ဖဿနှင့် တွေ့မှု ပူမှု၊ အေးမှုတွေ ဖြစ်လာ၏။ ခံစားမှုများ ဖြစ်လာခြင်းသည် ဝေဒနာမည်၏။ ခံစားမှုမှန်သမျှ ဝေဒနာမည်၏။ ပူမှုကိုလည်း ဝေဒနာ ခံစား၏။ အေးမှုကိုလည်း ခံစား၏။ ထိုမှတပါး ချမ်းသာမှု၊ ဆင်းရဲမှု၊ ပျော်ရွှင်မှု၊ ညစ်နွမ်း မှုတွေကိုလည်း ဝေဒနာက အကုန်သိမ်းကျုံး၍ ခံစား၏။
အသင်ရဟန်း ချမ်းသာခြင်းဖြစ်စေ၊ ဆင်းရဲခြင်းဖြစ်စေ၊ ခံစားမှုမှန်သမျှ ဝေဒနာသက်သက် သာတည်း၊ ငါနှင့် မပတ်သက်
အသင်ရဟန်း အချုပ်ကိုဆိုသော် ဖဿဟူသော ထိတွေ့မှုသည် ခံစားမှု ဝေဒနာ၏ အကြောင်းဖြစ်သတည်း။ ထိတွေ့မှုမရှိလေဘဲ မည်သည့်ခံစားချက်မျှ ဖြစ်ပေါ်လေ့မရှိ၊ ဖြစ်ပေါ်လာ သော ဒုက္ခဝေဒနာတို့ကား အရှည်စွဲ၍ မြဲသော သဘောမရှိကုန်၊ ဖျတ်ကနဲဖြစ်၊ ဖျတ်ကနဲတည်ပြီး ဖျတ်ကနဲပင် ချုပ်ပျောက်ကုန်၏။
အသင်ရဟန်း သန္တတိ သဘောအားဖြင့် အဆက်မပြတ် ဖြစ်မှုတွေသည် ရေအလျင်ကဲ့သို့ တဖွားဖွား ဖြစ်ပေါ်နေခြင်းကြောင့် ချမ်းသာနေသည်ဟူ၍လည်းကောင်း၊ ဆင်းရဲနေသည်ဟူ၍ လည်းကောင်း၊ ထင်ရကုန်၏။
အသင်ရဟန်း ဥပမာတစ်ခုကို ငါဆိုအံ့၊ မီးစတစ်ခုကို ကြိုးချည်၍ ဝှေ့ယမ်းသော်၊ မီးကွင်း ကြီးပမာဖြစ်၏။ အမှန်မှာ လျှင်မြန်မှုနှုန်းကြောင့်သာ မီးကွင်းကြီးပမာဖြင့် ထင်ရ၏။ အမှန်တကယ် စင်စစ် မီးကွင်းမဟုတ်၊ မီးစမှ မီးတို့ တစ်ခု ချုပ်ပျောက်ပြီးလျှင် တစ်ခုဖြစ်ပေါ်ခြင်းသာဖြစ်၏။ ထို့အတူ ခံစားမှုတို့လည်း တစ်ခုဖြစ်၍ တစ်ခုချုပ်၏။
အသင်ရဟန်း ရေအလျင်တို့သည်လည်း ထို့အတူပင် စီးဆင်းသွားဆဲ ရေတို့မရှိကုန်၊ နောက်ရေတို့အစား ထိုးဝင်ရောက်၏။ အစားထိုးဝင်ရောက်မှု မြန်ဆန်သောကြောင့်သာ မသိနိုင် ကြကုန်၊ တဆက်တစပ်တည်းထင်၏။

ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင့်အား ငါဆိုဦးအံ့၊ ငါဟောကြားခဲ့သော ဓာတ်ခြောက်ပါးကို အခြေခံလျှက် ခန္ဓာတို့အား စူးစိုက်ရှုလော့၊ ထို ဓာတ်ခြောက်ပါးတို့သည် အကြောင်းအားလျော်စွာ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းကို “ငါ” ဟု စွဲလန်းသော စိတ်ဖြင့် ထင်ခြင်းသာလျှင် အမှားဖြစ်၏။ ထင်မှတ် မှားသော စိတ်ဖြင့်သာ ဤဟာ ငါဖြစ်၏ ဟူ၍ ထင်မှတ်ခြင်းတည်း၊ နောင်တွင် ငါ၏ ရုပ်သည် ဤသို့ဖြစ်လတ္တံ့ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာဖြစ်သော ရုပ်ဖြစ်စေ၊ ဝေဒနာဖြစ်စေ ဖြစ်လတ္တံ ဟူ၍ ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံဟူ၍ ထင်မှတ်ခြင်းတည်း။ ဖြစ်လတ္တံ့၊ မဖြစ်လတ္တံ့စသည်တို့ သည် ထင်မှတ်ခြင်းတည်း။
ရဟန်းမြတ် ထင်မှတ်ခြင်းသည် အနာရောဂါတည်း၊ ထင်မှတ်ခြင်းသည် အိုင်းအမာတည်း၊ ထင်မှတ်ခြင်းသည် မြားငြောင့်တည်း
အသင်ရဟန်း ဤထင်မှတ်ခြင်း အားလုံးတို့ကို လွန်မြောက်လျှင် ကိလေသာငြိမ်းအေး၏။ ကိလေ သာငြိမ်းအေးသော် အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်လေတော့၏။ ထိုရဟန္တာဖြစ်သူကို  ဒုက္ခ ခပ်သိမ်း ငြိမ်းသူ ဟု ဆိုအပ်၏။
အသင်ရဟန်း၊ စဉ်းစားလော့၊ အကြင်ကံတို့ကြောင့် ပဋိသန္ဓေနေရာ၏။ ထိုပဋိသန္ဓေပေး သော ကံမရှိလျှင် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူ သည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးခြင်းသည် အမှန်စင်စစ် ချမ်းသာအမှန် နိဗ္ဗာန် တည်း
အသင်ရဟန်း ဤသည်ကား အကျဉ်းအားဖြင့် ငါဟောကြားအပ်သော ““ဓာတုဝိသင်္ဂ”” သုတ်၏ ဓာတ်ခြောက်ပါး ဝေဖန်သုံးသပ်ချက်တည်း။ ယင်းတရားကို သင်ကောင်းစွာ မှတ်သား၍ အထပ်ထပ်အခါခါ ပွားများလော့ ဟူ၍ နိဂုံးချုပ်ကာ ဗုဒ္ဓသည်  ဆိတ်ဆိတ်နေတော် မူ၏။

.............................................................................................................................

ပုက္ကုသာတိ ရဟန်းကြီး၏ နှလုံးအိမ်သည်  ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖုံးလွှမ်းနေ၏။ တစ်ကိုယ်လုံးသို့ ပီတိတို့ဖြင့် ပြန့်၍သွား၏။ ဤပုဂ္ဂိုလ်သည်ကား ဘုရားရှင်ပင်တည်းဟု မနသီတွင် နှလုံးသွင်းမိသောစိတ်ဖြင့် ဗုဒ္ဓအား မမှိတ်မသုန် ကြည်ညိုကာ ကြည်လင်နေမိ၏။
ထိုသို့ ကြည့်ရင်း ကြည့်ရင်းမှပင် ဗုဒ္ဓ၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ကွန့်မြူးလျှက် ထွက်ပေါ်လာသည်ကို မြင်ရလေသော်
   ငါ၏ဆရာ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ငါ၏ရှေ့မှောက်သို့ ရောက်ရှိနေပါပကော ဆိုပြီး ထိုင်ရာမှထကာ လက်ဝဲ ပုခုံးစွန်း၌ သင်္ကန်း ကို တင်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ၀ပ်လျှိုးကာ နဖူးဖြင့် တိုက်လျှက် ရိုသေစွာ တောင်းပန်ရှာတယ်တဲ့ ။

ပုက္ကုသ ။     ။ မြတ်စွာဘုရား၊ အကြင် အကျွန်ုပ်သည် မြတ်စွာဘုရားရှင် ကို ငါ့ရှင်၊ င့ါရှင် ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဆိုခဲ့မိပါ၏။ အရှင်ဘုရား  ထိုကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့် စည်းခြင်း ငှာ အပြစ်ဟု သည်းခံတော်မူပါ ဘုရား၊ ဗုဒ္ဓဘုရားရှင်အား မျက်ဝါးထင်ထင် တွေ့နေရပါလျှက်  ဗုဒ္ဓဟူ၍ မသိနိုင်လောက်အောင် ဖြစ်ရခြင်း၊ အခြင်း၊ မိုက်မဲခြင်းဖြစ်သော တပည့်တော် ၏ အပြစ်များကို သည်းခံတော်မူပါဘုရား ဟုလျှောက်၏ ...

ဒီအခါ ဘုရားရှင်က
““ချစ်သား ပုက္ကုသာတိ ငါခွင့်လွှတ်ပေ၏။ ငါ၏သာသနာ၌ အပြစ်ရှိသည်ကို ရှိမှန်းသိလျှင် ၀ိနည်း ဓမ္မကံအားလျော်စွာ ကုစား၏။ နောင်အခါ ဤသို့ မဖြစ်ရလေအောင် စောင့်စည်းခြင်းသို့ ရောက်၏။
 နောင်သောအခါ ဤကုစားခြင်းသည် အရိယာတို့၏ ၀ိနည်းအဆုံးအမ၌ ကြီးပွားခြင်း ပေတည်း”” ဟု မိန့်တော်မူလျှင် ပုက္ကုသတိသည် နှလုံးစိတ်ဝမ်းများစွာ ချမ်းသာသွားလေသည့် အလျောက် ““မြတ်စွာဘုရား၏ အထံတော်၌ ပဉ္စင်းအဖြစ်ကို ရလိုပါကြောင်း”” ဖြင့် တောင်းပန် လေ၏။

ဗုဒ္ဓ    ။      ။ ချစ်သား ပုက္ကုသာတိရဟန်းအဖြစ် ငါ့ထံခံယူလိုသော် သင့်မှာ သပိတ် သင်္ကန်း များ ပြည့်စုံ ပါ၏လော
ပုက္ကုသ ။     ။ မပြည့်စုံသေးပါဘုရား

ဗုဒ္ဓ    ။      ။ ရဟန်း ဘုရားတို့မည်သည် သပိတ်သင်္ကန်း မပြည့်စုံသူအား ရဟန်းပြုပေးလေ့ မရှိကုန်၊ ရဟန်းပြုလိုသော် သင်္ကန်းပရိက္ခရာများ ပြည့်စုံစေဦးတော့ ဟုဆို၏

ဤသို့နှင့်ပင် အချိန်မှာ တဖြည်းဖြည်းနှင့် မိုးစင်စင် လင်းခဲ့လေပြီ။
ရဟန်းအဖြစ် ခံယူ ခြင်းငှာ သပိတ်၊ သင်္ကန်း၊ ပရိက္ခရာ ရှာဖွေရန်အတွက် တက်ကြသော စိတ်ဖြင့် တက္ကသိုလ်ပြည်ကြီး အရှင်ဘုရင် လူထွက် ပုက္ကုသာတိရဟန်းကြီးသည် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကန်တော့ပြီး လျှင် ဘုရားရှင်၏အပါးမှ ထွက်ခွာသွားလေ၏ ။

ပုက္ကုသာတိရဟန်းကြီး၏ဘ၀နိဂုံး

ကံတို့၏သဘောသည် အချိန်တန်လျှင် အကျိုးပေးတတ်သော သဘောရှိ၏။ ရှောင်တိမ်း၍ မရ ကြီးမားသော ဂရုကံများလည်းရှိ၏။

ပုက္ကုသာတိရဟန်းကြီး၏ စိတ်၌ ရဟန်းအဖြစ် ခံယူဖို့ရန်သာ စိတ်အားထက်သန်လျှက်ရှိ၏။ ၊ ““ငါ သပိတ်သင်္ကန်းရလျှင် ရဟန်းပြုရတော့မည်”” ထိုစိတ်သာလျှင် လွှမ်းမိုးနေပြီး ရွာလမ်းအတိုင်း တစိုက်မတ်မတ် လျှောက်လာ၏။

ထိုအချိန်ဝယ် နွားအုပ်ကြီးတစ်အုပ်၊ သူရှေ့မှ သူနှင့် ရင်ဆိုင်မောင်း သွင်းလာသည် ထိုနွားအုပ်ထဲတွင် သားပျောက်၍ စိတ်နောက်ဒေါသထွက် နေသော ထွားကျိုင်းသည့် နွားမကြီးတစ်ကောင်လည်း ပါလာသည်။

သားဇောဖြစ်နေသော နွား မကြီးကလည်း ဘာမှမမြင်၊ ပုက္ကုသာတိရဟန်းကြီး၏ သင်္ကန်းရောင်ဖြင့် သူ့ရှေ့မှလာ၍ တားဆီး နေသည်ဟု မြင်ကာ ဒေါသစိတ်ကြောင့် မိမိချိုဖြင့် အားကုန်သုံးကာ ပုက္ကုသာတိရဟန်းကြီးအား ဝှေ့တော့၏။
 နွားအုပ်ကြီးတရွေ့ ရွေ့ ပျောက်ကွယ်သွားချိန်ဝယ် ပုက္ကုသာတိရဟန်းကြီး၏ အသက်မဲ့ခန္ဓာကိုသာ လမ်းမပေါ်၌ တွေ့ ရတော့သည်။ ဘ၀ဇာတ်သိမ်းသွားရှာလေပြီတည်း။

ရဟန်းတို့ လျှောက်ထားခြင်း

တက္ကသိုလ်ပြည်ကြီးသခင် ဘုရင်အဖြစ်မှ ဘုရားရှင်၏သားတော်ဖြစ်ချင်လွန်းသော ပုက္ကု သာတိရဟန်းကြီး၏ ဘ၀သည် ဤတွင်နိဂုံးချုပ်ပြီး သနားစဖွယ် ရင်နင့်စရာ အတိပင်။
ဘုရားရှင်ထံသို့ လိုက်လာကြကုန်သော များစွာသော ရဟန်းတို့သည် ဘုရားရှင်ထံ အလျင် အမြန်သွားရောက်၍ မြတ်စွာဘုရားထံမှ အဆုံးအမကို ခံယူပြီးသော အမျိုးကောင်းသား ပုက္ကုသာတိသည် သေဆုံးပါပြီဘုရား။ ကွယ်လွန်ခဲ့ပါပြီဘုရားဟု လျှောက်ကြ၏။ ပြီးလျှင် ထိုအမျိုး ကောင်းသား၏ လားရာဂတိကို ဘုရားရှင်ထံ မေးလျှောက်ကြ၏။

ရဟန်းတို့ တက္ကသိုလ်ပြည်မှ ထီးနန်းစွန့်၍ ငါ့အားဆရာတင်ကာ ထွက်ခွာလာခဲ့သော ပုက္ကုသာတိရဟန်းကား ပညာကြီး၏။ မှန်သောစကားကို ဆိုလေ့ရှိ၏။ လောကုတ္တရာတရားအား လျော်စွာ ကျင့်ခဲ့ပြီ။ ကျင့်အပ်ပြီးပြီ။ ထိုအမျိုးကောင်းသား ပုက္ကုသာတိသည် ငါးပါးကုန်သော အောက်ကာမဘုံ တို့၌ ဖြစ်ခြင်းငှာ မထိုက်တော့ပြီ။

အရဟတ္တမဂ်အားလျော်စွာ အထက် (အ၀ိဟာဘုံ) ၌ပင် ဖြစ်စေကာ ထိုသဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ၊ သံသရာလည်ခြင်း ကင်းပြတ်ပြီတည်း။

* အ၀ိဟာဗြဟ္မာဘုံသည် သူဒ္ဓါဝါသ (သုဒ္ဓ – ကိလေသာစင်ကြယ်သူတို့၏ အာဝါသ = နေ ထိုင်ရာ) ကိလေသာစင်ကြယ်ပြီးသော အနာဂါမ်ဗြဟ္မာများနှင့် ရဟန္တာဗြဟ္မာတို့ တည်ရာဘုံဖြစ်၏။

သုဒ္ဓါဝါသ (၅)ဘုံတွင် အ၀ိဟာဘုံသည် အောက်ဆုံးဗြဟ္မာဘုံဖြစ်၏။ အ၀ိဟာဘုံသို့ ရောက်ကြ သော ဗြဟ္မာတို့သည် ကမ္ဘာပေါင်းများစွာ မိမိဘုံကို မစွန့်ဘဲ နေတတ်ကြ၏။
(အ = မ၊ ၀ိဟ = စွန့်ခွာခြင်း = မစွန့်ခွာခြင်း) *
ထိုအခါ များစွာသော ရဟန်းတို့သည် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေကုန်သတည်း။ (ဥပရိပဏ္ဏာသပါဠိ တော် (မြန်) ဓါတုဝိဘင်္ဂသုတ်)

ချမ်းမြေ့ကြပါစေရှင်...
.
.

No comments:

Post a Comment