မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် ဘိက္ခူနီသာသနာကို ခွင့်ပြုရာ၌ မိထွေးတော် ဂေါတမီ အား
ဂရုဓံတရား (လေးလေးစားစားလိုက်နာရမည့် တရား) ရှစ်ပါးကို ခံယူစေသည်။
ဘုရားရှင် က “ အာနန္ဒာ ၊ မဟာပဇာပတိ ဂေါတမီ သည် ဂရုဓံတရား ရှစ်ပါး ကို အကယ်၍
ဝန်ခံသည်ဖြစ်အံ့၊ ထို ၀န်ခံခြင်းသည် ပင် ထို ဂေါတမီ အတွက် ပဉ္ဖင်းခံမှု
ဖြစ်စေလော့” ဟု မိန့်တော်မူကာ အောက်ပါ ဂရုဓံတရား ရှစ်ပါးကို
မိန့်တော်မူပေ၏။
(၁) ဘိက္ခူနီမ သည် ပဉ္ဖင်းဖြစ်၍ ၀ါ တစ်ရာရှိ သော်လည်း ထိုနေ့ ပဉ္ဖင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း ၊ ရိုသေခြင်း အမှုကို ပြုရမည်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၂) ဘိက္ခူနီမ သည် ရဟန်းယောကျာ်းမရှိသော ကျောင်း၌ ၀ါမဆိုအပ်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၃) ဘိက္ခူနီမ သည် လခွဲတိုင်း (လထက်ဝက် တစ်ဆယ့်ငါးရက် တိုင်း) ဘိက္ခူ သံဃာထံမှ ဥပုသ်ကို မေးခြင်း၊ အဆုံးအမ ခံရန် ချဉ်းကပ်ခြင်း ဟူသော ဤ တရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၄) ဘိက္ခူနီမ သည် ၀ါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း ၊ ကြားခြင်း ၊ ယုံမှားခြင်း ဟူသော အကြောင်း သုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်။ (ပ၀ါရဏာပြုရမည်)။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၅) ဘိက္ခူနီမ သည် သံဃာဒိသိသ် အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခ မာနတ် ကို ကျင့်ရမည်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၆) နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္ဖင်းခံခြင်း ကို ရှာရမည်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၇) ဘိက္ခူနီမသည် ရဟန်းယောကျာ်းတို့ကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရေးအပ် ၊ မရေရွတ်အပ် ။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၈) ရဟန်းဖြစ်သည့်နေ့မှ စ၍ ရဟန်းယောကျာ်းတို့ အပေါ်၌ ဘိက္ခူနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင်အပ်၏။ ဘိက္ခူနီမ တို့ အပေါ်၌ ရဟန်းယောကျာ်းတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်။ ဤ တရားကိုလည်း ရိုသေ၍၊ လေးစား၍၊ မြတ်နိုး၍၊ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
ထိုသို့ မိန့်တော်မူသော ဘုရားရှင် ၏ အမိန့်တော် ကို အရှင်အာနန္ဒာ သည် ၀မ်းမြောက်ဝမ်းသာ မဟာပဇာပတိ ဂေါတမီ ထံသို့ ပြန်ကြားမိန့်ဆိုလေရာ မိထွေးတော်ကြီးသည် အလွန့်အလွန် ၀မ်းမြောက်ခြင်းဖြင့် “အရှင်အာနန္ဒာ ငယ်ရွယ်နုပျို၍ တန်ဆာဆင်လိုစိတ်ရှိသော မိန်းမပျိုကလေးသည် ခေါင်းလျှော်၍ ဆံပင်တို့ကို ဖြီးလိမ်းပြီးနောက် ကြာပန်းစသော ပန်းပွင့်လှလှ ကလေးများကို လက်နှစ်ဖက်ဖြင့် နှစ်သက်ယုယစွာ မ ချီ၍ ဦးခေါင်းတွင် ပန်ဆင်သကဲ့သို့ တပည့်တော်မ သည်လည်း ဤဂရုဓံရှစ်ပါးကို လေးလေးစားစား ခံယူကျင့်သုံးပါမည်၊ အသက်ထက်ဆုံးမကျူးလွန်ပါ” ဟု ၀န်ခံလျှောက်ထားလိုက်လေသည်။
ဤသို့ ဖြင့် မိထွေးတော်ကြီးသည် ရဟန်းအဖြစ်သို့ရောက်တော်မူပြီးနောက် သာကီဝင်မင်းသမီး ၅၀၀ တို့နှင့် စပ်လျဉ်း၍ မည်သို့ မည်ပုံပြုလုပ်ရမည်ကို လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားက ထို အမျိုးသမီးတို့ကို ဘိက္ခုသံဃာ က ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့် ရဟန်းခံပေးရန် ခွင့်ပြုတော်မူသဖြင့် သာကီဝင်မင်းသမီး ၅၀၀ လုံး ရဟန်းအဖြစ်ကို ရကြလေသည်။
ထို့ကြောင့် ဘိက္ခူနီ စတင်ချိန် က မိထွေးတော်ကြီး တစ်ပါးတည်းသာ ဂရုဓံတရား ၈ ပါး ကို ၀န်ခံခြင်းဖြင့် ရဟန်းဖြစ်ကာ သာကီဝင် မင်းသမီး ၅၀၀ တို့ကား ဘိက္ခူသံဃာ က ယခုခေတ် ရဟန်းခံသကဲ့သို့ ဉ တ္တိတုတ္ထကမ္မ၀ါစာ ဖြင့် ရဟန်းခံပေးရသည်ကို မှတ်သားရပေသည်။ ၄င်း နောက် သာသနာ့ဘောင် သို့ ၀င်ရောက်လာကြသော ဘိက္ခူနီတို့သည် အဋ္ဌ၀ါစိကူပသမ္ပဒါ ဟူသော ဘိက္ခူနီသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာ ဖြင့် ပထမတစ်ကြိမ် ရဟန်းခံ၍ ဘိက္ခူသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာဖြင့် ဒုတိယတစ်ကြိမ် ၊ စုစုပေါင်း ၂ ကြိမ် ဖြစ်၍ ကမ္မ၀ါစာ ၈ ကြိမ် ဖတ်ရသည့် နည်းဖြင့် ရဟန်း အဖြစ်ခံယူကြရလေသည်။
ထိုမှတစ်ပါး အဍ္ဎကာသီဘိက္ခူနီ နှင့် ပတ်သက်၍ ဒူတေနူပသမ္ပဒါ ဟူသော ရဟန်းခံမှု တစ်မျိုး ကို အကြောင်းအားလျော်စွာ ဘုရားရှင် ခွင့်ပြုတော်မူရသေး၏။ အကြောင်းမှာကား ....
အဍ္ဎကာသီဟူသော ကာသိတိုင်းမှ သူဌေးသမီး သည် အကုသိုလ်ကံ ကြောင့် အရွယ်ရောက်လျှင် ပြည့်တန်ဆာမ ဖြစ်ရ၏။ နောင် တရားရ၍ ဘိက္ခူနီမများထံ၌ ပထမတစ်ကြိမ် ရဟန်းခံပြီး ဘိက္ခူသံဃာထံ၌ ရဟန်းခံရန် ဘုရားရှင်ရှိရာ သာဝတ္ထိမြို့ သို့ သွားရန် စီစဉ်လေ၏။ ထိုအကြောင်း ကို သေသောက်ကြူး တို့သိ၍ “အဍ္ဎကာသီ သည် သင်္ကန်းဝတ်၍ သာဝတ္ထိသို့ သွားတော့မည် ၊ ငါတို့သည် အဍ္ဎကာသီ လူ့ဘ၀ က ချဉ်းကပ်နိုင်ကြသူများမဟုတ် ၊ သို့ဖြစ်၍ ယခု အဍ္ဎကာသီ သာဝတ္ထိသို့ အသွားတွင် ဖမ်းယူ မွေ့လျော်ကုန်ကြပါစို့” ဟုတိုင်ပင်ထားကြလေသည်။ ထိုအခါ ဘိက္ခူနီမ တို့သည် သာဝတ္ထိသို့ မသွားဝံ့ကြတော့ချေ။ ထိုအကြောင်းကို ဘုရားရှင်ထံသို့ စေတမန်လွှတ်၍ လျှောက်ထားရာ မြတ်ဘုရား က “အနုဇာနာမိ ဘိက္ခဝေ ဒူတေနပိ ဥပသမ္ပာဒေတုံ” (ရဟန်းတို့ တမန်ဖြင့်လည်း ပဉ္ဖင်းခံပေးခြင်းငှာ ငါခွင့်ပြု၏” ဟု အခြားဘိက္ခူနီမ တစ်ဦးကို တမန်လွှတ်၍ ပဉ္ဇင်းခံခွင့်ပြုတော်မူလေသည်။ သို့သာ် ဤ သို့ ခွင့်ပြုခြင်းမှာ အဍ္ဎကာသီ တစ်ဦးတည်းအတွက်သာ ဖြစ်လေ၏။
ထို့ကြောင့် ဘိက္ခူနီတို့၏ ပဉ္ဇင်းခံမှုတွင်
(၁) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော ဂရုဓံရှစ်ပါး ကို ခံယူခြင်းဖြင့် ပဉ္ဇင်းခံခြင်း ( ၄င်းကား မိထွေးတော် မဟာပဇာပတိဂေါတမီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
(၂) ဉ တ္တိစတုတ္ထ ကမ္မူပသမ္ပဒါ ဟူသော ဉ တ်လျှင် လေးကြိမ်မြောက် ကမ္မ၀ါစာဖြင့် (ဘိက္ခူသံဃာ၌သာ) ပဉ္ဇင်းခံခြင်း (၄င်း ကား မိထွေးတော် ၏ နောက်ပါ သာကီဝင် ၅၀၀ တို့၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
(၃) ဒူတေနူပသမ္ပဒါ - ဟူသော တမန်လွှတ်၍ (နောက်တစ်ကြိမ် ဘိက္ခူသံဃာ၌) ရဟန်းခံခြင်း (၄င်းကား အဍ္ဎကာသီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်းဖြစ်၏)
(၄) အဋ္ဌ၀ါစိကူပသမ္ပဒါ - ဟူသော ဘိက္ခူနီ သံဃာ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့် တစ်ကြိမ်၊ ဘိက္ခူသံဃာ ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့်တစ်ကြိမ် ၊ ၂ ကြိမ် ရဟန်းခံခြင်း (၄င်း ကား အထက်ဖော်ပြပြီးသော ၃ ဦးမှ တစ်ပါး အခြားသော ဘိက္ခူနီတို့၏ ပဉ္ဖင်းခံခြင်း ဖြစ်၏)
ထို့ကြောင့် ရဟန်းယောကျာ်းတို့ ကဲ့သို့ ဧဟိဘိက္ခုပသမ္ပဒါ ဟူသော ဧဟိဘိက္ခုခေါ်၍ ရဟန်းဖြစ်စေခြင်း၊ သရဏ ဂမနူပသမ္ပဒါ ဟူသော သရဏဂုံ သုံးပါးကို ခံယူဆောက်တည်စေခြင်းဖြင့် ရဟန်းဖြစ်စေခြင်း၊ သြ၀ါဒ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော သြ၀ါဒ ကို ခံယူ၍ရဟန်းဖြစ်စေခြင်း ၊ ပဥှာဗျာကရဏူပသမ္ပဒါ ဟူသော ပြဿနာကို ဖြေဆို၍ ရဟန်းဖြစ်စေခြင်း မျိုးကို ဘိက္ခူနီတို့၌ မရအပ် ဟု မှတ်သားရပေသည်။
မိထွေးတော်ကြီးသည် ပါရမီအားလျော်စွာ ရဟန်းဖြစ်ပြီးမကြာမီ ရဟန္တာမ ဖြစ်၍ သာကီဝင်မင်းသမီး ၅၀၀ တို့သည် လည်း နန္ဒကောဝါဒ သုတ် အဆုံး၌ ရဟန္တာမ အဖြစ်သို့ ရောက်ကုန်၏။ ဤသို့ ဘိက္ခူနီသာသနာ ကောင်းစွာတည်သည်ရှိသော် ထိုထို ရွာနိဂုံး မင်းနေပြည်တော်တို့မှ အမျိုးကောင်းသမီးတို့သည်လည်း ဘုရားသာသနာ၌ ကြည်ညိုသက်ဝင်ကြသည့်အားလျော်စွာ မိမိတို့ ၏ မိဘလင်သား စသည် တို့ကို ခွင့်တောင်း၍ သာသနာတော်သို့ ၀င်ရောက်ကြကုန်၏။
ထိုဘိက္ခူနီမ တို့တွင် ကျော်ကြားသော ဘိက္ခူနီမ များ အမြောက်အများ ရှိကုန်၏။ နိုင်ငံပိုင်ရှင် ဘုရင်မင်းများ ၏ မိဖုရားကြီးများ၊ သူဌေးကတော်ကြီးများ မှ စ၍ အနည်းနည်း အဖုံဖုံ ထင်ရှား ကျော်ကြားကုန်သော အမျိုးသမီး များ သည် ဘိက္ခူနီသာသနာ တော် သို့ ၀င်ရောက်ရဟန်းပြုကြသဖြင့် ဘုရားရှင်၏ ဘိက္ခူနီသာသနာတော်ကြီးသည် မျက်နှာမငယ် ထယ်ထယ်ဝါ၀ါ တောက်ပ လင်းထိန်နေခဲ့ပေသည်။
Dr. ဇီဝက
ဗုဒ္ဓဘာသာ/အတွေးအမြင်

No comments:
Post a Comment