Thursday, January 29, 2015

စုန္ဒ ၀က်သတ်သမား



မင်းတို့မြဲမြဲမှတ်ထားကြစမ်း  … လောကကြီးမှာ …  မိမိကိုယ်ကိုပဲ ယုံကြည်ရမယ် … အလုပ်လုပ်မစားချင်တဲ့ …. ကိုယ့်ရဲ့ဘဏ္ဍာကို … အလှူခံဘို့ မျက်စောင်းထိုးနေတဲ့ … ဘယ် ပုဂ္ဂိုလ် ဘယ် ဂိုဏ်းကိုမှ ယုံစရာမလိုဘူး
.
ဘ၀ကို သာယာစရာကောင်းအောင်နေရမယ် … ကိုယ့်ဘ၀ကို မသာစေတဲ့ အဟန့်အတား တစ်ခုခုတွေ့ရင် … မဖြစ်ဖြစတဲ့နည်းနဲ့ ဒီအဟန့်အတားကို ဖျက်စီးပြစ်ရတယ် …. ဘ၀ရဲ့ သာယာမှု အတွက် တရားမျှတမှူဆိုတာမရှိဘူး …. ကိုယ့်ဘ၀ သာယာအောင်ကိုယ်သာ ဖန်တည်း ရမယ် ….
ကိုယ် ပင်ပန်းတကြီး အာကျိုးမာန်တက် ရှာဖွေစုဆောင်းထားတာကိုလဲ … အလုပ်မလုပ်ပဲ အလှူခံစားနေတဲ့ … အချောင်သမားတွေကို မပေးသင့်ဘူး …. ဒါဟာ တရားမျှတ တယ် ….
.
သူက …. သိပ်ချမ်းသာတဲ့ကုန်သည်တစ်ယောက်ပေါ့   …  ရာဇဂြိုဟ် မှာနေတယ် … သူ့ရဲ့အိမ်က ဘုရားရှင်သီတင်းသုံးတဲ့ ဝေဠုဝန်ကျောင်းတော် နဲ့နီးတာပေါ့ …. ဒါပေမယ့် ဒီလောက် နာမည်ကြီး တဲ့ မြတ်စွာ ဘုရားကျောင်းတော် ကို သူမသွားဘူး ….
နိစ္စ ဒူဝ သူ့အိမ်ရှေ့ကနေ ဆွမ်းခံကြံတဲ့ရဟန်းတွေ ရှိခဲ့တယ် …. သူနှုတ်မဆက်ဘူး ….
( ၁ ) လှူရမှာစိုးလို့
( ၂ ) အမြင်မကြည်လို့
တခြားတိတ္ထိများ အာရာမ် သို့လဲ  သူမသွားဘူး ….
ပုရပိုဇ်များနှင့်လည်း လုံးဝမဆက်ဆံ
အလှူခံပုဂိုလ်မှန်သမျှ သူအမြင်ကတ်တယ် ….
သူ့အိမ်ရှေ့မှာ အလှူခံ တက္ကတွန်းတွေ .. ဗြဟ္မဏတွေ … အမြဲဖြတ်ကြတယ် … အလှူခံကြတယ် … ရဟန်းတွေ ဆွမ်းရပ်ကြတယ် ….
ဒါပေမယ့် သူ့ဘ၀တစ်လျှောက်လုံး တစ်ခါမှ မလှူခဲ့ဖူးဘူး … သူ့အိမ်ရှေ့လာရပ်ရင်လဲ
သူမသိချင်ယောင်ဆောင်နေတယ် …. ရံခါ ဆဲထုတ်တယ် …. ရံခါအော်ငေါက်လွှတ်တယ် ….
.
သူ့ရဲ့စီးပွားရေးက …. ၀က်ကုန်သည် … ပြီးတော့ ၀က်ပေါ်ရောင်းတယ် ……
ဘုရားရှင်လက်ထက်တော်က လူတွေက ဒီခေတ်လောက် မကောက်ကျစ်ကြဘူး ရိုးသား အေးချမ်းကြတယ် … ဒါပေမယ့် ဒီဝက်ကုန်သည်ကတော့ ဘုရားရှင်ငုတ်တုတ်ရှိနေတဲ့အချိန်မှာတောင် ..ဒီခေတ်က လူတွေလောက်ကောက်ကျစ် တာပေါ့  ဒါကို သူ့ကိုယ်သူ စီးပွားရေးအကွက်မြင်တယ်လို့ထင်တယ်  …
.
သူကုန်ကူးတာဒီလို … လယ်သမားတွေကို စပါးစိုက်ချိန်တွေမှာ အတိုကမတန်တဆယူပြီး စပါးပေးနဲ့ငွေချီးတယ် …. စပါးပေါ်ချိန် သတ်မှတ်သလောက်မပေးနိုင်ရင် လယ်သိမ်းနွားသိမ်းတယ် စပါးသိမ်းတယ် .. ဒီစပါးတွေကိုလှောင်ထားတယ် …
.
စပါးရှားချိန်ကျတော့မှ သူဟာရွာစဉ်လှည့်ပြီး စပါးနဲ့ ၀က်ပေါက်စလေးတွေနဲ့လဲတယ် … ၀က်ပေါက်စလေးတေါဆိုတော့ အလကားနီးပါးဈေးနဲ့ ဆန်နဲနဲ ပေးပြီးဝက်လေးငါး ဆယ်ကောင်မတရား ယူပြီးလဲတာပေါ့ … ၀က်စာက ဈေးကအပုတ်အသိုးတွေကိုး … ၀က်စာအတွက်မကုန်ဘူးလေ … ဒီလိုနဲ့
တစ်နှစ်သားလောက်ဆို ၀က်တွေကပေါ်လို့ရပြီ ..ဒီလိုနဲ့ သူက သူဌေးဖြစ်နေတာပေါ့ …
.
သူ့ဝက်သတ်နည်းက ..ရက်စက်လှ၏ …
သူဟာ ၀က်များရဲ့အာခေါင်ကို တုတ်နဲ့ထောက်ထားတယ် ….
ဟနေသောပစပ်ထဲကို … ကျိုက်ကျိုက်ဆူနေတဲ့ရေနွေးပူလောင်းထည့်တယ်
ဝက်ဗိုက်ထဲကမစင်တွေအရေပျော် ကျအာင်လုပ်တယ် …
ရေနွေး ကျိုက် ကျိုက်ဆူကို … ကြိမ်ဖန်များစွာလောင်းထည့်တယ်
အူတွင်းကကျဆင်းလာတဲ့အရည်ဖြူကာမှ … ရေနွေးလောင်းခြင်းကိုရပ်တယ် …
ပြီးရင် ၀က်ရဲ့အသားကို ဖျက်ပြီးရောင်းတာပေါ့ …
ဒီနည်းအတိုင်းနှစ်ပေါင်း ( ၅၅ ) နှစ်ကြာအောင်လုပ်လာတယ်တဲ့ … 
သူက  … သူ့ရဲ့ ၀က်သတ်တဲ့အလုပ်ကို အလွန်ပျော်တယ် ….
ဝက်တွေကိုသူ့ရဲ့တင်းပုတ်နဲ့ ထုလို့ ၀က်တွေအောဟစ်သံကြားတာကို .. စောင်းသံလို့ ထင်တယ် …. အလွန်ပီတိဖြစ်တယ် …
.
ဝက်တွေရဲ့ပါးစပ်ထဲ ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးတွေလောင်းထည့်လို့  ၀က်တွေ စူးစူးဝါးဝါး အော်ဟစ်သံဟာ … သူ့ကိုပီတိဖြစ်စေတယ် ….
သူဟာ လောကကို … အသိမှား ( စိတ္တ၀ိပ္ပလ္လာသ ) … အမှတ်မှား ( သညာ ၀ိပ္ပလ္လာသ ) … အမြင်မှား ( ဒိဌိ ၀ိပ္ပလ္လာသ ) တွေနဲ့ ကြည့်ပြီး လောကဟာ သူ့အတွက်ပျော်စရာ အပြည့်လို့ ထင်နေခဲ့တယ် … ( သံသရာကို မယုံကြည်သောအမြင်ပေါ့ ) …
.
တစ်ချို့လူတွေပြောကြတယ် … သေပြီးမှဖြစ်တာ … ငါလဲမသိဘူး … အပိုတွေ လုပ်မနေ နိုင်ဘူး ဆိုပြီးလေ … ဒီဝက်ကုန်သည်လိုလူမျိုးပေါ့ ( သေပြီးပေမယ့် လွန်ခဲ့တဲ့ဘ၀က ကိုယ်ဘာတွေ လုပ်ခဲ့ တယ် ဆိုတာ သိတဲ့ ဘုံတွေရှိတယ်နော် ) …
.
အိမ်နီးနားချင်းတွေကတော့ ပြောင်းပြေးကြတယ် …. မပြောင်းပြေးနိုင်သူတွေကတော့ … နားပိတ်ထား ယုံပေါ့ … တစ်ပတ်တစ်ခါဝက်သတ်တိုင်း … ၀က်တွေရဲ့ နာကျင်စွာ အော်သံဟာ ငရဲခန်းလို မကြားချင်လဲ ကြားနေကြရတယ် …
.
ဒီလိုနဲ့ တစ်နေ့ သူ မမာ မကျမ်းဖြစ်တော့တယ် …  လောကအပေါ်အနိုင်ယူခဲ့သမျှ ..လောက ရဲ့သစ္စာ တရား က … သူ့ကိုဒါဏ်ခတ်ပြီပေါ့ …
.
တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်မှူကို ခံစားနေရတယ် … ပူလောင်လွန်းလို့ … ၀က်များ သွားသလို လေးဖက်ထောက် ပတ်ပြေးပြီး အော်နေ ၇တယ် ….
.
အကုသိုလ်ကံကကြီးလွန်းတော့ နောက်ဘ၀ကိုအကူးမခံတော့ဘူးလေ … တူသော အကျိုးပေးခြင်းကို ခံနေရရှာပြီ  …
.
သူ့တစ်ကိုယ် လုံးမှာ အနာတို့ဟာ ပြည်တရွှဲရွှဲနဲ့ ဖူးယောင်ထကုန်တယ် ….  အ၀ီစိ ငရဲမီးဟာ သူ့ခန္တာ ကိုယ်မှာ လွှမ်းခြုံထားသလိုပဲ …
.
သတိကင်းလွတ်ပြီး အိမ်အတွင်းဟိုမှသည်မှ လှည့်ပတ်ပြေးနေ၇တယ် …  အိမ်သားတွေက အပြင်ကို ထွက်ပြေးမှာကြောက်လို့ အခန်းထဲသော့ပိတ်ထားရတယ် … ၀က်ခြံတွင်းဝက်တွေ သတ်ခံရခါနီးထွက်ပေါက်ရှာသလိုပေါ့ … နောက်ဆုံး ၀က်ရဲ့ အော်သံနဲ့ ( ၇ ) ရက်တိတိ တစ်ချိန်လုံး စူးစူးဝါးဝါးအော်နေ၇တယ် …
.
အိမ်နီးပါးချင်းတွေလဲ မအိပ်ရဘူးပေါ့ … နောက်ဆုံးမှတော့ အိမ်နီးနားချင်းတွေက မခံ မရပ်နိုင် တော့ပဲ … ( ၇ ) ရက်မြောက်နေ့ နံက်မှာ ဘုရားရှင်ထံ သွားတိုင်ကြတာပေါ့ …
.
အရှင်ဘူရား … ၀က်ကုန်သည်ဟာ ( ၇ ) ရက်ပတ်လုံး …၀က်တွေကိုမနားတမ်းသတ်နေပါတယ် ဘုရား … တပည့်တော်တို့မှာ မအိပ်ရတာ ( ၇ ) ရက်တိတိရှိပါပြီဘုရား ….
.
ချစ်သား ချစ်သမီးတို့ … ၀က်ကုန်သည်သည် ( ၇ ) ရက်ပတ်လုံး ၀က်သတ်နေခြင်းမဟုတ် … ( ၅၅ ) နှစ်တာပတ်လုံး … သူပြုခဲ့သည့် မကောင်းမှူအကုသိုလ်ကံသည် .. ပြင်းထန်လွန်းသမို့ … ပစ္စုပ္ပန်ဘ၀မှာပင် ချက်ချင်းလက်ငင်း တူသောအကျိုးပေးခြင်းကိုခံရပြီး … ( ၇ ) ရက်တိတိ ပစ္စုပ္ပန် ငရဲတီက်ကျခံကာ .. ယနေ့နံက်မှာပင် ကွယ်လွန်၍ အ၀ီစိ ငရဲသို့ ကျသွားခြင်းဖြစ်ပေသည် …ဆိုပြီး အောက်ပါ ဓါထာကိုဟောခဲ့ပါတယ် ….
.
မကောင်းမှုကိုလုပ်သောသူသည် .. ယ္ခုဘ၀ တွင်လည်းစိုးရိမ် ပူပန်ရတတ်၏
နောင်တမလွန်ဘ၀တွင်လည်း ပူပန်ရ၏ … ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး ပူပန်ရ၏
မိမိ၏ညစ်ညူးသော အကုသိုလ် ကြမ္မာအတိုင်း … တူသောအကျိုးပေးခြင်းကို ဧကန် ခံရမည်သာဖြစ်ပေသည်လို့ …. မိန့်ခဲ့ပါတယ် …. ။
.
ချမ်းမြေ့ကြပါစေရှင် ...
.
.

No comments:

Post a Comment