Thursday, August 15, 2013

ဒက္ခိဏသာခါ ပြဿနာ

 


မေး။ ။ ဆရာတော်၊ ဒက္ခိဏသာခါဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲဘုရား၊ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲဘုရား။

ဖြေ။ ။ ဒက္ခိဏ - က, တောင်ဘက်အရပ်ကို ဟောတယ်။ သာခါ - ကတော့ အကိုင်းကို ဟောတယ်။ နှစ်ခုပေါင်းတော့ ‘ဒက္ခိဏသာခါ’ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီး လက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန် အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီး တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။
သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကိုကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော်အရှင်မဟာမဟိန္ဒမထေရ်နဲ့ သမီးတော်သင်္ဃမိတ္တထေရီတို့က တာဝန်ယူကြတယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင်ပူဇော်ပါရစေလို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဋ္ဌအမတ်က ဗောဓိပင်ပင့်ဖို့ အိန္ဒိယကိုသွားတယ်။
ရဟန္တာမထေရ်များရဲ့ ညွှန်ကြားချက်အရ သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်ရဲ့ တောင်ဘက်က အကိုင်းပြတ်စေလိုတဲ့နေရာမှာ ရွှေကညစ်နဲ့ ရေးခြစ်လိုက်ပါတယ်။ ရေးခြစ်လိုက်တာနဲ့ ဗောဓိကိုင်းဟာ အလိုလိုပြတ်ကျပြီး အသင့်စီရင်ထားတဲ့ ရွှေဖျင်းအိုးထဲမှာ တည်ပါတယ်။
အဲဒီလို ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းကိုယူပြီး တဆင့်စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့် သီဟိုဠ်က ဗောဓိပင်ကို ‘ဒက္ခိဏသာခါ’လို့ ခေါ်တယ်။ နောင်နှစ်ပေါင်းများစွာကြာလို့ သီဟိုဠ်ကဗောဓိပင် သေတဲ့အခါ အမှတ်တရ ပူဇော်ကြရအောင် ဘုရားပုံတော် ထုလုပ်ကြရကနေ ‘ဒက္ခိဏသာခါဘုရား’ ဆိုပြီး ဖြစ်လာတာပါပဲ။

မေး။ ။ ဒါကတော့ ရှင်းပါပြီ ဘုရား။ ဆက်မေးချင်တာက ပါရမီသုံးဆယ်ကို အသက်ပါအသေခံပြီး ဖြည့်ဆည်းခဲ့တဲ့အတွက် အလောင်းတော်များ ဘုရားဖြစ်တဲ့အခါ ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို အစွမ်းကုန်အကျိုးပေးကြလို့ လူ့လောက မပြောနဲ့၊ နတ်တွေ ဗြဟ္မာတွေထက်တောင် ဘုရားရှင်က အသပ္ပါယ်ဆုံးလို့ စာတွေထဲမှာ ဖတ်ဖူးပါတယ်ဘုရား။

ဖြေ။ ။ ဟုတ်ပါတယ်။ ပါရမီကုသိုလ်တွေက နောက်ထပ်အကျိုးပေးစရာ ဘ၀မရှိတော့တဲ့အတွက် ဒီဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ စုပြုံအကျိုးပေးတဲ့ သဘောပါ။

မေး။ ။ အသပ္ပါယ်ဆုံး ဆိုတာကတော့ ရဟန်းသုံးပေါ့ဘုရား။ လူသုံးကတော့ မြတ်စွာဘုရားဟာ တစ်လောကလုံးမှာ အလှဆုံးပဲဘုရား။ ဒီလိုအသပ္ပါယ်ဆုံး၊ အလှဆုံးဖြစ်တဲ့ ဘုရားရှင်ပုံတော်ဟာ ဒက္ခိဏသာခါကျမှ ဘာကြောင့် ဂုတ်တိုတို၊ ခါးကုန်းကုန်း ပုံပျက်ပန်းပျက်ကြီး ဖြစ်သွားရတာလဲ ဘုရား။ ဒီကြားထဲ မှိုကိုးချက်ဆိုတာကလဲ ပါလိုက်သေးတယ်။ ပြီးတော့ ခေါင်းမှာလည်း ကြာပန်းကြီး အုပ်ထားသေးတယ်။ ဒီလိုမျိုးကြီး ထုလုပ်သင့်ပါသလား ဘုရား။

ဖြေ။ ။ မထုလုပ်သင့်ပါဘူး။ ဘုရားပုံတော်ဆိုရင် ကြည်ညိုစရာ အကောင်းဆုံး ပုံတော်ကိုသာ ထုလုပ်သင့်ပါတယ်။ မှိုကိုးချက်တို့၊ ကြာပန်းတို့ကလည်း လောကီဂိုဏ်းဆရာတွေရဲ့ ညွှန်ကြားချက်တွေပါ။ ဘုရားပုံတော် ဘာပုံပေါက်သွားသွား ကိုယ့်လောဘအလို ပြည့်ရင်ပြီးတာပဲဆိုတဲ့ ‘အတ္တစိတ်’ ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံတော်တွေပါပဲ။

မေး။ ။ ဗုဒ္ဓရဲ့ ရူပ ကာယတော်ကို ထိခိုက်စေတဲ့ ဒီလိုပုံတော်မျိုးကို ထုလုပ်သူတွေ၊ ကိုးကွယ်သူတွေမှာ အပြစ်မရှိဘူလား ဘုရား။

ဖြေ။ ။ အပြစ်မရှိဘူးလားဆိုတာ အကုသိုလ်မဖြစ်ဘူးလားလို့ မေးတာနဲ့ အတူတူပါပဲ။ ဒီပုံစံကြီး ထုလိုက်ရင်၊ ထုခိုင်းလိုက်ရင် ဗုဒ္ဓရဲ့ ရူပကာယတော်ကြီး ပျက်စီးသွားပြီလို့ မသိတဲ့အတွက် ထုလုပ်တဲ့သူတွေ၊ ထုလုပ်ခိုင်းပြီး ကိုးကွယ်တဲ့သူတွေမှာ အပြစ်မရှိပါဘူး။
အခုလိုသိပြီးတဲ့နောက် ဒီပုံဆိုးပန်းကြီးကို ဆက်လက်ထုလုပ်နေကြမယ်၊ ဆက်လက် ထုလုပ်ခိုင်းနေကြမယ်ဆိုရင်တော့ အပြစ်ရှိပါတယ်။ အကုသိုလ်ဖြစ်ပါတယ်။ တခြားဘာသာဝင်တွေ မြင်သွားရင်လည်း ‘ဗုဒ္ဓဘာသာဘုရားဟာ ဒီလို ပုံဆိုးဆိုးကြီးပဲလား’ လို့ မေးလာနိုင်ပါတယ်။
ကော့သောင်းမြို့မှာ တရားဟောနေတုန်းက ပန်းပုဆရာတစ်ယောက် လာပြောတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတာ ရင်ထဲမကောင်းပဲ ဖြစ်သွားတယ်။ ရုပ်ပွားလာအပ်တဲ့သူက ‘ခါးကုန်းကုန်း ဘုရားထုပေးပါ’ လို့ပြောသတဲ့။ ပန်းပုဆရာကလည်း ဘာပုံဆိုတာ မတွေးမိတာနဲ့ ဒက္ခိဏသာခါဘုရားပုံကို ကိုင်ပြပြီး ‘ဒီပုံမျိုးလား’ ဆိုတော့ ‘ဟုတ်တယ်’ လို့ပြောသတဲ့။
နောင်မျိုးဆက်သစ် လူငယ်တွေကို ‘တို့ဗုဒ္ဓဘာသာဘုရားဟာ ခါးကုန်းကုန်းကြီးပဲ’ ဆိုတဲ့ အယူဝါဒဆိုးကြီး စွဲမသွားအောင် အခုကတည်းက ပြုပြင်သင့်ပါတယ်။

(အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ရေးသားတော်မူသော ထေရ၀ါဒမှတ်ကျောက်စာအုပ် စာမျက်နှာ ၁၆ မှ ကူးယူမျှဝေပါသည်။)
 

No comments:

Post a Comment