Tuesday, October 1, 2013

ရဲရင့်သစ္စာမေးခွန်းများ. 2

Myo Set
 
 Question (1)
ကိလေသာ ဆိုတာ လိုချင်တပ်မက်မှုဆိုရင်၊ ဂေါတမဗုဒ္ဓ က နိဗ္ဗာန်
ကို ပြင်းပြင်းပြပြလိုချင်တပ်မက်ခဲ့လား မတပ်မက်ခဲ့ဘူးလား?
အဲဒီတော့ ကိလေသာကုန်သလား? မကုန်ဘူးလား?

Question (2)

 ကျောင်းသားတစ်ယောက်က စာမေးပွဲမှာထူးချွန်ချင်လို့ ဂိမ်းမကစားဘူး၊
ဘောလုံးမကန်ဘူး၊ ရည်းစားမထားဘူး၊ တစ်ချိန်လုံးစာကိုပဲကျက်နေတယ်။
အဲဒီကျောင်းသား ကို ဘာကိုမှ လိုချင်တပ်မက်မှုမရှိသူလို့ ပြောလို့ရမလား?
ပြောရင် ပြောတဲ့လူ လူလိမ်ပေါ့။ စာမေးပွဲမှာထူးချွန်ချင်တာလိုချင်တပ်မက်
စိတ်မဟုတ်လို့ဘာစိတ်လဲ?

ကျနော့်ကိုမေးတာမဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဖြေဆိုခွင့်ပြုစေချင်ပါတယ်။

ဗုဒ္ဓအဘိဓမ္မာမှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုပြီးလေးချက်ခွဲပါတယ်။ လူသည် စိတ်နဲ့ရုပ်ပေါင်းစပ်မှု အစုအဖွဲ့တစ်ခုဖြစ်ပြီး စေတသိက်သည် စိတ်အပေါ် ခြယ်လှယ်သော တရားအစု ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ စေတသိက်တွေထဲမှာ အခြေခံရင်းမြစ်ခေါ်( ဟေတုပစ္စယော )အရ လောဘ၊ ဒေါသ၊ မောဟနဲ့ အလောဘ၊ အဒေါသ၊ အမောဟ ခြောက်မျိုးရှိပါတယ်။ ရင်းမြစ်ခြောက်ခုပေါ့။

စိတ်သည် သူ့နဂိုမူလသဘောတရားမှာ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတဲ့ အလိုအာသာမရှိပါ။ ဘယ်လိုကောင်းတာတွေလုပ်မယ်၊ ဘယ်လိုဆိုးတာတွေလုပ်မယ်ဆိုတဲ့ အလိုလဲမရှိပါ။ ကောင်းခြင်း နဲ့ ဆိုးခြင်း ၂ ချက်လုံးမရှိပါ။ ကောင်းခြင်းကို အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ သုံးချက်က လွှမ်းမိုးပြီး ဆိုးခြင်းကို လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ သုံးပါးက လွှမ်းမိုးပါတယ်။

အခု အပေါ်ကမေးတဲ့မေးခွန်းရဲ့ အဓိက အဖြေက ဆန္ဒနဲ့ရာဂ မတူတာပဲဖြစ်ပါတယ်။

နမူနာပြရင်။ ။ ကျောင်းသားတစ်ယောက်သည် စာမေးပွဲအောင်ခြင်းရဲ့ ကျေးဇူးတွေကိုသိမြင်နားလည်ပြီး စာကြိုးစားခြင်းသည် အောင်မြင်ခြင်းရဲ့ အကြောင်းဖြစ်သည်ဟု နားလည်ကာ စာကို ကျကျနန လုပ်လေသည်။ (ဆန္ဒ)

ကျောင်းသားတစ်ယောက်သည် စာမေးပွဲအောင်လျှင် မည်သို့မည်ပုံဆုရမည်ကို၊ မည်သို့မည်ပုံချီးမွမ်းခံရမည်၊ မည်သို့မည်ပုံ အောင်မြင်မည်ကို သဘောပေါက်ပြီးလျှင် ထိုကိစ္စကို စိတ်ထဲတွင်တအုံနွေးနွေးတွေးလျက် ပျော်ရွှင်ခြင်း၊ တက်ကြွခြင်းတို့ကို ခံစားရလျက် စာကိုလုပ်လေသည်။ (ရာဂ)

ဒီလောက်ဆိုရင် သဘော၊ သဘာဝ မတူတာကို နားလည်မယ်ထင်ပါတယ်။

အဓိကက မိမိရဲ့ စိတ်ကိုယ်ထည်မှာ (လောဘ၊ ဒေါသ၊ မောဟ) ဆိုတဲ့ တရားသုံးပါးနဲ့ဆင့်ပွား ၁၁မျိုးသော တရားဆိုးတွေ ကပ်ငြိနေရင် ကိလေသာလို့သွန်သင်ပါတယ်။ ရာဂဆိုတာက အဲ့ဒါနဲ့ယှဉ်တဲ့စိတ်ပါ။

အဲ့လိုမကပ်ငြိပဲ စင်ကြယ်နေရင် (အလောဘ၊ အဒေါသ၊ အမောဟ) ဆိုတဲ့တရားသုံးပါးကြီးစိုးနေရင် လူဟာ အတ္တကြီးမှု၊ တစ်ကိုယ်ကောင်းရလိုမှုတွေ အလိုလို ကင်းရှင်းလျော့ပါးသွားပါတယ်။ မယုံလျင် လက်တွေ့ကျင့်သုံးလို့ရပါတယ်။ လက်ရှိ Humanitarian Actions ဆိုတာတွေဟာ ဒီတရားတွေရဲ့အခြားသော စာမျက်နှာတစ်ခုပါပဲ။ ဒီတော့ ဒီလို (အလောဘ၊ အဒေါသ၊ အမောဟ) သုံးပါးနဲ့အတူ ယှဉ်တဲ့စိတ်ကို ဆန္ဒလို့ခေါ်ပါတယ်။



Question (3) 
တိရစ္ဆာန်ဘဝ ဆိုတာ ငရဲဘဝ တစ်မျိုးပဲလို့ ဆိုကြတယ်။ ဒါဖြင့်ရင်
အဲဒီ ငရဲဘဝ မှာ အကြာကြီးမနေစေဖို့ ဖန်တီးပေးတဲ့လူ (နွားကိုသတ်သူ)
က ကုသိုလ်တောင်ရမှာပေါ့ ဘာလို့ အကုသိုလ်ဖြစ်မလဲ? စဉ်းစား
ကြည့်လေ (----)တို့ (----) တို့ရဲ့ အဘိုးအဘေးတွေသေလို့နွားဖြစ်နေ
ရင်
အဲဒီနွားဘဝမှာ ကြာရှည်နေစေချင်မလား? ဒါမှမဟုတ် အခြားဘဝ
အမြန်ကူးအောင် ကူညီပေးမလား?

ဆက်လက်ဖြေဆိုခွင့်ပြုပါခင်ဗျာ။

-တိရစ္ဆာန်ဘဝသည် ငရဲဘဝမဟုတ်ပါ။ နိမ့်ပါးသော အပါယ်လေးဘုံထဲမှာပါပါတယ်။ သဘောတရားပိုင်းအရဆိုရင် ငရဲသည် အဆိုးဝါးဆုံး၊ သူ့အထက် မှာ ပြိတ္တာနဲ့အသူရကာယ်ရယ် တိရစ္ဆာန်ဘုံရယ်ရှိပါတယ်။

-အပယ်ဘုံလို့ခေါ်ရခြင်းက အဆင့်မြင့်တရားဓမ္မပိုင်းတွေကို ငရဲကျသူဟာ ကျင့်သုံးလို့မရနိုင်အောင်ဆင်းရဲပါတယ်။ နောက် တိရစ္ဆာန်၊ ပြိတ္တာ စသူတွေဟာ အများအားဖြင့် သူတို့ရဲ့ ဥာဏ်ရည်ဟာ တရားဟော၇င် နားလည်ဖို့ ခဲယဉ်းပါတယ်။

အဲ့လိုခက်ခဲတယ်ဆိုတာကို ဒီလိုဖွင့်ပါတယ်။ သတ္တဝါတွေဟာ ကံစီမံရာအတိုင်းဖြစ်ကြရတယ်။ အဲ့မှာ ကံစီမံတဲ့အတိုင်း ဒီဖက် သေလွန်စိတ်ပျက်စီးပြီး တစ်ဖက်ဘဝ မှာ ပဋိသန္ဓေစိတ်ဆိုတာဖြစ်တယ်။ အဲ့ဒီပဋိသန္ဓေစိတ်ဆိုတာဟာ ဆစ်ဂမန်ဖရွိုက်ရဲ့ (Id /Inborn Personality) လို့ခေါ်တဲ့ သဘောနဲ့ခပ်ဆင်ဆင်ပါပဲ။ တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် ခေါ် သုံးပါးသော စိတ်အမျိုးမျိုးထဲက တစ်မျိုးမျိုးနဲ့ နေပါတယ်။ လူမှာ တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် ဖြစ်နိုင်ပေမယ့် တိရစ္ဆာန်တွေမှာ အဟိတ်တွေဖြစ်ကြပြီး ပြိတ္တာ၊ အသူရကယ်တွေမှာတော့ တိဟိတ်သဘောဆောင်သူတွေ Exceptionally ရှိတတ်ပါတယ်။ အဲ့လို ရှိတတ်ခြင်းကလဲ ပြိတ္တာဘဝကို အကြောင်းမလှလို့မရောက်ခင်မှာ ကုသိုလ်အမှုတွေ များများပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ သို့သော် ယေဘုယျ General Character သဘောကတော့ အဟိတ်တွေများပါတယ်။ ကုသိုလ်ကောင်းမှုရဲ့ အစွမ်းသတ္တိကို လူတွေလို နားလည်နိုင်စွမ်းမရှိခြင်း၊ လူတွေလို အဆင့်မြင့် ဓမ္မတွေကို နားလည်နိုင်စွမ်းမရှိခြင်းကြောင့် အပယ်ဘုံဖြစ်ရပါတယ်။

လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘဝတစ်ခု ရှိကြပါတယ်။ ဘဝရှိသူတိုင်းသေရမှာ အင်မတန်ကြောက်ပါတယ်။ ဒီအတွက် မည်သည့်အကြောင်းပြချက်နဲ့မှ ဘဝတစ်ခုကို မဖျက်ဆီးပါနဲ့ ဆိုတာဟာ ကိုယ်ချင်းစာ တရားဒဿနကို အခြေခံတဲ့ ဗုဒ္ဓရဲ့သွန်သင်ချက်ဖြစ်ပါတယ်။ အပယ်ဘုံသားဖြစ်ပေမယ့် သူဟာ သေမှာကိုကြောက်တယ်၊ နာတတ်တယ်၊ ဒါ့ပြင် ဗုဒ္ဓဝါဒအရ သူဟာ ဒါပြီးဘယ်ဘဝကို သွားရမယ်မှန်းမသိပါဘူး။ ကိုယ်က ကောင်းအောင်သတ်ပေးလိုက်တယ်ဆိုပေမယ့် သူဒီလိုအလားတူဘဝမျိုးကို ထပ်အကျိုးပေးခံရလျှင် ဆိုတဲ့ဖက်ကနေလဲ စဉ်းစားလို့ရပါတယ်။ ကိုယ်ချင်းစာတရားရှုထောင့်ကနေ မည်သူတစ်ဦးတစ်ယောက်ရဲ့ဘဝကိုမှ မပျက်စီးအောင်ထိန်းသိမ်းခြင်းသည် သီလ လို့ဖွင့်ပါတယ်။ အဲ့လို ဖျက်ဆီးလိုစိတ်တွေမဖြစ်လာအောင် နေထိုင်ခြင်းကို ကောင်းစွာဆုံးမအပ်သော ယဉ်ကျေးသည့်စိတ်လို့ သွန်သင်ပါတယ်။



Question(4) 
ဗုဒ္ဓဘာသာ ဆိုသူ တစ်ယောက်နဲ့တွေ့တိုင်း
အသစ်တစ်မျိုးကြားရတယ်။ ညီလေးပြောပုံအရဆို လူ့ဘဝ
ကို ရဖို့ (နိဗ္ဗာန်ကိုရောက်နိုင်ဖို့) ကုသိုလ်ထက် သေခါနီးစိတ်က
ပိုအရေးကြီးတယ်ပေါ့? အဲဒီလိုလား ဟုတ်လား? ဒါဖြင့်တစ်သက်
လုံးဘယ်လောက်ကုသိုလ်လုပ်လုပ်၊ သေခါနီး ဇြော
ဖစ်ရင်
လူဖြစ်ချင်မှဖြစ်တာပေါ့? တစ်သက်လုံး အကုသိုလ်လုပ်၊
သေခါနီး နတ်ပြည်ရောက်ချင်တယ်ဇောစိတ်ဖြစ်ရင် နတ်ပြည်ရောက်
သွားတာပေါ့? အဲဒီလိုဆိုရင်လည်း ညီလေးရယ်၊ ဘာလို့ကုသိုလ်
တွေ အကုသိုလ်တွေ လုပ်နေတာလဲ? သေခါနီးဘယ်လိုစိတ်ထား
လို့ ပဲ တရားဟောနေပေါ့ လူတွေနိဗ္ဗာန်ရောက်နိုင်အောင်။

အဲ့မှာ နားလည်မှုလွဲတာကိုတွေ့ရပါတယ်။ နိဗ္ဗာန်ကို သေခါနီးဇောစိတ်နဲ့မရောက်နိုင်ပါ။

အရင်ဆုံး ကံနဲ့စိတ်ဆက်စပ်ပုံကိုနားလည်မှုလိုအပ်တာကိုတွေ့ရပါတယ်။ ကံကိုနားလည်ရင် ကမ္မပစ္စယောကိုလေ့လာရပါတယ်။ စေတနာသည်ကံလို့ပြောပါတယ်။ စေတနာဆိုတာ ခုနက ရင်းမြစ်ခြောက်ပါးဖုံးလွှမ်းထားတဲ့ စိတ်ဖြစ်ထွန်းသွားပြီး ချုပ်ပျောက်သွားတဲ့အချိန် ပုံနှိပ်ရာထင်ကျန်ခဲ့သလို ကြွင်းကျန်ရစ်တဲ့သတ္တိဟာ ကံပါပဲ။

ကံတွေကိုအမျိုးမျိုးခွဲထားပါတယ်။ ကံအင်အားအလိုက် အမျိုးမျိုးခွဲထားပါတယ်။ ကုသိုလ်ကံ၊ အကုသိုလ်ကံ အဓိက နှစ်မျိုးမှာ အင်အားအကြီးဆုံး ၊ သာမန်အင်အား၊ ရုတ်တရက်ဖြတ်ဝင်လာတတ်တဲ့ကံ၊ သေခါနီးစိတ်ဇောချုပ်တော့ဖြစ်တဲ့ကံ ဆိုပြီး အကြမ်းဖျင်းခွဲထားပါတယ်။ အဲ့အထဲမှာ သေခါနီးစိတ်ဇောမှာ ဖြစ်တဲ့ဇော ကြောင့်ဖြစ်တာကိုကျတော့ နမူနာ နွားအိုနဲ့ပေးပါတယ်။

အိမ်ပြန်ချိန်နွားအုပ်ကြီးဟာနွားခြံထဲဝင်မယ်။ ဒါပေမယ့်နွားအိုကြီးဟာ နောက်ကနေကျန်နေရစ်တော့ နောက်ဆုံးမှဝင်ရတယ်။ နောက်နေ့ပြန်ထွက်တော့ နွားအိုကြီးဟာ အရင်ပြန်ထွက်ရတယ်။ အဲ့ဒီသဘောနဲ့ဆင်ဆင်လေး နားလည်ရပါတယ်။ သေခါနီး စုတိစိတ်ဟာ ထွက်ပေါက်မှာ စောင့်သလို စတ်ဖြစ်နေတဲ့အတွက် လားရာဂတိအပေါ် သက်ရောက်မှုရှိပါတယ်။ အရှိန်နဲ့ထွက်လာတဲ့ ယာဉ် ကို အပေါက်ဝက အစောင့်ဟာ လမ်းလွှဲပစ်လိုက်ရင် ယာဉ်ဟာ လမ်းကြောင်းချော်သွားနိုင်ပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်မှန်ထွက်လာတဲ့ယာဉ်ဆိုရင်ခဏပါပဲ။

နမူနာအနေနဲ့ မလ္လိကာမိဖုရားကြီးကို ပြဆိုပါမယ်။ မလ္လိကာမိဖုရားကြီးဟာ ကုသိုလ်များစွာလုပ်ပေမယ့် စုတိစိတ်မှာ အကုသိုလ်ကို အာရုံယူပြီး ငရဲကိုကျပါတယ်။ သို့သော်လဲ တစ်သက်လုံးကုသိုလ်တွေများစွာလုပ်သူဖြစ်တဲ့အတွက် ခုနှစ်ရက်မျှသာ ငရဲခံရလျက် သူ့ကုသိုလ်အားလျော်စွာ တုသိတာနတ်မင်းကြီးရဲ့ မိဖုရားဖြစ်ပါတယ်။

ကမ္မနိယာမ သဘောဟာဒီလို သဘောပါပဲ။ ကောင်းတာလုပ်လို့ကောင်းတာခံစားရပါတယ်။ မကောင်းတာလုပ်ရင် မကောင်းတာခံစားရပါတယ်။ အဲ့ဒီကံတွေထဲမှာ ကံတွေရဲ့ အင်အားအလိုက်အကျိုးပေးကြပါတယ်။ အင်အားနည်းတဲ့ကံဆိုရင် -ဥပမာ ထီပေါက်ဖို့ကံပါရင်တောင် ထီမထိုးရင်မပေါက်တဲ့သဘော တွေ ရှိပါတယ်။


Question ( 5 )
Aungthu Tun ကိုရဲရင့် ရော ကိုမျိုးဆက် ပါ အရေးကောင်းကြသူတွေမို့ မေးချင်တာလေး (နှစ်ယောက်စလုံး) ဖြေပေးကြည့်ဖို့ တောင်းဆိုချင်တယ်။

မေး၁။ ကမ္ဘာမှာ လူဦးရေအလွန်အမင်း တိုးလာတာကို ဘာသာအယူဝါဒ ရှုထောင့်က အဖြေသိချင်ပါတယ်။ သံသရာထဲကအကောင်တွေ ဒီထဲပိုရောက်လာကြတာလား / ဖန်ဆင်းရှင်
မနားတမ်း ထဲ့ပေးနေတာလား

မေး၂ ။ မျိုးတုန်းသွားတဲ့ ဒိုင်နိုဆောလိုသတ္တဝါတွေကို ဘာသာရေးအယူဝါဒအရ ဘယ်လို မြင်လဲ အဲလိုကောင်တွေကို ဘာသာရေးကျန်းဂန်တွေမှာ ထောက်ပြ ပြောဆိုထားတာရှိပါသလား



ကိုအောင်သူထွန်းစဉ်းစားယူဆတာဟာ ကိန်းသေသဘောနဲ့ယူဆတာဖြစ်ပါတယ်။ ကိုအောင်သူထွန်းရဲ့ အတွေးအခေါ် မူလက လောကကြီးမှာ Fixed Number of Creatures ရှိရမယ်။ ဒီကောင်တွေက လည်ပတ်နေရတယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

သင်္ချာကော၊ ရူပဗေဒမှာကော ဗုဒ္ဓဘာသာမှာကော Infinity သဘောတရားကို မပစ်ပယ်ပါဘူး။ Infinity သဘောကို Fixed Number နေရာမှာ ထည့်သွင်းဆင်ခြင်လိုက်ရင် အနုမာဏတော့ဆက်စပ်လို့ရမယ်ထင်ပါတယ်။
 ဗုဒ္ဓပေါ်ထွန်းတဲ့ခေတ်ကာလသည် ဘီစီငါးရာခန့်မှာဖြစ်ပြီး ဆော့ခရေတ္တိထက် နှစ်ငါးဆယ်၊ တစ်ရာနိးပါးခန့်စောတယ်လို့သိရပါတယ်။

ဗုဒ္ဓရဲ့ သီအိုရီသည် အဘိဓမ္မာဖြစ်ပြီး သီအိုရီကို Applied theory လုပ်ခြင်းသည် သုတ္တနိပတ်ဖြစ်ပါတယ်။ သုတ္တနိပတ်ကို ပြန်လည်ဖွင့်ဆိုသူများက အဌကထာဆရာ
များဖြစ်ပါတယ်။

ဗုဒ္ဓအနေနဲ့သူ့ခေတ်သူ့အခါက ယဉ်ကျေးမှုစံနှုန်းများအရ လူတွေ လက်ခံထားတဲ့ကိစ္စတွေကို နမူနာတင်ဟောပြောတာကို မြင်းသမားကေသိယကို မြင်းမောင်းသူ ဥပမာနဲ့တရားဟောတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ဒိုင်နိုဆောလို လွန်ခဲ့သောနှစ်သန်းနဲ့ချီတဲ့ခေတ်က အကောင်ဗလောင်တွေကို ဟောဖို့ကို ဖြစ်နိုင်ချေနည်းလှပါတယ်။ ဒါက ဗုဒ္ဓရဲ့ သဗ္ဗညုအမြင်၊ ဒိဗ္ဗစက္ခုအမြင်နဲ့ပေါ့။

သို့သော်မြွေပေါ၊ ငှက်ကြီးပေါတဲ့ အိန္ဒိယတိုက်ငယ်မှာ နဂါးဇာတ်လမ်းတွေတော့ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ ဒါကို သတိမူမိရင်အဆင်ပြေမှာပါ။

ဒိဗ္ဗစက္ခုနဲ့ပတ်သက်လို့ ဝိသုဒ္ဓိမဂ် စတုတ္တတွဲမှာ နံရံထွင်းဖောက်၊ တော တောင်များကိုထွင်းဖောက်ကာ ငရဲပြည်၊ နတ်ပြည်များကို ကြည့်မြင်ခြင်းဆိုတဲ့ ကျင့်စဉ်တွေ ပါပါတယ်။ လေးတွဲလုံးဟာ ဒီကျင့်စဉ်တွေကိုချည်း အသေးစိတ်ဖော်ပြထားတာပါ။ သဗ္ဗညုအဆင့်ထက်အများကြီးနိမ့်ပါတယ်။

ဗုဒ္ဓက သရဲပြိတ္တာတွေနဲ့ပတ်သက်လို့ သူ့တပည့်ကို တစ်ခါမိန့်ပါတယ်။ အေး..လောကမှာ ငါမြင်တာကို မင်းမြင်တယ်။ မင်းတို့ မမြင်ခင်က ငါသိပ်မပြောဘူး။ မဟုတ်ဘူးဆိုပြီး ဇွတ်ငြင်းနေတဲ့သူတွေပေါလှတယ်..လို့ ရှင်မောဂ္ဂလာန်ကို မိန့်ခဲ့ပါတယ်။ ဒီသဘောလေးပါပဲ။

မယုံဘူးဆိုရင် လက်တွေ့လာကျင့်ပါ (ဧဟိပဿိကော)လို့ အခိုင်အမာဆိုပါတယ်။ ဒီလောက်ဆို ရှင်းလောက်ပါပြီ။

ဆော့ခရေတ္တိကို ထည့်လိုက်ရတာက ဖိဒရပ်ကို ဆုံးမတဲ့အခန်းမှာ ဂရိဒဏ္ဍာရီလာ နဂါးများထက် စိတ်ထဲက အညစ်အကြေးများက ပိုပြီး မဆိုးဝါးကြောက်စရာမကောင်းဘူးလား ဆိုတဲ့သဘောလေးပေါ့။ အဲ့လိုဆုံးမတာလေးကိုလဲ သတိရမိလို့ပါ။


 https://www.facebook.com/yeyint.thitsar.1/posts/1446141505610939
   

No comments:

Post a Comment