သူနဲ့ပတ်သက်ပြီး မေးစရာတွေကတော့အများကြီးပါဘဲ။ ပျူစောထီးဆိုတော့ ဘာလူမျိုးလဲ ။ မြန်မာလား။ ပျူလား။ သာကီဝင် မင်းမျိုးလား။ နဂါးလား။ လူလား။ နဂါး နဲ့ နတ် ယှက်စပ်ပြီး ဖြစ်ထွန်းလို့ နတ်နဂါးလား စသဖြင့် စသဖြင့်။
အရေးကြီးဆုံး မေးခွန်းကတော့ သူဟာ မြန်မာ့သမိုင်းမှာ တကယ်ရှိတဲ့ခဲ့ မင်းတစ်ပါးလား၊ သူဟာ မင်းဆက် တစ်ခုရဲ့ ကနဦးလားဆိုတဲ့အချက်ပါ။
ဦးကုလား ရာဇဝင်မှာ ပျူစောထီးရဲ့အစကို အကျဉ်းချုပ်ပြန်ပြောရရင် သူ့ဖခင် နေနတ်သား နှင့် မိခင် နဂါးမတို့ အကြောင်းပါ။ ညားပြီးနောက် များမကြာခင်မှာဘဲ နေနတ်သားက ပြန်သွား။ ကျန်ခဲ့တဲ့ နဂါးမက ဥတွေ ထားရစ်ခဲ့ပြီး ဆုံးပါး။ ကျန်ခဲ့တဲ့ ဥတွေကို နတ်တွေက လမ်းပြတာကြောင့် မုဆိုးကတွေ့ပြီး သယ်သွား။ ချောင်းကိုဖြတ်အကူးမှာ ဥတစ်လုံးပြုတ်ကျသွားပြီး မိုးကုတ်ရောက်။ နောက်တစ်လုံး ထပ်ကျ။ တကောင်းရောက်။ တကောင်းရောက်တဲ့ ဥကနေ အမျိုးသမီးတစ်ယောက်ဖွား။ တကောင်းမင်းက မြှောက်စား။ ဥ နောက်တစ်လုံး ထပ်ကျ။ ညောင်ဦးရောက်။ လူယောင်္ကျားတစ်ယောက် ဖွားလို့ ပျူ လင်မယားနှစ်ယောက်က ကောက်ယူမွေးစား။
လူလားမြောက်တဲ့အရွယ်ရောက်တဲ့အထိ ဥကဖွားတဲ့လူကို နေမင်းမြေးလို့ ခေါ်။ နောက်တော့ ပျူစောထီးလို့ ရုတ်တရက်ပြောင်းခေါ်။ အရွယ်ရောက်တော့ အဖေနေမင်းက လေး နှင့် မြှား လာပြီးပေး။ နောက်တော့ ပုဂံတက်။ ပုဂံမှာ ဝက် ရှူး ဘူး ငှက် သောင်းကျန်းလို့ ဘုရင် နှင့် တိရိစ္ဆာန် နားလည်မှု ပြီး အစားစာထောက်ပန့် ။ ငှက်ကြီးကိုတော့ လူ အမျိုးသမီးတွေပေးရ။ ဒါကို ပျူစောထီးက လေး နှင့် မြှား သုံးပြီး သတ်ဖြတ်နှိမ်နင်းပြီး အနိုင်ရ။ ဘုရင်ကခေါ်ပြီး သမီးနဲ့ ပေးစား။ အိမ်ရှေ့အရာပေး။ သုံးနှစ်နေပြီးနောက် လက်ရှိဘုရင်က ဆုံးပါးပေမင့် ဆရာရသေ့ကို ခေါ်ပြီး မင်းအဖြစ်တင်။ အဲဒီမင်းကို ရသေ့ကြောင်မင်းလို့ခေါ်ပြီး မင်းစည်းစိမ်ကိုခံစား။ ဆုံးပါး။ ပျူစောထီး နန်းတက်။ ဒီတော့မှ ပျူစောထီးမင်းရိုးစပါတော့တယ်။
သတိထားရမယ့် အချက်တချို့ကိုပြောရရင် ဇာတ်လမ်းအစပိုင်း မှာကတည်းက နဂါး နဲ့ နေနတ်သားညားတယ်ဆိုတာ နတ်နဲ့ တိရိစ္ဆာန် ညားတယ်လို့ ဆိုထားတာကြောင့် မဖြစ်နိုင်ပါ။
ဒါနဲ့ တင်ဆက်ပြောဖို့မလိုပေမယ့် ဆက်ပြီးပြောပါမယ်။
၁။ နတ်နဲ့ တိရိစ္ဆာန်ဖြစ်တဲ့အတွက် နဂါး နဲ့ နှင့် နေနတ်သား ဘယ်ဘာသာစကားပြောပြီး ဘယ်လို မေထုံအမှုပြုတယ်မသိပါ။
၂။ နဂါးမက ဥအရေတွက် ဘယ်လောက်များများ ဥ ခဲ့တယ်လို့ မပြောသလို မုဆိုးက ဥဘယ်နှစ်လုံးသယ်လာတယ်ဆိုတာမပြော။ ဥ သုံးလုံးပြုတ်ကျတာ ဖြစ်တဲ့အတွက်
အနည်းဆုံး သုံးလုံးနဲ့ အထက်သယ်မှသာ မနိုင်မနင်းပြုတ်ကျတယ်လို့ အကြမ်းမှတ်ယူနိုင်ပါတယ်။
၃။ ဥတွေထဲမှာမှ ၂ နှစ်လုံးရဲ့ ဇာတ်လမ်းတွေသာသိရပြီး ကျန်တဲ့ ဥတွေဘာဖြစ်တယ်မသိရ။ မိုးကုတ်ရောက်တဲ့ ဥက ပတ္တမြားဖြစ်၊ တကောင်းက ဥ က မိဘုရားဖြစ်၊ ညောင်ဦးရောက်တဲ့ ဥက ပုဂံမင်းဖြစ် ဆိုပြီး
အကြမ်းမှတ် ယူနိုင်ပါထယ်။
၎။ နေနတ်သားက လေး နှင့် မြှား ပေး။ (မှန်နန်းမှာတော့ သိကြားကပေး) ။ ဒီလိုလက်နက်အထူးဆန်းတွေကို နတ်ဘုရား သိကြားတွေဆီက ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ ဥရောပမှာရော ၊ အာရှမှာပါ လူသုံးများတဲ့ အကြောင်းရာပါ။ ရှေးဟောင်းသုတေသန မှာဒါတွေမသုံးပါ။
၅။ ပုဂံမှာ ဘုရင်လုပ်နေတဲ့ သမုဒ္ဒရာဇ်မင်း နှင့် ကျား ဝက် ရှူး ငှက် ( ဝက် ရှူး ဘူး ငှက် လို့တချို့ကပြောကြတယ်) ဘယ်လို ညှိပြီး အပေးယူတည့်သွားကြတာကြောင့် တိကျတဲ့ အစားစာဆက်တဲ့ စာရင်းထွက်တယ်မပြောတတ်ပါ။
ဝက်ကြီးကို ထမင်းလုံး ၆၀ ၊ ဖရုံ ၉ လှည်း၊ ဖွဲ ကိုးလှည်းပေးရတယ်။ ကျား နှင့် ရှူးပျံ ကြီးကိုတော့ ဘာတွေပေးရတယ် မပြောထားပါ။ ငှက်ကြီးကို အစားအစာအဖြစ် သမီးကညာတစ်ရက် တစ်ယောက်နှုန်းပေးရတယ် ။ စတာတွေက ဘယ်လိုကဘယ်လို သဘောတူညီမှုရတယ်မပြောတတ်ပါ။ တိရိစ္ဆာန်က လူစကားမပြောတတ်သလို လူကလည်း တိရိစ္ဆာန် စကားမပြောတတ်ပါ။
၆။ လေးနဲ့မြှားအသုံးပြုပြီး ရန်သူတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း ကျား ကြီးနဲ့ သူ့နောက်လိုက် ငါးရာ၊ ဝက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ရှူးပျံကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ငှက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ ရှိတဲ့အတွက် အနည်းဆုံး မြှားပစ်တဲ့အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိခဲ့လေမလားလို့ စဉ်းစားမိတယ်။
ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေကြီး ရွေးပြီးနှိမ်နင်းလိုက်တယ်ဆိုရင်ဘဲ နောက်လိုက်တွေထွက်ပြေးကုန်သလားဆိုပြီး ဖြည့်တွေးမိတယ်။ အဲဒီအချိန် ရာသီဥတုနဲ့ ပုဂံလိုနေရာမှာ အဲဒီလို တိရိစ္ဆာန် တွေတကယ်ရှိခဲ့လေမလားဆိုတာလည်း
မေးစရာဖြစ်တယ်။ နောက်ပြီး ရှူးပျံဆိုတာမျိုးက ဘယ်လို တိရိစ္ဆာန် ဖြစ်တယ်ဆိုတာ အတိကျပြောဖို့ မလွယ်ပါ။
၇။ အကယ်၍ ဦးကုလားရာဇဝင် ထဲကအတိုင်း တိရိစ္ဆာန် အကောင် ၂၀၀၀ လောက်သာ ပုဂံမှာရှိခဲ့ရင် ဒါဟာ ပုဂံသားတွေအတွက် မပူမပင် စားသောက်နိုင်တဲ့ ရိက္ခာသိုလှောင်မှုအဖြစ်နဲ့တောင် သိပ်အသုံးဝင်ပါမယ်။
စတဲ့ စတဲ့အချက်တွေကပေါက်ကရလေးဆယ်ရေးထားလို့ ပေါက်ကရသုံးဆယ်တွေးကြည့်တာပါ။
၉ ရာစုမတိုင်မှီကတည်းက ပုဂံအရပ်မှာ ပျူတွေအခြေချနေထိုင်နေပြီဆိုတာကိုတော့ အလုံးအထည်ဖြစ်ကျန်ရစ်ခဲ့တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်းဘုရား တို့ကိုကြည့်ပြီးအတပ်ပြောနိုင်ပါတယ်။ ဒါကို ရာဇဝင်ကျမ်းပြုသူ ဦးကုလားအနေနဲ့သိကောင်း သိပြီးဖြစ်ပါမယ်။ ဒါကြောင့်လည်း တိုင်းရင်းရိုးရာပုံပြင်ဆန်တဲ့ နေမင်း၊ နဂါးမတို့နဲ့ အစပြုပြီး ပျူစောထီး ဇာတ်ကောင်ကို ဖန်တီးခဲ့ဟန်တူပါတယ်။ အမှန်တရားနဲ့ မနီးစပ်တဲ့ ပုံပြင်တစ်ခုပါဘဲ။ ဒီတော့ ဦးကုလားရာဇဝင်ထဲက ပျူစောထီးဆိုတာ တကယ်ရှိခဲ့တဲ့ Historic Person မဟုတ်ပါ။ ပျူစောထီး မရှိတဲ့အတွက် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင် ဆိုတာတွေကလည်း မြန်မာ့သမိုင်းမှာ တကယ်မရှိခဲ့ပါ။
မှန်နန်း ရာဇဝင်လာ ပျူစောထီးကြပြန်တော့ မောင်ကုလားရာဇဝင်မှာပြောထားတဲ့ နေနတ်သား နှင့် နဂါး ပုံပြင်ကို အတော်လေး ဝေဖန်ထားပါတယ်။ ပျူစောထီးဖြစ်လာမယ့် ကလေးကို ဦးတည်ပြီးပြောရာမှာ နတ် နှင့် နဂါး ညားပြီးမွေးတဲ့ကလေးဟာ နတ်သော်လည်းကောင်း နဂါးသော်လည်းကောင်း ဖြစ်ကောင်း၏ လူသားစင်စစ်မဖြစ်တန်ရာ ဆိုပြီးဝေဖန်လိုက်ပါတယ်။
ရှင်းရှင်းပြောတော့ ဥ ကပေါက်ပြီး လူဖြစ် ၊ သူရဲကောင်းဖြစ် ၊ မင်းဖြစ်ဆိုတာမျိုးကို မသုံးတော့ပါ။ ဒီတော့ မှန်နန်းရာဇဝင်ဆရာတို့ တမျိုးကြံဆပါတယ်။ အဲဒီကြံဆမှုကြောင့် မောင်ကုလားရာဇဝင်မှာ တိရိစ္ဆာန်မျိုးရိုးကဆင်းသက်သူ ပျူစောထီးဟာ သာကီဝင်မင်းမျိုး အဖြစ်နဲ့ အသွင်ပြောင်းပါတယ်။
မှန်နန်း ရာဇဝင်လာ ပျူစောထီးအကြောင်း အကျဉ်းပြောရရင် ကုလားပြည်က သာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာ။ ဧရာဝတီမြစ်ညှာရောက်ပြီး တကောင်းမြို့တည်ပြီး မင်းလုပ်စိုးစံ။ အဲဒီ တကောင်းရောက် သာကီဝင်မင်းတွေထဲမှာ ၁၇ယောက်မြောက်မင်းက သတိုးမဟာရာဇာ။
သတိုးမဟာရာဇာ နှင့် သူ့မိဖုရားကနေ မျက်မမြင် ညီနောင်တွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ ကိုမွေးပြီး နောက် ဧရာဝတီမြစ်ထဲ ဖောင်နဲ့မျှောပြီးစွန့်ပစ်။ ညီနောင် နှစ်ပါးက ဘီလူးမနဲ့တွေ့ပြီး မျက်စိအလင်းရ။ နောက်တော့ သရေခေတ္တရာမြို့တည်ပြီး မင်းလုပ်အုပ်ချုပ်။ ဒီဇာတ်လမ်းနဲ့ ပျူစောထီးနဲ့ ဘာများသက်ဆိုင်သလဲ ဆိုပြီးမေးလာခဲ့ရင် ဆက်ပြီးဖြေရပါမယ်။
မှန်နန်း ရာဇဝင်ထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာဟာ မင်းလုပ်စိုးစံစဉ်မှာဘဲ မလည်အရပ်မှာ မငြိမ်မသက်ဖြစ်လို့ သူ့မိဘုရားနဲ့အတူ မထင်မရှားဘဝ နဲ့ တောင်ယာလုပ်ပြီးနေပါသတဲ့။ ဒီလိုနဲ့ မိဖုရားမှာ ကိုယ်လေးလက်ဝန်ရပြီး သားယောင်္ကျားဖွားမြင်တယ်။ မွေးလာတဲ့ ကလေးကို မင်းထီးလို့ အမည်ပေးပြီး သသေ့ကြီးတစ်ပါးဆီမှာ ပညာသင်အဖြစ်အပ်နှံပါတယ်။ အရွယ်ရောက်တော့ ပုဂံအရပ်ကို သွားမယ်ဆိုပြီး မိဘတွေထံမှာ ခွင့်တောင်း။ မင်းဖြစ်ကိန်းရှိတယ်လို့ ရသေ့ဆရာက
ရှေ့ဖြစ်ဟောထားပြီးသားမို့ မိဘနှစ်ပါးက ခွင့်ပြု။ ပုဂံသွားဖို့ ပြင်တော့ မိုးပေါ်ကသိကြားမင်း ဆင်းလာပြီး လေး နှင့် မြှားကို လာပေး။
နောက်တော့ မင်းသားလေးက ပုဂံညောင်ဦးရောက်။ ပျူအဖိုးကြီး အဖွားကြီးမောင်နှံနဲ့တွေ့ပြီး သူတို့ထံမှာ မှီတင်းနေထိုင်။ ဒီလိုနဲ့ မင်းသားလေးက တစ်ရက်တော့ သူ့ လေးနဲ့မြှားကို စမ်းသပ်ဖို့ရာ ပုဂံပြည်ဘက်သွားမယ် ဆိုပြီး အဖိုးအို မောင်နှံထံ ခွင့်ပန်။ ဒီတော့မှ အဖိုးကြီးတို့မောင်နှံက ပုဂံမှာ သောင်းကျန်းနေတဲ့ တိရိစ္ဆာန် တွေအကြောင်းပြောပြလို့ ပျူစောထီးကသိပြီး နှိမ်နင်းဖို့ အကြံဖြစ်။
အဲဒီကနေ စပြီးတော့ တိရိစ္ဆာန် သောင်းကျန်းပုံ နှင့် နှိမ်နင်းလိုက်ပုံတွေဟာ မှန်နန်းထဲက အကြောင်းရာနဲ့ မောင်ကုလားရာဇဝင် အကုန်တူပါတယ်။ ပျူစောထီး မင်းဖြစ်လာပုံ နှင့် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက် ၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စတဲ့ မင်းတွေ ဖြစ်လာပုံပါအတူတူဖြစ်နေပါတယ်။ ရှင်းရှင်းပြောတော့ သူရဲကောင်းအခန်းတွေကို ကူးချတာဘဲပေါ့။ ပျူစောထီး အိမ်ရှေ့ အရာရပုံ နှင့် မင်းဖြစ်လာပုံဟာလည်းဘဲ အတူတပါဘဲ။
အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ မြန်မာပြည်ထဲဝင်လာတယ် ဆိုကတည်းက ဆက်ပြီးဆွေးနွေးဖို့မလိုတော့ပေမယ့် ဆက်ဆွေးနွေးပါမယ်။
၁။ အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဟာ အိန္ဒိယ ရှေးဦးသမိုင်းမှတ်တမ်းတွေမှာရှာမရပါ။ ဗုဒ္ဓသာသနာ သမိုင်းမှာလည်း ရှာမတွေ့ပါ။ ဒါဟာဘာနဲ့ သွားဆင်သလဲဆိုတော့ မြတ်စွာဘုရား မြန်မာပြည်ရောက်တယ်၊ အာသောကမင်း မြန်မာပြည်ရောက်တယ် ဆိုတဲ့အပြောမျိုးတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ သို့သော် အိန္ဒိယတိုက်ဘက်က ဝင်လာတဲ့ ရှေးဦးရွေ့ပြောင်းနေထိုင်သူတွေတော့ ရှိနိုင်ပါတယ်။
၂။ တကောင်းရောက် သာကီမင်းမျိုးတို့ မင်းဆက် တစ်ဆယ့် ၁၇ ဆက်မြောက် သတိုးမဟာရာဇာလက်ထက် မလည် အရပ်မှာ မငြိမ်သက်လို့ မှန်နန်းကရေးပေမယ့် ဘာကြောင့်မငြိမ်သက်မှန်း ပြောမထားပါ။ မြန်မာ့ရှေးဦးသမိုင်း ၊ အရှေ့တောင်အာရှသမိုင်း နှင့် တရုတ်သမိုင်း မှတ်တမ်းတွေမှာတော့ မြန်မာပြည် မလည်အရပ်မှာ စစ်ဖြစ်တယ်ဆိုတဲ့ အထောက်ထားရှာမရပါ။
၃။ မလည် အရပ်မှာစစ်ဖြစ်စေကာမူ မင်းဖြစ်သူက သူ့ရဲ့ စစ်သည်တွေ နှင့် ထွက်ပြီး မတိုက်ဘဲ နန်းတော်ကထွက်ပြေးပြီး တောင်ယာလုပ်တယ်ဆိုတာက ယုတ္တိမရှိတဲ့ အကြောင်းပြချက်လိုဖြစ်နေပါတယ်။
၎။ မှန်နန်းရာဇဝင်အရ သတိုးမဟာရာဇာမင်းတို့ရဲ့ မြို့တော်မင်းနေပြည်ကို ထိပါးနိုင်တဲ့ မလည်အရပ်ဆူပူမှုဖြစ်တဲ့အခါ သားဖြစ်သူတွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ မွေးသဖခင်ကို သွားပြီးအကူအညီမပေးသလို ၊ ဖခင်ဖြစ်သူ သတိုးမဟာရာဇာဟာလည်းဘဲ သားတွေရှိရာ သရေခေတ္တရာကို မသွားခဲ့တာ ဘာကြောင့်ပါလဲ။
၅။ မင်း နှင့် မိဖုရား ဖြစ်သူ မထင်မရှားဘဝနဲ့ တောင်ယာလုပ်ရင်း ပျူစောထီးကို မွေးတယ်ပြောပေမင့် နောက်ပိုင်း တကောင်းထီးနန်းအကြောင်းကို မှန်နန်းကဆက်မပြောတာဘာကြောင့်ပါလဲ။
၆။ မွေးလာတဲ့ ပျူစောထီးကို ရသေ့ထံမှာ အပ်နှံတော့ ရသေ့က ဒီသူငယ် ပုဂံအရပ်မှာ မင်းဖြစ်မယ်လို့ဟောကိန်းထုတ်တယ်။ အမှန်တော့ မင်းမျိုးဖြစ်သူ ပျူစောထီးဟာ ပုဂံသွားပြီး တိရိစ္ဆာန် တွေနှင့် တိုက်ခိုက်ပြီး မင်းလုပ်မယ့်အစား ဘာကြောင့် မိဘတို့ရဲ့ မင်းနေပြည်ဟောင်း တကောင်းပြည် ပြန်ပြီး မင်းမလုပ်တယ်ဆိုတာ မှန်နန်းဆရာတို့ ရှင်းရှင်းလင်းလင်း မပြောတာ ဘာကြောင့်မှန်းမသိပါ။
၈။ မှန်နန်းရဲ့အဆိုအရ သရေခေတ္တရာမှာ မင်းလုပ်နေတဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ဟာ မျိုးရိုးအရ ပုဂံရောက်ပျူစောထီးနဲ့ ညီအကိုတော်စပ်တယ် လို့သွားတွေ့ပေမယ့် နောက်ပိုင်းတောက်လျှောက် သူတို့တွေအကြောင်းဆက်စပ်ပြီး ထပ်မပြောတာလည်းသတိထားမိပါတယ်။ သမိုင်းနောက်ခံထားပြီး ရေးတဲ့ ဝတ္ထုရေးဆရာတို့ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ရေးမယ်ဆိုရင်ဖြင့် လူကြိုက်များနိုင်တယ်
သို့ပေမယ့် မှန်နန်းကြံဆတဲ့ ပျူစောထီး မျိုးရိုးဟာ သာကီဝင်မင်းမျိုးကဆင်းသက်သူ ဖြစ်တာကြောင့် နှောင်းခေတ်မြန်မာတို့ သည်းခြေကြိုက်ဖြစ်လာပါတယ်။ သာကီမျိုးဟေ့ တို့မြန်မာတို့ ၊ မြန်မာအစ တကောင်းက တို့စတဲ့ စတဲ့ အဆိုတွေထွက်လာတဲ့အထိဖြစ်လာခဲ့ပါသေးတယ်။
ဒီလိုပြောတော့ ရှေးက ၁-၂ ရာစုနှစ်လောက်မှာ ပျူဂါမ ခေါ် ပုဂံအရပ်မှာ မင်းတွေမရှိ၊ လူတွေမရှိလို့ ပြောတာမဟုတ်ပါ။ အမှန်တကယ်ရှိခဲ့တဲ့ မင်းတွေကို ရှာဖွေဆန်းစစ်ဖို့ရာ သတိချပ်စေဖို့ရာပါ။ မှန်နန်းရာဇဝင်လာ ပျူစောထီးဇာတ်လမ်း နှင့် ပျူစောထီးအစ ကြောင်ဒူရစ်အဆုံး မင်းဆက်တွေဘယ်လိုက ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှေးဟောင်းသုတေသနအမြင်ဘက်က ချဉ်းကပ်ကြည့်တဲ့အခါ ယုတ္တိကင်းကွာနေတာတွေ့မိပါတယ်။
ခရစ်နှစ် ၁၅၅၀ လောက်မှာပြုစုရေးသားတယ်လို့ထင်ရတဲ့ နန်းစော ပါးစပ်ရာဇဝင် The Romantic History of Nan Chao မှာတော့ ဒီလိုတမျိုးပြောပါတယ်။ အာသောကမင်း Piao Chu Ti ပျူစောထီး သည် ချင်းမဲင်ခဝေး Chinmeng Kwei နှင့် စုံဖက်ပြီး တီမဲကျူး Ti Meng Chu (ထီးမင်းစော) ကိုမွေးဖွား။ အဲဒီမင်းစောထီးကမှ သား ကိုးယောက်ဖွားပြီး လူသားမျိုးနွယ်စု ကိုးခုတို့ရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။ အဲဒီ နန်းစောပါးစပ်ရာဇဝင် ကျမ်းဟာ သူ့ရှေ့က ကျမ်းတစ်ကျမ်းဖြစ်တဲ့ Pai Ku Chi ( Bai-gu-ji) ခေါ် ပိုင်မျိုးနွယ်စုတို့ရဲ့ ရှေးဟောင်း ဒဏ္ဍရီပုံပြင်ကို မှီငြမ်းထားတာသာဖြစ်တယ်လို့ ဆိုပါသေးတယ်။
နန်းစော ပါးစပ်ရာဇဝင်မှာတော့ အာသောကမင်းကို Piao Chu Ti ပျူစောထီး လို့ပြောထားပါတယ်။ ပျူစောထီးရဲ့ သားဟာ တီမဲကျူး Ti Meng Chu (ထီးမင်းစော) ဖြစ်ပြီး သူ့မျိုးဆက်တွေက
၁။ သားကြီး မဲင်ကျူးဖုလော် (အိန္ဒိယသားတို့ရဲ့ ဘိုးဘေး )
၂။ မဲင်ကျူးလီယယ် (တိဘက်တို့ရဲ့ ဘိုးဘေး )
၃။ မဲင်ကျူးနော့ (ဟန့်တရုတ်တို့ရဲ့ ဘိုးဘေး)
၎။ မဲင်ကျူးချို ခေါ် မင်းစောချို (အရှေ့မန်တို့ရဲ့ ဘိုးဘေး)
၅။ မဲင်ကျူးတူ (နန်းစော မဲင် တို့ရဲ့ ဘိုးဘေး )
၆။ မဲင်ကျူးထူးအော် (သီရိလင်္ကာသားတို့ရဲ့ ဘိုးဘေး)
၇။ မဲင်ကျူးလင် (ကျော်သသည်းတို့ရဲ့ ဘိုးဘေး)
၈။ မဲင်ကျူးစုန့် (ပိုင်မျိုးနွယ်တို့ရဲ့ ဘိုးဘေး)
၉။ မဲင်ကျူးချူ ( တိုင်း ခေါ် ထိုင်းတို့ရဲ့ ဘိုးဘေး)
ခရစ်နှစ် လေးရာစုလောက်မှာ ပြုစုတယ်လို့ ယူဆထားတဲ့ ဟွာရန်ဒေသသမိုင်း (သမိုင်းဆိုပေမယ့် ဒဏ္ဍရီသိပ်ဆန်) ဟွာရန်(ဇ်) ကူ-အော်ကျိရ် Hua-yang-kuo-chih မှာ ပျူစောထီးနဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်သွားတွေ့ပါတယ်။
ရှေးဟောင်း အိုက်လောင်နိုင်ငံ Ai-Lao Kingdom က ရှားယိ ဆိုတဲ့ တံငါသည်အမျိုးသမီးဟာ ရေထဲမြုပ်နေတဲ့ သစ်တုံးနဲ့ ထိမိပြီး သားဆယ်ယောက်ဖွားမြင်ပါသတဲ့။ အမှန်တော့ သူထိမိတဲ့ သစ်တုံးဟာ နဂါးတစ်ကောင်ဖြစ်နေပါသတဲ့။ နောက်တော့ တစ်နိုင်ထဲမှာရှိတဲ့ အခြားလင်မယားစုံတွဲမှာကြပြန်တော့ သမီး ၁၀ ဦးဖွားမြင်ပါသတဲ့။ ပြီးတော့ ဟိုဘက် ကျား ၁၀ ဦး ဒီဘက် မ ၁၀ ဦးစုံမက်အကြောင်းဖက်ပြီးသကာလ လူမျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။
ရှေ့မှာပြောခဲ့တဲ့ ပုံပြင်နှစ်ခုထဲက နန်းစော ပါးစပ်ရာဇဝင်လာ အာသောကမင်းဟာ Piao Chu Ti ပျူစောထီး ဖြစ်တယ်လို့ ပြောလိုက်ကတည်းက ဒီပုံပြင် ကိုပယ်ဖို့လုံလောက်သွားပါပြီ။ ဒုတိယ ပုံပြင်ကတော့ မြန်မာတို့ရဲ့ ပျူစောထီး ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်သွားတွေ့ပါတယ်။ မြန်မာတို့ ရဲ့ ပျူစောထီးဇာတ်လမ်းမှာတော့ နေနတ်သား နှင့် နဂါးမ စုံမက်၊ နဂါးဥတွေ ဥပြီးထားခဲ့၊ ဥတွေထဲက နှစ်လုံးက လူဖြစ်တဲ့ ဇာတ်လမ်းပါ။ ဟွာရန် ရာဇဝင်မှာကြပြန်တော့ လူမိန်းမ နှင့် နဂါး စုံမက်၊ လူတွေမွေးဖွားပြီး လူသားမျိုးနွယ်တချို့ရဲ့ ဘိုးဘေးတွေဖြစ်လာ ဆိုပြီးပြောထားတယ်။
မြန်မာတို့ရဲ့ ပျူစောထီးမူကွဲတစ်ခုမှာတော့ မုဆိုးပြုတ်ကျ ကျန်ခဲ့တဲ့ ဥ တစ်လုံးဟာ တရုတ်ပြည်ထိရောက်တယ်လို့ ဆိုပါသေးတယ်။ ယုတ္တိမရှိပါ။
ခရစ်နှစ် ၉ ရာစုကာလ တရုတ်မှတ်တမ်းတွေမှာ ရေးမှတ်ခဲ့တဲ့ နန်းစော မင်းဆက်တွေက
၁။ ယှီး နုလော် ( ၆၄၉-၇၄ )
၂။ လော်ရှဲင့် ( ၆၇၄-၇၁၂ )
၃။ ရှဲင့်လော်ဖီ ( ၇၁၂- ၂၈ )
၎။ ဖီလော်ကော် ( ၇၂၈-၄၈ )
၅။ ကော်လော်ဖဲင့် ( ၇၄၈-၇၈ )
ကော်လော်ဖဲင့် မင်းရဲ့ သားဖြစ်သူ ဖဲင့်ကျီးယိဟာ စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် သူ့အရိုက်အရာကို မြေးဖြစ်သူ ယိမိုရွှန်း ကဆက်ခံပါတယ်။
၆။ ယိမိုရွှန်း ( ၇၇၈-၈၀၈ ) ဒီမင်းလက်ထက်မှာ နန်းစောသံတမန်တွေနဲ့အတူ ပျူတီးဝိုင်းအဖွဲ့ တရုတ်ပြည်ကို သွားရောက်ဖျော်ဖြေရပါတယ်။
၇။ ရွှန်းကော်ချွမ်း ( ၈၀၈-၉ )
၈။ ချွမ်းလုန်ရှဲင့် ( ၈၀၉-၁၆ ) ၊ ချွမ်းလုန်ရှဲင့် ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းလိ အရိုက်ရာဆက်ခံ။
၉။ ချွမ်းလိ ( ၈၁၆-၂၄ ) ချွမ်းလိ ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းဖဲင့်ယို့ အရိုက်ရာဆက်ခံ။
၁၀။ ချွမ်းဖဲင့်ယို့ (၈၂၄ -၅၉ ) ဒီမင်းလက်ထက်မှာ မြန်မာတို့ရဲ့ သရေခေတ္တရာကို တိုက်ခိုက်ပျက်စီးတယ်လို့ ယူဆပါတယ်။
၁၁။ ရှီရ်လုန် ( ၈၅၉-၇၇ ) ဒီမင်းတက်လာပုံ မရှင်းပါ။
၁၂။ လုန်ရွှန်း ( ၈၇၇-၉၇ )
၁၃။ ရွှန်းဟွာ့ကျဲင် ( ၈၉၇ - ၉၀၂ ) ဒီမင်းလက်ထက်မှာဘဲ နန်းစောနန်းဆက်ပြတ်တယ်လို့ ဆိုပါတယ်။
အပေါ်မှာ တောက်လျှောက်ပြောခဲ့တဲ့ နန်းစောမင်းဆက်တွေကို ကြည့်တဲ့အခါ ဘိုးဘ အမည်စနစ်လို့ ခေါ်တဲ့ အဖေဖြစ်သူရဲ့ နာမည်နောက်ဆုံးစာလုံးကိုယူပြီး သားဖြစ်သူရဲ့ ရှေ့နာမည်အဖြစ်သုံးတဲ့ ဓလေ့ Patronymic System ဟာ နန်းစောမင်းဆက်တွေမှာ သုံးခဲ့တာတွေ့ရပါတယ်။
မြန်မာတို့ရဲ့ ပျူစောထီး၊ ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည် ၊ သေလည်ကြောင် စတဲ့ အမည်စနစ်မျိုးကို မြန်မာမြေပေါ်က ပျူတွေမသုံးပါ။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ရှေးဟောင်းသုတေသနက တူးပေါ်တွေ့ရှိတဲ့ ကျောက်အရိုးအိုးတွေပေါ်က ပျူမင်းဆက်တွေကိုကြည့်တဲ့အခါ အဲဒီလို ဘိုးဘအမည်စနစ် Patronymic System မသုံးတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။
ဒီလို ဘိုးဘအမည်စနစ် Patronymic System ကို အိန္ဒိယသားတို့ဖြစ်တဲ့ သာကီဝင်မျိုးနွယ်တွေမှာလည်း သုံးတဲ့အထောက်အထားရှာမတွေ့ပါ။ ဒီတော့ မှန်နန်းအဆို ပျူစောထီးဟာ သာကီဝင်မင်းမျိုး ဆိုတဲ့အပြောကို ငြင်းချက်ပေးဖို့ နောက်ထပ်အကြောင်းရာတစ်ခုထပ်ရပြန်ပါတယ်။
ဒီအတိုင်းဆိုရင် ပျူစောထီး တည်ခဲ့ပါတယ်ဆိုသော ဗူးဘုရားသည်လဲ ဟုတ်မှဟုတ်ပါလေစ
ဆက်လက်ရှာဖွေ ပြီး မြန်မာသမိုင်း တလွဲ ကြီးတွေ ဖော်ပြပါဦးမည်
ဒီလိုနဲ့ စာရေးဆရာမ ဂျူး ရဲ့စကားကို ငှါးပြီးပြောချင်တာက ' ရာဇဝင်တွေထဲမှာ ပျူစောထီးကို ထားခဲ့ ' ဆိုတာပါဘဲ။
Ref;ရှေးမြန်မာ
မိုးဝေမဂ္ဂဇင်း အမှတ် ၂၁၄၊ ဖေဖော်ဝါရီ၊ ၁၉၈၆ ၊ စာ ၇၆-၇၉ ၊ အမှတ် ၂၁၅ မတ်၊ ၁၉၈၆၊ စာ ၁၂၂-၁၂၆ ပညာရှင် ရည်စိန်ရဲ့ ' ပျူစောထီး သုတေသန ' စာတမ်းကို မှီငြမ်းကိုးကားပါသည်။
သာကီဝင်မင်းမျိုးကအင်္ဂလိပ်လို ဘယ်လိုရိုက်ပြီးရှာလို့ရနိုင်မှာလဲသိချင်တယ်
ReplyDelete