Sunday, October 30, 2016

သာသနာ့ နွယ်ဝင် သီလရှင်များရဲ့ သာသနာတော် သမိုင်း



မောင်လေး ညီမလေး တို့ရေ ….. 

ဘုရားရှင်လက်ထက်တော်အခါက ဘုရားရှင်ကို ပြုစု လုပ်ကျွေးတဲ့ အရှင်အာနန္ဒာရဲ့ တိုက်တွန်းမှု့ကြောင့် ဘုရားရှင်က မိထွေးတော် ဂေါတမီ အမှူးပြုတဲ့ နောက်ပါ သာကီဝင် မင်းသမီး ( ၅၀၀ ) တို့အား ပဉ္စင်းခံပေးပြီး ဘိက္ခူနီ သာသနာပေါ်ထွန်း ခွင့်ပြုခဲ့ပါတယ်။

သာသနာနှစ် ၂၃၅ ( ၃၀၉-ဘီစီ ) က သုဝဏ္ဏဘူမိမြို့ သုဓမ္မပူရ မှာ ကိုးတိုင်း ကိုးဌာန သာသနာပြု အရှင်သူမြတ်များ ဖြစ်ကြတဲ့ သောဏထေရ် ၊ ဥတ္တရထေရ်တို့ သာသနာ ပြုချိန်မှာ ဘိက္ခူနီ တစ်ထောင့် ငါးရာ နောက်ဆုံး ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း မှာတော့ ဘိက္ခူနီ သာသနာဆိုင်ရာ အကြောင်း အရာ အမှတ်အသား တစ်စွန်းတစ်စမှ မတွေ့ ရတော့ ပဲ ဘိက္ခူနီ သာသနာ ပျောက်ကွယ်ခဲ့ပါတယ်။


ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းမှာ အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက် သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ် ရဟန်း တော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်း ကျင် လောက်မှာ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ ရပါတယ်။


အေဒီ သုံးရာစု ၀န်းကျင် သာသနာတော်နှစ် ၉၀၀ ၀န်းကျင် ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။

အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက်ထွန်းကားလာပြီး ကုန်းဘောင် ခေတ်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်းဆရာတော်ရဲ့ နှမ မယ်ခေမာ အမည်ရှိတဲ့ မယ်ကင်း တို့ ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။
သီလရှိသူ သီလရှင် များရယ်လို့ ပြောင်းလဲ ခေါ်ဝေါ် လာကြတယ်လို့ သိရပါတယ်။

အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများ ပေါများတာ ကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။


ဒီလိုသမိုင်းကို အကျဉ်းချုံ့ဖော်ပြလိုက်တဲ့ အတွက် သီလရှင်များသည် ပရိပိုဇ် ( ဗုဒ္ဓ ဘာသာဝင်တွေ အမြင် ဒိဌိ ) တွေလို့ ထင်မြင်စရာဖြစ်လာပါတယ်။


တစ်ချို့ကလည်း သီလရှင်သည် ဘိက္ခူနီ သာသနာပြတ်တောက်ပြီး ဘိက္ခူနီ နေရာကို အစားထိုးနေတဲ့အတွက် ဘိက္ခူနီမှ ဆင်းသက်ခဲ့တယ် လို့ ယူဆနေကြ ပေမယ့် -
ဘိက္ခူနီနဲ့ သီလရှင်ဆိုတာ အနွယ်အားဖြင့် ၊အကျင့်သိက္ခာအားဖြင့် ၊၀တ်ဆင်ပုံ အလေ့ အကျင့် အားဖြင့် သီးသန့်ခြားနားပါတယ်။
 
တစ်ချို့ကလည်း ဘုရားရှင်ထားခဲ့တဲ့ ဘိက္ခူနီ သာသနာဖြင့်မရှိတော့ပဲ နဲ့ မိမိသဘော နဲ့ သီလရှင် နာမည်နဲ့ သာသနာတော်ဝင် လုပ်တာ
ဘုရားရှင် အလိုတော်ကျ မဟုတ်ဘူး မှားတယ်
ဒါကြောင့် လက်မခံသင့်ဘူးလို့ ပြောတဲ့လူတွေရှိလာတဲ့ အတွက် သီလရှင် တွေရဲ့ အစ သမိုင်းကြောင်းလေးကို အရင်တင်ပေးပါရစေ

တစ်ခုသိထားရမှာက သီလရှင် တွေဟာ သာသနာတော်နဲ့ အလွန်နီးစပ်တဲ့ အကျင့် သီလ နဲ့ ပြည့်စုံသူတွေ ဖြစ်ပါတယ်။


သီလရှင် သမိုင်းဟာ နက်နဲလှတဲ့အတွက် သီလရှင်တွေဟာ ပရိဗိုဇ်တွေပါလို့ လွယ်လွယ် ပြောမိရင် မြန်မာအတွေးနဲ့ သီလရှင်တွေဟာ တိတ္ထိတွေဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် မောင်လေး ညီမလေးတွေကို ဂဃနဏ သိအောင် အကျယ်ရှင်းပြပါရစေ။


သီလရှင်အကြောင်းကို စမယ်ဆို ....
လူ့ဘောင်ကို စွန့်ခွာသူ ပဗ္ဗဇ္ဇဆိုတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း ကနေ စရှင်းပြမှ ပြည့်စုံ သဘောပေါက် ပါလိမ့်မယ်။

ပဗ္ဗဇ္ဇ - လူ့ဘောင်ကို စွန့်ခွာ၍ တရားကျင့်သူ

ပဗ္ဗဇ္ဇဆိုတဲ့ အဓိပါယ်ကတော့ အနာဂါရိယ ဆိုတဲ့ အိမ်ယာ တည်ထောင် လူ့ဘောင်ကို စွန့်ခွာ၍ ပဗ္ဗဇ္ဇ လျှော်တေသင်္ကန်းကို ၀တ်ဆင်ပြီး တရားလှည့်လည် ကျင့်ကြံ ဟောပြောသော လမ်းစဉ်ကို လျှောက်သူလို့ အဓိပ္ပာယ်ရပါတယ်။

ပဗ္ဗဇ္ဇ ( တရားကျင့်သူ လူ့ဘောင်ကို စွန့်ခွာသူ ) အနွယ်ဝင် လေးမျိုးရှိပါတယ်။

( ၁ ) . ဥပသမ္ပဒ ပဗ္ဗဇ္ဇ ( ရဟန်း အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ)
( ၂ ) . သာမဏေရ ပဗ္ဗဇ္ဇ ( သာမဏေ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ )
( ၃ ) . ဣသိ ပဗ္ဗဇ္ဇ နဲ့ ( ရသေ့ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ )
( ၄ ) . ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ( ပရိပိုဇ် အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ )
တို့ဖြစ်ပါတယ်။

ဗုဒ္ဓ၀ါဒနဲ့ဆိုင်တဲ့ ကျင့်ကြံ နေထိုင်သူတွေ အတွက် နံပါတ် ( ၁ ) နဲ့ ( ၂ ) ကတော့ ဘုရားရှင်သက်တော်ထင်ရှားရှိချိန် နဲ့ သာသနာတွင်း ကာလတွေမှာ ရှိကြပြီး နံပါတ် ( ၃ ) နဲ့ ( ၄ ) ကတော့ ဘုရားရှင် တွေ စံလွန်ပြီး ဆိုင်ရာ သာသနာကွယ်ပျောက်ချိန်နဲ့ သာသနာ ပ ကာလမှာ အစားထိုး ရှိတတ်ကြပါတယ်။

ပဗ္ဗဇ္ဇတွေရဲ့ သီလ ကတော့ ဗုဒ္ဓဘာသာများနည်းတူ အနိမ့်ဆုံး ဆယ်ပါးသီလက စပြီး စတုပါရိသုဒ္ဓိသီလ အထိစောင့်ကြပါတယ်။

( ၁ ) . ဥပသမ္ပဒ ပဗ္ဗဇ္ဇ …. ရဟန်းများ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ
ဘုရားရှင်လက်ထက်ကစလို့ ယနေ့တိုင်အောင် ရဟန်းအဖြစ်ခံယူနည်း ( ၈ ) မျိုးနဲ့ ရဟန်းဖြစ်လာတဲ့ ဘိက္ခူ ၊ ဘိက္ခူနီ ပဗ္ဗဇ္ဇမျိုး ဖြစ်ပါတယ်။
ဥပသမ္ပဒ ပဗ္ဗဇ္ဇ ( ၈ ) မျိုးရှိပါတယ်။

(က) ဧဟိဘိက္ခူ ပသမ္ပဒါ
ဘုရားရှင်က ရဟန်းအဖြစ် ခံယူမယ့်သူ၏ ရှေးအကြောင်းအားလျှော်စွာ လက်တော်ကိုဆန့်တန်းပြီး ( ဧဟိဘိက္ခူ - ရဟန်းလာလှည့် ) လို့ ခေါ်ယုံနဲ့ ပရိက္ခရာ စုံလင် ရဟန်းဖြစ်လာရတဲ့ အရှင်ကောဏ္ဍညတို့လို ရဟန်းမျိုး

(ခ) သရဏ ဂမနုပ သမ္ပဒါ
ဘုရားဖြစ်တော်မူစအချိန် က ခွင့်ပြုသော သရဏဂုံ ဆောက်တည်၍ ရဟန်းဖြစ်ရသော ရဟန်းမျိုး

(ဂ) သြ၀ါဒ ပဋိဂ္ဂဟဏုပ သမ္ပဒါ
သြ၀ါဒ ကို ခံယူစေခြင်းဖြင့် ရဟန်းအဖြစ်သို့ ခွင့်ပြုသည့် ရှင်မဟာ ကဿပကဲ့သို့ ရဟန်းမျိုး ။


(ဃ) ပဉှာဗျာကရ ဏူပ သမ္ပဒါ
ပြသနာကို ဖြေဆိုစေခြင်းဖြင့် ရဟန်းအဖြစ်သို့ ခွင့်ပြုသည့် ရှင်သောပါက ကဲ့သို့ရဟန်းမျိုး ။


(င) ဂရုဟ ဓမ္မ ပဋိဂ္ဂဟ ဏူပသမ္ပဒါ
ဂရုဓံ တရား ရှစ်ပါး ကို ၀န်ခံစေခြင်းဖြင့် ရဟန်းဖြစ်ရသော မိထွေးတော် ဂေါတမီ ကဲ့သို့ရဟန်း

(စ) ဒူတေနူပ သမ္ပဒါ
တမန်ဖြင့် စေလွှတ်ခံယူစေ ခြင်းဖြင့် ရဟန်းဖြစ်ရသော အဍ္ဎကာသိ ကဲ့သို့သော ရဟန်း

(ဆ) အဌ၀ါစိကူပ သမ္ပဒါ
ဘိက္ခူနီ သံဃာထံတွင် ဉတ်ကမ္မ၀ါစာ လေးကြိမ် ဘိက္ခူသံဃာထံတွင် ဉတ်ကမ္မ၀ါစာ လေးကြိမ် စသဖြင့် ရှစ်ကြိမ်သော ဉတ် ကမ္မ၀ါစာ တို့ဖြင့် ရဟန်းဖြစ်သော တခေတ်လုံးရှိ ဘိက္ခူနီများ


(ဇ) ဉ တ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ
ယ္ခုခေတ် ရဟန်း ယောက်ျားတို့ ရဟန်းခံနေကြသော နည်း မိထွေးတော် ဂေါတမီနဲ့ သာကီဝင်မင်းသမီး ၅၀၀ လုံးထိုနည်းအတိုင်းရဟန်းပြုကြသည်။
စသည်ဖြင့် ဥပသမ္ပဒ ပဗ္ဗဇ္ဇ ( ၈ ) မျိုးရှိပါတယ်။

( ၂ ) . သာမဏေရ ပဗ္ဗဇ္ဇ …. သာမဏေ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ

လူ့ဘောင် စွန့်ခွာ သာမဏေ သာမဏေရီ များပါ
( ကွယ်ပျောက်သွားပြီဖြစ်တဲ့ ) သာမဏေရီများနဲ့
သာမဏေဖြစ်အောင် သရဏဂုံသုံးပါးကို ဥဘတော သုဒ္ဓိ ဆရာတပည့် နှစ်ဦး နှစ်ဖက် ပီပီသသ ရွတ်ဆိုပြုလုပ်ရတဲ့ ပဗ္ဗဇ္ဇ မျိုးတို့ ဖြစ်ပါတယ်။
သာမဏေရ ပဗ္ဗဇ မြောက်ကြောင်း အင်္ဂါ သုံးပါးရှိပါတယ်။ 

(က) ကေသစ္ဆေဒန ပဗ္ဗဇ္ဇ အင်္ဂါ ဆံပင်ရိပ်ပါယ်ခြင်း ပဗ္ဗဇ္ဇ အင်္ဂါ တစ်ပါးနဲ့ ပြည့်စုံစေရပါမယ်။ ဆံပင်မရိတ်သင်ပဲ သာမဏေပြုလို့မရပါဘူး


(ခ) စီဝရ အစ္ဆာဒန ပဗ္ဗဇ္ဇအင်္ဂါ သင်္ကန်းဝတ်ရုံ ဖုံးလွှမ်းခြင်း ပဗ္ဗဇ္ဇ အင်္ဂါနဲ့ ပြည့်စုံရပါတယ်။ သင်္ကန်းရှေးဦးစွာ ၀တ်ရုံမထားပဲ သာမဏေ ပြုလို့ မဖြစ်ပါဘူး။


(ဂ) ဥဘတောသုဒ္ဒိ ပဗ္ဗဇ္ဇင်္ဂါ ဆရာနှင့်တပည့် သရဏဂုံရွတ်ဆိုမှု ပီပီ သသ နှစ်ဦးနှစ်ဖက် ညီညီ မျှ မျှ ရှိရပါမယ်။ ဒီသုံးပါးနဲ့ပြည့်စုံရပါမယ်။
ရဟန်းခံရာမှာ ဆံမပါယ်ပဲ သင်္ကန်းမ၀တ်ပဲ လူဝတ်လူစားနဲ့ ရဟန်းခံရင် ရဟန်းတော့ဖြစ်ပါတယ် ။
ဒါပေမယ့် ဥပဇ္ဈာယ်မှာ အာပတ်သင့်ပါတယ်။

( ၃ ) ဣသိ ပဗ္ဗဇ္ဇ …. ရသေ့များ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ
ဇာတ် နိပါတ်တော်များမှာလာရှိတဲ့ တေမိမင်း မဟာဇနကမင်း သုဝဏ္ဏသာမ သတို့သား စသည်တို့ ကဲ့သို့ ရသေ့ ပြုခြင်းကို ပြောတာပါ။
ဇာတ်နိပါတ်များအရ ရသေ့များဟာ ဆံပင်ကို ကျစ်ခွေထုံးတယ်။
သစ်ပင်က ခွာလို့ရတဲ့ သစ်ခေါက်ကို ထုပြီး ဖျင်ကဲ့သို့ဖြစ်လာရင် စပ်ချုပ်ဆက်ဖာပြီး လျှော်တေအ၀တ်ကိုဝတ်ကြပါတယ်။
သစ်နက်ရေကို ပုခုံးပေါ်တင်ပြီး သစ်သား သုံးခွ ကရား စတဲ့ ပရိက္ခရာတို့ကို ဆောင် ပါတယ်။ ရသေ့ ရှစ်မျိုး ရှိပါတယ်။

(က) သပုတ္တ ဘရိယ ရသေ့
သားမယားနှင့်တစ်ကွ ရသေ့ပြု၍ လယ်လုပ်ကုန်သွယ်ခြင်း စသဖြင့် အသက်မွေးရတဲ့ ရသေ့မျိုး
( အထက်က ရဟန်း သာမဏေ တွေရဲ့ သာသနာတော် ကွယ်ပြီး လိင်္ဂသာသနာ ခေတ် ရောက်လာတဲ့ အခါမှာ ရဟန်းများဟာ သင်္ကန်းစများကို နားဋောင်း သို့မဟုတ် လက်မှာ ပတ်ပြီး သား မယား နှင့်တစ်ကွ ကုန်သွယ် လယ်လုပ် အိမ်ယာထူထောင်ကြလိမ့်မယ်လို့ ဆိုပါတယ် ဒါတွေဟာ ဒီရသေ့အမျိုး အစားတွေပါ ။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ဘုရားရှင်ရဲ့ တရားတော်တွေ သိသူ ဟောတတ် တဲ့သူ ဖြစ်တဲ့ အတွက် ပူဇော် ထိုက်ပါတယ်လို့ ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ )


(ခ) ဥဉ္စာစရိယ ရသေ့
မြို့ ရွာ တံခါးတွေမှာ အရိပ်သင်္ခန်းပြုပြီး အဲ့ဒိရွာတွေက မင်း ပုဏ္ဏား တို့ရဲ့ သားသမီး တွေကို ပညာသင်ပေးပြီး ရွှေငွေ မခံ မယူ ဆန် ဆီ စသည်တို့ကိုသာ ခံယူ စားသောက် သော ရသေ့မျိုး။


(ဂ) တံပတ္တကာလိက ရသေ့
ဆွမ်းခံ၍ စားသောက် သော ရသေ့မျိုး

(ဃ) အနဂ္ဂိပတ္တိက ရသေ့
မီးဖြင့် မချက်ရသော သစ်သီးစိမ်း စသည်တို့ကို စားရသော ရသေ့မျိုး

(င) အဃမုဌိက ရသေ့
ဆောက် ပုတ် ကျောက်ခဲတို့ကို ယူဆောင်ကာ ဆာလောင်သောအချိန်၌ တွေ့ရာ သစ်ပင် အခေါက် အခွံတို့ကို ထုပြီး ခွာစားရသော ရသေ့မျိုး ဒီရသေ့မျိုးတွေကတော့ ဥပုသ် စောင့်ခြင်း ဗြဟ္မ၀ိဟာရ ပွားခြင်း စတာတွေပြုပါတယ်။

(စ) ဒန္တလူရတာ ရသေ့
ဆောက် ပုတ် ကျောက်ခဲတို့ကို မဆောင် ဆာလောင်သော အချိန်၌ တွေ့ရာ သစ်ပင် တို့ကို သွားနဲ့ ကိုက်ဖြတ် စားသောက်တဲ့ရသေ့မျိုး
ဒီရသေ့မျိုးတွေ ကလည်း ဥပုသ်စောင့် ဗြဟ္မ၀ိဟာရ ပွားများခြင်းတို့ပြုပါတယ်။

(ဆ) ပ၀တ္တဖလိက ရသေ့
ရေအိုင် တောအုပ် စတဲ့နေရာတွေမှာနေပြီး ဆာလောင်တဲ့ အခါ အိုင်မှ ကြာရိုး ကြာစွယ် ၊ သစ်ပင်မှ သစ်သီး သစ်ပွင့် အသီးအပွင့် မရှိသော် အခွံ အခေါက် အရိုး အရွက် တွေကို စားပါတယ်။
အဟာရအလို့ငှာ အရပ်တစ်ပါးသို့ မသွားတဲ့ ရသေ့မျိုးဖြစ်ပါတယ်
အထက်ကလိုပဲ ဥပုသ်စောင့်တည်ခြင်း ဗြဟ္မ၀ိဟာရတရားပွားများခြင်း ပြုကြပါတယ်။

(ဇ) ၀ဏ္ဋမုတ္တိကရသေ့
မြေသို့ ကျရောက်တဲ့ သစ်ရွက်တို့ကိုသာ အဟာရအလို့ငှာ စားပြီး အရပ်တစ်ပါးကို
မသွားပဲ ဥပုသ်စောင့်တည်ခြင်း ဗြဟ္မ၀ိဟာရတရား ပွားများခြင်းပြုနေတဲ့ ရသေ့မျိုးပါ။

ဒီရသေ့ ရှစ်ပါးထဲမှာ (က) အဆင့် ကနေ (ဇ) ဆင့်ထိ အဆင့်ဆင့် မြတ်ပါတယ် ။
ဒါကြောင့် ၀ဏ္ဋမုတ္တိက ရသေ့က အမြတ်ဆုံးပါ။
( ဒီရသေ့ ရှစ်မျိုးကို သုတ္တံ နိပါတ် အဌကထာ ဟိရိသုတ်အဖွင့်နဲ့ ။ သုတ်သီလက္ခန် အဌကထာ အမ္ဗဌသုတ်အဖွင့်တွေမှာ ဖော်ပြထားပါတယ်။ )

( ၄ ) . ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ….. ပရိဗိုဇ်များ အသွင်ဖြင့် လူ့ဘောင်ကို စွန့်ခွာသူ

ပရိဗိုဇ် အမျိုးမျိုး ရှိပါတယ်။
ဘုရားသာသနာမရှိစဉ်ကပင် ရှိသော ထန်းစေ့မှုတ်ဖြင့် နှုတ်၍ ထွက်လာသော ဆံခွေ အလိပ်များဖြင့် လှည့်လည် ၀ါဒပြိုင်တတ်သော သစ္စက ကဲ့သို့ ပရိပိုဇ်များ၊

ဘုရားသာသနာရှိစဉ် အခါမှာ လည်း စင်ပြိုင်ဖြစ်သော သိဉ္စည်းစသည့် ဆရာကြီးတို့၏ တိတ္ထိဂိုဏ်းဝင် ပရိပိုဇ်များ

ဘုရားသာသနာ မရှိစဉ် အခါကတည်းက ဆံပင်ရိတ်ဖြတ်ပြီး ခေါင်းတုန်းအသွင်နဲ့ အ၀တ်ဖြူကို ၀တ်ဆင်ကာ ပဗ္ဗဇ္ဇ အသွင်နေထိုင်ကြသော ယ္ခုခေတ် သီလရှင် ဖိုးသူတော် ကဲ့သို့သော ပဏ္ဍရင်္ဂ ပဗ္ဗဇ္ဇ မျိုး စသည်ဖြင့် ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ အမျိုးမျိုး ရှိပါတယ် ။


ပရိပိုဇ် တွေဟာ ဘုရားရှင်မပွင့်မီ ရှေး ပဝေသဏီထဲက ရှိခဲ့တဲ့ အတွက် အစ ရှာရ ခက်ပါတယ်။

၅၅၀ ဇာတ် နိပါတ်တော်တွေမှာ လူ့ဘောင်ကို ငြီးငွေ့ပြီး လူ့ဘောင်ကို စွန့်ခွာလျှက် တောတောင်တွေမှာ နေက္ခမ္မပါရမီဖြည့်ကြတဲ့ အလောင်းတော်တို့မှာ တစ်ချို့က ရသေ့ ၀တ်ကြပြီး တစ်ချို့က ပရိပိုဇ် ၀တ်ကြပါတယ်။
မိန်းမတွေကလည်း ရသေ့မ ပရိပိုဇ်မ ၀တ်ကြပါတယ်။


ဒါပေမယ့် ဇာတ်တော်တွေအရ ရသေ့နဲ့ ပရပိုဇ် အ၀တ် အဆင် အသွင် အပြင် မတူပါဘူး။
နိပါတ်တော်တွေမှာ တေမိမင်း ဇနကမင်း ဝေသန္တရာမင်းတို့ တောထွက် ရသေ့ပြုကြ တော့ ဆံပင်ကို ပထမတစ်ခါသာ ရိတ်သင်ပြီး နောက်ထပ်မရိတ်တော့ပဲ ဆံကျစ်ထုံးပြီး ဖန်ရည်ဆိုးလျှော်တေအ၀တ် ( အညိုရင့်ရောင်) ၀တ်ဆင်လျှင် တောထဲမှာသစ်သီးသစ်ဥ ရှာဖွေစားသောက်ပြီးဈာန်တရားရအောင် ကျင့်ကြံကြတာတွေ့ရပါတယ်။

ဘုရားရှင်လက်ထက်တော် အခါက ကျွတ်တမ်းဝင်သွားကြသော ….
ထေရီ အဌကထာလာ ခင်ပွန်း ခိုးသားကြီးကို တောင်အောက်ကို တွန်းချပြီး သိဉ္စည်းဂိုဏ်း ထံမှာ ပရိပိုဇ် မခံယူ ၀ါဒပြိုင်ပြီး နောက်ဆုံး သာသနာ့ဘောင်ထဲဝင်လာတဲ့ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ပရပိုဇ်

မဟော်သထာ ဇာတ်တော်လာ ငါ့ကဲ့သို့ ပရိဗိုဇ် ပြုပါလော့ လို့ ဦးပြည်းခေါင်းတုန်းကို သုံးသပ်ပြသော ဘေရီ ပရိပိုဇ် သစ္စက ပရိပိုဇ်
စသော ဒိဌိ အနွယ်ဝင် ပရိဗိုဇ် အမြောက် အများဟာ
ရှင်သာရိပုတ္တရာစသော မထေရ်မြတ်များ နဲ့တွေ့ပြီး ကျွတ်တမ်း ၀င်သွားကြ ပါတယ် ။
ဒီလို ကျွတ်တမ်းဝင်သွားကြသော ပရိပိုဇ် များ မရေတွက်နိုင်အောင် ရှိပါတယ်။


ပရိပိုဇ်များကတော့ ဆံပင်ပါယ်ကြရပါတယ်။
ပရိပိုဇ် အမျိုးပေါင်း များစွာရှိပေမယ့် အမျိုးတူရာခွဲတဲ့အခါ နှစ်မျိုး ထွက်ပေါ်လာပါတယ်။ 

( ၁ ) အစေလက ပရိဗိုဇ်
( ၂ ) ဆန္ဒ ပရိဗိုဇ် ….. တို့ပါ

( ၁ ) အစေလက ပရိဗိုဇ်
အစေလက ပရိဗိုဇ် တွေဟာ အ၀တ်မ၀တ် ကိုယ်တုန်းလုံး နေထိုင်သူတွေဖြစ်ပါတယ်။
ပါထိကပုတ္တ
အစေလက ကဿပ
ကဠာရမဋက
ဇမ္ဗူက စတဲ့ ပါဠိတော်မှာထင်ရှားတဲ့ ရဟန္တာ မထေရ်မြတ်လောင်းလျှာ ပရပိုဇ်များ
အာဇိဝက တက္ကတွန်းများ စသည်တို့ဟာ အ၀တ် မ၀တ်တဲ့ ပရိဗိုဇ်များ ဖြစ်ပါတယ်။

နိဂဏ္ဌနာဋပုတ္တ ခေါ်တဲ့ မဟာဝီရလည်း အစေလ ပရိဗိုဇ်ပဲ ဖြစ်ပါတယ်။
ဂျိမ်းဘာသာ ထည်ထောင်သူပါ။
ဂျိမ်းဘုရားကျောင်းတွေမှာ မဟာဝီရရဲ့ အစေလက ပုံတော်ကိုတွေ့ရမှာပါ။

( ၂ ) ဆန္ဒ ပရိပိုဇ်

သူကတော့ အ၀တ် ၀တ်တဲ့ ပရဗိုဇ်ပါ
ဆန္ဒ ပရိပိုဇ် အမျိုးပေါင်းမြောက်များစွာရှိပါတယ်။
သာသနာတော် က ရဟန်းတော်များနဲ့ အရောင်တူ အသွေးတူ သင်္ကင်္န်း ၀တ်တဲ့ ပရိပိုဇ်များ
သမန်းမြက် ဖြူဆံမြက် တို့ကို ရက်လုပ်ပြီး ၀တ်တဲ့ ပရိပိုဇ်များ
ငှက်မွှေးများရက်၍ ၀တ်တဲ့ ပရိပိုဇ်များ
သစ်ခေါက်တို့ကိုစီ၍ ၀တ်တဲ့ ပရိပိုဇ်များ
စသည်ဖြင့် အမျိုးပေါင်းမနည်းပါဘူး။
ဘုရားရှင် လက်ထက်က သိဉ္စည်းဆရာကြီး ရဲ့ တပည့်များဖြစ်ကြတဲ့
အရှင်သာရိပုတ္တရာ ၊
အရှင်မဟာမောဂ္ဂလာန် လောင်း ဥပတိသနဲ့ ၊
ကောလိတ ၊
သုပ္ပိယပရိဗိုဇ် ၊
သုဘဒ္ဒ ပရိဗိုဇ် တို့ဟာ ဆန္ဒ ပရိပိုဇ် မျိုးပါ ။
ဆန္ဒပရိဗိုဇ်တွေဟာ ဘုရားသား ရဟန်းတွေလို ဖန်ရည်သင်္ကန်း ၀တ်ကြပါတယ်။

ဥပါနန္ဒ ရဟန်းဟာ ပရိပိုဇ် တစ်ယောက်နဲ့ သင်္ကန်းလဲဝတ်ကြတဲ့ အကြောင်း
ပရိပိုဇ် တို့ဟာ ရဟန်းတို့ကဲ့သို့ သပိတ် စတဲ့ ပရိက္ခရာ တွေအတူတူပင်ဖြစ်ကြောင်းကို ပိဋကတ် ကျမ်းတွေမှာ အများ အပြားတွေ့ရပါတယ်။

ဘုရားလောင်း မာတင်္ဂဇာတ် ၀ိသတိနိပါတ်မှာ အလောင်းတော်ဟာ
သမဏ ပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ
လို့ဆိုတဲ့အတွက် ပရိပိုဇ် ရဟန်းပြုကြောင်း ၊ ပြဆိုပြီး ပရိပိုဇ် ပရိက္ခရာများကို
သစ်နက်ရေ ထီး ဖနပ် သပိတ်အိတ် ဆွဲစရာ မြေသပိတ် ဒုကုဋ် သင်္ကန်း တို့ကိုဖော်ပြထားတဲ အတွက်
သစ်နက်ရေကလွဲလို့ ကျန်တာအားလုံး ရဟန်းသုံး ပရိက္ခရာချည်းဆိုတာတွေ့ရပါတယ်။

ပဏ္ဍရင်္ဂ ပရိပိုဇ် …. 

ဆန္ဒ ပရိပိုဇ် အမျိုးအစားများစွာထဲက ပဏ္ဍရင်္ဂ ပရိပိုဇ် အမျိုးအစားကတော့ အ၀တ်ဖြူကို ၀တ်ဆင်ပါတယ်။
အ၀တ်ဖြူဝတ်တဲ့ ပရိပိုဇ်တွေဟာ ဖန်ရည်ဆိုး ပရိဗိုဇ်ထက် ရှေးကျတယ်လို့ယူဆရပါတယ်။ ဒီ အဖြူဝတ် ပရိဗိုဇ်တို့ဟာ ကဿပ ဘုရားရှင် သာသနာတော် ကုန်ဆုံးချိန်မှ စတင် ပေါ်ပေါက် ခဲ့ပြီး အခုထက်ထိ အစဉ်မပြတ် တည်ရှိခဲ့တယ်လို့ဆိုပါတယ်။
((( သာရသင်္ဂဟ အဌကထာ )))

မဟာကုဏာလ ဇာတ် ( အသီတိနိပါတ် ) မှာ
သစ္စတပါပီ ပရပိုဇ်မဟာ ဖြူသောအ၀တ်ကို ၀တ်ဆင်ကြောင်းဖော်ပြထားတဲ့အတွက် ပဏ္ဍရင်္ဂ ပရိဗိုဇ်မ တို့ဟာ ကဿပ ဘုရား သာသနာတော် ကုန်ဆုံးချိန်ကစလို့ နောက်ဘုရားပွင့်ချိန်အထိ ရှိလာခဲ့တာ ထင်ရှားပါတယ်။

ပြီးတော့ ပဏ္ဍရင်္ဂပရိဗိုဇ်တွေဟာ အခြားပရိဗိုဇ်တွေထက် ဗုဒ္ဓသာသနာတော်နဲ့ ပိုနီး စပ်ကြပါတယ်။

ပရိဗိုဇ်များဟာ ဘုရားရှင်တွေ ပွင့်တော်မူတဲ့ အချိန်မှာ အားလုံးနီးပါး သာသနာတော် အတွင်း ၀င်ရောက်ပြီး ဘိက္ခူ ဘိက္ခူနီများ အဖြစ် စံဝင်ကုန်ကြလေ့ရှိပါတယ်။
သူတို့ဟာ ဘ၀ အဆက်ဆက် မြင့်မြတ်တဲ့ ကျင့်စဉ်တွေ ကျင့်ကြံလျှက် ပါရမီရင့်သန် လာကြပြီး လောကရဲ့ သစ္စာတရားကို အမှန်တစ်ကယ်သိတဲ့ မြတ်စွာဘုရားတွေ ပွင့်ချိန်မှာ စံဝင်ကြမယ့် သူတွေပါ။
။။။။။။။။။။

အချုပ်ဆိုရရင် ….
ပိဋကတ်ကျမ်းဂန်တော်တွေလာ
ဘုရားလောင်း
ရဟန္တာလောင်း
သာဝကလောင်း
ထေရီ ထေ၇ာလောင်းတွေ ဟာ
သာသနာပ ကာလမှာ ပဗ္ဗဇ္ဇ အသွင် တစ်မျိုးမျိုး နဲ့ လူ့ဘောင်ကို စွန့်ခွာ ကျင့်ကြံနေကြပြီး ဗုဒ္ဓပွင့်ချိန် မှာ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် သုဘဒ္ဒ ကုဏ္ဍလကေသာ စတဲ့ ပရပိုဇ် တွေကဲ့သို့ ဘိက္ခူ ဘိက္ခူနီ ဖြစ်လာကြပြီး စံဝင်တော် မူကြတဲ့ အတိုင်း ။

ပရပိုဇ်ဆိုတာ တွေဟာလဲ သာသနာတော်ကွယ်ချိန် မှာ -
မိမိတို့ဆုတောင်းအလိုက် ( ဥပမာ ပြောရရင် နောင်ဘုရားပွင့်ချိန် ကျွတ်တမ်း ၀င်ကြရမယ့် ပုဂ္ဂိုလ်တွေလို ) နောက်ဘုရား မပွင့်ခင် ပါရမီ အဆက်ဆက် ဖြည့်ကျက် တရားကျင့် နေသူတွေ ဖြစ်ပြီး
ဘုရား တစ်ဆူဆူ ပွင့်တော်မူလာတဲ့အခါ ပါရမီ အားလျှော်စွာ ကျွတ်တမ်းဝင်နိုင်ကြမယ့် သူတွေဖြစ် ပါတယ်။
( တရားကျင့်တယ်ဆိုတာဟာ လူ့ဘောင်ကို ငြီးငွေ့ပြီး ဒုက္ခက လွတ်ကြောင်း ဘာဝနာ အားထုတ် တာ ဖြစ်တဲ့ အတွက် ပါရမီအဖြစ် ပါသွား ပါတယ်။ )

ဒါကြောင့် သီလရှင်ဆိုတဲ့ သာသနာတော်ရိပ်ကို ခိုလှုံနေတဲ့ ပရဗိုဇ်တွေ ဆိုတာဟာ - အမျိုးသမီးများ အတွက် ရဟန်းပြုခွင့်ရမယ့် ဘိက္ခူနီသာသနာ ဟာ အကြောင်း အမျိုး မျုးကြောင့် ကွယ်ပျောက် ပြတ်တောက်သွားပြီးနောက်မှာ အမျိုးသမီးတွေဟာ လူ့ဘောင် ကို ငြီးငွေ့မှု ပါရမီ ရင့်သန်မှု နိက္ခမ္မဇ္ဇျာသယ မြင့်မားမှု တို့ကြောင့် လူ့ဘောင် ကနေ ထွက်ခွာလိုတဲ့အခါမှာ

ဗုဒ္ဓထားခဲ့တဲ့ ဘိက္ခူနီ သာသနာကလည်း မရှိတော့တဲ့ အတွက်
ထင်ရှားရှိရာ ပဏ္ဍရင်္ဂ ပရိဗိုဇ် များအဖြစ်
ဘုရားသာသနာလည်း ပွင့်လင်း နေချိန် ဖြစ်တဲ့အတွက်
အညဗာဟိရ ( သာသနာမှ အပ ) ပရိဗိုဇ်မျိုး မဟုတ်ပဲ ဘုရားရှင် သာသနာတော်အရိပ်ကို ကပ်ရောက် ခိုလှုံကာ
ဘုရားရှင်၏ တရားတော်များကို လေ့ကျက် ကျင့်သုံးလျှက် ဗုဒ္ဓဘာသာဝင် ပဏ္ဍရင်္ဂ ပရိဗိုဇ်များ အဖြစ် ဗုဒ္ဓဘာသာ ရဟန်းများကဲ့သို့ ပါရမီဖြည့်ကျင့်နေကြသူတွေ ဖြစ်ပါတယ်။

ဒီသာသနာတော်ဝင် ပဏ္ဍရင်္ဂ ပရိဗိုဇ်များကတော့ လက်ရှိခေတ် နူးတို့သိကြတဲ့ သီလရှင် များရဲ့ မူလ အရင်းအမြစ်ပဲ ဖြစ်ပါတယ်။

နူးတို့ မြန်မာ သီလရှင်များက အဖြူရောင်ကဲတဲ့ ပန်းနုရောင် သင်္ကန်းကို ၀တ်ဆင် ကြပေမယ့် ထိုင်း လာအို ဗီယက်နာမ် ကမ္ဘောရီးယား သီဟိုဠ် စတဲ့ နိုင်ငံတွေက သီလရှင် များကတော့ အဖြူရောင် အ၀တ်ကိုသာ ၀တ်ဆင်ကြပါတယ်။



မြန်မာရာဇ၀င်လာ ရှေးခေတ် သီလရှင်များ ….

( စာရှည်လွန်းလို့ ခေတ် တစ်ခုစီ ခွဲမရေးတော့ပါဘူး ပျူခေတ် ပုဂံခေတ် အင်းဝခေတ် ကုန်းဘောင်ခေတ် အစဉ်အတိုင်း စုရေးပေးပါ့မယ် )
.
မြန်မာ့ ရှေ့အကျဆုံးခေတ် ပျူခေတ် ( သရေခေတ္တရာ ဟန်လင်း ) နဲ့ ပုဂံခေတ်တွေမှာ သာသနာတော် တွင်းမှာ ရဟန်းများနဲ့ အတူ ပဏ္ဍရင်္ဂ ပရိဗိုဇ် လို့ခေါ်တဲ့ ၀တ်ဖြူစင်ကြယ်ဝတ် သီလရှင်တွေ ရှိခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထား မြောက်မြားစွာ ရှိပေမယ့် သူတို့ကို ဘယ်လိုနာမည်နဲ့ မှည့်ခေါ်ခဲ့တာ မသိပါဘူး။
.
ဒါပေမယ့် အင်းဝခေတ်မှာတော့ သီတင်းသုံး သပ္ပယိုဟ် ဟူသော မွန်အမည်နဲ့ မွန် အသံထွက် အတိုင်း မြန်မာသံ သွပ္ပယို လို့ထင်ရှားပါတယ်။
.
ပျူလူမျိုးတို့ဟာ အေဒီ -ရာစု ဗုဒ္ဓစံလွန်ပြီး နှစ်ပေါင်း ၉၀၀ လောက်ကစပြီး အေဒီ -ရာစု တိုင်အောင် -
အေဒီ -ရာစု မှာပေါ်တဲ့ ပုဂံနဲ့ နှစ်ပေါင်း ၂၀၀ နီးပါး အားပြိုင်နေပြီးမှ တဖြေးဖြေး မြန်မာများနဲ့ ရောနှော တိမ်ကောသွားတယ်လို့ယူဆကြရပါတယ်။
.
ပျုတို့အကြောင်းကို မြန်မာ့သမိုင်းမှာ တိတိပပ ဖော်ပြထားတာမရှိပေမယ့် ခရစ်နှစ် ၈၀၀ ခန့်က ရေးသားထားတဲ့ တရုတ်တို့ရဲ့သမိုင်း ( ထန်ရာဇ၀င်ဟောင်း ) မှာ ပျူတို့ရဲ့ တိုင်းပြည် ကြီးကျယ်ပုံ ပျူဘုရင်းများ တန်ခိုးကြီးပုံ သာသနာတော် အလွန်ထွန်းကားပုံတွေရေးထားတာတွေ့ရပါတယ်။
.
ပျူဒေသတွင် ဘုန်းကြီးကျောင်း ၁၀၀ကျော်မျှရှိသည်။ကျောင်းများတွင် ရွှေငွေတို့စီခြယ်ပြီး ဟသ်ာပြဒါးသုတ်လိမ်းထားတဲ့ ခန်းမကြီး သွယ်သွယ်ရှိပါသည်။ကြမ်းပြင်များကို အနီရောင်းဆိုး ပန်းပွင့်ထိုးထားသော ကော်ဇောမျယးခင်းထားသည်။
ကျောင်းအမိုးများကို ဘုရင့်နန်းဆောင်ကဲ့သို့ အုတ်ကြွပ်များမိုးထားသည်။
ပျူလူမျိုး ယောက်ျား မိန်းမတို့သည် အသက် ( ) နှစ်အရွယ်သို့ရောက်လျှင် ဆံပင်များ ပါယ်ဖြတ်၍  သာသနာ့ဘောင် ၀င်ကြရသည်။
အသက် ၂၀ ရောက်သောအခါ ဗုဒ္ဓကျင့်ဝတ်များကို လိုက်နာနိုင်ခြင်းမရှိလျှင် လူထွက်၍ ဆံပင်များအရှည်ပြန်ထားကြသည်။
ပျူမိန်းခလေးတို့သည် သီလရှင်အဖြစ် အသက် ၂၀ထိ နေကြရပြီး မနေနိုင်လျှင် ထွက်ကြရသည်။
စတဲ့ တရုတ်ရာဇ၀င်တွေကို ကြည့်ခြင်းအားဖြင့်  ခရစ်နှစ် -ရာစုမှ -ရာစုအထိ တရုတ်အခေါ် ဖျောက်။ မွန်အခေါ် တိရ်စုသ်၊ သူတို့ကိုယ်တိုင် ထုလော်ကျူ လို့ခေါ်ကြတဲ့ ပျူများဟာ ရွှေဘို နယ်က သရေခေတ္တရာအထိ ဧရာဝတီ မြစ်ဝှမ်းတစ်ဝိုင်မှာနေရာယူစပြစ်ပြီး အခြေမကျပေမယ့်။
-ရာစု ကနေ -ရာစုအထိ ဗုဒ္ဓသာသနာတော် နေလို လလို ထွန်းလင်းတောက်ပခဲ့ပြီး သာသနာ အတွင်း အ၀တ်ဖြူဝတ် ပဏ္ဍရင်္ဂ ပရိဗိုဇ်မယ် ( သီလရှင်များ ) ဖြင့် တင့်တယ်နေတာသိသာပါတယ်။
.
ဒါ့အပြင် ပုဂံခေတ် ရောက်လာတဲ့အခါမှာ -
ရဟန်း ဘွဲ့အမည်များကို အခုခေတ် ပါဠိဘာနဲ့ မှည့်ခေါ်ပြီး အဆင့်အတန်းအလိုက် ဘွဲ့အမည်ရဲ့ ရှေ့တွေမှာ ….မြတ်စွာသော မြတ်ကြီး မြတ်ကြီးစွာ ဖုန်းမြတ်သော  သခင်  ဆရာ စတဲ့ ပုဒ်တွေ ထပ်ဖြည့်ပြီး ခေါ်ကြပါတယ်။
မြတ်စွာသော မြတ်ကြီး မြတ်ကြီးစွာ စသည်တို့ကတော့ မထေရ်ကြီး ဆရာတော်ကြီး ( ရဟန်းတို့ကိုသာ ) ရည်ညွှန်းပြီး ဖုန်းမြတ်သောဆိုလျှင် ရိုးရိုးကျမ်းတတ် မထေရ် အဖြစ် သုံးပါတယ်။
.
ပုဂံ ကျောက်စာတွေမှာ သျှင်အရဟံ တစ်ပါးထဲကိုသာ မြတ်စွာသော မဟာထေရ်လို့ အနှိုင်းမရှိ ခေါ်ဝေါ်ထားပါတယ်။
.
ပုဂံခေတ် ယောက်ျားလေးတွေနာမည်ရှေ့မှာ ( ) စာလုံးတပ်ခေါ်ပြီး မိန်းခလေးနာမည် ရှေ့မှာတော့ အိန် အိဝ် အိုဝ်စာလုံးတပ်ခေါ်ကြပါတယ်။
ဒါကြောင့် ကျောက်စာများမှာ အမျိုးသမီး သာသနာ့ဝန်ထမ်း နာမည်များကို -
ဖုန်းမြတ်သော အိင်ဆိတပ်
သခင် အိဝ်ကြံပင်သင်
သင်္ကာဓိ အိဝ် အိကြံသင်စသဖြင့် ခေါ်ဝေါသုံးစွဲပါတယ် ဖုန်းမြတ်သောကတော့ ဆရာကြီးဖြစ်ပြီး သခင် ဆရာသခင် ကတော့ ဆရာလေးပေါ့။
.
ပျူခေတ် နဲ့ ပု၈ံခေတ် သာသနာ့ဝန်ထမ်း သီလရှင်များ ထင်ရှားရှိကြောင်း ကျောက်စာ များမှာ အတိ အလင်း ပါရှိတဲ့အတွက် ဘိက္ခူနီ သာသနာတော်ဟာလည်း သာသနာနှစ် ၅၀၀ မတိုင်ခင် ကွယ်ပျောက်ပြီးဖြစ်တဲ့အတွက် သူတို့ဟာ ဘိက္ခူနီမဟုတ်နိုင်တာ တော့ အငြင်းပွားဖွယ် မရှိပါဘူး။
.
ဦးဖိုးလတ်ရဲ့မြန်မာစကား အဖွင့်ကျမ်းမှာ
ပျူခေတ်က  သီလရှင်များကို မွန်ဘာသာနဲ့ အိုအ်ဗုခိ လို့ ခေါ်ဆိုကြပါတယ်။
မွန်ဘာသာဖြင့် အိုအ်ဗုခိ အနက်ကို စီစစ်သော် ဗုပုဒ်နဲ့ ခိပုဒ်ကိုတွေ့ရသည်
ဗုနှင့်ဖုကို မွန်ဘာသာဖြင့် အဖြူရောင် ဖြူသော လို့ အဓိပါယ်ရပြီး
ခိနှင့်ဂီသို့မဟုတိဂွီကို ၀တ်ရုံလို့အဓိပါယ်ရပါတယ်။
ဒါတွေကို တွဲလိုက်ရင် အိုအ် ဖု ခိ မောင်ဖြူဝတ် မယ်ဖြူဝတ် သျှင်ဖြူဝတ် သင်ဖြူဝတ် ခေတ်စကားနဲ့ ၀တ်ဖြူစင်ကြယ် ဆင်မြန်းသူ သီလရှင် ဖိုးသူတော် လို့ သတ်မှတ်ရပါမယ်။
.
လူမှုရေး သိပ္ပံဂျာနယ် အတွဲ အမှတ်၂ မှာတော့ ဦးစိုးညွန့်က
အနော်ရထာမင်းစော လက်ထက်နောက်ပိုင်းတွင် သီတင်းသုံးဟု ခေါ်ဆိုသူများပေါ်ပေါက်လာ၍ ။ထို့နောက်တွင် ပိဋကတ် ကျမ်းအလိုအရ ပဏ္ဍရင်္ဂ မြန်မာလို အ၀တ်ဖြူဝတ်များ ဟု အဓိပါယ် ရသော ဖိုးသူတော် မယ်သီလများပေါ်ပေါက်လာပြန်သည်။လို့ရေးထားပါတယ်။
.
တစ်ခါ သက္ကရာဇ် ၇၆၆ အင်းဝဘုရင် မင်းခေါင်လက်ထက်မှာ သက်တော် ၃၁နှစ် ၀ါတော် ၁၁၀ါ စကြိုသူမြတ်ကို ရာဇာဓိရာဇ်ထံ ငြိမ်းချမ်းရေး တမန် စေလွှတ်ပုံကို ( သာသနာလကာင်္ရ - ၁၃၉၊ မှန်နန်းရာဇ၀င် ပထမတွဲ စာမျက်နှာ ၄၉၀ မှာ )
စကြိုသူမြတ် အလိုရှိတိုင်း ဆင်ဟိုင်း ငါးထောင်ပြည့်ကို ရွှေက တင်စေပြီးသော် စကြိုသူမြတ် စီး၍ ထွက်ရသည် ဆင်ရှေ့တွင် အ၀တ်ဖြူနှင့် သီတင်းသုံး သုံးရာလိုက်ရသည်။ဆင်နောက်ကလည်း သူအို သုံးရာ လက်ဆောင်ကိုင် လိုက်ရ၏ …. လို့ပါရှိပါတယ်။
.
ဒီထဲက အ၀တ်ဖြူနှင့် သီတင်းသုံး သုံးရာဆိုတာ ရှေး ပဏ္ဍရင်္ဂ ၀တ်ဖြူစင်ကြယ်ဝတ် ပုရိဗိုဇ် ခုခေတ် အခေါ် သီလရှင် သို့မဟုတ် ဖိုးသူတော်တွေကိုပြောတာပါ။
အင်းဝခေတ်မှာ ပဏ္ဍရင်္ဂ ( အ၀တ်ဖြူဝတ် ) တွေကို သီတင်းသုံး လို့ခေါ်ကြပါတယ်။
.
သီတင်းသုံးဆိုတဲ့ အဓိပါယ်ကတော့
သီတင်း ဆိုတာဟာ သီလကို ဆိုလိုပြီး
သုံး ဆိုတာကတော့ ဆောက်တည်ခြင်း ကျင့်သုံးခြင်းလို့ အဓိပါယ်ရပါတယ်။
ဒါကြောင့် သီတင်းသုံး ဆိုတဲ့ အဓိပါယ်ကတော့ နိစ္စဓူဝ သီလ ဆောက်တည်သူများ လို့ အဓိပါယ်ရပါတယ်
.
အင်းဝခေတ် မွန်ဘာသာကျောက်စာ ကျမ်းစာများမှတော့ သီလရှင်ကို မြန်မာလို သီတင်းသုံး မွန်ဘာသာလို သပ္ပရိုဟ်၊ သောပ္ပယို၊ သွပ္ပယို လို့ခေါ်ကြပါတယ်။
ဒီစကားဟာ ပါဠိ သပ္ပုရိသ ပုဒ်ပျက် ဖြစ်ပြီး သူတော်စင် သူတော်ကောင်း ယောက်ျား မိန်းမများကို ခေါ်တာလို့ မှတ်သား ရပါတယ်။
မွန်သီလရှင် အမျိုး သမီး များကို သွပ္ပယို လို့ခေါ်ကြောင်းကို အောက်က ပျို့ ကဗျာ အထောက် အထားများ အရ သိနိုင်ပါတယ်။
.
( ) ကုန်းကွ ရွယ်အို သွပ္ပယိုက လိုလျှင်ရာရာ မျက်နှာပင်သား မိန်းမများနှင့်
( ၁၁၂၈ ဖွား ၁၁၉၆ လွန် မုံရွေးဆရာတော်၏ ကုသလပျို့ )
.
( ) ဘိက္ခူစတေ ကာသာဝေဟု ၀ါရွှေဝင်းစွတ် လဲကာဝတ်လော့ သာလွန်ငြိမ့်ခြေ  မြတ်မိန့်ရွှေကို  ထပ်ဗွေတင်ကာ ယဉ်ကလျှာတို့ ကင်္ကာညွတ်ရို သောပ္ပယိုဟု အလိုတော်သိ ပြုလုပ်ပြိဝယ်
( ဦးရွှေခြည်၏ ၁၂၁၂ ခုနှစ်ပြုစု စန္ဒကိနဒရီပျို့ - )
.
( ) တစ်ဖြာထိုမှ ထောက်မြှော်ကလည်း ရူပရွှန်ဟညိ ရှုဖွယ်ရှိလျှက် ပရိမဏ္ဍလ ၀န်းဝန်းပသား ထန၀တီ ကုမာရီဟု ရှင်သီလ၀ါ သွပ္ပယာတို့ သံသရာဘေး ရှုတုံသေး၏
( ၁၁၇၃ ဖွား ၁၂၅၀ လွန် ဆီးပန်းနီဆရာတော်၏ က၀ိမဏ္ဍနိကျမ်း အရညောဝါဒ အလင်္ကာ ပိုဒ်ရော- ၁၁ မျက်နှာ - ၁၀၆ )
.
( ) ပရိဗိုဇ် မိန်းမ သက္ကစဟု သီလမကင်း သီတင်းကြည်ညို သပ္ပယိုလျှက် အလိုလိုက်စား ရမ္မက်အားဖြင့် ပတ္တမြားတစ်ချည် ဆန်တစ်ပြည်သို့ ဂုဏ်ရည်ယုတ်မြတ် မမှတ်ယွင်းကွက် ကျင့်သွမ်းပျက်၏
( ၁၂၀၃ ဖွား ၁၂၈၁ လွန် မန်လည်ဆရာတော်၏ မာဃဒေ၀ လင်္ကာသစ် ပိုဒ်ရေ ၃၀၆ )
.
အထက်ပါ အထောက်အထား များအရ အင်းဝခေတ် သီတင်းသုံး များကို ကုန်းဘောင်ခေတ်မှာ သွပ္ပယို သောပ္ပယို လို့ခေါ်ပြီး ဒီ သွပ္ပိယိုများဟာ ကုန်းဘောင်ခေတ် မယ်သီလရှင်များ ဖြစ်ကြောင်း အောက်ပါအထောက်အထား များအရ သိနိုင်ပြန်ပါတယ်။
.
( က ) မယ်သီလဟူက ဗန်းတကွနှင့် လမ်းမ လှည့်လည် သွားတတ်သည်ကြောင့် လူ့ပြည်ခေါ်ဆို သောပ္ပယိုတည့် ( ရှင်ဝဇီရ ဓမ္မသတ်လကာင်္ )
.
( ) မြန်မာဘာသာမှာ သောပ္ပေန ယာတိဂစ္ဆတီတိ သောပ္ပယိုဟု  သီလရှင်ကိုရည်၍ ၀ိဂြိုဟ်ပြုပြီးလျှင် သောပ္ပေန - မန်းဖြင့် ( ၀ါ ) ဗန်းဖြင့်  ယာတိဂစ္ဆတီတိ - သွားတတ်၏
ဣတိတသ္မာ - ထို့ကြောင့် သောပ္ပယို မည်၏ ( ဝေါဟာရ၀ိပ္ပလ္လာသ လက္ခဏကျမ်း ပုရပိုက်မူ - ၄၂ )
.
ထို့ကြောင့် မွန်ဘာသာ သပ္ပရိုက် မြန်မာအခေါ် သပ္ပယို သောပ္ပယို သွပ္ပယာ သပ္ဖယို တို့ဟာ ပရိဗိုဇ်မ သီလရှင်များဖြစ်ကြောင်း ထင်ရှားလှတဲ့အတွက် အင်းဝခေတ်သုံး သီတင်းသုံးများ နှင့် အတူတူပင် ဖြစ်ကြောင်း မှတ်သားသင့်ပါတယ်။
.
မွန်ရာဇ၀င်လာ ထင်ရှားတဲ့ ဓမ္မစေတီမင်း၏ မယ်တော် ဆင်းရဲသူမ မိတတ် ဟာ ဓမ္မစေတီမင်း ကိုယ်ဝန်ဆောင်စဉ် သီတင်းသုံး တစ်ဦး လာလတ်၍ မုဒရတ်သီး တစ်လုံးကို ဦးခေါင်း၌ စွပ်ခဲ့ပြီး ကြာဖြူ ကြာနီ ကြာခေါင်းလောင်း ပွင့် ပေးခဲ့ကြောငး အိမ်မက်ဖြင်တယ်လို့ မွန်စာပေတွေမှာ အထင်အရှားရှိပါတယ်။
ဒါကြောင့် မွန်တို့ဒေသမှာလဲ သီတင်းသုံးများရှိကြောငးသိသာလှပါတယ်။
.
ကုန်းဘောင်ခေတ်မှာတော့ သီတင်းသုံးဆိုတဲ့ သီလရှင်များဟာ ခါးဝတ်နဲ့၊ အပေါ်ရုံ ကို သစ်ခေါက်ဆိုး သင်္ကန်း စတင် ရောနှော ၀တ်ရုံကြတဲ့ အခါ သစ်ခေါက်ဆိုးကိုပဲ ၀တ်သင့်သည် အ၀တ်ဖြူကိုပဲ ၀တ်သင့်သည် တစ်ခုသာ ရွေးသင့်သည် စသဖြင့် သစ်ခေါက်ဆိုးနဲ့ အ၀တ်ဖြူပြသနာ အကြောင်း ကို ဘိုးတော် မင်းတရားကြီး က မောင်းထောင် သာသနာပိုင် ဆရာတော်အား မေးလျှောက်၍ ဖြေကြားရာဖြစ်တဲ့ အမေးတော်ဖြေကျမ်း စာမျက်နှာ ၁၅၀ မှာ ဒီလိုရေးထားပါတယ်။
ဒကာတော် အတွင်းဝန် လျှောက်ပါသည်ဆရာတော်ဘုရား
တောင်လေးလုံးဆရာတော်နှမ ပေါက်ဖော် ဆွေမျိုးသားချင်း သီတင်းသုံးတို့မှာ အ၀တ်နီ သစ်ခေါက်ဆိုး ၀တ်သည်။
အခြား သီတင်းသုံးများမှာ အ၀တ်ဖြူ သက်သက် ၀တ်သည် များသည်။
အ၀တ်နီ သစ်ခေါက်ဆိုးပင်သင့်သည်  အ၀တ်ဖြူပင်သင့်သည်များကို ပါဠိ အဌကထာ ကျမ်းဂါန် မည်သို့ရှိသည်။ သိသာအောင် ဆရာတော်မှာလျှောက် ဘုရားအမိန့်တော်မြတ်ကို ဦးထိပ်တင် ဆင်ရွက်ပါ ရသည့်အတိုင်း ။မဟာဒါန်ဝန်ကို လျှောက်ထားလှာပါစေသည်။ မည်သို့ ကျမ်းဂါန် ရှိသည် သိတော်မူသာအောင် စာသွင်းတော်မူပါဆရာတော်ဘုရား။
သက္ကရာဇ် ၁၁၄၈ ခု တော်သလင်းလဆန်း ရက်နေ့ လျှောက်လှာ သည်တွင် အမိန့် ရှိလိုက် သည်ကား -
သီတင်းသုံးတို့ ၀တ်နီ သစ်ခေါက်ဆိုးနဲ့ ၀တ်နေသည်။
ဝတ်ဖြူနှင့်ဝတ်နေသည် နှစ်ထွေနှစ်ရပ် ရှိသည်တွင် ၀တ်နီသစ်ခေါက်ဆိုး နှင့် ၀တ်နေသော အရာသည်
ဤကမ္ဘာမှ ၉၂ ကမ္ဘာအထက် ဖုဿဘုရားပွင့်တော်မူသည့်အခါ ဥရုဝေလ ကဿပ ဂယာ ကဿပ နဒီ ကဿပ၊ မထေရ် ပါးတို့ အလောင်း မင်းသားညီနောင် ဦးတို့ ဖန်ရည် စွန်းသော ပရိဗိုဇ် အ၀တ်အစားနှင့် ဒသသီလဆောက်တည်လျှက် သုံးလပတ်လုံး  ဘုရား ကျောင်းတော် တွင် ပင် သီတင်းသုံး နေကြကုန်သည်ဟူ၍ ဓမ္မပဒ အဌကထာ ဆယ်ကြောင်း ပေ အင်္ဂါတွင် လာရှိသည်နှင့် ညီညွတ်သည်ဖြစ်၍ သင့်တင်သည်ပင်ဖြစ်သည်။
.
ဝတ်ဖြူဝတ်နေသည့် အရာသည်လည်း ကဿပ ဘုရားရှင်သာသနာတော်မှစ၍ ရှိသည်ဟူ၍ သာရတ္တသင်္ဂဟ ရှစ်ကြောင်းပေ ( ခေ) အင်္ဂါတွင် လာရှိသည့်အတွက် ညီညွတ် သင့်တင့်သည်ပင် ဖြစ်သည်။
.
သစ်ခေါက်ဆိုးနဲ့ အ၀တ်ဖြူ အပြောင်းအလဲပြသနာဟာ ဘုရင့်ထံရောက်ယုံမက သာသနာပိုင် ကိုယ်တိုင် အဆုံးအဖြတ် ပေးရသည်အထိ ကျယ်ပြန့်သွားဘူးပါတယ်။
.
ဘိုးတော်မင်းတရားကြီး ကနေ မင်းသုံးဆက်လွန်ပြီး မင်းတုန်းမင်းလက်ထက်မှာလည်း သီလရှင်များ အ၀တ်ဖြူများကို ၀တ်ဆင်နေဆဲပါ
မင်းတုန်းမင်းလက်ထက်မှာ ထင်ရှားလှတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ စစ်ကိုင်းတော်ရိုးမှာ သီတင်းသုံးတော်မူပါတယ်။
ဆရာတော်ဟာ အဲ့အချိန်က ထင်ရှားလှတဲ့ ကျမ်းတတ် သီလရှင် မယ်ကင်းနဲ့ စာချိုးဖက် ဖြစ်ပါတယ်။
ဗန်းမော်ဆရာတော် ဘုရားကြီးဟာ ရဟန်းများ သီလရှင်များကို စာချိုးနဲ့ ကျီစယ်လည်း အလွန် သန်လှ တာကြောင့် ဆရာကြီး မယ်ကင်းက မင်းတုန်းမင်းကို တက်တိုင်ရတဲ့အထိ -
တစ်ခါမှာ ဆရာတော်ဟာ သီတင်းသုံးရာချောင်ကနေ ၀ါးချက်ကိုကြွရာမှာ ဇရပ်တစ်ဆောင် ပြင်နေတဲ့ သီလရှင်ကို မြင်တော့ ကျီစယ်တဲ့ အနေနဲ့ နောက်ပါ သံဃာများပျော်ရွှင်အောင် စာချိုးနဲ့ မိန့်တာက -
မကျွမ်းတဲ့မကျင်
ဇရပ်ပေါ်ကြက်ဖြူမကို ခွန်းစလိုက်ချင်
အသွေးငယ်ယဉ် အသွင်ကပျော့ပြောင်း
သူဝတ်လေ ဖြူထွတ်ကယ် လျှော်တေနဲ့
တောင်ခြေမှာ ကျင့်တရားငယ် ဖွားသီလကျောင်း။
.
တစ်ခါမှာလည်း ဗန်းမော်ဆရာတော်က ထွဋ်ခေါင်ဆရာတော်ထံကို အဖူးအမြော်ရောက်ချိန်မှာ ဆရာတော်ကလည်း သက်တော်ကြီးလွန်းတဲ့အတွက် သင့်တင့်တဲ့ အစာအဟာရ ကပ်ဘို့ ဆွေမျိုးထဲက သီလရှင် တစ်ချို့ကို အလုပ်အကျွေး အဖြစခေါ်ထားပြီး ဓမ္မိက ချောင်မှာ သီတင်း တော်မူတာပေါ့ ဒီသီလရှင်တွေထဲမှာ မယ်ဥတ္တရာဆိုတာ ကျမ်းတတ် ထင်ရှားသူပါ။
.
သီလရှင်တွေမြင်တော့ ဆရာတော်က ထုံးစံအတိုင်း ကျီစယ်လျှောက်ထားလိုက်ပုံက -
စိတ်ပုတီးရယ်နဲ့ ရိပ်မှီးတဲ့ ထွဋ်ခေါင်
ဦးရွှေစို သီလချောနှင့် တောခိုတဲ့ချောင်။
ခန္တာကောင် ရုပ်ဆောင်တဲ့ ရှင်ထွဋ်
သီလရှင် ဖြူဖြူဆွကို အားရအောင်ချွတ်
ကဲရှင် ကျီစယ်ပုံက
ထွဋ်ခေါင်ဆရာတော်ဘုရားကြီးရဲ့ ငယ်မည်တော်က ဦးရွှေစို တဲ့ -
ဆရာတော်ကြီးက သီလရှင်ပေါင်းများစွာနဲ့ ချမ်းချမ်းသာသာ သီတင်းသုံးနေစဉ် ဗန်းမော် ဆရာတော်ကြီးက ဒီလို ကျီစယ်လျှောက်ထား လိုက်တာပါ။
ပြီးမှ ဆရာတော်က တပည့်တော်ဆိုလိုသော သီလချောက -
အရှင်ဘုရားရဲ့ ချောမြေ့ ပြေပြစ် အဖု အထစ်မရှိ  ပကတိ ဖြူသောသီလကို ဆိုလိုပါသည်ဘုရား
သီလရှင် ဖြူဖြူဆွကို အားရအောင်ချွတ်ဆိုတာကတော့ -
မိမိရဲ့ ဆွေတော်မျိုးတော်  သီလရှင် များကို သံသရာက လွတ်အောင် အားရပါးရ ခြေချွတ် သွားပါ လို့ ဆိုလိုပါသည်ဘုရားတဲ့  - ကဲကြည့်
.
မင်းတုန်းမင်း လက်ထက်ပြီး သီပေါမင်းလက်ထက်အထိ သီလရှင်များဟာ အ၀တ်ဖြူ ( ခါးဝတ် နဲ့ အပေါ်ရုံ သစ်ခေါက်ဆိုး )ကို ၀တ်နေသေးကြောင်းကိုလည်း 
သံချိုဆရာကြီးမောင်းထောင်ဦးကျော်လှရဲ့  ဦးသူတော် သံချိုအဆုံးမှာ -
ကျပ်တစ်လုံးငယ်နှင့်
ရပ်သုံးဆယ် နဂရံက
အတန်တန် ဆန်ခံလို့ရတော့
သီလရှင် ဖြူဖြူလတ် ကဲ့ကို
ဇရပ်မှာ အကြံပြုပါလို့
အ၀တ်ဖြူ - ဇွတ်ယူလို့ လုသည့်နှယ်
အရွယ်တူ မယ်သူ မညုရစ်နှင့် ဖိုးသူကဗြဲ
ဒီသံချိုအရ မယ်သူတော်လို့ခေါ်တဲ့ သီလရှင်များဟာ ဖိုးသူတော်များလို အ၀တ်ဖြူ ၀တ်နေ သေးတုန်း ဆိုတာ ထင်ရှားပါတယ်။
.
ဒါပေမယ့် နောက်ပိုင်းခေတ်မှာ စစ်ကိုင်းတောင်ရိုး သစ်စိမ့်ချောင် နာယက ဆရာကြီးပြောပြချက် အရ  သူသက်ရွယ်ငယ်နုစဉ်က သီလရှင်များဟာ ခါးဝတ်နဲ့ အပေါ်ရုံကိုသာမြေနီဆိုး ၀တ်ကြပြီး အဖြူရောင် သက်သက် အင်္ကျီကိုသာ ၀တ်ဆင်ကြပါတယ်တဲ့
အဲ့ဒိအချိန်က စစ်ကိုင်းတော်ရိုးမှာ သီတင်းသုံးတော်မူတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ( ၁၂၅၇ ခုမှ ၁၂၈၁ အထိ ၂၄နှစ် တိတိ စစ်ကိုင်းတောင်ရိုးမှာသီတင်းသုံးပါတယ် ) ထံကို သီလရှင်များ သွားရောက်ကန်တော့ကြရပါတယ်။
ဒီလိုသီလရှင်များ သွားရောက်ကန်တော့တော့ ဆရာတော်ဘုရားကြီးက နင်တို့လက်က လူထွက်နေတယ် ( လူဝတ်နဲ့တူနေတယ်) အပေါ်ရုံနဲ့ အရောင်တူပါစေ - လို့ မိန့်တော်မူပါတယ်။

ဒီအချိန်ကစပြီး သီလရှင်တွေရဲ့ အကျီအဖြူဟာ တဖြေးဖြေးပျောက်သွားပါတော့တယ်။ လို့ သစ်ဆိမ့်ချောင်ဆရာကြီး ဒေါ်ဝဏ္ဍ ပြောဘူးပါတယ်။
.
ဒီစကားကိုထောက်ပြီး သီလရှင်များ လုံးဝ အကျီအဖြူပျောက်သွားတာဟာ နှစ် ပေါင်း ၁၀၀ ၀န်းကျင်ပဲ ရှိလိမ့်အုန်းမယ်လို့ ခန့်မှန်းရပါတယ်။
.…………..
ကဲရှင် ….
အပေါ်က အထောက်အထားတွေကြည့်ပြီး ပဏ္ဍရင်္ဂ ပရိဗိုဇ်နဲ့ သူတို့ရဲ့ အနွယ်ဝင်တွေဟာ ဤကမ္ဘာကနေ ၉၂ ကမ္ဘာအထက် ဖုဿ ဘုရားရှင် လက်ထက်တော်အခါကစလို့
လက်ရှိ ဘဒ္ဒကမ္ဘာမှာလည်း  ကဿပဘုရားရှင် လက်ထက်တော် ကပင် ရှိခဲ့ပြီး
ဘုရား အလောင်းတော် များနဲ့ ပါရမီဖြည့်ဖက် များ ရဟန္တာများ သာဝကကြီးများဟာ ပါရမီဖြည့်စဉ် အချိန်တွေ မှာ ပရိဗိုဇ်များ အဖြစ် လူ့ဘောင်ကို စွန်ခွာကြကြောင်း။
၎င်းပရိဗိုဇ်များဟာ  အ၀တ်ဖြူဝတ်ကြောင်း ဗုဒ္ဓ ဘာသာ ရဟန်များ ကဲ့သို့ သီလများ ကျင့်ကြံ ကြောင်း
ဘုရား သာသနာတော် မပေါ်မီခေတ် ဘုရားသာသနာနဲ့စင်ပြိုင်ခေတ် ပြီးတော့ ဘိက္ခူနီ သာသနာ ဆိတ်သုဉ်း သွားပြီးနောက်မှာတော့ ….
အမျိုးသမီးတို့ရဲ့ တစ်ခုတည်းသော အားထားရာ အဖြစ်
ပျူခေတ်မှာ  သီလရှင်များရဲ့ ရှေးအမည် သီတင်းသုံး သာသနာ့ဝန်ထမ်း အဖြစ်။
အင်းဝခေတ် ကုန်ဘောင်ခေတ် နှောင်းမှာတော့ သီတင်းသုံး  သွပ္ပယို သောပ္ပယို သီလရှင် စတဲ့ အမည်တွေနဲ့ ခေတ် အဆက်ဆက် ဖြူသော ၀တ်ရုံများ ၀တ်ဆင်ကြပြီး ပရိယတ် ပဋိပတ် ပဋိဝေဒ သာသနာသုံးတန် ၀န်ကို ထမ်းဆောင်နေကြတဲ့
သာသနာ့နွယ်ဝင် သီလရှင်များဖြစ်တယ်ဆိုတာ သံသယ ဖြစ်စရာ မလိုတော့ပါဘူး ထင်ပါတယ် ။  
.

သီလရှင်များကို ယောက်ျားများ ရှိခိုးထိုက် မထိုက်ကိုတော့ -
ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင် က သာသနာဝင်ဖြစ်စေ သာသနာဝင်မဟုတ်သူဖြစ်စေ မိမိထက် သီလစင်ကြယ်သူ ဖြစ်ရင် ထိုသူကို ပူဇော်ထိုက်ပါတယ်လို့ အထင်အရှား ဟော်တော်မူခဲ့ပါတဲ့ အတွက် ရှိခိုးထိုက်ပါတယ်။
.
နောက်တစ်ခုကတော့ သီလရှင်များ ဟာ သောတာပန် မှစ၍ ရဟန္တာ စသည် ရှိနိုင် မရှိနိုင် ဆိုတာကတော့ ဗုဒ္ဓက သုဘဒ္ဒ ပရိဗိုဇ်ကို မိန့်တော်မူတာလေးနဲ့ ကိုးကားပါရစေ -
.
ချစ်သား သုဘဒ္ဒ
.
အကြင် ၀ါဒ၌ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး တရား မရှိ လျှင် ...
အကြင် သာသနာ၌ ... ပထမအဆင့် သောတာပန်, ဒုတိယအဆင့် သကဒါဂါမ်, တတိယဆင့် အနာဂါမ်, စတုတ္ထ အဆင့် ရဟန္တာဟူသော သမဏမျိုးးမရှိနိုင်၊
.
သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မရှိဝါဒတွင် မှန်ကန်လွတ်မြောက်ရာတရားမရှိ ... မှန်ကန်သောတရားဟုမခေါ်ထိုက် ...။
.
ငါ၏ သာနာတော်၌ ထိုမဂ္ဂင်ရှစ်ပါးနှင့် သောတာပန်စသော ရဟန်းများရှိပေသည်၊
တဲ့ ရှင် ။


ဒီဝါဒ ဒီတရားတော်တွေကို အမှီပြုနေပြီး ဒီသာသနာတော်ကို ခိုလှုံနေတဲ့ သာသနာ့နွယ်ဝင် သီလရှင်များဟာ လည်း သောတာပန် စတာတွေ ဖြစ်နိုင်ပါတယ်လို့ဖြေပါရစေ။




ချမ်းမြေ့ကြပါစေရှင် ….


No comments:

Post a Comment