ဗုဒ္ဓ၏ လူ့သမိုင်း
လူတော်တော်များများက လူသမိုင်းနဲ့ပတ်သက်လို့
မေးလေ့ရှိပြီး စိတ်ဝင်းစားတတ်ကြတဲ့“လူဘယ်ကစဖြစ်တာလဲ ?မေးခွန်းကို
ဗုဒ္ဓဟောထားတဲ့ သုတ်တော်တွေ အခြေခံပြီး ဆရာတော်ဦးမာနိတသိရီဘိဝံသ ကလောင်နာမည်
ကထိကရဟန်းက “ဗုဒ္ဓ၏ လူ့သမိုင်း”အမည်ရ စိတ်ဝင် စားဖွယ်ရာကောင်းတဲ့
“လူ့သမိုင်း”ဆောင်းပါး ကို ရေးသားထုတ်ဝေ ထားပါတယ်။ ဗဟုသုတပွားတိုးစေရန်
မေတ္တာရနံ့စာဖတ်ပရိတ်များအတွက် အခန်းဆက် အပိုင်းလိုက် ဖေါ်ပြပေးသွားပါမည်။လူ့သမိုင်းနှင့်စပ်ပြီးအယူကို ဖြောင့်မှန်စွာထားနိုင်သည့် ဒိဌိဇုကမ္မပုညကြိယာ အားနည်းကာ မိစ္ဆာဒိဋ္ဌိဘက်သို့ သက်ရောက်သည့် အယူအဆ အပြောအဆို အရေးအသား တို့ကို မကြာခဏကြားသိ ဖတ်ရှုနေရ၏။ မကြာခင်က သတင်းစာကြီး တစ်စောင်တွင်--
“လူသားမျိုးနွယ်စု၏ မူလအစဖြစ်သည့် အဆင့်မြင့် ပရိုင်းမိတ်များနှင့် အခြား ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေသုတေသနပြုရေး” လှုံ့ဆော်ထား သည်ကိုဖတ်လိုက်ရ၏။
သူတို့၏ အယူအဆမှာ မြန်မာနိုင်ငံ၌ အဆင့်မြင့် ပရိုင်းမိတ်များနှင့် ကျောက်ဖြစ် ရုပ်ကြွင်းများကို တွေ့ရခြင်းကြောင့် “လူသားများ မြန်မာနိုင်ငံမှ စတင်ပေါ် ပေါက်သည်” ဟု ယူဆလိုပြောလိုကြပုံရ၏။ အဓိပ္ပာယ်မှန်က ဤသို့မဟုတ်ပေ။ “ဤဒေသ၌ လူလောက် နီးနီးကြီးတဲ့ မျောက်ကြီးများ၊ သို့မဟုတ် မျောက်လိုသတ္တဝါကြီးများ နေထိုင်ကျက်စားရာ ကြီးကျယ်သောတောကြီးများရှိခဲ့သည့်။ သို့မဟုတ် ဤဒေသသည် သိပ်တောကျ သည်”ဟု ပြောဆိုရာရောက်နေ၏။
မှန်၏ ဤဒေသသည် အကယ်၍သာ လူသားများအဖြစ်စော၍ ရှေးဦးစွာ နေထိုင်ခဲ့ကြရိုးမှန်လျှင် ဤဒေသ၌ ဤလို အဟိတ်တိရိစ္ဆာန် သတ္တဝါကြီး များ၏ အရိုးစုတို့ကို အဘယ်မှာ တွေ့ရပေလိမ့်မည်နည်း၊ အဟိတ်တိရစ္ဆာန်တို့၏ အရိုးစုများ တွေ့ရသည်ကို ထောက်ပါက ဤဒေသသည် လူနေနောက်ကျသောဒေသ၊ တောဖုံးကာလ ကြာဖြင့်လှသော ပစ္စန္တရစ်ဒေသဖြစ်ပါသည်-ဟု ပြောရာရောက်နေသည်။
နိုင်ငံခြားအထင်ကြီး
ယခုကာလ မြန်မာတို့သည် နိုင်ငံခြားသားများကို အလွန်အထင်ကြီးကြ၏၊ ဆရာ တင်လိုကြ၏၊ နိုင်ငံခြားသို့သွားရောက် သတင်တန်းတက်ရသည်ကို ဂုဏ်ယူကြ၏။
မြန်မာနိုင်ငံက သင်တန်းပေးဖို့၊ ကိုယ်က သင်တန်းဆရာဖြစ်ဖို့ စိတ်မကူးကြ။ တစ်နိုင် ငံလုံး လုပ်စားမြေနှင့် ရေချိုပေါလှသည့် မြန်မာနိုင်ငံက ရေမရှိ လုပ်စားမြေ ရှားပါးလှသည့် အစ္စရေးလို နိုင်ငံသို့သွားပြီး စိုက်ပျိုးရေး သင်တန်းတက်ရသည်မှာ ရှက်ဖွယ်ကောင်းလှ၏။
ထိုအပြင် နေရာတကာ ကမ္ဘာ့အဆင့်မီဖို့ ကမ္ဘာ့အဆင့်မှီဖို့ချည်း လုပ်နေကြ၏။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်ဘာသာနှင့် သင့်လျော်သည် မသင့်လျော်သည်ကို သတိမပြုကြ။ ယခု သေအရက်က ကမ္ဘာ့အဆင့်မှီရုံမက ကမ္ဘာ့အဆင့်ကျော်နေပြီ၊ ရွှေတံ ဆိပ်ကြီးများတောင်ရလို့ ဂုဏ်ယူ မဆုံးဖြစ်နေကြပြီ၊ မြန်မာအမျိုးသမီးများက ဝတ်စား ဆင်ယင်ပုံ ကမ္ဘာ့ရှေ့ဆောင် ဖြစ်နေကြပြီ၊ ဘုရားမှန်း၊ ကျောင်းမှန်း မသိကြတော့။ ဒါကြောင့် ကမ္ဘာ့အဆင့်မီဖို့ တော်ကြပါတော့ဟုတောင်းပန်လို၏။
လုံးဝမဖြစ်နိုင်
ယခုလည်း မြန်မာနိုင်ငံဟာ တောကျလှပါသည်၊ မျောက်ကြီးတွေ နေထိုင်ခဲ့ကြပါ သည်-ဟု ကမ္ဘာကျော်အောင် ပြောလိုနေကြပြန်၏။ မျောက်က လူဖြစ်နိုင်သည် မဖြစ်နိုင် သည်ကို မစဉ်းစားကြ၊ ထေရဝါဒဗုဒ္ဓသာသနာဝင်များ ဖြစ်နေကြပါလျက် တို့ဗုဒ္ဓက ဘယ်လို များ ဟောထားပါလိမ့်ဟု မစုံစမ်း မလေ့လာကြ၊ နိုင်ငံခြားသားစကားကို ဘုရားစကား လောက် မှတ်ထင်နေကြ၏။
ဤစာရေးသူ ငယ်ငယ်က ပုဇွန်ဆိတ်က ပုဇွန်ထုပ်ဖြစ်သည်-ဟု ထင်ခဲ့မိ၏။ ကြီးမှမဟုတ်မှန်းသိသသည်။ ဘာ့ကြောင့်ထင်ခဲ့မိသတနည်း၊ တူသောကြောင့်ဖြစ်သည်။ မျောက်နှင့်လူ တူသည်မှာ ပုဇွန်ဆိတ်နှင့် ပုဇွန်တုပ်တူသည်ကို မမီပါ။ ပုဇွန်ဆိတ်က ပုဇွန်တုပ်မဖြစ်လျှင် မျောက်က လူမဖြစ်နိုင်ပါ။ နိုင်ငံခြားသားက ကလေးဉာဏ်ဖြင့် ပြောခဲ့ သည်ကို ပညာရှိကြီးစကား လုပ်နေကြ၏။
ရှေးကမျောက်တွေက လူဖြစ်ခဲ့ရိုးမှန်လျှင် ယခုမျောက်တွေကလည်း လူဖြစ်ရမည်၊ ယခုမျောက်တွေက လူမဖြစ်သည် ကိုထောက် လျှင် ရှေးကမျောက်တွေ လူဖြစ်ခဲ့သည် ဆိုသောစကားအမှားစင်စစ်ဖြစ်၏။
ထို့ပြင် မျောက်ကလူဖြစ်ပါသည်ဆိုလျှင် မျောက်ကကော ဘာကောင်က ဖြစ်လာသနည်း။ ထို့ကြောင့် မျောက်ကလုံးဝလူမဖြစ်နိုင်။
ဗုဒ္ဓ၏ လူ့သမိုင်း
ဤဆောင်းပါးကို၁၃၆၆-(၂၀၀၄)ခုနှစ်ကယဉ်ကျေးမှုမဂ္ဂဇင်းမှာဖော်ပြခဲ့၏။ ရည်ရွယ်ထားသည်မှာ ကျမ်းစာတစ်စောင်အဖြစ်သို့ရောက်အောင် ရေး ရန်ဖြစ်၏။
ယခု ဤဆောင်းပါးကို စာအုပ်ကလေးအဖြစ် ရိုက်နှိပ်ရသည်မှာ ရွစိရွစိဖြစ်လာသော အဆင့်မြင့် ပရိုင်းမိတ်ဆိုသည်များကို ဖယ်ရှားလို၍ဖြစ် သည်။ ထို့ကြောင့် ဤဆောင်းပါးကို သေချာစွာဖတ်ပြီး ဗုဒ္ဓဟောတော်မူရင်း ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ အဂ္ဂညသုတ်၊ စက္ကဝတ္တိသုတ်တော် တို့ကိုပါဆက်လက် ဖတ်ရှုလေ့လာကာ အားနည်းနေသည့် ဒိဋ္ဌိဇုကမ္မ ပုညကြိယာကို ပြန်လည်အားရှိအောင် ထူထောင်ကြပါဟု ပြောဆို မှာကြားလိုပါသတည်း။
ဘုန်းကြီးဦးမာနိတသိရီဘိဝံသ
မတ္တရာသူဌေးကျောင်း
မဟာဝိသုဒ္ဓါရုံတိုက်သစ်
မန္တလေးမြို့၊
၁၃၇၂-ခုနှစ်၊ ပြာသိုလ်လဆန်း ၅-ရက်။
ဗုဒ္ဓ၏ လူ့သမိုင်း
ဗုဒ္ဓ၏ လူ့သမိုင်းသည် “အရိုင်းမှ အယဉ်သို့ တသမတ်တည်း ရွေ့လျားသည့်ဖြစ်စဉ်” မဟုတ်၊ “အယဉ်မှ အရိုင်း၊ အရိုင်းမှ အယဉ်၊ စုန်ဆန်လှုပ် ရှားနေသည့်ဖြစ်စဉ်မှန်” သမိုင်း သာဖြစ်သည်။
တစ်နည်းအားဖြင့် အဆင်းအတက် အစုန်အဆန် ၊ ခေါက်တုံ့ခေါက်ပြန် နိယာမ ဖြစ်၏။ ဗုဒ္ဓ၏ လူ့သမိုင်းကို လေ့လာခြင်းဖြင့် ယနေ့ ကမ္ဘာ ၌ နေ့စဉ်ဖြစ် ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို အခြေခံ၍ ဖြစ်ပေါ်နေကြသည်၊ အကောင်းအဆိုး နှစ်မျိုးတွင် အဘယ်ဘက်သို့ ဦးလှည့်နေသည်တို့ကို သနိုင်ပေလိမ့်မည်။
အစိုးရသည် ဘယ်အချိန်မှစတင်ပေါ်လာသနည်း၊ ဘာကြောင့်အစိုးဆိုတာ ပေါ်လာရ၊ ရှိနေရသနည်း၊ လူထုနှင့် အစိုးရ မည်သို့ ဆက်သွယ်နေ သနည်းစသည်တို့ကို သိနိုင်ပေလိမ့်မည်။
ထိုလူ့သမိုင်း၏ ရှေ့ပိုင်းကို ဗုဒ္ဓသည် သာတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါဒမာတာ ပြာသာဒ်၌လည်းကောင်း၊ နောက်ပိုင်းကို မာဂဓတိုင်း မာတုလမြို့၌လည်းကောင်း ဟောတော်မူသည်။ သာဝတ္ထိပြည့်၌ ဟောအပ်သော လူ့သမိုင်းဒေသနာသည် “အဂ္ဂညသုတ်” ဟူသောအမည်ဖြင့် လည်းကောင်း၊မာတုလမြို့၌ဟောအပ်သောလူ့သမိုင်းသည် “စက္ကဝတ္တိသုတ်” ဟူသော အမည်ဖြင့်လည်းကောင်း ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၌ ထင်ရှားသည်။
ကမ္ဘာတည်စ
ဤသြကာသလောကဖြစ်သော ကမ္ဘာကြီးတည်စအခါက စကြာဝဠာတိုက်ကြီးပေါင်း ကုဋေ တစ်သိန်းသည် တစ်ခုတည်းသော ရေပြင်ကြီး သာ ဖြစ်နေသည်။ နေ , လ , နက္ခတ်တို့ မပေါ်ထွက်၊ မလှည့်လည်သေး၊ အရောင်အလင်းမရှိ၊ အမိုက်အမှောင်အတိသာ ဖြစ်လျက် ရှိ၏။ နေ့ ၊ ည၊ ရက်၊ လ ဟူ၍ မရှိသေး၊ သက္ကရာဇ် မပေါ်သေး။
ထိုကမ္ဘာကြီးတည်စ အမှောင်ခေတ်ကာလတွင် များသောအားဖြင့် အာဘဿရခေါ် ဒုတိယဈာန်ဘုံ ဗြဟ္မာ့ပြည် မှ ဗြဟ္မာကြီးတို့ စုတေကာ ဤလူ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေဖြင့်ရောက်လာ၊ ဖြစ်ပေါ်လာကြ ကုန်၏။
ကမ္ဘာဦးလူတို့သည် ပုံသွင်အားဖြင့် ယောင်္ကျားတို့၏ ပုံသွင်ကိုဆောင်ယူထားကြ သော်လည်း ယောင်္ကျားအင်္ဂါ မိန်းမအင်္ဂါများ မပါမရှိကြပေ။ မျက်စိ နား၊ နှာ၊ လျှာ ၊ကိုယ် ဟူသော အကြည်ဓာတ်များ အပြည့်အစုံပါရှိကြသော်လည်း အဆင်း၊ အသံ၊ အနံ့ အရသာ နှင့် အတွေ့အထိတို့ကို တဏှာစိတ်ဖြင့် တွယ်တာခံစားခြင်း မရှိကြ၊ ဗြဟ္မာ့ပြည်မှာတုန်းက လိုပင် နှစ်သက်မှုပီတိဖြင့် အသက်ရှင်ကြကုန်၏။ သူတို့၏ အသက်တမ်းမှာ မည်၍ မည်မျှ ဟု ရေတွက်၍ မရနိုင်အောင် ရှည်လျား၏။ အခြားအလင်းရောင်မရှိသော်လည်း ကိုယ် ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပ လျက်ရှိကြ ကုန်၏။ ကောင်းကင်၌သာ သွားလာ လှည့်လည်နေထိုင်ကြသည်၊ လွန်စွာတင့်တယ်ကြသည်။ အခြားနာမည်များမရှိ၊ “သတ္တဝါ” ဟူသော အမည်တစ်မျိုးတည်းသာရှိသည်။
ကမ္ဘာဦးလူတို့ ဤသို့နေကြရင်း အဓွန့်ကာလကြာမြင့်လှသောအခါ ရေပြင်ကြီး၏ အထက်၌ ရသပထဝီခေါ်သည့် အရသာနှင့် လွန်စွာပြည့် စုံသော မြေဆီပေါ်လာ၏၊ နို့၏ အထက်၌ မလိုင်တက်လာသကဲ့သို့တည်း။ အရသာမှာ အပြစ်ကင်းသော ပျားလေးရည် အရသာနှင့်တူ၏။
ထိုရသပထဝီပေါ်၍ ကြာမြင့်လှသောအခါ လျှပ်ပေါ်သော သဘောရှိ သည့် ကမ္ဘာဦးသားတစ်ယောက်သည် “ဤမြေဆီသည် အဘယ်သို့ အရသာရှိ သနည်း”ဟု စူးစမ်းသောသဘောဖြင့် လက်ချောင်းဖြင့်ယူကာ လျက်ကြည့်လေသည်။ ထိုအခါ မြေဆီ ၏ အရသာသည် အကြောပေါင်း ခုနစ်ထောင် ပျံ့နှံ့၍ တည်လေသည်။ ထိုအခါ ထိုလူ၌ မြေဆီ ၏အရသာကို စွဲလမ်းသော တဏှာဖြစ်ပေါ်လာတော့သည်။ အခြားလူတို့လည်း ထိုသူကို အတုယူ ၍ မြေဆီကိုလျက်ကြရာမှ မြေဆီကိုစွဲလမ်းသောတဏှာဖြစ်ကြကုန်၏။
ထိုနောက် လျက်နေရုံမျှမဟုတ်ကြဘဲ အလုပ်အလွေးပြုကာ စားသုံးကြကုန်သော် ထိုရသတဏှာကြောင့် တောက်ပမြဲ ကိုယ်ရောင် ကိုယ်ဝါတို့ တဖြည်းဖြည်းကွယ်ပျောက် ကုန်တော့၏။ ။
နေ-လ-နက္ခတ်ပေါ်ထွက်
ထိုအခါ သတ္တဝါတို့၏ ကံအားလျော်စွာ နေ-လ-နက္ခတ်တို့ပေါ်လာကြကုန်၏။ ထို့ကြောင့် နေ့၊ ညဥ့်၊ ရက်၊ လ၊ ဥတု၊ နှစ်ဟု ထင်ရှားဖြစ်ပေါ်လာကြ ရလေသည်။ ကမ္ဘာပြုမိုး ရွာသည့် ကာလမှစ၍ ဤ နေ လ နက္ခတ်တို့ ပြည့်ပြည့်စုံစုံ ပေါ်ထွက်လှည့်လည်ရာအချိန်အထိ အဓွန့်ကာလကြီးကို “ဝိဝဋအသင်္ချေယျကပ်”ဟု ခေါ်သည်။
ကမ္ဘာဦးလူတို့သည် အာဟာရကိုမမှီဝဲဘဲ ပီတိဖြင့်အသက်ရှင်နေထိုင်လာခဲ့ကြရာမှ မြေဆီကို အာဟာရအဖြစ် မှီဝဲလာကြသောအခါ သူတို့၏ သန္တာန်၌ မြေဆီကြောင့်ဖြစ် သော အဟာရဇရုပ်တို့ ဖြစ်ပေါ်လာကြသဖြင့် ထိုသူတို့၏ ကိုယ်သည် ရှေးကလောက် မနူး ညံ့တော့ဘဲ ရုပ်တွေ ကြမ်း လာကြကုန်၏။ အသွင်အပြင်လည်း တဖြည်းဖြည်း ပြောင်းလာကာ တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ကွဲပြားလာသည်၊ အချို့က ရုပ်ဆင်းလှ၍ အချို့က ရုပ်ဆင်းမလှ၊ ဤသို့ဖြစ်လာသည်၊ ထိုအခါ ထိုရုပ်အဆင်းကိုစွဲ၍ မာနလည်း ဝင်လာကြတော့သည်။
ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာနတွေဝင်လာကြ၏၊ မာန ထောင်လွှားမှု များလာသောအခါ ရသပထဝီခေါ် မြေဆီတို့လည်း တဖြည်းဖြည်း ခန်းခြောက်ပျောက်ကွယ်လေတော့သည်။ ဤသို့ ရသပထဝီမြေဆီကို စားသုံးကြရာမှ မြေ ဆီပျောက်သည့် အချိန် အထိကာလ သည် နှစ်ပေါင်း မည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့်အဓွန့်ကာလကြီးတစ်ခုပင်တည်း။ ။
မြေလွှာပေါ်
ထိုသို့ မြေဆီကွယ်ပျောက်သောအခါ ဘူမိပပ္ပဋကခေါ်သော မြေလွှာပေါ်လာရသည်၊ မြေမှ မှိုပေါက်သကဲ့သို့ဖြစ်၏။ ထိုမြေလွှာ၏ အဆင်း သည် ထောပတ်ဆီဦးအဆင်းနှင့်တူ၏၊ ပျည်းငယ်ရည်အရသာကဲ့သို့ချို၏၊ မြေဆီ၏အရသာ မြေဆီ၏နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦး လူတို့သည် ထိုမြေလွှာကိုသာ အာဟာရအဖြစ် စားသုံးကြရတော့သည်။ ထိုအခါ ကြမ်းသော အဟာရကို မှီဝဲရသဖြင့် ရုပ်အဆင်းတို့ လည်း ရှေးက ထက်ပို၍ ကြမ်းလာပြီး တစ်ဦးနှင့်တစ်ဦးလည်း ရုပ်ချင်းပို၍ ကွဲပြားလာကြရသည်။
သူတို့သည် ရုပ်ဆင်းကို အစွဲပြု၍ မာန်ထောင်လွှားမှုလည်း ရှေးကထက်ပိုလာကြ တော့၏။ ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင် မှုတွေ ရှေးကထက်ပိုများ လာကြသောအခါ ထိုမြေလွှာတို့လည်း တဖြည်းဖြည်း ခြောက်ခန်းကွယ်ပျောက်လေတော့ သည်။ ဤသို့ ဘူမိပ္ပဋ ကခေါ် မြေလွှာကို စတင်စားသုံးခဲ့ကြရာမှ မြေလွှာပျောက်သည့် အချိန်ထိကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့် အဓွန့်ကာလကြီးတစ်ခုပင်တည်း။
နွယ်ချိုပေါ်
ဤသို့ မြေလွှာကွယ်ပျောက်သောအခါ ကန်စွန်းနွယ်ပမာ ပဒါလတာခေါ် နွယ်ချိုတစ်မျိုး သတ္တဝါတို့ ကံအားလျော်စွာ ပေါ်လာသည်။ ထိုနွယ်ချိုသည် အဆင်းအရသာနှင့်ပြည့်စုံ၏။
သို့သော် မြေဆီမြေလွှာတို့၏ အရသာနှင့်နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦးလူတို့သည် ထိုနွယ်ချို ကိုသာ အဟာရအဖြစ် စားသုံးကြရတော့ သည်။ ထိုအခါ ထိုနွယ်ချိုဟုခေါ်ကြသော အာဟာရကို မှီဝဲရသဖြင့် လူတို့၏ရုပ်အဆင်းသည် လည်း ရှေးက ထက် ပို၍ ကြမ်းလာကြ၏။ တစ်ဦးနှင့်တစ်ဦးလည်း ရုပ်အဆင်းကို အစွဲပြု၍ မာန်ထောင်မှုလည်း ရှေးကထက် ပိုလာကြတော့၏။
ဤသို့ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင်မှုတွေ ရှေးကထက်ပိုပိုလာကြသောအခါ ထိုနွယ်ချိုတို့လည်းတဖြည်းဖြည်း ကွယ်ပျောက်လေတော့ သည်။
ဤသို့ ပဒါလတာခေါ် နွယ်ချိုတို့ စတင်စားသုံးခဲ့ကြရာမှ နွယ်ချိုပျောက်သည့် အချိန် အထိ ကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့်လှသည့် အဓွန့်ကာလ ကြီး တစ်ခုပင်တည်း။
သလေးဆန်ပေါ်
ဤသို့ နွယ်ချိုကွယ်ပျောက်သေအခါ ဖွဲကြမ်းဖွဲနုမပါ ထင်းမီးဖြင့် မချက်ရဘဲ အဆင်သင့် စားသုံးလို့ရသည့်ဖြူစင်မွှေးကြိုင်လှသော သလေးဆန်များကိုသီးသော သလေးဆန်ပင်များ ပေါ်လာလေသည်။ ကမ္ဘာဦးလူတို့သည် ထိုသလေးဆန်တို့ကိုသာ ညစာ အဖြစ် ညအခါမှ ယူငင်၍ လည်းကောင်း၊ နံနက်စာအဖြစ် နံနက်အခါမှ ယူငင်၍လည်းကောင်း စားသုံးကြရတော့သည်။ ညအခါ ရိတ်ယူအပ်သော သလေးပင်တို့သည် သီးပြီး မှည်းပြီး၊ နံနက်အခါ၌ ရိတ်သိမ်းယူအပ်သော သလေးပင်တို့သည်လည်း ညအခါ၌ သီးပြီးမှည့်ပြီး ရိတ်သိမ်းစားသုံးရန် အဆင်သင့်ဖြစ်လျက်ရှိ၏။ ရိတ်သိမ်းထားသည့် ရိုးပြတ်ဟူ၍ မရှိပေ။
မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
(ကထိကရဟန်း)
ဗုဒ္ဓ၏ လူ့သမိုင်း(၂)
ဤသို့ သလေးဆန်ကို စားသုံးလာကြရသောအခါ ရုပ်အဆင်းတို့လည်း ရှေးရှေး ကထက် ပိုကြမ်းလာသည်၊ အဆင်းပုံဟန်လည်း ရှေးရှေးကထက် ပိုမိုကွဲပြားခြားနားလာ ကြသည်၊ ထို့ပြင် ကျင်ကြီး ကျင်ငယ်တို့လည်း ဖြစ်ပေါ်လာကြခါ ထိုကျင်ကြီး ကျင်ငယ်တို့ကို စွန့်ရန် အပေါက် များနှင့် ရှေးရှေး လူဖြစ်စဉ်အခါက မိန်းမဖြစ်ခဲ့ကြရသူတို့သန္တာန်၌ မိန်းမ အင်္ဂါရပ်များ ထင်ရှားပေါ်လာ၍ ယောက်ျားဖြစ်ခဲ့ကြရသူ တို့သန္တာန် ၌ ယောက်ျားအင်္ဂါရပ်များ ထင်ရှားပေါ်လာကြတော့သည်။
ဤသို့
ယောက်ျားမိန်းမ ထင်ရှား ကွဲပြားလာကြသောအခါ တစ်ဦးကိုတစ်ဦး တစိမ့်
စိမ့်ကြည့်မိလာကြ၏၊ ထိုသို့ ကြည့်မိဖန်များသောအခါ အချင်း ချင်းတပ်မက်မှုများ
ဖြစ်ပေါ်လာကြတော့သည်။ ထို့ကြောင့် မေထုန်မှီဝဲမှုလည်း မလွဲမရှောင်သာ
ဖြစ်လာကြရတော့သည်။
ထို
မေထုန်မှီဝဲသူတို့ကို မြင်ကြရသူတို့သည် “သတ္တဝါတစ်ယောက်က သတ္တဝါ တစ်ယောက်ကို
အဘယ်ကြောင့် ဤသို့ပြုရသနည်း”ဟု ဆို၍ မြေမှုန့်တို့ဖြင့် ပက်သူတို့က ပက်၊
ပြာဖြင့် ပက်သူတို့က ပက်ကြကုန်၏။ နွားချေးခြောက်တို့ဖြင့်
ပေါက်သူတို့ကပေါက်ကြ ကုန်၏။
နေအိမ်အဆောက်အအုံပေါ်
ယခုအခါ ယောင်္ကျား မိန်းမတို့ အိမ်ထောင်ဖက်ခြင်းကို တရားဝင်အသိအမှတ် ပြုကြ ရုံမက ဂုဏ်ရှိသည်ဟူ၍ပင် ထင်နေကြသော်လည်း ထိုစဉ်အခါက တရားဝင်အသိအမှတ် မပြုကြ“အဓမ္မအမှု”ဟုသာ သတ်မှတ်ကြကုန်၏။ ထို့ကြောင့် တစ်လ နှစ်လတိုင်တိုင် ရွာထဲ လူထဲဝင်ခွင့် မပေးကြ၊ ရွာအပြင် တောအတွင်း လူသူကင်းရာတို့၌သာ ပုန်းခိုနေထိုင်ကြရ ကုန်၏။
ဤသို့ဖြင့် တစ်စတစ်စ မေထုန်ကိစ္စ နယ်ကျယ်၍ အမြဲပေါင်းသင်းမှု ပြုလာ ကြသောအခါ ထိုကိစ္စကို ဖုံးကွယ်ရန်အတွက် အိမ်အဆောက်အအုံတို့ကို ဆောက်လုပ် နေထိုင်ကြကုန်၏။ ထိုအချိန်မှစ၍ အိုးအိမ်အဆောက်အုံများ ပေါ်လာ ကြရတော့သည်။
ဤသို့ သလေးဆန်ကို စတင်စားသုံးကြရာအခါမှစ အိုးအိမ်တည်ထောင်သည့် ကာလအထိ နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့်လှသည့်အဓွန့် ကာလ ကြီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဘုံခေတ်မှ ပုဂ္ဂလိကခေတ်သို့
ထိုအခါ ပျင်းရိသော သဘောရှိသောသူတစ်ယောက်သည် “ ငါသည် သလေးဆန် ကို ညဥ့်အခါ ညစာ၊ နံနက်အခါ နံနက်စာအတွက်ယူလျက် အဘယ်ကြောင့် ပင်ပန်းခံနေ မည်နည်း၊ တစ်ကြိမ်တည်းဖြင့်သာ ညဥ့်စာ နံနက်စာအလို့ငှါ ဆောင်ယူရမူ ကောင်းလိမ့် မည်ဟု” အကြံပေါ်ပြီး သလေးဆန်ကို တစ်ကြိမ်တည်းဖြင့်သာ ညဥ့်စာ နံနက် စာအတွက် ဆောင်ယူလေတော့သည်။
ထိုအခါ
အခြားတစ်ယောက်က “သလေးဆန်ယူရန် သွားကြစို့”ဟု ခေါ်လျှင် တစ်ကြိမ်တည်းဖြင့်
သလေးဆန်ကို ညဥ့်စာ နံနက်စာအတွက် ယူခဲ့ ပြီးကြောင်း ပြောဆိုလေသည်။ ထိုအခါ
ထိုသူ့ကို အတုလိုက်၍ တစ်ကြိမ်တည်းဖြင့် နှစ် ရက်စာယူကြ၏။
ထိုနှစ်ရက်စာယူသူတို့ကို အတုလိုက်၍ တစ်ကြိမ်တည်းဖြင့် (၄)ရက်စာ ယူကြ၏။
ဤသို့ တဖြည်းဖြည်းသလေးဆန်တို့ကို သိုမှီး၍စားသုံးရန် အားထုတ်လာကြ သောအခါ
သလေးဆန်၌ ဖွဲနုဖုံးလာ၏။ ထို့နောက် ဖွဲကြမ်းဖုံးလာ၏။
စောစောက ရိတ်သိမ်းရာအရပ်မှ ပြနလည်သီးမြဲဖြစ်၍ ရိုးပြန်မရှိခဲ့ဖူးသော်လည်း
ထိုအခါ ပြန်လည် သီးနိုင်ခြင်းမရှိတော့ဘဲ ရိုးပြတ်အဖြစ်ဖြင့်သာ
တည်ရှိလာကြရတော့၏။ သလေးပင်တို့သည် စိုက်ပျိုး အပ်ရာ အရပ်တို့၌သာ အစုလိုက်
ပေါက်ရောက်ဖြစ်ထွန်းလျက်ရှိကြကုန်၏။ ထိုအချိန်မှစ၍ သလေးဆန်ပင်တို့ကို
ဘုံဆိုင်ထားခဲ့ကြရာမှ ပိုင်းခြား ခွဲဝေကြရ ကုန်၏။
စိုက်ပျိုးစားသောက်ကြရကုန်၏။
ခိုးမှုပေါ်လာခြင်း
ကမ္ဘာတည်စ အသက်အသင်္ချေယျတမ်းမှစ၍ သတ္တဝါတို့၏ သန္တာန်၌ လောဘ၊ မာန စသော အယုတ်တရားတို့ တဖြည်းဖြည်းချင်း မသိမသာ တိုးပွား တိုးပွားလာကြသဖြင့် အဟာရဘက်ကလည်း တဖြည်းဖြည်း ဆုတ်လာကာ စိုက်ပျိုးရသောခေတ်သို့ ရောက်လာပြီး ဘုံခေတ်မှ ပုဂ္ဂလိကခေတ် သို့ ရောက်လာပြီ။ ထိုသို့ အဟာရဘက်က ဆုတ်လာသည်နှင့်အမျှ သက်တမ်းလည်း တဖြည်းဖြည်းဆုတ်ယုတ်လာရာ အသက် တစ်သိန်းတမ်း သို့ ရောက်ခဲ့လေပြီ။
ထိုအချိန်တွင် တစ်ယောက်သောသူသည် မိမိ သလေးခင်းတို့ကို စောင့်ရှောက်၍ သူတစ်ပါးတို့၏ သလေးခင်းတို့မှ သလေးစပါးတို့ကို မပေးဘဲယူ၍ စားသုံးလေသည်။ ထိုအခါ သူ့ကိုဝိုင်းဖမ်း၍ “သင်သည် ယုတ်ညံ့သောအမှုကိုပြု၏၊ နောက်တစ်ဖန် ဤအမှု မျိုးကိုမပြုလင့်”ဟု ပြောဆိုကြကုန်၏။ ထိုသူသည် “ကောင်းပါပြီအရှင်တို့” ဟု ဝန်ခံပြီး (၃)ကြိမ်တိုင်အောင် ခိုးယူစားသုံးလေသည်။ ထို့ကြောင့် ထိုသူ့ကို ဖမ်းဆီးကြကာ “သင် သည် ယုတ်မာသောအမှုကိုပြု၏၊ မိမိအဖို့ကိုစောင့်ရှောက်၍ သူတစ်ပါးတို့၏အဖို့ကို မပေးဘဲယူ၏၊
နောက်တစ်ဖန် ဤမှုမျိုးကိုမပြုလင့်”ဟု ဆိုကုန်လျက် အချို့က လက်ဖြင့်
ပုတ်ခတ်ကုန်၏၊ အချို့ကခဲဖြင့်ပေါက်ကြကုန်၏၊ အချို့က တုတ်ဖြင့်ရိုက်ကြကုန်၏၊
ထိုအခါ မှစ၍ အဒိန္နာဒါန ဒုစရိုက်မှုကြီး လောက၌ ပေါ်လာလေပြီ။ သူတစ်ပါးတို့ကို
ကဲ့ရဲ့ပြစ်တင်မှု၊ “ကောင်းပါပြီအရှင်တို့ ဟု ဝန်ခံပြီး ဝန်ခံတိုင်းမတည်မှု
မုသာဝါဒပေါ်လေပြီ၊ လက်နက်ကိုင်မှု ပေါ်လေပြီ။
(မုသာဝါဒဆိုသော်လည်း နောင်မခိုးရန် မောင်းမဲပြောဆိုကြသောအခါ “ကောင်းပါ ပြီ အရှင်တို့”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည်မှုသာ ဖြစ်၏။ ဒုစရိုက်အဆင့်ရောက်သော သမ္ပဇာနမုသာဝါဒကား မပေါ်သေးပါ)
• သိန်းတမ်းရောက်သော်၊ ခိုးမှုခေါ်၊ ဖြစ်ပေါ်ဒုစရိုက်။
ဗုဒ္ဓ၏ လူ့သမိုင်း-(၃)
အစိုးရပေါ်လာခြင်းအယုတ်တရား၊ ဒုစရိုက်တရားတို့သည် တစ်ခါဖြစ်ပေါ်ပြီးနောက် အပြီးသတ်ပျောက်ကွယ် သွားသည်ဟူ၍မရှိ၊ တဖြည်းဖြည်း တိုးပွားလာမြဲ အဖြစ်များလာမြဲ ဓမ္မတာအတိုင်း ခိုးမှုဒုစရိုက်တရားကို တားမြစ်နှိမ်နင်းရန်အတွက် စည်းဝေးတိုင်ပင်ကြရ၏။ လောက၌ အယုတ်တရားတွေ ထင်ရှားဖြစ်ပေါ်လာကုန်ပြီ။ မပေးဘဲခိုးယူမှုထင်ရှားပေါ်လာပြီ။ သူတစ်ပါးတို့ကို ကဲ့ရဲ့ပြစ်တင်မှုပေါ်လာပြီး “ကောင်းပါပြီ”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည်မှု ပေါ်လာပြီး တုတ်ကိုင်လာကြပြီ။ ထို့ကြောင့်.
(၁) ရှုတ်ချထိုက်သူကို တရားသဖြင့်ရှုတ်ချ၊ ကဲ့ရဲ့ထိုက်သူကို တရားသဖြင့် ကဲ့ရဲ့၊ နှင် ထုတ်ထိုက်သူကို တရားသဖြင့် နှင်ထုတ်သော အကြီးအကဲ တစ်ယောက် တင်မြောက်ကြ မည်။
(၂) ထိုအကြီးအကဲအား သလေးဆန် အဖို့အစုကို ပေးကြမည်ဟု ဆုံးဖြတ်ကြသည်။
ထိုနောက် ဘုရားအလောင်းတော်ကို အကြီးအကဲအဖြစ် တင်မြောက်ကြသည်။ ထိုအကြီး အကဲပုဂ္ဂိလ်သည် လူထုက သမုတ်တင်မြှောက် အပ်သူဖြစ်၍ “မဟာသမ္မတ”မည်၏။ လယ် ယာမြေတို့၏ အရှင်ဖြစ်၍ “ခတ္တိယ”လည်းမည်၏။ လူထုကို နှစ်သက်စေသူဖြစ်၍ “ရာဇာ” လည်းမည်၏။
ဤကားလောက၌ အုပ်ချုပ်သူအစိုးရ ပေါ်လာခြင်းတည်း။
ပုဏ္ဏားအစု
ထိုသို့ မဟာသမ္မတအစိုးရ ပေါ်လာပြီးနောက် ရှုတ်ချထိုက်သူတို့ကို တရားသဖြင့် ရှုတ်ချ၊ ကဲ့ရဲ့ထိုက်သူကို တရားသဖြင့် ကဲ့ရဲ့၊ နှင်ထုတ် ထိုက်သူတို့ကို တရားသဖြင့် နှင်ထုတ်ကာ အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်လာသောအခါ အချို့သူတို့က “လောက၌ အယုတ်တရား တို့ထင်ရှားဖြစ်ပေါ် ကုန်ပြီ၊ မပေးဘဲ ခိုးယူမှု ထင်ရှားဖြစ်ပေါ်လာပြီ၊ သူတစ်ပါးတို့ကို ကဲ့ရဲ့ ပြစ်တင်မှု ထင်ရှားပေါ်လာပြီ “ကောင်းပါပြီ”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည် မှုပေါ်လာပြီ။ တုတ်ကိုင်မှုပေါ်လာပြီ၊ ယခုလည်း နှစ်ထုတ်မှု ထင်ရှားဖြစ်ပေါ် လာချေပြီ။ ထို့ကြောင့် ငါတို့သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို မျှောကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ကြကုန်၏။
ထိုသူတို့သည် ထိုအယုတ်တရား အကုသိုလ်တရားတို့ကို ပယ်မျှော် ရှောင်ကြဉ်ကြ ကုန်၏။ တောအရပ်၌နေကာ ဈာန်ဝင်စား လျက် ပျှော်မွေ့ကြကုန်၏။ ထိုသူတို့ကို “ဗြဟ္မဏ” ဟု ခေါ်ကြကုန်၏။
ကုန်သည်နှင့် ဆင်းရဲသား
အချို့သူတို့သည် အိမ်ထောင်ပြုကုန်၍ ကုန်သွယ်နွားမွေး လယ်လုပ်ခြင်းအမှုတို့ဖြင့် အသက်မွေးကုန်၏။ ထိုသူတို့ကို “ဝေဿကုန် သည်”ဟုခေါ်ကြကုန်၏။ ထိုမင်းပုဏ္ဏား ကုန်သည်တို့မှ ကြွင်းကျန်သော လူအများစုကြီးသည် အလုပ်ကြမ်းတို့ဖြင့် အသက်မွေးကြ ကုန်၏ ။ သေးနုပ်သော အလုပ်တို့ဖြင့် အသက်မွေးကြကုန်၏။ ထိုသူတို့ကို “သုဒ္ဒ=ဆင်းရဲ သား”ဟု ခေါ်ကြကုန်၏။
ဤသို့လျှင် လောက၌ မင်း၊ ပုဏ္ဏား၊ ကုန်သည် ဆင်းရဲသားဟုသော အမျိုးလေးပါး ထင်ရှား ကွဲပြားလာတော့၏။
သတ်မှုပေါ်
အုပ်ချုပ်သူ အစိုးရပေါ်ပြီး အဒိန္နာဒါန ဒုစရိုက်အမှုကို တားမြစ်နှိမ်နင်းရင်းပင် အဒိန္နာ ဒါန ဒုစရိုက်အမှုများ တိုး၍တိုး၍လာရာ သက်တမ်းလည်း ဆုတ်၍ ဆုတ်၍လာလေတော့ ၏။ ဤသို့ဖြင့် သတ္တမ စကြာမင်း၏သားတော်မင်းတရားလက်ထက်သို့ ရောက်လာ၏။
သက်တမ်းအားဖြင့်လည်း ရှစ်သောင်းတမ်းသို့ ရောက်လာ၏။ ထိုအချိန်တွင် မင်းထံမှ အရင်းအနှီးမရသဖြင့် လူထုကြီးသည် ဆင်းရဲမှုပို လာလေသည်။ တစ်နေ့သော အခါ အသက်မွေးမှု မလုံလောက်၍ ခိုးရပါကြောင်း ဝန်ခံလေသည်။ ထိုအခါ မင်းတရားက အရင်းအနှီးဥစ္စာကိုပေးပြီး “ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ အမိအဖတို့ကို လည်းလုပ်ကျွေးလော့၊ သားမယားတို့ကို လုပ်ကျွေးလော့၊ အလုပ်အကိုင်ကိုလည်း လုပ်ကိုင်လော့၊ ရဟန်း၊ ပုဏ္ဏားတို့ကိုလည်း ပေးလှူလော့”ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုခိုးသူလည်း “ကောင်းပါပြီ မင်းတရား”ဟု ဝန်ခံ၍ ဥစ္စာကိုယူပြီး ပြန်လေ၏။
ဤသို့ ခိုးသူတို့ကို ဖမ်းမိတိုင်း ဥစ္စာပေး၍ မြန်လွှတ်ဖန်များသောအခါ “သူတစ်ပါး ပစ္စည်း ခိုးယူလို့ ဖမ်းမိလျှင် မင်းတရားက ဥစ္စာပေး ၍ ပြန်လွှတ်သတဲ့”ဟု သတင်းပျံ့လေ၏။ ထိုသတင်းကြားသော အချို့သောသူတို့သည် “ငါတို့လည်း ခိုးရမူ ကောင်း၏”ဟု အကြံဖြစ် ၍ ခိုးကြလေ၏။ ထိုသို့ခိုး၍ မိတိုင်းသောသူတို့အား မင်းသည်ဥစ္စာကိုပေး၍ ဆုံးမကာ ပြန်လွှတ်လေ၏။
ဤသို့ဥစ္စာပေးကာ ဆုံးမ၍ ပြန်လွှတ်ပါလျက် ခိုးမှုတိုးပွားလာသောအခါ ဤသို့သာ ခိုးသူတိုင်းအား ဥစ္စာပေး၍ ပြန်လွှတ်နေပါလျှင် ဤခိုးမှုသည် တိုးပွားနေမည်သာ ဖြစ်သည်။ ထို့ကြောင့် ခိုးသူကိုနှိပ်ကွက်မှဖြစ်မည်၊ အမြစ်ပြတ်အောင် ပြုမှဖြစ်မည်၊ ခေါင်းဖြတ် သတ် မိန့်ချမှ ဖြစ်မည်”ဟု မင်းအား အကြံဖြစ်၏။
ထို့နောက် ခိုးမှုဖြင့် မိလာသူတို့ကို စစ်ဆေးသောအခါ အသက်မွေးမှု မလုံလောက်၍ ခိုးမိပါကြောင်း ဝန်ခံလေ၏။ ထိုအခါ “ အချင်းတို့၊ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်တုတ်လျက် ခေါင်းတုံးရိပ်ပြီးလျှင် အသံပြင်းသော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ မြို့ပြင်ထုတ်၍ ခေါင်းဖြတ် လော့”ဟု အမိန့်ပေးလေတော့သည်။ ထိုအချိန်မှစ၍ ဤကမ္ဘာလောက၌ ပါဏာတိပါတ ဒုစရိုက်ပေါ်လာ၏။ ဓားလက်နက် ပေါ်လာ၏၊ ဤသို့ ခိုးမှုအပြစ်ပြတ်စေရန် သတ်မိန့်ချကာ နှိပ်ကွပ်သော်လည်း ခိုးမှုအမြစ်ပြတ်စေ ရန် သတ်မိန့်ချကာ နှိပ်ကွပ်သော်လည်း ခိုးမှုအမြစ် မပြတ်သည့်အပြင် ဤသို့ဖြစ်လာ၏။
ဤသတင်းကိုကြားသူအချို့တိုပသည် “ငါတို့လည်း ထက်သောလက်နက်(ဓား)ကို ပြုလုပ်စေပြီး လက်နက်(ဓား)ကို ပြ၍ လုယူကုန်အံ့။ မပေးသူတို့ကို သတ်ကုန်အံ့”ဟု အကြံပေါ်ကာ လုယူမှု ပြုကြကုန်၏။ ရွာကိုဝင်၍ လုယက်ကြကုန်၏။ နိဂုံးကိုဝင်၍ လုယက် ကြကုန်၏။ မြို့ကိုဝင်၍ လုယက်ကြကုန်၏။ လမ်း၌ လုယက်ကြကုန်၏။ မပေးသူတို့ကို သတ်ကုန်၏။ ဤအခါမှစ၍ ဓားပြမှုပေါ်လာတော့သည်။
ဗုဒ္ဓက ဤသို့သုံးသပ်ပြ၏။
“ရဟန်းတို့၊ ဆင်းရဲသားတို့အား (အစိုးရက) ပစ္စည်းဥစ္စာကို ထုတ်မပေးနိုင်သော်( လူထုစီးပွားရေး မပြေလည်သော်) လူထုအတွင်း၌ ဆင်းရဲမှု ပိုများလာ၏။ လုထုဆင်းရဲမှု ပွားများလာသော် ခိုးမှု ပွားများလာ၏။ ခိုးမှု ပွားများလာသော် လက်နက် ပွားများလာ၏။ လက်နက် ပွားများလာသော် အသတ်သတ်မှု ပွားများလာ၏။ အသက်သတ်မှု ပွားများလာ သော် သတ္တဝါတို့၏ အသက်လည်း ဆုန်ယုတ်လာ၏။ အဆင်းလည်း ဆုတ်ယုတ် လာ၏။ အသက်ရှစ်သောင်းတမ်း အသက်ရှည်သူတို့၏ သားသမီးတို့သည် တဖြည်းဖြည်း အသက်လေးသောင်းသာရှည်ကြကုန်၏။
*ရှစ်သောင်းကာလ၊ သတ်မှုစ၊ မှတ်ကြ ဒုစရိုက်။
မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပေးပါမည်။
(ကထိကရဟန်း)
“ဗုဒ္ဓ၏ လူသမိုင်း” အပိုင်း(၄)
ကုန်းချောမှုပေါ်
ဤသို့ ဒုစရိုက်အမှုတွေ လောက၌ ဖြစ်ပေါ် လာသည်နှင့်အမျှ
အဆင်းအားဖြင့် လည်းကောင်း၊ သက်တမ်းအားဖြင့် လည်းကောင်း ဆုတ်ယုတ်လာရာ
အနှစ်နှစ်သောင်းတမ်း ကာလသို့ ရောက်လာလေ၏။ ထိုအခါ တစ်ယောက်သောသူသည်
ခိုးမှုကို လွန်ကျူးလေ၏။ ထိုသူကို အခြား တစ်ယောက်က မင်းထံသွား၍
“အရှင်မင်းကြီး.. ဤမည်သောသူသည် သူတစ်ပါးတို့၏ ပစ္စည်းကို ခိုးယူပါသည်”ဟု
ကုန်းချောလေ၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ပိသုဏဝါစာခေါ် ဝစီဒုစရိုက်မှုကြီး
ပေါ်လာတော့သည်။*ပိသုဏဝါစာ၊ နှစ်သောင်းခါ၊ စ, လာ ဒုစရိုက်။
ကာမေသုမိစ္ဆာစာရပေါ်
ဤသို့ဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ
အသက်တမ်းတစ်သောင်းတမ်းသို့ ရောက်လာတော့၏။ ထိုအခါ၌ကား သူတစ်ပါးပစ္စည်းကို
ခိုးယူမှု၊ သူတစ်ပါးအသက်ကို သတ်ဖြတ်မှု၊ တိုက်ခိုက်လုယက်မှု၊ လိမ်ညာမှု၊
ကုန်းချောမှု ဟူသော ဒုစရိုက်တရားတို့ကြောင့် အာဟာရဓာတ်ချို့တဲ့မှုတို့
ပိုမိုဖြစ်ပေါ်လာကာ ရုပ်ဆင်းသဏ္ဌာန်များ သိသိသာသာ ကွဲပြားခြားနားလာ၏။
အချို့သောသူတို့မှာ လှပတင့်တယ် ရှုချင်ဖွယ်ရှိကုန်၏။ အချို့သောသူတို့မှာ
အရုပ်ဆိုးအကျည်းတန်ကုန်၏။ ထိုအခါ အဆင်းမလှသူတို့က အဆင်းလှသူတို့ကို
တပ်မက်လာကြ၏။ ထို့ကြောင့် သူတစ်ပါးတို့၏ သားမယားတို့ကို
ကျူးလွန်ကျင့်ကြံကြကုန်၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ကာမေသုမိစ္ဆာစာရခေါ်သော
ယုတ်မာလှသည့် ကာယကံဒုစရိုက်ကြီး ထွန်းကားလာတော့၏။*ကာမေမိစ္ဆာ၊ တစ်သောင်းခါ၊ ဖြစ်လာဒုစရိုက်။
ဖရုသဝါစာ, သမ္ဖပ္ပလာပ
ဤသို့ တဖြည်းဖြည်း ဆုတ်ယုတ်လာရာ သက်တမ်းငါးထောင်တမ်းသို့
ရောက်လာတော့၏။ ထိုအချိန်တွင် လောက၌ ဒုစရိုက်တရားနှစ်ပါး သိသိသာသာ
ပြန့်ပွားနေပြီကို တွေ့ရ၏။ ယင်းတို့ကား မကြားကောင်း မနာသာ ယုတ်ယုတ်မာမာ
ဆဲဆိုမှု ဖရုသဝါစာနှင့် အဖျင်းအရွှတ်ပြောဆိုမှု သမ္ဖပ္ပလာပတို့တည်း။*ဖရုသာ,သမ္ဖပ်၊ ငါးထောင်ကပ်၊ ပေါ်လတ်ဒုစရိုက်။
အဘိဇ္ဈာ, ဗျာပါဒ
လောက၌ ထိုဖရုသဝါစာနှင့် သမ္ဖပ္ပလာပ ဟူသော တရားနှစ်ပါး
ပြန့်ပွားလာမှုကြောင့် လူတို့၏ သက်တမ်းသည်လည်း ဆုတ်ယုတ်၊ ရုပ်အဆင်း လည်း
ဆုတ်ယုတ်လာကုန်တော့၏။ ထို့ကြောင့် အချို့မှာ သက်တမ်းနှစ်ထောင့်ငါးရာ၊
အချို့မှာ သက်တမ်းနှစ်ထောင်သို့ ရောက်လာ၏။ ထို့ကြောင့် အချို့မှာ
အသက်နှစ်ထောင့်ငါးရာရှည်၍ အချို့ နှစ်ထောင်ရှည်သောကာကသို့ ရောက်သောအခါ
လောက၌ စိတ်ထားယုတ်ညံ့ မှုနှစ်ပျိုး ဖြစ်ပေါ်ပြန့်ပွားလျက် ရှိလေပြီ။
ယင်းတို့မှာ သူတစ်ပါးစည်းစိမ်ကို မတရားရယူလိုမှု အဘိဇ္ဈာနှင့် သူတစ်ပါး
ပျက်စီးသေကြေဖို့ရန် ကြံစည်မှု ဗျာပါဒတို့တည်း။*နှစ်ထောင့်ငါးရာ၊ သက်တမ်းခါတွင်၊ ဗျာပါ,ဘိဇ္ဈာ၊ ဖြစ်ပေါ်လာ၊ နှစ်ဖြာဒုစရိုက်။
မိစ္ဆာဒိဋ္ဌိ
ဤသို့ဖြင့် သက်တမ်း တဖြည်းဖြည်း ဆုတ်ယုတ်လာရာ တစ်ထောင်တမ်းသို့
ရောက်လာ၏။ ထိုအခါတွင် လှူတာအကျိုးမရှိ၊ ကောင်းမှုပြုလည်း ကောင်းကျိုးမရ၊
မကောင်းပြုမှုလည်း ဆိုးကျိုးမရ၊ နောက်ဘဝမရှိ၊ အမိနှင့်စပ်၍
ကောင်းကျိုးဆိုးပြစ်မရှိ၊ မဖနှင့်စပ်၍ ကောင်းကျိုးဆိုးပြစ်မရှိ စသည်ယူသည့်
အမြင်မှားမှုကြီးတစ်ရပ် ပြန့်ပွားလျက်ရှိနေပြီး ထိုအခါမှစ၍ ဤကမ္ဘာလောက၌
မိစ္ဆာဒိဋ္ဌိဟူသော မနောဒုစရိုက်ကြီး ပေါ်လာတော့၏။*တစ်ထောင်တမ်းမှာ၊ မိစ္ဆာဒိဋ္ဌိ၊ အမည်ရှိ၊ ပေါ်ဘိဒုစရိုက်။
အဓမ္မရာဂါ, ဝိသမလောဘ, မိစ္ဆာဓမ္မ
ဤသို့ လောက၌ မိစ္ဆာဒိဋ္ဌိဟူသော အမြင်လွဲမှားမှုကြီး ပေါ်ထွန်းပြန့်ပွားလာမှုကြောင့် လူတို့သက်တမ်းနှင့် အဆင်းတို့ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာရာ အနှစ်ငါးရာတမ်းသို့ ရောက်လာကြတော့၏။ ထိုအခါ လူ့လောက၌ မကောင်းသောတရား(၃)မျိုးတို့ ဖြစ်ပေါ်လာကြကုန်၏။
ယင်းတို့ကား-
(၁) အဓမ္မရာဂ = အမိ, အဒေါ်, အရီး, ကြီးတော် စသူတို့ပေါ်၌ တပ်မက်စွဲလမ်းမှု။
(၂) ဝိသမလောဘ = မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူး လိုက်စားမှု။
(၃) မိစ္ဆာဓမ္မ = ယောက်ျားချင်း၊ မိန်းမချင်း၊ လိင်တူ ဆက်ဆံမှုတို့တည်း။
*ငါးရာတမ်းမှာ၊ ဖြစ်ပေါ်လာ၊ သုံးဖြာ အယုတ်တရား။
မိစ္ဆာဓမ္မ၊ ဝိသမ၊ အဓမ္မရာဂများ။
ရိုသေမှုကင်း
ဤသို့ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မဟူသော လွန်စွာယုတ်ညံ့သော
တရားများ လူ့လောက၌ ဖြစ်ပေါ်ပြန့်ပွားလာသောအခါ သက်တမ်းနှင့်
ရုပ်အဆင်းတို့လည်း ပို၍ပို၍ ဆုတ်ယုတ်လာတော့၏။ဤသို့ဖြင့် အချို့သူတို့ အနှစ် ၂၅၀-တမ်း အချို့ အနှစ် ၂၀၀-တမ်းသို့ ရောက်လျှင်--
(၁) အမိအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၂) အဖအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၃) သမဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၄) ဗြာဟ္မဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၅) အမျိုး၌ ကြီးသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်း ဟူသော အဂါရဝ သဘောတရားတို့ ဖြစ်ပေါ်ပြန့်ပွားလာတော့၏။
*သက်တမ်းနှစ်ရာ၊ ကာလမှာ၊ လူ့ရွာဖြစ်ပုံခင်း။
အမိအဖ၊ သမဏနှင့်၊ ဗြာဟ္မဏဟူ၊ ကြီးသူအပေါ်၊ ကျင့်ဝတ်ချော်၊ မလျောဂါရဝကင်း။
ဒုစရိုက်မျိုးစုံ
သက်တမ်း ၂၀၀-ကာလမှစ၍ လူ့လောကတွင် ကာယဒုစရိုက်သုံးပါး၊
ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ အပြည့်အစုံ ဖြစ်နေရုံမျှမက
အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတို့နှင့် အမိအဖ ရဟန်းပုဏ္ဏား စသူတို့အပေါ်၌
ထားအပ်သော ဂါရဝတရားတို့လည်း ပျက်သုဉ်းခဲ့လေပြီ။ သည်ထက်တိုး၍ဖြစ်စရာ
ဒုစရိုက်တရားတို့ မရှိကြပြီ။ ထိုဒုစရိုက်အယုတ်တရားတို့သာ ပို၍ပို၍ကြမ်းလာ
ပို၍ပို၍ရမ်းလာဖို့ ရှိတော့သည်။ ဤသို့ ဒုစရိုက် အယုတ်တရားတို့
အဖြစ်များလာသည်နှင့်အမျှ သူ့အသက်သတ်ခြင်း ရှောင်ကြဉ်မှု ပါဏာတိပါတဝိရတီ၊
သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော
ကာယသုစရိုက်သုံးပါး၊ လိမ်လည်လှည့်စားခြင်းမှ ရှောင်ကြဉ်မှု မုသာဝါဒဝိရတီ၊
အချက်ပျက်အောင်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု ဝိသုဏဝါစာဝိရတီ၊
ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝါရတီဟူသော
ဝစီသုစရိုက်လေးပါး။ သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုခြင်းမှ ရှောင်ကြဉ်မှု
အနဘိဇ္ဈာ၊ သူတစ်ပါးမပျက်စီးစေလိုမှု အဗျာပါဒ၊ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဟူသော
မနောသုစရိုက်သုံးပါး။ဤဆယ်ပါးသော သုစရိုက်အကျင့်တရားတို့ ဆုတ်ယုတ်လာကြရကုန်၏။ ထို့ကြောင့် လူတို့၏သက်တမ်းတို့လည်း တဖြည်းဖြည်း ပို၍ပို၍ ဆုတ်ယုတ်လာကာ ၁၀-နှစ်တမ်းသို့ ရောက်လာပေလိမ့်မည်။
ဆယ်နှစ်တမ်း
ထိုဆယ်နှစ်တမ်းကာလာတွင် ၅-နှစ်အရွယ် သူငယ်မသည်
အိမ်ထောင်ပြုနိုင်သောအဆင့်သို့ ရောက်နေပေလိမ့်မည်။ “ထောပတ်၊ ဆီဦး၊ ဆီ၊
ပျား၊ တင်းလဲ၊ ဆား” ဟူသော ကောင်းမြတ်သော အရသာတို့ ကွယ်ပျောက်ပေလိမ့်မည်။
စားသောက်ဖွယ်အာဟာရတို့တွင် လူးထမင်းသည် အကောင်းဆုံးအာဟာရအဖြစ်
တည်ရှိပေလိမ့်မည်။ ကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့ လုံးဝဖြစ်ခွင့်မရကြဘဲ
အကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့သာ လွန်စွာပြန့်ပွားနေကုန်လိမ့်မည်။
“ကောင်းမှု” ဟူသော အမည်ကိုပင် ကြားရတော့မည်မဟုတ်ပေ။ ယခုအခါ အမိ အဖ ရဟန်း
ပုဏ္ဏား လူကြီးသူမတို့အပေါ် ဝတ္တရားကျေပွန်၍ ဂါရဝရှိသူတို့သည် မြင်ကြရ
ကြားကြရသူတို့၏ ချီးမွမ်းပူဇော်မှုကို ခံယူကြရကုန်သကဲ့သို့ ထိုအခါ အမိ အဖ
ရဟန်း ပုဏ္ဏား လူကြီးသူမတို့အပေါ် မရိုမသေလုပ်သူ အနိုင်အထက်ပြုသူ
နှိပ်စက်ညှဉ်းဆဲသူတို့သာ ချီးမွမ်းခံ ဂုဏ်ပြုခံ ပူဇော်ခံကြရပေလိမ့်မည်။ထိုအခါ မိခင်ဟူ၍လည်းကောင်း၊ မိကြီးမိထွေး အရီးကြီး အရီးလေး ဟူ၍လည်းကောင်း အလေးထား ရှောင်ကြဉ်ကြတော့မည်မဟုတ်၊ ဆိတ် သိုး ကြက် ဝက် ခွေးတို့ကဲ့သို့ ပေါင်းဖက်ကြပေလိမ့်မည်။ ထိုသူတို့သည် အချင်းချင်း “သားကောင်” ဟု အထင်ရောက်ကြပေလိမ့်မည်။ သားကောင်ဟူသောအထင်ဖြင့် ပြင်းထန်ထက်မြက်သော လက်နက်များကို ကိုင်ဆောင်၍ အချင်းချင်း သတ်ဖြတ်ကြသဖြင့် ၇-ရက်ပတ်လုံး သတ္ထန္တရ ကပ်ကြီး ဆိုက်ပေလိမ့်မည်။ သို့သော သတိရှိသော အချို့သောသူတို့သည် ငါတို့ မည်သူ့ကိုမျှ မသတ်ကုန်အံ့၊ ငါတို့ကိုလည်း အသတ်မခံကုန်အံ့ဟု ရှောင်တိမ်းပုန်းအောင်းနေကြသဖြင့် သတ္ထန္တရကပ်မှ လွတ်မြောက်သူတို့သည်လည်း ရှိကြပေလိမ့်မည်။
ထိုဆုတ်ကပ်ကာလ၏ လူ့သမိုင်းဖြစ်စဉ်ကို မဟာဝိသုဒ္ဓါရုံ အဂ္ဂမဟာပဏ္ဍိတ စည်ရှင်ဆရာတော်ဘုရားက ဖော်ပြပါအတိုင်း စပ်ဆိုတော်မူ ထားပေသည်။
*ဝိဝဋ္ဋ္ဋာဌာ၊ ကပ်ဦးခါမှ၊ ဆုတ်လာတုံလတ်၊ အာယုကပ်တွင်၊ သိန်းကပ်ခိုးယူ၊ ရှစ်သောင်းမူကား၊ သတ်သူပေါ်ထ၊ လောင်းသောင်း ကျသော်၊ ပြောကြမုသာ၊ နှစ်သောင်းမှာကား၊ ဝါစာပိသုဏ၊ ကုန်းတိုက်ကြ၏။ ကာမမိစ္ဆာ၊ တစ်သောင်းခါတည်း၊ ဖရုသာ, သမ္ဖပ်၊ ငါးထောင်ကပ်၌ ပေါ်လတ်လူ့ဘောင်၊ မိုက်လုံးပြောင်၏။ နှစ်ထောင်ဗျာပါ၊ အဘိဇ္ဈာတည်း၊ မိစ္ဆာဒိဋ္ဌိ၊ တစ်ထောင်သိလော့၊ ရောက်ရှိငါးရာ၊ သက်တမ်းမှာကား၊ မိစ္ဆာဓမ္မ၊ ဝိသမနှင့်၊ အဓမ္မရာဂေါ၊ ဒလဟောတည်း၊ ရောက်သောနှစ်ရာ၊ သက်တမ်းခါ၌၊ မာတာဒိက၊ ဂါရဝကို၊ စွန့်ကြတုံလစ်၊ တမ်းဆယ်နှစ်၌၊ စွန့်ပစ်ဓမ္မ၊ ရှင်းရှင်းပသည်.. သုံးဝကပ်ကြီး ဆိုက်အံ့သော်။
(ဝိသုဒ္ဓါရုံ ပရမတ္ထသရူပဘေဒနီဆိုရိုး၊ နှာ-၁၀၀။)
တက်ကပ်
ထိုသတ္တန္တရကပ်ကြီးမှ လွတ်မြောက်ခဲ့ကြရသူတို့သည် “ငါတို့သည်
အကုသိုလ်တရားတို့ကို ဆောက်တည်ကျင့်ကြံမိကြသဖြင့် ဤသို့ သတ္ထန
္တရကပ်ကြီးဆိုက်ကာ များစွာသော အဆွေအမျိုးတို့ ဆုံးရှုံးကြရကုန်၏။
ကုသိုလ်ပြုကြမှ တော်ကြပေလိမ့်မည်” ဟု အကြံဖြစ်ကာ သူတစ်ပါးအသက်ကိုသတ်ခြင်းမှ
ရှောင်ကြဉ်သည့် ပါဏာတိပါတဝိရတီ သုစရိုက်ကို ကျင့်သုံးကြပေလိမ့်မည်။
ထိုကျင့်သုံးမှုကြောင့် အသက် အားဖြင့်လည်းကောင်း အဆင်းအားဖြင့်လည်းကောင်း
တိုးပွားလာကြပေလိမ့်မည်။ ဆယ်နှစ်တမ်းရှိ သူတို့၏ သားသမီးတို့သည်
အသက်၂၀-ရှည်ကြပေလိမ့်မည်။ထိုအခါ ပါဏာတိပါတမှ ရှောင်ကြဉ်ကြသဖြင့် ရရှိသည့် အဆင်းလှခြင်း၊ အသက်ရှည်ခြင်းကျေးဇူးကို တွေ့မြင်ကြရသူတို့သည် သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု အဒိန္နာဒါနဝိရတီ၊ သူ့သားမယား လွန်ကျူးပြစ်မှားခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါးကို ကျင့်သုံးကြပေလိမ့်မည်။ ထို့နောက် မုသားပြောခြင်းမှ ရှောင်ကြဉ်မှု မငသာဝါဒဝိရတီ၊ အချစ်ပျက်အောင် ကုန်းတိုက်ခြင်း မှ ရှောင်ကြဉ်မှု ပိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ခြင်းမှ ရှောင်ကြဉ်မှု ဖရုသဝါစာဝိရတီ၊ အဖျင်းပြောခြင်း မှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝိရတီဟူသော ဝစီသုစရိုက် ၄-ပါးကို ကျင့်သုံးကြပေလိမ့်မည်။ ထို့နောက် မိမိတို့၏စိတ်၌ ဖြစ်ပေါ်နေတတ်သည့် သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုမှု ရှေးရှုကြံသည့် အဘိဇ္ဈာတရား၊ သူတစ်ပါးပျက်စီးစေလိုသည့် ဗျာပါဒတရား၊ ပေးလှူခြင်းသည် အကျိုးမရှိ စသည် အယူမှားသည့် မိစ္ဆာဒိဋ္ဌိတို့ကို မိမိတို့၏စိတ်မှ ဖယ်ရှားကြပေလိမ့်မည်။
ထို့ပြင် အမိ၊ အဒေါ်၊ အရီး စသူတို့အပေါ်၌ တပ်မက်စွဲလမ်းမှု အဓမ္မရာဂ၊ မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူးလိုက်စားးမှု ဝိသမလောဘ၊ လိင်တူဆက်ဆံမှု မိစ္ဆာဓမ္မတို့ကို ရှောင်ကြဉ်ကြပေလိမ့်မည်။ ထို့ပြင် အမိ အဖ သမဏ ဗြာဟ္မဏတို့အပေါ်၌ ကောင်းမွန်ရိုသောစွာ ကျင့်သုံးမှုပြုကြပေလိမ့်မည်။
ဤသို့ ဒုစရိုက်တရားနှင့် အဂါရဝတရားတို့ကို တဖြည်းဖြည်း ပယ်ရှား၍ သုစရိုက်တရားနှင့် ဂါရဝတရားတို့ကို ကျင့်သုံးလာသည်နှင့်အမျှ ရုပ်ဆင်းအင်္ဂါတို့ ကြည်လင်တင့်တယ်မှု ပိုလာပြီး သက်တမ်းအားဖြင့်လည်း တိုးတက်လာကာ အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်လေးဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်လေးဆယ် အသက်ရှည်ကုန်သောသူတို့၏ သားသမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အသက်တစ်ရာ့ခြောက်ဆယ် ရှည်ကြပေလိမ့်မည်။
ဤသို့သောနည်းဖြင့် တစ်ဆတိုးသက်တမ်းတက်လာရာ အနှစ်ရှစ်သောင်းတမ်းသို့ရောက်လျှင် ဆာလောင်ခြင်း၊ ထမင်းဆီယစ်၍ ထိုင်းမှိုင်းခြင်း၊ အိုခြင်းတို့သာ အနာရောဂါအဖြစ် တည်ရှိကြပေလိမ့်မည်။ ထိုရှစ်သောင်းတမ်းကာလ၌ အမျိုးသမီးတို့သည် အသက်ငါးရာရောက်မှ အိမ်ထောင်ပြုနိုင်သူ၊ အရွယ်ရောက်သူများ ဖြစ်ကြပေလိမ့်မည်။ ဤသို့သောနည်းဖြင့် တရားကျင့်သုံးမှု ပိုမိုပြုလုပ်လာကြသည်နှင့်အမျှ ဆင်းရဲဒုက္ခတို့ ကင်းလာကာ ချမ်းသာသုခတို့လည်းတိုး၊ သက်တမ်းလည်း ပိုပိုလာကာ အသင်္ချေတမ်းသို့ ရောက်ကြပေလိမ့်မည်။
ဤကား တက်တပ်တည်း။
ဤဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ကပ်ဖြစ်၏။ ဤသို့ ဆုတ်လိုက်တက်လိုက်ဖြင့် အန္တရကပ် ၆၄-ကပ်စေ့လျှင် လူတို့နေရာ ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်တစ်ကပ်ပြည့်၍ တစ်ကမ္ဘာခေါ် မဟာကပ်တစ်ကပ် ပြည့်ပေတော့သည်။
ဘဒ္ဒဤကမ္ဘာ
ဤကမ္ဘာကား ဘုရားငါးဆူအထိ ပွင့်တော်မူသော အမြင့်မြတ်ဆုံး
ဘဒ္ဒကမ္ဘာမည်၏။ ဤကမ္ဘာ၌ အန္တရကပ် ၁၅-ကပ်လွန်၍ ၁၆-ကပ်မြောက် ဆုတ်ကပ်၏
၎-သောင်းတမ်းကာလ၌ ကကုသန္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ ထိုမှဆုတ်ကာ
၁၀-နှစ်တမ်းရောက်၊ ထိုမှတက်ကာ အသင်္ချေတမ်းရောက်လျှင် အန္တရကပ် ၁၆-ကပ်ပြည့်၏။
ထိုအသင်္ချေတမ်းမှ ဆုတ်လာသောအခါ ၁၇-ကပ်မြောက်ဆုတ်ကပ် သို့ ရောက်
လာပေတော့သည်။ ထို ၁၇-ကပ်မြောက်ဆုတ်ကပ်၏ အသက်၃-သောင်းတမ်းကာလ၌
ကောဏဂုမ်မြတ်စွာဘုရား ပွင့်တော်မူခဲ့၏။ ဤသို့သောနည်းဖြင့်
၁၈-ကပ်မြောက်ဆုတ်ကပ်၏ အသက် ၂-သောင်းတမ်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူ၍
၁၉-ကပ်မြောက်ဆုတ်ကပ်၏ အသက်တစ်ရာတမ်း၌ ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား
ပွင့်တော်မူခဲ့ပေသည်။ ထိုတစ်ရာတမ်းမှ ဆုတ်လာရာ ယခု ၇၅-နှစ်တမ်းခေါ် ကာလသို့
ကိုယ်တိုင်ရှောက်ရှိ တွေ့ကြုံနေကြရပေသည်။ဤသက်တမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ထိုမှပြန်တက် အသင်္ချေတမ်းရောက်လျှင် ၁၉ကပ်မြောက် အန္တရကပ်ပြည့်၏။ ထိုမှပြန်ဆုတ်လျှင် ၂၀-ကပ်မြောက် အန္တရကပ်၏ ဆုတ်ကပ်ဖြစ်။ ထိုဆုတ်ကပ်၏ အနှစ်၈-သောင်းတမ်းကာလတွင် သင်္ခစကြဝတေးမင်းကြီးပေါ်၍ အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူပေလိမ့်မည်။ ထိုမှဆုတ်ကာ ပြန်တက်လာ၍ အသင်္ချေတမ်းသို့ရောက်လျှင် ၂၀-ကပ်မြောက် အန္တရ ကပ်ပြည့်ပေတော့သည်။ ထိုမှနောက် အန္တရကပ် ၄၄-ကပ်ပြည့်မြောက်လျှင် ဤဘဒ္ဒကမ္ဘာ၏ ဝိဝဋ္ဋီဌာယီ အသင်္ချေယကပ်ပြည့်ကာ ဤကမ္ဘာအဆုံးသတ်ပြီး ဘုရား ပစ္စေကဗုဒ္ဓါ စကြဝတေးမင်းတို့ ပွင့်ပေါ်ဖြစ်ထွန်းခြင်းမရှိသည့် သုညကမ္ဘာကြီးများ ဆက်တိုက် ဖြစ်ပေါ် လာပေ လိမ့်မည်။
ဤကား ဗုဒ္ဓ၏ လူ့သမိုင်း ဖြစ်စဉ်တည်း။
တောင့်တချက်
ဤဗုဒ္ဓ၏ လူ့သမိုင်းဖြစ်စဉ်ကို လေ့လာကာ ယနေ့လူ့လောကသည်
ဆုတ်ယုတ်နေသလော တိုးတက်နေသလော၊ ဘာတွေတိုး၍ ဘာတွေ ဆုတ်ယုတ်နေသနည်း။
ယနေ့ကမ္ဘာ၌ နေ့စဉ်ဖြစ်ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို
အခြေခံပြီး ဖြစ်ပေါ်နေသနည်း။ အကောင်း အဆိုးနှစ်မျိုးတွင် အဘယ်သို့
ဦးလှည့်နေသနည်း၊ ဘာကြောင့် အစိုးရဆိုတာ ပေါ်လာရ ရှိနေရသနည်း။
လူထုနှင့်အစိုးရ မည်သို့ ဆယ်သွယ်နေသနည်း၊ အဘယ်ကြောင့် ရာသီဥတုဖောက်ပြန်မှု၊
အာဟာရဓာတ်ချို့တဲ့မှု ဖြစ်ရသနည်း။ အဘယ်ကြောင့် ဆုတ်ကပ် ကာလမှာသာ
ဘုရားရှင်များ ပွင့်တော်မူရသနည်း စသည်တို့ကို ဆင်ခြင်စဉ်းစားကာ လူ့လောကကို
အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ကြပါစေ။*ဖြစ်ကာပျက်ကာ၊ ဆုတ်တိုးလာ၊ လောကာနိယမ မှတ်။
တည်ငြိမ်မှုကင်း၊ လှုပ်ရှားခြင်း၊ တက်ဆင်းရှုတ်ယှက်ခတ်။
လောကဖြစ်စဉ်၊ ရှုဆင်ခြင်၍၊ အစဉ်အေးမြ၊ တည်ငြိမ်လှသည့်။
ဓမ္မတစ်မျိုး၊ ဉာဏ်ဝယ်တိုး၊ အဖိုးထိုက်ပြီမှတ်။
မှတ်ချက်။ ဗုဒ္ဓ၏လူ့သမိုင်းဆောင်းပါး ပြီးပါပြီ။
ကထိကရဟန်း
http://yatanavasatemple.ning.com/profiles/blogs/3860373:BlogPost:53254
No comments:
Post a Comment