Sunday, January 26, 2014

မာန် ( ၅ ) ပါး နှင့် မာန်နတ်



မောင်လေး ညီမလေး တို့ရေ ....
ဒီတစ်ခါတော့ မောင်လေးတစ်ယောက်အမေးရော ....
ဘာသာခြားတွေရဲ့အမေးတွေဖြစ်တဲ့ မာရ်နတ်အကြောင်းကို ... ဖြေပေးလိုက်ပါတယ်။
သူတို့မေးတာက ...
.
( ၁ ) အမနူးရေ ... မာန်နတ် ရဲ. အကြောင်း လေး တင်ပေးပါလား။ တရားတွေ ဟောရင်လည်း သူ. အကြောင်း နဲတယ်သေသေချာချာ လေး ဖတ်ကြည့်ချင်လို.သူ.ကျ ငရဲ ဘာလို.မကျသေးတာလဲ 
ကျွန်တော်တို. သိထားတာက သူက ဘုရား ကို စစ်တပ်တွေ နဲ. တိုက်ပြီး ခြိမ်းခြောက်တာ လို. သိထားတာ
.
( ၂ ) မာန်နတ်ဆိုတာ နတ်ပြည် ( ၆ ) ထပ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဝဿဝတ္တီ နတ်ပြည်က နတ်မင်းကြီးဆိုရင် သူဟာ ဘယ်ကုသိုလ်တွေကြောင့် အကောင်းဆုံးဘုံကိုရောက်ပြီး ... လောကမှာ အဆိုးဆုံး အလုပ်တွေကို လုပ်နေရတာလဲ ... 
.
( ၂ ) မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က နတ်အကြီးအမှူးဖြစ်တဲ့အတွက် တာဝတိ`ံသာက သိကြားမင်းထက် တန်ခိုးအရာမှာ သာလွန်လိမ့်မယ်လို့တော့ တွေးမိပါတယ်။
.
 မာရ်နတ်မင်း ဖျက်ဆီးတာတွေကို သိကြားနတ်အပါအဝင် လောကပါလ နတ်မင်းကြီးလေးပါး တို့တောင် မတားဆီး နိုင်ဘူးပေါ့ ဒါဆို ဒီလိုမကောင်းတာလုပ်တဲ့နတ်ဆိုးဟာ နတ်အားလုံးရဲ့အကြီးအမှူးဖြစ်နိုင်တယ်ဆိုရင် ဘုရားဟောတွေနဲ့ သွေဖည်မနေဘူးလား ...
.
.................................................................................................
.
မာရ်နတ်အကြောင်းမပြောခင် မာရ်ဆိုတဲ့ စကားရဲ့အဓိပါယ်လေးကိုပြောပြပါရစေ ... မာရ်ဆိုသည်မှာ ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း မကောင်းမှုကို လှုံ့ဆော်ခြင်း စတဲ့ သဘောရှိတဲ့ အရာများကို ဆိုလိုပါတယ်။
.
ကျမတို့ ဗုဒ္ဓသာသနာတော်အယူအရ ... မာရ် ( ၅ ) ပါးရှိပါတယ် .... 
.
မြတ်စွာဘုရားများအောင်မြင်တော်မူတဲ့ မာရ်(၅)ပါး ပါ ...။
.
★ ၁။ ဒေ၀ပုတ္တမာရ် ((ဒါကတော့ အားလုံးသိချင်တဲ့ သက်ရှိ မာန်နတ်ပေါ့ ))
★ ၂။ ကိလေသမာရ် ((ကိလေသာ ၁၀ - ပါး အပြား အပါး ၁၅၀၀ ကိုကိလေသာမာရ် လို့ခေါ်တာပါ))
★ ၃။ အဘိသင်္ခါရမာရ် ((ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ်ကံများ )))
★ ၄။ မစ္စုမာရ် သေခြင်းတရား။ 
★ ၅။ခန္ဓမာရ် ((ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို ခန္ဓမာရ်ဟု ခေါ်တာပါ )) 
.
မာရ် ( ၅ ) ပါးထဲက .... ကိလေသမရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာမာရ်၊ မစ္စုမာရ်၊ ဆိုတဲ့ မာရ် ( ၄ ) ပါးက လောဘဒေါသမောဟရဲ့ ကိုယ်ပွားတွေပါ ......
.
ဒေ၀ပုတ္တမာရ် တစ်ခုတည်းကသာ တစ်ခုတည်းသော သက်ရှိ မာရ် ဖြစ်ပါတယ် နတ်ဆိုးတစ်ပါးပါ ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်ပါတယ်။ 
ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာမှလွတ်မြောက်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံက နှောက်ယှက် တတ်ပါတယ် ... ဒါကိုမာရ်နတ် နှောင့်ယှက်တယ်လို့ ခေါ်ပါတယ်။
.မာရ် ( ၅ ) ပါးလုံးဟာ အဆုံးသတ်မှာ မတည်မြဲသော သေခြင်း၏ အကြောင်းတရားများသာ ဖြစ်ပတယ် ...။
.
★ ★ ၁။ ဒေ၀ပုတ္တမာရ် 
. 
ဒါကတော့ အားလုံးသိချင်တဲ့ သက်ရှိ မာရ်နတ်ပေါ့...
မာန်နတ်အကြောင်းပြောမယ်ဆိုရင် ဒေ၀ပုတ္တဆိုတဲ့ စကားရဲ့အဓိပါယ်ကို အရင် သိသင့်ပါတယ် 
ဒေ၀ = နတ် .... 
ပုတ္တ = သားရတနာ 
မာရ် = မကောင်းမှုကို နှိုးဆော်တတ်သော အဖျက် အဆီး အတား တို့ကိုသာ ပြုလုပ်တတ်သော (( တစ်နည်း ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သဘောရှိတဲ့ အရာများ ... လို့ ))) လို့ အဓိပါယ် ရတာပါ ... 
.
ဒီတော့ ဒေ၀ပုတ္တမာရ် ကို မြန်မာပြန်လိုက်ရင် .... 
မကောင်းမှုကို နှိုးဆော်တတ်သော အဖျက် အဆီး အတား တို့ကိုသာ ပြုလုပ်တတ်သောနတ်သား (နတ်ဆိုး) လို့ အဓိပါယ်ရတာပေါ့...။
.
မာရ်နတ်အကြောင်းကိုပိဋကတ်လမ်းညွှန်ကျမ်း ဒုတိယတွဲ၊ စာမျက်နှာ (၂၅၁) မှာ မာရ်နတ် (အစစ်၊အတု) နှစ်မျိုး လို့ရေးထားတာ တွေ့ရပါတယ်။ 
.
★ (၁) မာရ်နတ်မင်း (အစစ်)မှာ ဝသဝတ္တီ လို့ခေါ်ပြီး အဲဒီနတ်ပြည်မှာနေကာ နတ်ပြည်ခြောက်ထပ်ကို အစိုးရပါတယ်။ ဒီမာရ်နတ်မင်းအစစ်က ဘုရားရှင်အား နှောင့်ယှက်တဲ့ မာရ်နတ်မဟုတ်ပါဘူး ။ ဒီမာရ်နတ်က မာရ်နတ်အစစ်ပါ ။
.
★ (၂) ဘုရားရှင်အား အနှောက်အယှက် အမျိုးမျိုးပေးနေတဲ့မာရ်နတ်ကတော့ ''မာရ၊ ကဏှ၊ ပဇာပတိ၊ အန္တဂူ၊ နမုစိ၊ ပမတ္တဗန္ဓု၊ ပါပိမ၊အန္တက'' လို့အမည်အမျိုးမျိုးခေါ်ပြီး ပရနိမ္မိတ ဝသဝတ္တီ ဘုံမှာနေတဲ့ နတ်ဆိုးတစ်ပါး ပါ ပရနိမ္မိတ ဝသဝတ္တီ နတ်မင်း မဟုတ်ပါဘူး။ ဆိုးသွမ်းတဲ့နတ်ဆိုးကြီးသာ ဖြစ်ပါတယ်။ ဒီမာရ်နတ်ကတော့ မာရ်နတ်အတုပေါ့
.
ဒီမာရ်နတ်ဟာ ကကုသန်ဘုရားရှင် လက်ထက်တော်ကရှိခဲ့ဘူးတဲ့ ဒုဿီ မာရ်နတ်ရဲ့ နှမဖြစ်သူ ကာဠီရဲ့သားဖြစ်ပြီး ယခု ဂေါတမဘုရားရှင်လက်ထက်တော်တွင် မာရ်နတ်ဖြစ်လာကြောင်း သိရ ပါတယ်။
. 
ယခုဂေါတမမြတ်စွာဘုရားရှင်ကို လိုက်လံဖျက်စီးနေတဲ့ မာရ်နတ်ဟာ ဒုဿီမာရ်နတ်ရဲ့ တူတော်သူ ဒုဿီမာရ်နတ်ရဲ့ နှမတော် ကာဠီရဲ့ သားဖြစ်တယ်လို့ သိရပါတယ်။ 
.
ဆရာပါရဂူဘာသာပြန်တဲ့ဗုဒ္ဓဒိုင်ယာရီစာအုပ်ထဲမှာတော့ မာရ ခေါ် မာရ်နတ်ကို အတွင်း စိတ်မှာဖြစ်ပေါ်လာတဲ့ အနှောင့်အယှက် ဒွိဟ ဖြစ်ပေါ်မှု တစ်မျိုးလို့ရေးထားပါတယ် ။
ဒီလို ယူကြတဲ့ အနောက်တိုင်း အယူအဆ သမားတွေလဲ ရှိကြပါတယ်။
.
★ မာရ်နတ်ဟာ နတ်ပြည်ခြောက်ထပ်ထဲက ဝဿဝတ္တီနတ်ပြည်မှာစံပါတယ်။ ဝဿဝတ္တီ နတ်မင်းကြီးလဲ မနိုင်တဲ့ နတ်ဆိုးလို့ ပါ ...
နတ်တွေဟာ နတ်ပြည်တစ်ထပ်ကနေ တစ်ခြားတစ်ထပ်ကို မလည်ပတ်ကြပေမယ့် မာရ်နတ်ကတော့ လျှောက်သွားနေတတ်ပါတယ်။
.
★ မာရ်နတ်ဟာ ဗုဒ္ဓကို တောမထွက်ခင်ကတည်းက စတင်နှောက်ယှက်ပါတယ်။ 
တောထွက်ပြန်တော့လဲ တံခါးဝကပိတ်ပြီး မင်းသား နောက်တစ်ပတ်ဆို စကြာရတနာရောက်ပြီ။ ဘာလို့တောထွက်မှာတုန်း .... စကြ၀တေးမင်း ဘ၀နဲ့ ကုသိုလ်အမှုတွေကို လုပ်စမ်းပါလို့ ဆွယ် ပါတယ်။ သိဒ္ဓတ္တမင်းသားမောင်း ထုတ်လိုက်မှ ထွက်ပြေးပါတယ်။
. 
★ေ နာက်တော့ ဒုက္ကရစရိယာကျင့်တဲ့အခါမှာ မာရ်နတ်က လူသားတွေကို ကယ်တင် စရာမလိုကြောင်း ကယ်တင်လည်းအကောင်းမြင်မှာမဟုတ်ကြောင်း သံလျှက်မိုးပြီး ဂုတ်ပေါ်ခွစီးထားသူစကားကိုသာ ကြောက်ရွံ့ယုံကြည်ကြောင်းသွေးထိုး နှောက်ယှက်ပြန်ပါတယ်။ ဒီတော့မောင်းထုတ်ရပြန်ပါတယ်။ 
.
ဒီလိုနဲ့ အကြိမ်ကြိမ် နှင်ထုတ်ခံရတဲ့အခါမှာ မာရ်နတ်က ကြိမ်းဝါးပါတယ်။
★ အသင်မင်းသား ... သင့်ဆီမှာ ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်၊ သူတစ်ပါးကိုညှဉ်းဆဲလိုတဲ့ စိတ်၊ နောက် တွေဝေပျံ့လွင့်တဲ့စိတ် သုံးမျိုးထဲက တစ်ခုခု ဖြစ်ခဲ့သော် … သင်ဟာ ကျွနုပ်ကိုရှုံးပြီ … သင်ဒီဘ၀မှာဘုရားဖြစ်မှာမဟုတ်တော့ဘူးလို့ ကြိမ်းဝါးပါတယ်။
ဒါပေမယ့်ကိလေသာ အညစ်အကြေးမြူတစ်မှုန်စာတောင်ရှာမရခဲ့ပါဘူး … အလောင်းတော် ဘဝက တည်းက ဖြူစင်မှုကို ထင်ရှားစေတာပါ။
.
★ ဘုရားဖြစ်မယ့် ညမှာလည်း မာရ်နတ်ရောက်လာပြန်ပါတယ်။ 
မာရ်နတ်ဟာ ဂီရိ မေခလာဆင်ကိုစီးပြီး လက်ရုံးတစ်ထောင်ဖန်ဆင်းကာ အလောင်းတော် ဗောဓိသတ်ကို နှောင့်ယှက်ပါတယ် ။
အလောင်းတော်က အသက်မဲ့မြေကြီးကိုသစ္စာတိုင် တည်တော့ မာရ်နတ်ရှုံးပါတယ်။ 
လက်တစ်ဖက်မှာကိုင်ထားတဲ့ သူပိုင်တဲ့ ဗေလုဝ နတ်စောင်း လွတ်ကျပါတယ် ….
သိကြားမင်းက ခံယူပြီး ပဉ္စသီင်္ခက နတ်သားကိုပေးခဲ့တယ်လို့ သိရပါတယ်။
. 
★ သဗ္ဗညုတဥာဏ်တော်ကို ရတဲ့အခါမှာ မာရ်နတ်ဟာ မြေပေါ်မှာ အစင်းကြောင်းတွေခြစ်ပြီးစိတ်ပျက်လက်ပျက်နဲ့ ရဟန်းဂေါတမ ကျင့်တဲ့ ပါရမီအကျင့်တွေ မကျင့် ခဲ့လို့ ငါသူ့လို ဘုရားမဖြစ်တာလို့ ညည်းညူပါတယ်။ 
ဒါကို မြင်တဲ့ သမီးသုံးပါးက မခံနိုင်ဖြစ်ပြီး အသက်ငယ်ငယ်၊ အသက်လတ်လတ်၊ အသက်ကြီးကြီး မိန်းမလှသုံးယောက်လို ဖန်ဆင်းလို့ မြူဆွယ်ခဲ့ပါတယ်။ ရှုံးပါတယ်။
.
★ ဘုရားဖြစ်ပြီးတော့လည်း သင်လိုချင်တဲ့ သဗ္ဗညုတဉာဏ်ရပြီ မဟုတ်လား တော်ပြီလေ တရားမဟောနဲ့နော်လို့ တားပါသေးတယ်။ 
ဘုရားရှင်က တရားလိုက်ဟောနေတော့လည်း ဘုရားရှင်ကို မြန်မြန်ပရိနိဗ္ဗာန်ပြုဘို့ ခနခန နားပူ နားဆာလုပ် တောင်းပန်ပါတယ်။
တစ်ကယ်ဆိုးတဲ့မာရ်နတ်ကြီးပါပဲ …. 
.
★ ဇာတ်တော်တွေထဲမှာတော့ 
ဘုရားလောင်း လယ်သမားဘဝတုန်းက ဒေဝဒတ်နဲ့ မာရ်နတ်ဟာ ကျီးကန်းနဲ့မြွေဖြစ်ပြီး အလောင်းတော်ကို သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 
.
★ တစ်ခါမှာတော့ မာရ်နတ်ဟာ ရဟန္တာမတစ်ပါးကို သွားနှောင့်ယှက်ပါတယ် … ရဟန္တာမကြီးက ပဌါန်းကို အကျယ်ဟောပြလိုက်တဲ့အခါ … မာရ်နတ်ထွက်ပြေးရပြန်ပါတယ် …။
.
★ အခါတစ်ပါးမှာတော့ … အရှင်မောဂ္ဂလာန်ကိုယ်တော်ကြီး ဆွမ်းဘုန်းပေးပြီး ဗိုက်ထဲ မအီသာလို့ တန်ခိုးနဲ့ ဆင်ခြင်တော့ မာရ်နတ်က အစာအိမ်ထဲဝင်နေတာကိုတွေ့ရပါတယ်။
. 
ဒီအခါမှာ သာဝကကြီးက ထွက်လာဘို့ပြောပေမယ့် ပေကပ်ပြီးနေခဲ့ပါတယ် …. ဒီတော့မှာ သျှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက … မာရ်နတ်ကို ...
.
★ ★ အသင်မာရ ငါဟာ အရင်ဘဝက သင့်ဦးရီး တော်ခဲ့သူဖြစ်တယ် .... သင့်မိခင် ကာဠီနတ်သမီးရဲ့မောင်တော်သူဖြစ်တယ်။
.
ငါဟာ ကဿပ ဘုရားရှင်လက်ထက်တော်က ဒုဿီမာရ်နတ်ဘ၀နဲ့ သူကြွယ်ပုဏ္ဏားတွင် စွဲဝင်ပြီး ဘုရားရှင်ကိုဆဲရေးခြင်း၊ 
ရဟန်းတို့ကို ဆဲရေးချောက်ချားစေခြင်း၊ 
ကဲ့ရဲ့ရှုတ်ချခြင်း၊ 
ရဟန်း၊ ရဟန်းမတို့အနီးတွင် ဝိသဘာဂအာရုံဖန်ဆင်းပြီး လူတို့ကိုမြင်စေခြင်း၊ 
ရဟန်း၊ ရဟန်းမတို့အား အပျိုမများ၊ လူပျိုများနှင့် ဆက်ဆံကြပုံတို့ကို ဖန်ဆင်းပြခြင်း၊ 
မုဆိုး တံငါတို့ကဲ့သို့ ငါးမျှားပုံ ငှက်ထောင်ပုံတို့ကိုဖန်ဆင်းပြခြင်း၊ 
လူတို့က မကြည်ညိုအောင်လုပ်ခြင်း၊ 
နောက်ဆုံးတွင် ကကုသန်ဘုရားရှင်ရဲ့ လက်ျာရံဖြစ်တဲ့ ဝိဓုရထေရ်ရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ ကွဲသွားအောင် ပစ်ခြင်းစသည်တို့ကို ပြုခဲ့ပါတယ်။
ဒီအခါမှာ သာဝကကြီးက … မာရ ငရဲဘုံကို ပျော်စရာနေရာများထင်ရော့သလားလို့မိန့်တဲ့အခါမှာ … ချက်ချင်းနတ်သက်ကြွေပြီး… အပါယ်ငရဲကျခဲ့ပါတယ်
.
အဝီစိငရဲမှာ နှစ်ပေါင်းတစ်သိန်းမျှ ကာလပတ်လုံး ဒုက္ခခံရပါတယ်။ အရဟန္တဃာတက ကံကြီး ထိုက်ခဲ့သူဖြစစ်ခဲ့ပါတယ် .... လို့ဟောတော်မူတော့မှ မာရ်နတ်ဟာ စိတ်ထားနူးညံ့လာပြီး သံဝေဂရ ထွက်သွားပါတယ်။ 
.
တန်ခိုးအရာမှာ ဘုရားရှင်မှတစ်ပါး သူ့ထက်သာလွန်သူမရှိခဲ့တဲ့ တန်ခိုး အာနုဘော်ကြီးမားတဲ့ သာဝကကြီးတောင်မှ မာရ်နတ်ကို မေတ္တာဖြင့်ဆုံးမခဲ့ပါတယ်။
.
★ တစ်ကယ်တော့ ဒီမာန်နတ်ကြီးဟာ သူ့စိတ်ထဲမှာ (၃၁) ဘုံရှိတဲ့ သတ္တ၀ါတို့မှာ သူသာ တန်ခိုး ကြီးတယ်၊ 
ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေအတွက် သူကပဲ ဖန်ဆင်းပေးထားတာမျိုး အထင်ရောက်နေသူပါ။
.
သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း သူဖန်တီးပေးထားတဲ့ လောကီအာရုံ ကာမဂုဏ် တွေကို ခံစားနေကြတာကိုကြည့်ပြီးသူက သဘောကျနေသူပါ။
.
ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူကလိုက်ပြီး နှောက်ယှက်တာပါ။
.
အဲဒီတော့ ဒီမာရ်နတ်မင်းဟာ သူဖန်ဆင်းပေးထားတာလို့ ထင်နေတဲ့ လောကကြီးထဲမှာရှိတဲ့ ကာမဂုဏ်များကို သူလိုပဲ အများကိုပါ ခံစားစေချင် နေသူ ဖြစ်ပါတယ်။
. 
သူဟာ မာရ်နတ်မင်း ဘ၀ကနေ သက်တမ်းကုန်ရင်တော့ သူလုပ်ခဲ့တဲ့ မကောင်းမှုများကို ပြန်လည် ပေးဆပ်ရပါ လိမ့်မယ်။
.
………………………………………………………..
.
မာရ်နတ်နဲ့ အခြားဆရာတော်တွေပတ်သက်မှုကို တော့ မြန်မာသာသနာဝင်မှာ စွန်းလွန်းဂူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီးတို့ ခန္ဓာဝန်ချခါနီး လာတောင်းပန်သလို ဖတ်ဖူးပါတယ်။ 
.
နောက်လယ်တီဆရာတော်ကို လာနှောက်ယှက်တဲ့ သဘောလက္ခဏာတွေကို လဲ ဖတ်မိဘူးပါတယ်။ 
.
မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ တောနေရဟန်းတွေ တစ်ပါးတည်း တောထဲအားထုတ်ရင် ညဖက် အသံပေးတာတွေ၊ အလင်းရောင်တွေနဲ့ အုပ်လိုက်ကြီးချီတက်လာတတ်တာတွေ၊ 
.
နှစ်ပါးသီတင်းသုံးရင် တစ်ပါးနဲ့တစ်ပါး သည်းမခံနိုင်အောင် ပြဿနာတက်လာတတ်တာတွေကို သတိပေးဖူးပါတယ်။
.
အပူ နဲ့ အအေး
အဖို နဲ့အမ 
အကောင်း နဲ့ အဆိုး
ဓမ္မ နဲ့ အဓမ္မ
ကောင်းမှု နဲ့ မကောင်းမှု 
စသည် ဒွန်တွဲနေတဲ့လောကကြီးမှာ လူတွေဟာ မိမိတို့ပြုသမျှကို ဓမ္မ လား အဓမ္မလား ဆိုတာ ... မိမိတို့ဆောက်တည်ခဲ့တဲ့ ပါရမီအနု အရင့်နဲ့သာခွဲခြား နိုင်တာကြောင့် .... ပါရမီရင့်သန်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း ....
.
၂။ ကိလေသမာန်
ကိလေသာမာန် ( ၁၀ ) ပါးရှိပါတယ် ... အကျယ်ချဲ့လိုက်ရင် အပါး ( ၁၅၀၀ )ပေါ့
( ၁) လောဘ  လိုချင်တပ်မက်ခြင်း
( ၂ ) ဒေါသ အမျက်ထွက်ခြင်း
( ၃ )မောဟ တွေဝေမိုက်မဲခြင်း ( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးတတ်ပါတယ်။ အ၀ိဇ္ဇာ နဲ့ မောဟ ကိုခွဲခြားသိစေချင်ပါတယ် ... သစ္စာ(၄)ပါး ကို မသိခြင်းဟာ အ၀ိဇ္ဇာ ပါ ဒိဌိနှင့်ဆက် နွယ်ပါ တယ် ..... ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းကို မောဟ လို့ခေါ်တာပါ ။ သစ္စာ ( ၄ ) ပါးကို မသိလျှင် သံသရာလည်ပြီး  မောဟများလျှင်တော့ အပယ်လားမှာပါ ကျိန်းသေပါတယ်။
( ၄ ) မာန    ပလွှားခြင်း မာနထောင်လွှားခြင်း ( မာန ဆိုသည်မှာ မာန် ပင်ဖြစ်ပါသည် ...  မာနကြီးနေသည်  မာန်ကြီးနေသည်ပေါ့ ။ )
                                   
မာန ဆိုတဲ့ မာန်  (၃) မျိုး ရှိပါတယ် ...
(၁)သေဌမာန်  ငါသာမြတ်၏ ဟု မာန်တက်ခြင်း
(၂)သဒိသမာန်   ငါနှင့် တန်းတူ၏ ဟု မာန်တက်ခြင်း
(၃)ဟိနမာန်   ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို ဟု မာန်တက်ခြင်း တို့ဖြစ်ပါသည်။
မာန်တက်စေတဲ့ အချက်  (၃) ချက် ရှိပါတယ် 
 (၁)ဇာတိမာန်   ဇာတ်ကို စွဲ၍ မာန်တက်ခြင်း
(၂)ဣဿရိယ မာန်   သြဇာ အာဏာ  ကို စွဲ၍ မာန်တက်ခြင်း
(၃)ဂေါတ္တမာန်   အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါတယ်
( ၅ ) ဒိဌိ   မိစ္ဆာ ဒိဌိ လို့ခေါ်တဲ့ အယူမှားခြင်းပါ ( ဒိဌိ အမျိုးပေါင်း  ၆၂-ပါး ရှိပါတယ် )
 ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ ဟူ၍ ဒိဌိ ဖြစ်ကြောင်း ( ၈ ) ပါးရှိပါတယ် 

 
၁။ ခန္ဓာ၏ ဖြစ်ကြောင်းကို မသိလျှင် ဒိဌိ ဖြစ်မည်။
၂။ အ၀ိဇ္ဇာ၏ အကြောင်းကိုမသိလျှင် ဒိဌိ ဖြစ်မည်။
၃။  ဖဿ (ထိတွေ့ခြင်း ကြောင့်)ဒိဌိ ဖြစ်မည်။
၎။ အမှတ်မှားလျှင် ဒိဌိ ဖြစ်မည်။
၅။ အကြံအစည် မှားလျှင် ဒိဌိ ဖြစ်မည်။
၆။ နှလုံး သွင်းမှာလျှင် ဒိဌိ ဖြစ်မည်။
၇။ အပေါင်းအသင်းမှားလျှင် ဒိဌိ ဖြစ်မည်။
၈။ သူတစ်ပါး တရားအနာ မှားလျှင် ဒိဌိ ဖြစ်မည်။  
( ၆ ) ၀ိစိကိစ္ဆာ   တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော ကိုပြောတာပါ)
ဝိစိကိစ္ဆာ ဖြစ်ကြောင်းတရား ( ၈ ) ပါး ရှိပါတယ် ဒီတရား ( ၈ ) ပါးကို အမှီပြုပြီး ဖြစ်တာပါ
(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊
(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊

(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊
(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါသည်။

ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်ပါသည်
( ၇ )  ထိနမိဒ္ဓ    ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘ၀မှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးပါတယ် )
( ၈ ) ဥဒ္ဓစ္စ   စိတ်ပျံ့လွင့်ခြင်း ။
( ၉ ) အဟိရိက   မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။
( ၁၀ ) အနောတ္တပ္ပ   မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။ 
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါသည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးတယ်။ ကိလေသာ ( ၃ ) မျိုးရှိပါတယ် ...။
ကိလေသာ (၃)မျိုး
 (၁) ၀ိတိက္ကမ ကိလေသာ 
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
(၂) ပရိယုဌာန ကိလေသာ 
မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
(၃) အနုသယ ကိလေသာ 
 သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)
ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်ပါသည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပြတ်အောင် ဖြတ်နိုင်ပါမည်ဟု မှတ်စုစာအုပ် ဘလော့တွင်ဖတ်ဖူးပါသည်။ 
၃။ အဘိသင်္ခါရမာန်
 ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ်ကံများ၏ ပြုင် စီရင်မှု ဆိုတဲ့သင်္ခါရတရား တွေကိုခေါ်တာပါ 
သင်္ခါရ တရားကို (၃) ပါး ရှိပါတယ် 
(၁) ပုညာဘိ သင်္ခါရ
မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
(၂) အပုညာဘိ သင်္ခါရ
အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။
(၃) အာနဉ္ဇာဘိ သင်္ခါရ 
 အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ တို့ဖြစ်ပါတယ် ။
ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (၀ါ) သတ္တ၀ါ၏ ကာယ၊ ၀ါစာ၊ ဥာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။

သင်္ခါရတရားဖြစ်ကြောင်း ကံ ( ၄ ) ပါး ရှိပါတယ်
ကံ ( ၄ ) ချက် ပေါ်မူတည်ပြီး ဖြစ်ပျက်တာပါ ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ရဲ့ အတိုချုပ်ပေါ့
 ( ၁ ) ဒိဌဓမ္မ ဝေဒနိယ ကံ
ချက်ချင်းလက်ငင်း အကျိုး ပေးသောကံ
  ( ၂ ) ဥပ ပဇ္ဇဝေဒနိယ ကံ
 နောင်ဘ၀မှ အကျိုး ပေးသော ကံ
( ၃ ) အပရာပရိယ ဝေဒနိယ ကံ
ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည့်ကံ
( ၄ ) အဟောသိကံ
ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော တို့ဖြစ်သည်။

(((( မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘ၀ကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ ))))

(((((  ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်ငြားလည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။ သို့သော် ငရဲမှလွတ်သောအခါ ၀ိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု အဆိုရှိပါသည် ။ ))))))  

၎။ မစ္စုမာန် 
ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘ၀အား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။  

လူတွေအားလုံးဟာ
မွေးဖွားခြင်း အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရတာပါ
 ဒီအကြောင်း ( ၄ ) ပါးကတော့ 
(၁) အာယုက္ခယ 
အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
(၂) ကမ္မက္ခယ 
ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
(၃) ဥဘယက္ခယ 
အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )
(၄)ဥပစ္ဆေဒက 
အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။
မည်သို့ဆိုစေ သေခြင်းကို သတ္တ၀ါတို့ ကြောက်ကြသည်။ကြောက်ရခြင်းမှာလည်း
 သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါသည်။ 
(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။
(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း တို့ဖြစ်ပါသည်။

 ၅။ ခန္ဓမာန် 
 ရဟန္တာမဖြစ်မီ အတွင်းကာလမှာ  အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို အောင်နိုင်သောမာန်ကို ခန္ဓမာရ်လို့ ခေါ်တာပါ 
ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ်ဖြစ်သည်ကို သိမြင်အောင်နိုင် သောမာန်  ခန္ဓမာရ် ဟုခေါ်ခြင်းပါ ။