Tuesday, November 29, 2016

ဂေါတမီရဲ့ အပူကို ဖြေသိမ့်ဘို့ ဗုဒ္ဓက လိမ်လည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု


မောင်လေးညီမလေးတို့ရေ ....
ခုတစ်လော အွန်လိုင်းမှာ ဗုဒ္ဓကျမ်းဂန်တွေကို အတော်လေး ဆိုးရွားစွာ ဝေဖန်တဲ့ အရှင့်ကျေးကျွန် မူဂျာဟီဒ်လုလင်ဆိုတဲ့ ဘာသာခြာတစ်ယောက် တင်ထားတာကို လွန်ခဲ့တဲ့ ၄လလောက်က မောင်လေးတစ်ယောက်က ရှင်းပေးပါလို့ လာပေးထာတာနဲ့ အခု သူ့အလှည့်ရောက်လာလို့ ဖြေရှင်းထားတာလေး တင်ပေးလိုက်ပါတယ်။
.
ဗုဒ္ဓဘာသာမှာ အမြဲတမ်း အဖြေရှိပါတယ် ။အဖြေမရှိလို့ ဆဲမှ နိုင်ရတဲ့ ဘာသာမဟုတ်ပါဘူး ။ ဒါကြောင့် မောင်လေးညီမလေးတို့က သူတစ်ပါးဘာသာနဲ့ ဘာသာခြားတွေကို လုံးဝ ( လုံးဝ ) မဆဲပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။
သိမ်မွေ့တဲ့ ဘာသာဝင်တွေပီပီ .... သိမ်မွေ့တဲ့ ကွန်မန့်လေးတွေပဲတွေ့ပါရစေ ။
..........................
.
အရှင့်ကျေးကျွန် မုဂျာဟီဒ်လုလင်
.
ဗုဒ္ဓကျမ်းဂန်များအားထွင်းဖောက်ကြည့်ခြင်း -
ကနဦးအနေနဲ့ မေတ္တာရပ်ခံပါတယ် …
ကျနောဟာ ဂေါ်တမဗုဒ္ဓကို လေးစားတဲ့သူတစ်ဦးဖြစ်တဲ့အပြင် ဘာသာတရားတစ်ခု ရဲ့ အဓိပတိခေါင်းဆောင် တဦးကို ပုတ်ခတ်စော်ကားလိုစိတ် လုံးဝ (လုံးဝ)မရှိပါဘူး …
ချဲ့ကားလွန်းထားတဲ့ ကျမ်းဂန်တွေထဲက အချက်လက်တွေကိုပဲ ထောက်ပြဝေဖန်ကြည့်ခြင်းသာ ဖြစ်ပါတယ် :) ပုတ်ခပ်စော်ကားလိုစိတ် လုံးဝမရှိပါ …
စကြာဝဠာတစ်ခုလုံးဦးတိုက်ပူဇော်ရာ ဘုရားဖြစ် တဲ့ဂေါ်တမ ဟာ မိထွေးတော်ဂေါ်တမီရဲ့ပရိဒေဝ
မီးတွေကို ဖြေသိမ့်ပေးဖို့အတွက် ဘာဖြစ်လို့ လိမ်လည်ပြီးးပြောခဲ့တာလည်း - ဂေါ်တမဗုဒ္ဓ ဟာ မုသား ဝါဒကံကို ကျုးလွန်တဲ့ လူလိမ်တယောက်လား ?
-------------------------------
★ ★ မိထွေးတော် ဂေါတမီရဲ့ ပရိဒေ၀မီးကို ဖြေသိမ့်ဘို့ လိမ်တယ် ၊ ဟုတ်စ ??? ဘယ်တစ်ခုပါလိမ့်ရှင် ။မှားနေပြီ ထင်ပါတယ် ။
.
သြော် …. ကိသာ ဂေါတမီကို ပြောတာ ထင်တယ် ။
လုပ်ပြီ စလာထဲက ကျမ်း အမှား :\
.
မြွေနဲ့ ကစားရင်းမြွေပေါက်လို့ သေသွားတဲ့ သူ့သားလေးကို ပိုက်ပြီး ဘုရားရှင်ဆီမှာ သားငယ် အသက်ပြန် ရှင်ဆေးတောင်းလာတဲ့ ကိသာဂေါတမီကို ဘုရားရှင်က ….
.
★ ★ ★ နှမ ငယ် … မင်းတစ်ခုရှာနိုင်ရင် …. ပထမ မင့်ကို …. ပြီး … သူ့ကို ကုနိုင်မှာ ရှိရဲ့ တဲ့ ….
ဆေးဆရာဆီလာရင် အညွှန်းကို …ယူလာရစမြဲ ဖြစ်တယ် ….။ ဒါကြောင့် မုန်ညင်းနက်စေ့ တစ်ကျပ် သား ရှာခဲ့ချေ …။
.
တစ်ခုတော့ သတိထားလေ …. အမေ … သား …သမီး … ဆွေမျိုး … ကျွန် .. သေခဲ့ဘူးရာအိမ်က လူရဲ့ လက်က တော့ … မယူခဲ့လေနဲ့ … ဒီအစေ့မျိုး … ရှာနိုင်မယ်ဆို … မင့်ကို ပြီးတော့ မင့်သားအတွက် ပူလောင်မှုကို မင်းကိုယ်တိုင် ကုနိုင်ကောင်းရဲ့နှမငယ် တဲ့ ။
.
ဒီလိုနဲ့ ကိသာဂေါတမီဟာ လူမသေတဲ့ အိမ်က မုန်ညင်းနက်စေ့ အရှာထွက်ခဲ့တယ် …
ရှာလို့မရတဲ့ အဆုံးဗုဒ္ဓထံပြန်လာပြီး လူမသေတဲ့ အိမ် ဘယ်လိုရှာရမလဲ ဆိုတာ မေးဘို့လာခဲ့တယ်။
ဗုဒ္ဓက ကိသာဂေါတမီကို တွေ့တော့ …
.
★ ★ ★ အဘယ် ကိသာဂေါတမီ နှမငယ် ... အစေ့ကို … မင်းရခဲ့ပလား တဲ့ …။
.
ဒီတော့ ကိသာ ဂေါတမီက ပြန်ပြောတယ် …
.
★ အရှင် …အေးသထက်အေးလာတဲ့ … ခလေးကိုရင်မှာပွေ့လို့ … ဒီတောမှာ …မြို့နားမှာ … တဲတိုင်းကို ငါလိုက်တောင်းခဲ့ပါတယ် …။
.
((( တဆိတ်ရှင် … သနားသဖြင့် ... မုန်ညင်းစေ့လေး … ပေးကြပါ … တစ်ကျပ်သား … အနက်နော် … )))
.
ရှိသူတိုင်းပေးကြရဲ့ …။ ဆင်းရဲသားတိုင်း … ဆင်းရဲသားကို …သနားသကိုး …။
ဒါပေမယ့် ငါက ….
.
((( အဆွေ … အဆွေရဲ့အိမ်မှာ .. လင် .. ဇနီး .. သားသမီး .. ကျွန် … တစ်ယောက် ယောက် သေခဲ့ တာများ ရှိသလား )))
.
မေးတဲ့ အခါ သူတို့ကဆိုတယ် …။
.
((( အို ..နှမ …ဘယ့်နှယ်မေးပါလိမ့် … သေသူ အလွန် မှ များပြား … ရှင်သူနဲတာပ ))) …. တဲ့ …။
.
ကျေးဇူးစကားဆို … မုန်ညင်းစေ့လေးပြန်ပေး … ပီး တစ်ခြားမှာတောင်းပြန်တယ် … တခြားသူ တို့ကလဲ …
.
((( ရော့ … မုန်ညင်းစေ့ … ကျွန်တော့ဖြင့် ဆုံးခဲ့ရဲ့ ))) ...
.
((( ရော့ မုန်ညင်းစေ့ အိမ်ကလူဖြင့်သေပေါ့ ))) ….
.
((( ရော့ မုန်ညင်းစေ့ … အစေ့ကိုစိုက်သောသူဖြင့် မိုးနှင့်ကောက်ရိတ်ချိန်ကြားဆုံးခဲ့ပြီ ))) ….
.
((( ရော့မုန်ညင်းစေ့ …ဖခင်ဆုံးခဲ့တာဖြင့် တစ်ပတ်ပင်မပြည့်သေး ပူဆွေးနေ ကြတုန်းပါ နှမ))) … တဲ့ ….။
.
★ အိုအရှင် မုန်ညင်းစေ့ရှိပြီး … သေတဲ့သူမရှိတဲ့ အိမ် တစ်အိမ် လေးမှ မတွေ့ခဲ့ရပါ ….။
.
ဒါနဲ့ နို့မစို့ …ပြုံးလဲ မပြုံးတော့တဲ့ …သားလေးကို .. ချောင်းနဘေး ..စပျစ်ရိုင်း တို့အောက် မှာ ထားခဲ့တဲ့ကာ … သင့်မျက်နှာ ရှာ … သင့်ခြေနမ်းပြီး … သူတို့ … ငါ့ကိုပြောသလို … ငါစိုးရိမ် မိသလို … ဘယ်မှာ ဒီအစေ့ကိုရှာ … သေခြင်းမဲ့ကိုရှာရမလဲ … မေးဖို့လာခဲ့ပါတယ် …အရှင် …တဲ့
.
ဒီအခါမှာ မှ ဗုဒ္ဓက
.
★ ★ ★ ငါ့နှမ … ဘယ်သူမှမတွေ့တဲ့ အမှန်တရားကို … မင့်သားလေးအတွက် ဆေးပြင်း ရှာရင်း …မင်းတွေ့ခဲ့ပြီ … ။
မင်းချစ်တဲ့သူလေး … မင့်ရင်ခွင်မှာ မနေ့ကသေခဲ့တယ် … ။
ဒီနေ့ တစ်ကမ္ဘာလုံး မင်းလို အပူမျိုး နဲ့ငိုတာ မင်းသိပီ မဟုတ်လား ။
တစ်လောကလုံး မင်းလို မပူဆွေးဘူးတဲ့ သူရှိလား နှမ ။
.
သူ့ အချိန်တန်ရင် သွားရမှာ သဘာဝ၊ မင်းရော ငါရော တစ်လောကလုံး အချိန်တန်ရင် သေခြင်းတရားကို လွန်ဆန်လို့ မရဘူးနှမ စောတာနဲ့ နောက်ကျတာပဲ ရှိတာပ ။
.
မင်းစောပြီး သေရင် မင်းမိသားစု မင်းမိဘ ပူဆွေးမယ် ။
မင်းမိဘတွေ စောသေရင် မင်းပူဆွေးမယ် ။
လောကဟာ ဒုက္ခနွံထဲ ကူးလူး ရုန်းကန် နေကြတယ် နှမငယ် …. တဲ့
.
ကိသာဂေါတမီရဲ့ ဥဏှောက်မှာ အသိတရားလင်းလက်လာခဲ့ ပြီး ဘုရားရှင်ရဲ့ ခြေအစုံကို ဖက်လျှက် ငိုကြွေးပြီး …
.
★ ဖခင် ဒီဒုက္ခနွံထဲက ရုန်းထွက်နိုင်အောင် ကယ်တင်မှု ပေးသနားတော်မူပါလို့ ငိုကြွေး တောင်းပန် သတဲ့ ။
.
ဗုဒ္ဓက ….
.
★ ★ ★ နှမ … မင့်မျက်ရေတွေတန့်ဘို့ …. သတ္တ၀ါအားလုံး ဒုက္ခဆိုတဲ့ ကျိန်စာက လွတ်မြောက်ဖို့ … လောက ငြိမ်းအေးဘို့ … အမှန်တရား ..ဆိုတဲ့ ..ဒီဆေးကို … ငါ ရှာရဲ့ ။ ငါတွေ့ခဲ့ရဲ့ ။
ချစ်နှမ … သွား …. မင့် ခလေးကို ဦးစွာ ပထမ မြေမြှုတ်လေ ….။ တဲ့
.
★ ★ ကဲ ....
ဗုဒ္ဓက ကိသာဂေါတမီကို လောကလူသားတိုင်း မိမိလို ပူဆွေးခဲ့ကြတယ် ပူဆွေးနေကြ တယ် ပူဆွေးကြရအုန်းမယ်ဆိုတဲ့ အမှန်တရားကို သိအောင် ။
.
ပါရမီရင့်သန်လာပြီဖြစ်တဲ့ ရဟန္တာ ဖြစ်ချိန် တန်တဲ့ ကိသာဂေါတမီရဲ့ ပူဆွေးမှုကို လောကရဲ့ ပူဆွေးမှု အမှန်တရားနဲ့ နှိုင်းပြကုစားပြီး ကျွတ်တန်းဝင် စေတာပါ ။
.
★ ★ ဒီတော့ ဗုဒ္ဓက လိမ်တာလား ၊ မသေတဲ့သူ မပူဆွေးတဲ့သူ လောကမှ မရှိဘူးဆိုတဲ့ အမှန်တရားကို မိမိကိုယ်တိုင် သိအောင် လမ်းပြတာလား သိလောက်ပြီထင်ပါတယ်။
.
ဗုဒ္ဓ၀ါဒမှာ မုသာဝါဒကံဆိုတာ ပျက်စီးလိုမှု မကောင်းတဲ့စိတ် နဲ့ လူတစ်ယောက်ကို ခေတ္တခန ၀မ်းနဲအောင် စိတ်မချမ်းမြေ့အောင် နောက်ပြောင်တဲ့ သဘောနဲ့ ပြုလိုမှု စတာတွေ ပါ ပါတယ်။
.
မုသာဝါဒကံဆိုတာ ပြုသူဟာ မိမိ စိတ်ထဲမှာကိုက မကောင်းတဲ့ ရည်ရွယ်ချက် အကုသိုလ်ကံ ပါပြီးနေတာကို ပြောတာလို့ ဗုဒ္ဓဘာသာက သတ်မှတ်ထား ပါတယ် ။
.
လာမယ့် အပတ်မှ နောက်တစ်ခု ရှင်းထားတာ တင်ပေးပါ့မယ်။
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

No comments:

Post a Comment