Tuesday, December 6, 2016

ကိုးကွယ်တာ ပူဇော်တာ ဘုရားစစ်တာ မစစ်တာ

မောင်လေး ညီမလေးတို့ရေ …
အခုရက်တွေ ချတ်ဘောက်မှာလာ ဖြေရှင်းခိုင်းနေတဲ့ ဘာသာခြား မေးခွန်း လေးတွေကို အထောက် အထား အပြည့်အစုံနဲ့ ဖြေပေးပါဆိုတာနဲ့ ဖြေပေးထားတာပါ ။
ဖတ်ကြည့်နော် …
.
★ ( ၁ ) ဗုဒ္ဓဘာသာအကြောင်းပြောနေကြတော့ ကျနော်လဲ သိချင်တာကြာပြီ မေးမရဘူး ဝေ့လည်ကြောင်ပတ်ဖြေနေကြလို့ ( အခုလည်း အဲ့လိုလုပ်မလားမသိဘူး ) ။
.
ဂေါတမ ကိုယ်တော်က -
ငါသည် ဘုရားဖြစ်သည် ၊ ငါ့ကို ကိုးကွယ်ကြလို့ ပြောခဲ့သလားဗျ
သက်သေ အထောက်အထားလေးနဲ့ ပေါ့ဗျာ။
( စိုးနိုင်ဝင်းဆိုတဲ့ အစ္စလာမ် ဘာသာဝင် ကမေးတာပါ )
.
★ ( 2 ) ဗုဒ္ဓဘာသာမှာ ဂေါတမက ငါ့ကိုကိုးကွယ်ပါ လို့ပြောထားပါသလား
ဂေါတမက ဗုဒ္ဓဘာသာသည် လူတိုင်းအတွက် ဖြစ်ပါသည် ဟုဟောထားပါသလား
.
ကျမ်းဂန်းနှင့်တကွ ဖြေပေးကြပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်
ကိုင်း ဖြေပေးပါလားဟေး ကိုင်း ကျမမေးခွန်းကို အရင်ဖြေပေးပါ
( သူဇာဝင်းဆိုတဲ့ ခရစ်ယန် ဘာသာဝင်ကမေးတာပါ )
.
။။။။။။။။။။။။။။။။။။။။။။။။။။
.
မေးခွန်းက သုံးခု ဖြစ်နေပါတယ် …
★ ★ ပထမတစ်ခုက ဂေါတမ ဘုရားရှင်က ငါ့သည် ဘုရားစင်စစ် ဧကန်ဖြစ်သည်လို့ ဟောခဲ့သလားဆိုတဲ့မေးခွန်း
.
★ ★ ဒုတိယတစ်ခုက ငါ့ကို ကိုးကွယ်ကြလို့ ပြောခဲ့လားဆိုတဲ့ မေးခွန်းနဲ့
.
★ ★ တတိယတစ်ခုကတော့ ဗုဒ္ဓဘာသာသည် လူတိုင်းအတွက်ဖြစ်လားဆိုတဲ့ မေးခွန်း တွေပါပဲ
.
ဒီတော့ ပထမတစ်ခုဖြစ်တဲ့ ဗုဒ္ဓက သည် ဘုရားဖြစ်သည်လို့ ပြောခဲ့ မပြောခဲ့ ဆိုတဲ့မေးခွန်းကို အရင်ဖြေပါမယ့် ။
.
★ ★ ★ ဗုဒ္ဓက ငါသည် ဘုရားစင်စစ်ဖြစ်သည်လို့ ပြောခဲ့ပါတယ် ။
အထောက်အထား စုံစုံလင်လင်နဲ့ သိချင်တယ်လို့ ပြောတဲ့အတွက် အောက်မှာ ဗုဒ္ဓဘာသာ ၀င်တိုင်း သိတဲ့ အထောက်အထားတစ်ချို့ ပေးထားပါတယ်။
.
( နူးကဘာသာခြားတွေမေးခွန်းတွေကိုဖြေပေးတာဖြစ်ပေမယ့် ဘာသာခြားတွေကို ဖြေပေးတာ မဟုတ်ပါဘူး အဲ့မေးခွန်းတွေကိုဖတ်ပြီး သာသနာတော်အပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်သွားစေနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင် ခလေးတွေကိုသာအမှန်သိရအောင် ပြန်ဖြေပေးတာပါ )
……..
ဘုရားဖြစ်တော်မူပြီး သတ္တဌာနလွန်မြောက်တဲ့အခါ ဘုရားရှင်က မိမိရဲ့ လောကီဆရာ နှစ်ပါးဖြစ်တဲ့ အဠာရ နဲ့ ဥဒက ရသေ့နှစ်ပါးကို ကယ်တင်ဘို့ ဥါဏ်တော်နဲ့ ဆင်ခြင်ကြည့်တဲ့ အခါမှာ လွန်ခဲ့တဲ့ ညကပဲ ကံကုန်ကြပြီး ရူပ အ ရူပ ဗြဟ္မာကြီးတွေအဖြစ်တည်နေတာ တွေ့မြင်ရတဲ့ အတွက် စိတ်နှလုံးမသာမယာဖြစ်ခဲ့ပါတယ်။
.
ဒီလိုနဲ့ဘုရားရှင်ဟာ တရားဦးဟောရန်အတွက် ဆင်ခြင်ကြည့်လိုက်တော့ မိမိနဲ့ ပထမဦးစွာတွေ့ခွင့်ရမယ့် တက္ကတွန်း တစ်ယောက်နဲ့ မိမိတရားဦးကို နာယူခွင့်ရမယ့် မိမိကို ပြုစုစောင့်ရှောက်လာကြတဲ့ နန်းတော်က ပုဏ္ဏားကြီးလေးပါးရဲ့သားတော် လေးပါးနဲ့ ကောဏ္ဍည ပုဏ္ဏားတို့ကို မြင်တော်မူတယ် ။
.
ဒီရသေ့ ( ၅ ) ပါးက ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောကို ရောက်ရှိနေကြတာ မြင်တော် မူတဲ့အတွက် ဥရုဝေလမှ ( ၁၈ ) ယူဇနာ ၊မိုင်ပေါင်း ( ၁၄၀ ) ကျော်ဝေးတဲ့ မိဂဒါဝုန်တောကို ခြေလျှင် ကြွတော်မူပါတယ်။
ဣသိပတန ဆိုတာကတော့ ရသေ့ရဟန်း၊ ဆာဒူး၊ ပရဗိုဇ်တို့ တရား အားထုတ်ရာ ဋ္ဌာနဖြစ်ပါတယ်။
.
ဒီလိုကြွတော်မူစဉ် ဘုရားရှင်ဟာ လမ်းမှာ ဥပက တက္ကတွန်းနဲ့ ဆုံခဲ့သတဲ့ -
ဥပက တက္ကတွန်းကတော့ အ၀တ်မ၀တ်ပဲကျင့်တဲ့ ဂျိမ်းဆရာကြီး နိဠာန နာဋပုတ္တ ရဲ့ တပည့်ဖြစ်ပါတယ် ။
ဥပက တက္ကတွန်းက ဗုဒ္ဓကိုမြင်တော့ အထူးကြည့်ညိုတဲ့ ပီတိဖြစ်လာတဲ့ အတွက် စိတ်ကို မချုပ်တည်း နိုင်ပဲ မိမိဂိုဏ်းရဲ့ စည်းကမ်းကို ချိုးဖောက်ပြီး တစ်ပါးဂိုဏ်း တစ်ပါးအယူက အ၀တ်ဝတ်ရဟန်းကို ခုလို ချီးကျူးမိခဲ့တယ် ….
.
★ ငါ့ရှင်ကြည့်ရတာ ဣနြေ္ဒတွေ တည်ငြိမ်ပါပေတယ်၊
ကြည်လင် သန့်ရှင်းလှ ပါပေတယ်။
အရေအဆင်းကလည်း သန့်ရှင်းဖြူစင်လှပါပေတယ်
အပြစ်ကင်းစင်လှပါပေတယ်
ငါ့ရှင်.. အဘယ်သူ့ကို ရည်ညွှန်းပြီး ရဟန်းပြုသလဲ၊ သင့်ဆရာ ဘယ်သူလဲ၊ ဘယ်သူ့တရားတွေကို သင်လိုက်နာ ကျင့်ကြံပါသလဲ လို့ ချီးကျူးရင်းမေးသတဲ့ …
.
ဒီအခါ ဗုဒ္ဓက ….
★ ★ ငါသည် အလုံးစုံသော တရားတို့ကို သိမြင်သောသူဖြစ်၏
ငါ၌ အဘယ်မှာ ဆရာရှိအံ့နည်း
လောက၌ ရှိရှိသမျှ တရားအားလုံးကို အလိုရှိသမျှ သုံးသပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့အတွက် အလုံးစုံသော တရားတို့အား သိသူဖြစ်၏
အရဟတ္တဖိုလ်တည်းဟူသော အသိဥာဏ်ရောက်ပြီးသူ ဖြစ်၏။
ငါ့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တွေ မငြိကပ်နိုင်တော့ ။ တဏှာကုန်ရာ နိဗ္ဗာန်သို့ ညွှတ်သူ ကိုင်းသူ ဖြစ်၏။

ကိုယ်ပိုင်ဥာဏ်ဖြင့် နိဗ္ဗာန်ကို ပိုင်းခြားထင်ထင် သိမြင်ပြီးဖြစ်တဲ့အတွက် အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ကြားဖွယ်ရာ ရှိပါလိမ့်မည်နည်း။
လောကုတ္တရာတရားတွေကို ပြိုင်ဘက်မရှိ အလုံးစုံသိမြင်သူ ၊ လူ နတ် ဗြဟ္မာများနဲ့တကွ လောကသုံးပါးမှာ ငါဘုရားထက် သိသူ မရှိတော့ ။
ယခု ငါသည် ဓမ္မစကြာတရားဦး ဒေသနာဟောဖို့ရန် ကာသိတိုင်း ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ သွားပေအံ့။
သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး တရားမှ အကန်းသဖွယ်ဖြစ်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါများအတွက် နိဗ္ဗာန်တည်းဟူသော လမ်းကို ငါညွှတ်ပြအံ့ လို့မိန့်တော်မူပါတယ်။
.

ဒီအခါ ဥပက ဥပကတက္ကတွန်းက
★ ငါ့ရှင်ပြောသလိုဆိုလျင် သင်ဟာ အနန္တဇိန ( အဆုံးမရှိ သိတော်မူသော ဘုရားရှင် ) ဖြစ်ထိုက်ပါသလော ဟု မေးပြန်တယ်
.
မြတ်ဗုဒ္ဓက..
★ ★ လောကမှာ ငါကဲ့သို့သော ပုဂ္ဂိုလ်သာလျင် ဇိန အမည်ရပေတယ်။ အာသ၀က္ခရဥာဏ်တော်ကို ရရှိပြီးပြီ။ ငါ့မှာ မကောင်းမှု တရားတွေကို ဖယ်ရှားခြင်း၌ အကြွင်းမဲ့ အောင်မြင်ပြီး ဖြစ်တဲ့ အတွက်ကြောင့် ဥပက ငါကား ဇိန ဖြစ်ပေတယ် ။
ဘုရားစင်စစ် ဧကန်ဖြစ်ပေတယ်လို့မိန့်တော်မူခဲ့ပါတယ် ။
.

ဥပကတက္ကတွန်းက
★ ဟုတ်ပါလိမ့်မည် ငါ့ရှင် ကောင်းခြင်းတွေ ကျရောက်ပါစေ ဆိုပြီး မယုံတ၀က် ယုံတ၀က် ဘေးဖယ်ကာ သွားမြဲ အတိုင်း သူရည်ရွယ်ထားသော အရပ်ဆီသို့ သွားခဲ့သတဲ့။
( အဲ့အချိန်တွေတုန်းက ဂိုဏ်ဒဆရာကြီး ၆ယောက်က သူတို့ကိုယ်သူတို့ဘုရားရှင်လို့ ပြောကြတာကိုး )
.
★ ★ ဥပကတက္ကတွန်း ဟာ သိတ်ကို ကံထူးခဲ့တယ် ။ ဘုရားရှင်နဲ့အဦးဆုံး တွေ့ခွင့်ရခဲ့သူဖြစ်တယ် ။
ဒါပေမယ့် သူ့အချိန် မကျသေတာက တစ်ကြောင်း မိမိဆရာ ဂျိမ်းဆရာကြီးကိုယ်တိုင်က သူသည် ဘုရားဖြစ်သည်လို့ ပြောခဲ့တာကိုယုံနေတာကတစ်ကြောင်းကြောင့် သူဟာ ဘုရားရှင်ကို အပြည့်အ၀ မယုံကြည်နိုင်သေးဘဲ သံသယ ခံနေခဲ့တယ် ။
.
ဒါကြောင့်သူဟာ တရားဦးနဲ့လွဲခဲ့ရတယ် ။ ဒါပေမယ့်သူဟာ ဗုဒ္ဓအပေါ်မှာ ကြည်ညိုသဒ္ဓါ အထူးဖြစ်ခဲ့တဲ့ ပီတိကြောင့် နောင်အခါ ဒုက္ခများစွာနဲ့ ရင်ဆိုင်ရတဲ့အခါမှာ နောင်တကြီးစွာရပြီး ဘုရားရှင်ထံ ပြန်ရောက်လာ ကာ ရဟန်းဝတ် ကျင့်ကြံတဲ့အတွက် အနာဂါမ် အရိယာသူတော်စင်ကြီးဖြစ်သွားခဲ့ပါတယ် ။
.
ဥပကရဲ့ အကျိုးစီးပွားကို မြင်တော်မူသောကြောင့်လည်း မြတ်ဗုဒ္ဓဟာ ခြေလျင်ခရီးနဲ့ မိဂဒါဝုန်တောသို့ ကြွခဲ့ခြင်းပါ။
ဒီတရားတော် အရလည်း ဗုဒ္ဓဟာ မိမိသည် ဘုရားစင်စစ် ဇိန ဧကန်ဖြစ်သည်လို့ ပြောခဲ့တာ ထင်ရှား ပါတယ် ။
.
တစ်ခါ ဗုဒ္ဓပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ သုဘဒ္ဒ ပုရဗိုဇ် က ဘုရားရှင်ကိုမေးလျှောက်ရာမှာ …
.
★ အရှင် .... ယ္ခု လက်ရှိအချိန်မှာ ဗုဒ္ဓဟု ၀န်ခံနေကြသော တိတ္ထိဆရာကြီးတို့၏ တရား များ မှန် မမှန် သိလိုလှပါတယ် ... လွတ်မြောက်ရာလမ်းအစစ်ကို ရရှိစေသော ဘုရားအစစ်ရဲ့တရား အစစ်ကို သိလိုလှ ပါတယ်။
.
★ ★ ချစ်သား သုဘဒ္ဒ …
.
အကြင် ၀ါဒ၌ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး တရား မရှိ လျှင် ... အကြင် သာသနာ၌ ... ပထမအဆင့် သောတာပန်, ဒုတိယအဆင့် သကဒါဂါမ်, တတိယဆင့် အနာဂါမ်, စတုတ္ထ အဆင့် ရဟန္တာဟူသော သမဏမျိုးးမရှိနိုင်၊
.
သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မရှိဝါဒတွင် မှန်ကန်လွတ်မြောက်ရာတရားမရှိ ... မှန်ကန်သော တရားဟ မခေါ်ထိုက် ...။
.
ငါ၏ သာနာတော်၌ ထိုမဂ္ဂင်ရှစ်ပါးနှင့် သောတာပန်စသော ရဟန်းများရှိပေသည်၊
.
★ ★ နာဦးလော့ ချစ်သား ....
ငါသည် (၂၉)နှစ် အရွယ်ကစ၍ ရဟန်းပြုခဲ့ပေသည် ....
သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့သည်က စ၍ ( ၄၅ ) နှစ် ကာလ ပတ်လုံး မဂ္ဂင်ရှစ်ပါး တရားတော်ကို လူ နတ် ဗြဟ္မာတို့အား ဟောပြလမ်းညွှန်ခဲ့ပေသည် ...
.
★ အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပြီးလျှင်ရော ... ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဆိတ်သုန်းသွားမှာလားဘုရား ... ကျွနုပ်ရော ... ဒီလိုတရားမျိုး ရနိုင်ပါသလား ... တရားပြမယ့် ပုဂ္ဂိုလ်ရော ကျန်ခဲ့မှာလားဘုရား .... ကျွန်ုပ် အချိန် မှီသေးပါသလား ...
.
စသည့် အထက်ပါ ပိဋကတ်တော်လာ အကြောင်းအရာတွေအရ ဗုဒ္ဓက မိမိကိုယ်ကို ဘုရားစင်စစ် ဧကန်ဖြစ်သည်လို့ ၀န်ခံခဲ့တာ သံသယဖြစ်စရာမရှိတော့ပါဘူး ။
.
။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ★ ဒုတိယ အမေးဖြစ်တဲ့ ဗုဒ္ဓက ငါ့ကို ကိုးကွယ်ပါလို့ ပြောခဲ့သလားဆိုတဲ့ အမေးကိုဖြေရရင်တော့ လုံးဝ ( လုံးဝ ) မပြောခဲ့ပါဘူးလို့ပြောရမှာပါ ။
.
ဗုဒ္ဓက လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောတော်မူသလို နိဗ္ဗာန်ရောက်ကြောင်း ဒုက္ခကလွတ်မြောက်ရာ လမ်းကို ညွှန်ပြသူ
.
မိမိကဲ့သို ဗောဓိဥါဏ်ရရှိအောင် ကျင့်ကြံဘို့လမ်းပြခဲ့သူပါ။
ပုဂ္ဂိုလ်ကို ကိုးကွယ်ဘို့ လုံးဝလမ်းမညွှန်ခဲ့ပဲ မိမိသင်ပြမှုတွေကို ကြိုးစား လိုက်နာ ကျင့်ကြံဘို့ လမ်းပြခဲ့တာပါ။
.
ဗုဒ္ဓဘာသာဆိုတာ ကျန်တဲ့ ဘာသာတွေလို ယုံကြည်မှုငတ်မွတ်နေတဲ့ ဘာသာ ယုံကြည်မှု စင်တာတွေဖွင့်ပြီး ယုံကြည်မှု တောင်းခံနေတဲ့ဘာသာ သူ့ကိုယုံကြည်တာနဲ့ ဘာသာဝင် ဖြစ်သွား တဲ့ ဘာသာမဟုတ်တဲ့ အတွက် ယုံကြည်ယုံနဲ့ ပျော်ပျော်ပါးပါး ဗုဒ္ဓဘာသာဝင်ဖြစ် မလွတ်မြောက်ပါဘူး ။
.
ဗုဒ္ဓဘာသာဟာ ဘာသာဝင်တစ်ယောက်ချင်းဆီမှာ သူတော်ကောင်းတရားဆိတ်သုဉ်းတာနဲ့ အဲလူဆီကနေ သာသနာတော်အလင်း ကွယ်သွားတဲ့ဘာသာပါ
.
ဆိုလိုတာ ယုံကြည်မှုငတ်မွတ် အလှူခံတဲ့ ဘာသာမဟုတ်တဲ့အပြင် သူမနေချင်ရင် သာသနာက ကွယ်ပါတယ်။
.
ဗုဒ္ဓကို တစ်ချိန်လုံးတစ်စိမ့်စိမ့်ကြည့် ကြည်ညို ကိုးကွယ်နေတဲ့ ၀က္ကလိ ရဟန်းကို ဗုဒ္ဓက သံသရာလွတ်ကြောင်းက အချည်းနှီးဖြစ်သူ သူမိုက်လို့ ပရိတ်သတ်အလယ်မှာ အပြစ် တင်တော်မူ တာကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓက ငါ့ကို ယုံပါ ကိုးကွယ်ပါဆိုတဲ့အယူကို လုံးဝ လက်မခံခဲ့ဘူး ဆိုတာ ထင်ရှားပါတယ် ။
.
အွန်လိုင်းမှာ ၀က္ကလိ ဆိုတဲ့ တစလုံးထဲရိုက်လိုက်ပါ သုတ္တံတစ်ခုလုံးကျလာပါလိမ့်မယ်။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ★ တတိယတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ အားလုံးနဲ့ဆိုင်လားဆိုတဲ့မေးခွန်း အတွက် ကတော့ …
.
ဗုဒ္ဓ၀ါဒဆိုတာ လောကရဲ့ အမှန်တရား လောကရဲ့ ဓမ္မ လောကရဲ့သစ္စာတရားကို ညွှန်ပြတဲ့ ဘာသာဖြစ်တဲ့ အတွက် လောကလူသားအားလုံးနဲ့ဆိုင်ပါတယ်။
.
သာဓက အ နေနဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံတရား သူ့အသက်သတ်တာမကောင်းဘူး သူတစ်ပါးဥစ္စခိုးတာမကောင်းဘူးဆိုတဲ့ အဆုံးအမကို လောကလူသား အားလုံး လက်ခံရပါတယ်။
.
ဒီအခြေခံအကြောင်းတရား သေးသေးလေးပင်လျှင် လောကရဲ့အမှန်တရား ဖြစ်တဲ့အတွက် ဗုဒ္ဓ၀ါဒဟာ လောကသားအားလုံး အတွက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
.
နောက်ဆုံးအနေနဲ့ ကတော့ ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တော်တိုင်
ဧဟိပဿိကော လာပါ လေ့လာပါ မိမိကိုယ်တိုင် စမ်းသပ်ပါ ကြိုက်သလောက် စောဒကတက်ပါ ဘ၀င်ကျမှ လက်ခံပါလို့ စိမ်ခေါ်ထားတဲ့ ဘာသာပါ။
ဘယ်ဘာသာကများ ဒီလိုစိမ်ခေါ်ဝံသတုန်းရှင်။
.
ပိဋကတ်တော်တွေက တခြား ကျမ်းတွေလို တစ်အုပ်လုံးငါ့ကိုယုံပါ ကိုးကွယ်ပါ ငါ့ကို မယုံရင်ဘာဖြစ်မယ် ငါ့ကို မကိုးကွယ်သူဘာဖြစ်မယ် ဆိုတာချည်း ဖန်တရာ တေနေတဲ့ ကျမ်းမဟုတ်တဲ့ အတွက်
ငါ့ကို ယုံပါ ကိုးကွယ်ပါ ဆိုတဲ့ စကားလုံးတော့ ပိဋကတ်တော်မှာ မရှိ ပါဘူး။
ပိဋကတ်တော်မှာ သူတော်ကောင်းတရားတွေပဲနဲ့ ကျင့်စဉ်တွေပဲ ရှိပါတယ်။
.
။။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ★ ဒီလိုတွေဖြေလိုက်တော့ စေတီတည်ပြီးကိုးကွယ် ပူဇော် တာကို ထောက်ပြပြီး ဗုဒ္ဓဘာသာက ရှေ့နောက်မညီဘူးလို့ ပြောပြန်ကြအုန်းမှာဖြစ်တဲ့အတွက် စေတီတည်ခြင်းကို ဘုရားကခွင့်ပြု မပြု လုပ်ကြပြန်ပါအုန်းမယ်
.
ဒါကြောင့် ဗုဒ္ဓက စေတီတည်ပြီး ပူဇော်ခြင်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ခွင့်ပြုခဲ့တယ်ဆိုတာ တစ်ခါတည်း ဖြေပေးလိုက်ပါတယ် ။
ဗုဒ္ဓက စေတီတည်ပြီး ပူဇော်ခြင်းကို ခွင့်ပြုခဲ့ပါတယ်
.
ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထား သင့် မသင့် လျှောက်တဲ့အခါ ဘုရားရှင်က
.
စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။
.
( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
.
( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
.
( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
.
( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။
.
အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။
.
ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ပဲ စေတီ ပုထိုးတော်တွေ ကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်တဲ့အတွက် စေတီပုထိုးကို ကြည့်၊ ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေ ဂုဏ်တော်တွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ တနည်းအားဖြင့် ပုံတော်နောက်က ဂုဏ်တော်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။
..
★ ဗုဒ္ဓဘုရားရှင် လက်ထက်တော် အခါက ရဟန္တာများထဲတွင် လျှင်မြန်သော အဘိညာဉ် ရှိသူ တို့တွင် အမြတ်ဆုံးဧတဒဂ်ရ ဗာဟိယ တိုင်းသား ဒါရုစရိယ အသျှင်မြတ် စံလွန်တော်မူတဲ့အခါ ဗုဒ္ဓရှင်တော်ကိုယ်တိုင်
.
ချစ်သားတို့ သီတင်းသုံးဖော်ဖြစ်သော ဗာဟိယအလောင်းကို ယူခဲ့ကုန်လော့
ပူဇော်၍ မီးသဂြိုလ်ကုန်လော့ ။ အရိုးပြာကို စေတီပုထိုးပြု၍ ပူဇော်ကုန်လော့ မြတ်သော ပညာရှိသော ထိုတပည့် သာဝကသည် ပရိနိဗ္ဗာန်ပြုပြီ ….
လို့ မိန်းကြားခဲ့တဲ့အတွက် ဗုဒ္ဓမစံလွန်မီ အချိန် ကတည်း က စေတီရှိနေပြီလို့ ပြောရမှာပါ။
.
★ ဒီလောက်ဆို ( အပ်ချလောင်း ဖြစ်စေ ဆိုပြီး တန်ခိုးနဲ့ လုပ်ပေးတယ် ဆိုတဲ့ စိတ္တဇ ဆန်ဆန် တန်ခိုးရှင် တစ်ယောက်ကို ) ကိုးကွယ်တာ ရယ်
★ တန်ခိုးတော်အနန္တ ဥါဏ်တော်အနန္တ ကံတော်အနန္တ ကို ပူဇော်တာရယ်
★ ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်သည်လို့ ပြောခဲ့ မပြောခဲ့ရယ်
( ဗုဒ္ဓက စကားပြောတိုင်းငါဘုရားလို့ ပြောလေ့ရှိတယ် ။ သံဃာက သံဃာအချင်းချင်း အာဝုသော ငါ့ရှင်လို့ သုံရပေမယ့် ဘုရားရှင်ကို ဘန္တေ ဘုရားရှင် အရှင်ဘုရားလို့ သုံးရတာတွေကို ကြည့်တာနဲ့တင်သိတယ်လေကွယ် )

★ ဗုဒ္ဓဘာသာက လူသားတိုင်းအတွက်ကောင်းကျိုး ကို ဆောင် မဆောင် ရယ်
★ စေတီ ရုပ်ထု ထုလုပ်ပုဇော်ခြင်းအကြောင်းရယ် ကို ကွဲပြားကြပြီလို့ ထင်ပါတယ်။
.
ကဲ အားလုံးပဲ ချမ်းမြေ့ကြပါစေရှင် ….
.
.

No comments:

Post a Comment