Tuesday, January 27, 2015

ကံလေးပါးတရား



★ ★ ★ ကံလေးပါး

မိမိတို့ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်များ အကျိုးပေးရာမှာ ကာလနဲ့ ဆက်ဆိုင်တဲ့ ကံအကျိုးပေး လေးမျိုးရှိပါတယ် … ပါကကာလ လေးပါးပါ …. ဒီကံအကျိုးပေးလေးပါးးကတော့ …
( ၁ ) ယ္ခုဘ၀မှာချက်ချင်းလက်ငင်းအကျိုးပေးတဲ့ ဒိဌ ဓမ္မ ဝေဒနိယကံ …
( ၂ ) ဒုတိယ ဘ၀မှာကျမှ အကျိုးပေးတဲ့ ဥပပဇ္စ ဝေဒနိယကံ
( ၃ ) တတိယဘဝကစပြီးနိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အခွင့်သာလျှင်အကျိုးပေးတဲ့ အပရာ ပရိယ ဝေဒနိယကံ …
( ၄ ) အကျိုးပေးချိန်မှာအကျိုးမပေးလိုက်ရတဲ့အတွက် ….အချည်းနှီးဖြစ်သွားတဲ့ အဟောသိကံ … တို့ဖြစ်ပါတယ် …

★ ★ ( ၁ ) ယ္ခုဘ၀မှာချက်ချင်းလက်ငင်းအကျိုးပေးတဲ့ ဒိဌ ဓမ္မ ဝေဒနိယကံ …

ကုသိုလ်ကံကိုဖြစ်စေ …အကုသိုလ်ကံကိုဖြစ်စေ … စိတ်လိုက်မာန်ပါ …အူလှိုက်သည်းလှိုက် …. ပြုလိုက်တဲ့တွက် တစ်ချို့သောကံများဟာ …နောက်ဘဝတွေထိအောင်မစောင့်ပဲ ယ္ခုဘဝမှာပဲ ချက်ချင်းလက်ငင်း အကျိုးပေးပါတော့တယ် …..

★ စုန္ဒအမည်ရှိတဲ့ ဝက်သတ်သမားဟာ … နှစ်ပေါင်း ( ၅၅ )နှစ်ကြာအောင် ၀က်တွေကို ရက်ရက်စက်စက်သတ်ခဲ့ပါတယ် … အဲ့ဒီကံကြောငိ့ပဲ ရောဂါဝေဒနာဖိစီးတဲ့အခါ ၀က်လိုအော်ပြီး ကြီးမာသော ဒုက္ခဆင်းရဲကို ခံခဲ့ရကြောင်း ပြထားပါတယ် ( အဌကထာ၊ ယမက၀ဂ် )

★ ဒီလိုပါပဲ …. နွားသတ်သမားဟာ ….နွားရဲ့လျှာကို …အရှင်လတ်လတ်လှီးဖြတ်ပြီး …မီးကင် သေရည်နဲ့မြည်းဖို့လုပ်တဲ့အခါမှာ …. သူ့ရဲ့အကုသိုလ်ကံကြောင့်မီးကျည်ခဲနဲ့ အမဲလျှာ မှားဝါးမိတဲ့အတွက် ချက်ချင်းလက်ငင်း ယက္ခုဘဝမှာပဲ လျှာအရင်းကပြတ်လို့ နွားလိုအော် သေခဲ့ရကြောင်းဖော်ပြထားပါတယ် … (ဓမ္မပဒ၊ မလဝဂ် )

★ ဘုရားရှင်လက်ထက်တော်ကသူဆင်းရဲတစ်ယောက်ဟာ ဘုရားရှင်နဲ့သံဃာတော်တွေကို လှူဒါန်းချင်စိတ် အရမ်းပြင်းပြနေခဲ့ပါတယ် ..တစ်နေ့မှာ ကံကောင်းထောက်မစွာ .. ဆန်ကွဲလေးအနည်းငယ်ရရှီခဲ့ပါတယ် …
သူဟာ ဒီဆန်ကွဲနဲ့ အလှူမြောက်အောင်လုပ်မယ်ဆိုပြီး … အိမ်ကိုအလျှင်အမြန်ပြန်လာ … ဆန်ကွဲ ကိုထောင်း မရိုးရွက်နဲ့ ထုတ်ပြီးမုန့်ဖုတ်ပါသတဲ့ … မုန့်ကျက်တော့ ဘုရားရှင်ကိုလှူမယ် ဆိုပြီး သွားသတဲ့ … ဒါပေမယ့် ဘုရားရှင်ရှေ့မှာသူ့ထက်ဦးစွာ မွန်မြတ်တဲ့ ဆွမ်း ခဲဖွယ်တွေရောက်နေတဲ့အတွက် သူဟာ သူ့မုန့်ထုတ်လေးကိုင်လို့အဝေး ကနေဘုရားရှင်ကိုကြည့်နေရှာတာပေါ့ ….
 ဒါကိုဘုရားရှင်သိတော်မူတဲ့အခါ … သူဆင်းရဲကိုခေါ်ပြီးသူ့ရဲ့မုန့်ကို ပဲ ဘုန်းပေးတော်မူပါသတဲ့ …. ဒီအကြောင်းကို မင်းမူးမတ် သူဌေး … သူကြွယ်တွေကကြားတော့ … အလှူစေတနာကို ငါတို့အား အမျှဝေပေးပါ အသပြာ ၁၀၀ ပေးပါ့မယ် … ၁၀၀၀ ပေးပါ့မယ် ၀ယ်ကြတာပေါ့ ။
သူဆင်းရဲက အလှူအဖို့ဘာဂကို အမျှဝေသင့်မဝေသင့် ဘုရားရှင်ကို လျှောက်ပါရစေအုန်းလို့ ပြောသတဲ့ … ဘုရားရှင်က ဥစ္စကို ယူ၍ ဖြစ်စေ … မယူ၍ဖြစ်စေ အမျှဝေကောင်းပါတယ်လို့ မိန့်တဲ့အခါ …ဥစ္စအဖို့ကို မယူပဲအမျှဝေခဲ့ပါတယ် …
ဒါပေမယ့်သူဌေးသူကြွယ်များကလဲ …သာဓုခေါ်ပြီးသူ့ ထက်ငါ သာလွန်အောင် … အလှူအခ ကိုပေးကြတဲ့တွက် ….သူဆင်းရဲဟာနေ့ချင်းညချင်း ကြီးပွား သွားခဲ့ပါတယ် … ကောသလမင်းကြီးကလည်း သူဆင်းရဲကို တိတ်တဆိတ်ခေါ်ပြီး သူဌေးကြီး ရာထူးပေးခဲ့ပါတယ် …။(ဧကန်ပါတ် ကုဏ္ဍာလပူဝ ဇာတ် ) … မဟာဒုတ် ဇတ်တော်လဲသာဓကရှိပါတယ်…။
ဒီလိုပစ္စုပ္ပန်အကျိုး ဖြစ်တဲ့ ကုသိုလ် အကုသိုလ်တွေကို … ဒိဌိဓမ္မဝေဒနိယကံလို့ခေါ်ပါတယ် ….။

★ ★ ( ၂ ) ဒုတိယ ဘ၀မှာကျမှ အကျိုးပေးတဲ့ ဥပပဇ္စ ဝေဒနိယကံ

အချို့သောကုသိုလ်ကံ အကုသိုလ်ကံများကတော့ ယ္ခုဘဝမှာချက်ချင်းအကျိုးမပေးပေမယ့် အနီးဆုံး ဒုတိယဘ၀မှာ အကျိုးပေးတတ်ပါတယ် ….

အကျိုးပေးနည်း၂မျိုးရှိပါတယ် ..
★ ( ၁ ) ပဋိသန္ဓေဝိဥာည် အဖြစ်အကျိုးပေးတာကို ပဋိသန္ဓေအကျိုး လို့ခေါ်ပါတယ် …. ကိုယ်အင်္ဂါချို့တဲ့စွာမွေးလာခြင်း … မိမိကိုယ်ဝန်ဆောင်စဉ် … မိဘများရာထူးဂုဏ်ရှိန်တိုးတက်လာခြင်း ထီပေါက်ခြင်း … ဒီလိုအကျိုးတွေပါ …။

★ ( ၂ ) ပဋိသန္ဓေရဲ့နောက် ပဝတ္တိအခါမှာ ကုသိုလ် အ ကုသိုလ်ကံကြောငိ့ ဆင်းရဲခြင်း ဖျားနာခြင်း ရောဂါထူပြောခြင်း … ဂီလာနဖြစ်ခြင်း စတဲ့ အကုသိုလ်ကံကြောင့် မကောင်းကျိုးများခံစားရသလို … ချမ်းသာခြင်း ရာထူဂုဏ်ရှိန်တိုးခြင်း ဥစ္စပြည့်ဖြိုးခြင်းဆိုတဲ့ ကုသိုလ်ကံကြောင့် ကောင်းမှုတွေကို ခံစားစံစားရပါတယ် …. ဒီလို အကျိုးပေးတာကိုတော့ ပဝတ္တိအကျိုးလို့ခေါ်ဆိုပါတယ် …။

★ ★ ( ၃ ) တတိယဘဝကစပြီးနိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အခွင့်သာလျှင်အကျိုးပေးတဲ့ အပရာ ပရိယ ဝေဒနိယကံ …

အချို့သောကုသိုလ်ကံ အကုသိုလ်ကံများကျတော့ ခု ဘဝရောနောင်ဘ၀ရောအကျိုးမပေးပါပဲ တတိယဘ၀ကစပြီး နိဗ္ဗန်စံဝင်တဲ့တိုင်အောင် … အကြောင်းတိုက်ဆိုင်လျှင်ကွက်ကျားကွက်ကျား အကျိုးပေးတတ်ပါတယ် …။
အဲ့လိုဘ၀ပေါင်းများစွာလိုက်ပါနေ ပြီး … အခွင့်သင့်တာနဲ့ အကျိုးထပေးတဲ့ကံကို … အပရာပရိယ ဝေဒနိယကံလို့ခေါ်ပါတယ် …. ။
.
အလုံးစုံသော သတ္တ၀ါအန န္တမှာ ဒီ အပရာ ပရိယ ဝေဒနိယကံတွေက ကောင်းမှုမှာရော မကောင်းမှုမှာပါ … တင်းကြမ်းပြည့်လျှံပြီး နေကြတာပါ …
ဒီကံကလွတ်တဲ့ သတ္တ၀ါရယ်လို့ လောကမှာ မရှိပါဘူး ….
ဘုရားရှင်ရဲ့ ဝဋ်တော် ( ၁၂ ) ပါးဆိုတာ …. ဒီကံတွေပါပဲ …
ဒါကြောင့် အခုဘဝ မကောင်းတာ လုပ်နေပေမယ့် …
ဟိုဘဝကပြုခဲ့ဘူးတဲ့ … ကုသိုလ်ကံက အကျိုးပေးခွင့် သာခဲ့လျှင် မကောင်းမှုပြုနေတုန်း ကောင်းကျိုးပေါ် လာ တတ်ပါတယ် …

★ ထို့အတူ ကောင်းတာလုပ်နေပါလျှက်နဲ့ ဟိုဘ၀ကပြုခဲ့တဲ့ မကောင်းမှုကံကအခွင့်ကြုံ ခဲတဲ့တွက် ကောင်းမှု လုပ်နေတုန်း မကောင်းကျိုးပေါ်လာတတ်ပါတယ် …
ဒါကိုဥါဏ်နဲ့မယှဉ်နိုင်သူတွေက … မကောင်းတာ လုပ်တဲ့သူတွေ ကျတော့ကောင်းနေပြီး ကောင်းတာ လုပ်နေတဲ့သူကျ ဆိုးရလား ဆိုပြီး လောကကြီးကိုစိတ်နာ … အယူ ဖောက်ပြန် ဆိုးရွားသွားတတ်ပါတယ် …။
ကောင်းတာလုပ်နေရက်နဲ့ မကောင်းကျိုးကိုခံရတဲ့ ပုံပြင်တစ်ပုဒ်တင်ပြီးပါပြီ  …. ဒီပါယန နဲ့ မဏ္ဍဗျ ဆိုတဲ့ ကုဋေကြွယ် သူဌေးသူငယ်ချင်း နှစ်ဦးအကြောင်းပါ ...။
(၀တ္တုက ဒသက နိပါတ်တော် ကကှဒီပါယန ဇာတက )

★ ဒီတော့ အပရာပရိယ ဝေဒနိယကံဟာ တတိယဘ၀ကစပြီး နိဗ္ဗာန် ရတဲ့ဘဝတိုင် အောင် တိုက်ဆိုင် ရင်အကျိုးပေးပြီး … မတိုက်ဆိုင်သေးလျှင် ဒီကံဟာ မိမိသဏ္ဍန်မှာရှိနေပါလျှက် မိမိနောက် တကောက် ကောက်လိုက်နေပြီး  …မြုံနေတတ်ပါတယ် …မြုံနေလို့စိတ်ချရသလားဆိုတော့ စိတ်မချရဘူး … ယ္ခု မဏ္ဍဗျ ရသေ့လိုပေါ့ အကြောင်းတိုက်ဆိုင်လာတော့ … ကောင်းမှုပြုနေ တဲ့ကြားက ၀င်နှောင့် ယှက်တော့ တာ …။

တစ်ခြားမကြည့်နဲ့ ဘုရား၇ှင်ကိုပဲကြည့်ပါ … ခါးတော်နာခြင်း … ကျောက်လှိမ့်ခံရခြင်း စတဲ့ ဝဋ်တော် ( ၁၂ ) ပါးဟာ ဒီ အပရာပရိဝေဒနိယကံရဲ့ အကျိုးတွေပါ …
ဘုရားဖြစ်တဲ့နောက် ဆုံးဘ၀ မှာတောင် လိုက်လံ နှိပ်စက်တာပါ …
ဒီကံဟာ .. သူ့စိတ်ကြိုက် အကျိုးမပေးရသမျှ … ဘယ်တော့မှ မပျက်စီးဘူး … ( အပရာကရိယဝေဒနီယံ ပန ၀ိပါကံ အဒတွာ န နဿတိ ) လို့ နေမိဇတ် အဌ ကထာ မှာ ပြဆိုထားတာပါ …။
ဒါကြောင့် မိမိသန္တာန်မှာ ကုသိုလ် အပရာပရိယ ဝေဒနိယ ကံ ပွားများပြီး အကုသိုလ်အပရာပရိယ ဝေဒနိယ ကံ နည်းပါးအောင် … ကြိုးစားအားထုတ်သင့်တာပေါ့ ….။

★ ★ ( ၄ ) အကျိုးပေးချိန်မှာအကျိုးမပေးလိုက်ရတဲ့အတွက် ….အချည်းနှီးဖြစ်သွားတဲ့ အဟောသိကံ …

အဟောသိကံ …. ဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကံတရားတွေဟာ သူ့အချိန် နဲ့သူ အကျိုး ပေးရ ဖို့ရှိပါတယ် အကျိုးပေးချိန် ကုန်သည့်တိုင်အောင် အကျိုးပေးခွင့် မရတော့ရင် အဟောသိကံ ဖြစ်သွားပါတယ် …။
★ ယ္ခု ဘဝမှာ ချက်ချင်း လက်ငင်း အကျိုးပေးမယ့် ကုသိုလ် အကုသိုလ်ကံဟာ သူ့ထက် အဆ များစွာကြီးမားတဲ့ ကုသိုလ် အကုသိုလ်ကံရှိနေရင် ဒီကဟာ အဟောသိကံဖြစ် သွားတတ်ပါတယ် ……။

★ ဒုတိယဘဝမှာခံရမယ့် ကုသိုလ် အကုသိုလ် ကံဟာလဲ ဒီလိုပါပဲ …. သူ့ထက် အဆများစွာကြီးမား တဲ့ ကုသိုလ် အကုသိုလ်ကံ ရှိနေရင် အကျိုး ပေးခွင့်မရတော့ ပါဘူး … အဟောသိကံ ဖြစ်သွားတတ်ပါတယ်

★ တတိယဘဝကနေစလို့ နိဗ္ဗာန်မရောက်ခင်စပ်ကြား ခံရမယ့် ကုသိုလ် အကုသိုလ်က က အဟောသိကံ မဖြစ်တတ်ပါဘူး …. ကိုယ့်နောက် တကောက်ကောက်လိုက်ပြီး အခါအခွင့်ကို ချောင်းနေတာပါ … ဒါပေမယ့် …. ငရဲကျနိုင်မယ့် ကံများကတော့ သောတပန် ရဟန္တာ စတဲ့ မဂ်ကုသိုလ် ရလိုက်တာနဲ့ အလိုလိုချေဖျက်ပြီးသားဖြစ်ပါတယ် ….
.
ဒါပေမယ့် ဝဋ်ကြွေးအနေနဲ့ ကျန်တာတွေ ကတော့ နောက်ဆုံးဘဝမှာ စုခံရပါတယ် …. ဥပမာ … ပဋာစာရီ … ဂင်္ဂါတိရိယ မာတာ ခိုးသား ( ၅၀၀ )နဲ့ သျှင်မဟာမောဂ္ဂလာန် စသည် သာဓကတွေ ရှိနေပါတယ် …။

★ ★ ဒီကံလေးပါးကို ဘာနဲ့ပိုင်းခြားပြီးသိရမှာလဲဆိုရင်ဇောနဲ့ ပိုင်းခြားသိရမယ်လို့ ကျမ်းဂန်များက ဆိုပါတယ် …

★ အဘိဓမ္မာနည်းအရ ကုသိုလ် အကုသိုလ် ပြုခဲ့ရင် ပြုသူရဲ့ သန္တာန်မှာ ကုသိုလ်ဇော အကုသိုလ်ဇော ( ၇ ) ကြိမ် ထိဖြစ်ပွားပါတယ် … အဲ့ဒီ ဇော ( ၇ ) ကြိမ်ကို

( က ) ပထမဇောစိတ် တစ်ပိုင်း
( ခ ) အလည်ဇော စိတ် ( ၅ ) ခုတစ်ပိုင်း
( ဂ ) သတ္တမ ဇောစိတ် တစ်ပိုင်း သုံးပိုင်း ပိုင်းထားပါတယ် ….

★ အဲ့ဒီ သုံးပိုင်းအနက် ပထမဇောစိတ်နဲ့ ယှဉ်တဲ့ စေတနာကို ယ္ခုဘဝမှာ အကျိုးပေးတဲ့အတွက် ဒိဌိဓမ္မ ဝေဒနိယကံလို့ခေါ်ပါတယ် …။

★ နောက်ဆုံးသတ္တမဇောစိတ်နဲ့ ယှဉ်တဲ့ စေတနာကို ဒုတိယဘ၀မှာ အကျိုးပေးတဲ့ အတွက် ဥပပဇ္စဝေဒနိယကံ လို့ခေါ်ပါတယ် …။

★ အလယ် ဇော ( ၅ ) ချက်နဲ့ယှဉ်တဲ့ စေတနာကို တတိယ ဘဝမှ နိဗ္ဗာန်ရသည်အထိ အကျိုးပေးတဲ့အတွက် …. အပရာပရိယ ဝေဒနိယကံလို့ခေါ်ပါတယ် …။

ဗုဒ္ဓဘာသာဝင်မှန်သမျှ ဒီကံလေးပါကို သိထားဘို့နဲ့ ဒီကံက ဒီလိုဖြစ်ပြီး ဒီလို အကျိးပေး တတ်ပါလား ဆိုတာကို ယုံကြည်ဖို့ အထူးလိုအပ်ပါတယ် ….။

ချမ်းမြေ့ကြပါစေရှင် ...

No comments:

Post a Comment