Monday, February 9, 2015

သုဘဒ္ဒ ပရပိုဇ် သို့ဟုတ် ဗုဒ္ဓ၏နောက်ဆုံးည


မောင်လေးညီမလေးတို့ရေ ... မောင်လေးတစ်ယောက်က ... အမတဲ့ သုဘဒ္ဒ ပုရိပိုဇ်အကြောင်းပြောပြ ပါတဲ့ ... နောက်တစ်ယောက်ကလဲ ... အမတဲ့ ဘုရားရှင်က နောက်ဆုံးဘာတွေမှာ သွားလဲတဲ့ ... ညီမလေးတစ်ယောက်ကလဲ ... မမ ဘုရားရှင်ရဲ့ နောက်ဆုံးနေ့တွေအကြောင်းလေးတင်ပေးပါလားတဲ့ .... ဒါနဲ့ နူးဖတ်ဖူးတာလေးကို စာပန်းချီခြယ်ပြီး ... ရေးပေးလိုက်ပါတယ် ...။
(((  မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ နှင့် ... သုဘဒ္ဒပရိဗ္ဗာဇက သုတ်တော်ကို ကိုးကားပါတယ် )))
.
အခန်း ( ၁ )
. 
✔ ✔ ကုသိနာဂရ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ် ....
လူ နတ်ဗဟ္မာ ရဟန်းတော်များ သာဝကများ မလ္လမင်းနှင့်တစ်ကွ အပြည်ပြည်မှ မင်းအပေါင်းများ ... ဥယျာဉ်တော် အပြည့် ရှိနေကြသော်လဲ ... ပကတိ တိတ်ဆိတ်လျှက် ... 
အင်ကြင်း ဥယျာဉ်ထက် တစ်လောကလုံးတိတ်ဆိတ်နေသည်ဆိုလျှင် ပိုမှန်ပါလိမ့်မယ် ...
.
မန်နေ့ကစလို့ ... ရဟန်းများ သာဝကများ နတ် ဗြဟ္မာများ ... ထို့နောက် မင်း မူးမတ်အပေါင်း ဗုဒ္ဓကို မိမိအစုအရုံးနဲ့ တစ်လှည့်စီ ပူဇော်နေရင်း ... ညဥ့်ဦးယံ ကုန်လွန်သွားပြီ ... လောကသည် တိတ်ဆိတ်ငိမ်သက် လျှက်ပင် ....
ဒီအချိန်မှာပဲ အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းပျံ့လွင်လာတယ် ....
.
ကျွန်ုပ်ကို ဗုဒ္ဓနှင့် တွေ့ခွင့်ပေးပါ .... 
.
✔ ✔ မျက်ရည်စိုရွှဲနေသောမျက်လုံးအစုံကို ပွတ်သပ်လျှက် သျှင်အာနန္ဒာမထေရ် ပျာပျာသလဲ ဥယျာဉ် အ၀ ကို ပြေးထွက် သွားတယ် ...    
.
သုဘဒ္ဒ ပုရိပိုဇ် ... ကုသိနာဂရ ရဲ့ နာမည်အကြီးဆုံး မင်းမူးမတ်အားလုံး ရိုသေလေးစားရတဲ့ ဗြဟ္မဏကြီး ... နောက်ပါအခြွေအရံတွေနဲ့ .... 
.
ဘာအလိုရှိလို့လဲ ဗြဟ္မဏ လုင် ... 
.
ဗုဒ္ဓ ဟာ ယနေ့အာရုံတက် မှာပဲ ပရိနိဗ္ဗာန်စံတော်မူတော့မည်လို့ကြားသိရပါတယ် .... ကျွန်ုပ် စိတ်ထဲမှာရှိနေတဲ့ ယုံမှားသံသယကို မေးလျှောက်လိုပါတယ်အသျှင် ... ကျွန်ုပ်ဘ၀နဲ့ သံသရာနဲ့ ရင်းပြီး အရေးကြီးနေ ပါတယ် ... ဗုဒ္ဓကိုမေးလျှောက်ခွင့်ပြုပါ ...
.
✔ ✔ အင်း ... တိတ္ထိတွေဆိုတာ သူတို့ ယူထားတဲ့အယူကို တော်တော်နှင့် မစွန့်ချင်ကြပေဘူး ၊ အယူ စွန့်အောင် ဟောပြောနေ ရပြန်လျှင်လည်း ဘုရားရှင် ပင်ပန်းတော်မူတော့မည် နဂိုကပင် ပင်ပန်းတော် မူလျက်ရှိပြီ ... လို့တွေးမိပြီး 
သုဘဒ္ဒ သင့်တော်ပါဘူး  မြတ်စွာဘုရားကို မညှဉ်းဆပါနဲ့ နဂိုကပင် ပင်ပန်းတော်မူနေပါ တယ် ... 
လို့ပြောလိုက်တယ်။
.
အရှင်အာနန္ဒာ … ကိလေသာ အာသဝေါ ကင်းကွာ၍ တရားအားလုံးကို ကိုယ်တိုင်သိနိုင်သော ဗုဒ္ဓအစစ်အမှန်ဆိုတာ တစ်ရံတစ်ခါမှသာ ပေါ် ပေါက်နိုင်သည်ဟုကျွန်နုပ်ကြားဘူးပါသည် ...
အကယ်၍ ထိုပုဂ္ဂိုလ်သည် အသျှင်ဂေါတမ ဖြစ်ခဲ့လျှင် ကျွနုပ် အခွင့်အရေးကိုလက်လွတ်မခံနိုင်ပါ ....
ထို့အပြင်   အရှင်ဂေါတမလည်း ယနေ့နံနက် အာရုံတက်ချိန်တွင် ပရိနိဗ္ဗာန် စံပါတော့မည်၊ 
တပည့်တော်မှာလည်း ယုံမှားနေသော အချက်တစ်ခု ရှိနေပါသည်၊ 
ထို အချက်ကို အရှင်ဂေါတမဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်၊ 
အရှင်ဂေါတမကို တွေ့ခွင့်ရလိုပါသည်။
.
ကျွန်ုပ်တောင်းပန်ပါတယ် သုဘဒ္ဒ ဗုဒ္ဓဟာ ပင်ပန်းတော်မူနေနှင့်ပြီးပါပြီ ... ညောင်စောင်းမှာ အနားယူနေပါတယ် ... ပြန်ပါတော့ ဗြဟ္မဏလုင် ... ကျွနုပ် ခွင့်မပြုပါဘူး ....
.
ချစ်သား အာနန္ဒာ … သူ့ကိုခွင့်ပြုလိုက်ပါ ... သူ အမှန်သိလို၍ လာတာဖြစ်ပါလိမ့်မည် .... ငါဘုရားကို ညှဉ်းဆဲလို၍ မဖြစ်တန်ရာ .... ငါဘုရား ဖြေလိုက်တဲ့အတွက် သူနားလည်သဘောပေါက်ပါစေ ....

ချစ်သား သုဘဒ္ဒ သင်မေးလိုရာကိုမေးလော့ ...
.
အရှင် .... ယ္ခု လက်ရှိအချိန်မှာ  ဗုဒ္ဓဟု ၀န်ခံနေကြသော တိတ္ထိဆရာကြီးတို့၏ တရား များ မှန် မမှန် သိလိုလှပါတယ်  ...
.
ချစ်သား သုဘဒ္ဒ …  
ကြင် ၀ါဒသမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး တရား မရှိ  လျှင် ...  အကြင် သာသနာ၌ ...  ပထမအဆင့် သောတာပန်, ဒုတိယအဆင့် သကဒါဂါမ်, တတိယဆင့် အနာဂါမ်, စတုတ္ထ အဆင့် ရဟန္တာဟူသော သမဏမျိုးမရှိနိုင်၊ 
သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မရှိဝါဒတွင် မှန်ကန်လွတ်မြောက်ရာတရားမရှိ ... မှန်ကန်သောတရားဟုမခေါ်ထိုက် ...။
ငါ၏ သာနာတော်၌ ထိုမဂ္ဂင်ရှစ်ပါးနှင့် သောတာပန်စသော ရဟန်းများရှိပေသည်၊ 
.
နာဦးလော့ ချစ်သား .... 
ငါသည် (၂၉)နှစ် အရွယ်ကစ၍  ရဟန်းပြုခဲ့ပေသည် .... 
သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့သည်က စ၍ ( ၄၅ ) နှစ် ကာလ ပတ်လုံ မဂ္ဂင်ရှစ်ပါး တရားတော်ကို လူ နတ် ဗြဟ္မာတို့အား ဟောပြလမ်းညွှန်ခဲ့ပေသည် ... 
.
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပြီးလျှင်ရော ... ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဆိတ်သုန်းသွားမှာလားဘုရား ... ကျွနုပ်ရော ... ဒီလိုတရားမျိုး ရနိုင်ပါသလား ... တရားပြမယ့် ပုဂ္ဂိုလ်ရော ကျန်ခဲ့မှာလားဘုရား .... ကျွန်ုပ် အချိန် မှီသေးပါသလား ...

ချစ်သားသုဘဒ္ဒ .... ငါ၏ သာသနာတော်၌ ဘိက္ခုတို့ ကိုယ်တိုင်လည်း ကျင့်ကြ, သိသမျှတို့ကို သူတစ်ပါး အားလည်း ဟောပြသော အားဖြင့် ကောင်းမွန်စွာ နေထိုင်ကြပါတယ် ... ဆက်လက်ပြီးနေထိုင်ကြမည်  ဆိုလျှင် ကမ္ဘာလောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်ဘဲ (ရဟန္တာ ရှိလျက်သာ) ဖြစ်ရာ၏။
ချစ်သား သုဘဒ္ဒ .... ငါ၏ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြပြီး မိမိတရားထူး ရပြီး ထိုတရား အား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရား ထူးရကြမယ်  ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ရာ ...။
.

✔ ✔ သုဘဒ္ဒ ပီတိဖြာလျှက် ဗုဒ္ဓကို ရိုသေဦးခိုက်ပြီး ရဟန်းပြုခွင့်တောင်းကာ ...ဗုဒ္ဓထံတော်မှ မိမိနှင့် သင့်တော်သောကမ္မဌါန်းကို ယူဗုဒ္ဓပရိနိဗ္ဗာန်စံတော်မမူခင်လေးမှာပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ် ...။
.
အခန်း ( ၂ ) 

✔ ✔ ထို့နောက် မဇ္ဈိမယံ နာရီပြန် တစ်ချက်ကျော်လောက် အချိန် နောက်ဆုံး ရဟန္တာသုဘဒ္ဒ အပါအ၀င် လူနတ်ဗြဟ္မာအားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲ ...
ဗုဒ္ဓက .... 
ချစ်သား အာနန္ဒာ .... ငါဘုရား ပရိနိဗ္ဗန်ပြုပြီးတဲ့အခါ ..... ငါတို့ကို ဆုံးမတော်မူမည့် ဗုဒ္ဓမရှိတော့ပါတကား ဟု အမှတ်မမှား မှားကြလင့်၊ ငါဘုရား  (၄၅) ၀ါပတ်လုံး ဟောပြော ညွှန်ပြခဲ့သော မဂ္ဂင် ( ၈ ) ပါး တရားတို့သည် သင်တို့၏ဆရာ အဖြစ်ကျန်ရစ် ပေလိမ့်မည် ...
ငါ၏ဟောပြောလမ်းညွှန်မှုများသည် ... ငါ၏လမ်းစဉ်ဖြစ်ပေသည် ...
ငါ၏စကားတစ်ခွန်းကို အစဉ်အမြဲရင်ဝယ်ထား၍ဆင်ခြင်အောင့်မေ့ကုန်လော့
ငါပရိနိဗ္ဗာန်ပြုပြီးနောက် ငါ၏မည်ကိုသုံး၍ တစ်စုံတစ်ခုပြောကြလျှင် လက်ခံဘို့မလိုပေ ... ။
.

ယခု ငါဘုရားလက်ထက်၌  တစ်ပါးနှင့်တစ်ပါး ကို အာဝုသော ( ငါ့သျှင် ) ဟု ခေါ်ကြ ထူးကြ ပေသည် 
ဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးသောအခါ အကြီးက အငယ်ကို နာမည်ခေါ်၍ ဖြစ်စေ, အမျိုးနွယ်ခေါ်၍ ဖြစ်စေ, အာဝုသော ( ငါ့ရှင် ) ဟု ခေါ်၍ ဖြစ်စေ ပြောဆိုကြကုန်လော့ 
အငယ်က အကြီးကို ဘန္တေ ( ဘုန်းဘုန်းဘုရား ) ဟု ဖြစ်စေ, အာယသ္မာ ( အရှင် ) ဟု ဖြစ်စေ ခေါ်ဝေါ်ပြောဆိုကြ ကုန်လော့
. 
သံဃာများ စည်းဝေးဆုံးဖြတ်ရာတွင် ... မဖြစ်မနေ ပယ်နုတ်ခြင်းကို အလိုရှိလျှင် ခုဒ္ဒါနုခုဒ္ဒ က (သေးသေးနုပ်နုပ်ဖြစ်၍ လူဒါယကာတို့လည်း အပြစ်မြင်စရာ မဟုတ်သော, ယုတ်မာမှုလည်း မပါသော) သိက္ခာပုဒ်များကို ပယ်နုတ်ရစ်နိုင်တယ်၊ [ပယ်နုတ်ရစ်ကြ  ဟု မိန့်တော်မမူဘဲ ပယ်နုတ်လိုလျှင် ပယ်နုတ်နိုင်တယ် ( ရာသက်ပန်ပယ်နှုတ်ခြင်းမဟုတ် )  ဟု မိန့်တော် မူတာပါ]         
.
(ငယ်ကျွန်တော် အမတ်ဟောင်း) ဆန္န ရဟန်းကို ဗြဟ္မဒဏ် ပေးရစ်ကြကုန် ...
( ဆန္ဒမြင်းထိန်းက .... ဘုရားနှင့် တရားကိုသာယုံကြည် လေးစား၍ သံဃာတော်ကို ဂရုမစိုက် သူဖြစ်ပါတယ်  ဗြဟ္မဒါဏ်ဆိုတာကတော့ ... သူဘာလုပ်လုပ် ဘာပြောပြော သံဃာက အဖက်လုပ်ပြီး ဆုံးမ မနေကြနဲ့လို့မိန့်တာပါ .... ) 
.
✔ ✔ ထိုသို့ ပြုလုပ်လိုက်လျှင် သူ့ဘာသာ နောင်တရ၍ သံဃာကို လေးစားလာလိမ့်မည်၊ ထိုအခါ သံဝေဂရ၍ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်လိမ့်မည် ဟုကြိုတင် မြော်မြင်တော်မူလို့မိန့်ခြင်းပါ ... ( အမှန်တစ်ကယ်လည်း ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်   ဆန္ဒ ရဟန်းဟာ ရဟန္တာဖြစ်သွားခဲ့ပါတယ် ) ...။
.
ချစ်သားအာနန္ဒာ ... တစ်စုံတစ်ယောက်သောသူသည် `အချင်းစုန္ဒ သင်၏ ဆွမ်းကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရ၏ ဟု ပြောဆိုလျက ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေ ကောင်း ဖြစ်စေလိမ့်မည်...
ထိုသို့ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ဖြေဖျောက်ကြရမည်…`ဒကာ စုန္ဒ… သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော် မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၇၏။
.
ထို့ကြောင့် သင့်အဖို့ရာ လာဘ်ကောင်းလေစွ၊ အရကောင်းလေစွ။ 

ဒကာစုန္ဒ…. မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ကြားနာရ ခံယူလိုက်ရ၏။
အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ…. အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက်
အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။
အဘယ်နှစ်မျိုး တို့နည်း ဟူမူ-
.
(၁) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ ဤဆွမ်းလည်းတစ်မျိုး၊ (သုဇာတာ ၏ ဃနာ နို့ဆွမ်း သူကတော့ ဘုရားဖြစ်တော်မူစေသော ဆွမ်း )
.
(၂) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော= အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏၊ ဤဆွမ်းလည်း တစ်မျိုး၊
( ရွှေပန်းတိမ် သည် ၏ သားစုန္ဒ၏ ဆွမ်း ၊ နောက်ဆုံး ၀ဋ်ကြွေး ကိုကျေစေ၍ ပရိနိဗ္ဗာန် စံဝင်နိုင်စေသော ဆွမ်း လို့မှတ်ရမှာပါ ..။ )

စသည် ဆွမ်း နှစ်မျိုး တို့သည် ... အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်း တူမျှ ၍ အကျိုး ၀ိ ပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ ဟူသည် ဤဆွမ်းတို့ပင်တည်း ဟု စုန္ဒကိုချီးမွမ်းကြကုန်။

.
ချစ်သား ရဟန်းတို့ .... အသင်တို့တွင် တစ်ဦးဦးက ဗုဒ္ဓ ဓမ္မ သံဃာ မဂ်အကျင့်တို့၌ ယုံမှား သံသယ ဖြစ်နေ လျှင် မေးလျှောက်ကြလော့ 
ငါဘုရားစံလွန်မှ ဘယ် အချက်ကလေးကို မမေးလိုက်မိဟု နောင်တမရကြလင့် ...
ဟုမိန့်တော်မူရာ ...
.
✔ ✔ အားလုံးဆိတ်ဆိတ်နေကုန်ကြ၏ ... ဗုဒ္ဓက ဒုတိယအကြိမ် ....
ငါဘုရားကို လေးစားသဖြင့် ကိုယ်တိုင် မမေးလိုကြလျှင် အနားမှာရှိသော ရဟန်း တစ်ပါးပါးကို အမေးခိုင်းကြ ... ဟု ထပ်မံ ခွင့်ပြုတော်မူပြန်၏ ...
.
အားလုံး တိတ်တိတ်ပင် နေကြသဖြင့် အရှင် အာနန္ဒာက 
★  တစ်ပါးတလေမျှ ယုံမှားသံသယ ရှိမည်မဟုတ်ပါ အသျှင်ဘုရား .... ဟု လျှောက်၏ ....
.
ညီဘွားအာနန္ဒာ ....
သင်သည် ငါဘုရားအား ကာယ ၀ဇီ မနောကံတို့ဖြင့်ကောင်းမွန်စွာပြုစုခဲ့၏ ... ငါကျေနပ်၏ ... 
သင်သည် ကုသိုလ်ကောင်းမှုကိုများစွာပြုခဲ့ပြီးလေပြီ ကမ္မဌါန်းအားထုတ်ရစ်လော့ ... လျှင်မြန်စွာရဟန္တာဖြစ်ပေလိမ့်မည်။
ငါဘုရားသည် သမ္မာ သမာဓိဖြင့် နိဗ္ဗာန်လမ်းကို ရှာဖွေခဲ့ပြီးလေပြီ ...
သင်တို့အားလုံးလဲ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပေလိမ့်မည် ...
မဂ္ဂင်ရှစ်ပါးတရားကို ကျင့်ကြံပွားများကြကုန်လော့ ... 
သီလ သမာဓိ ပညာ စသော သိက္ခာ သုံးပါးကို သတိတရား မြဲစွားထားပြီးပွားများကြကုန်
ဒီနောက် ... ဗုဒ္ဓက ညာလက်မြှောက် ဆုမွန်ပေးတော်မူပြီး အနားယူနေတော်မူပါတယ် ...
. 
✔ ✔ ဒီလိုနဲ့ ... အရုဏ်တက်ဖို့ အချိန်လည်း တော်တော်နီးလာလေပြီ ... အသက်ရှုသံပင်မကြားရလောက်အောင် အားလုံးတိတ်ဆိတ်ငြိမ်သက်လျှက်  .... ဗုဒ္ဓရဲ့တိုးညှင်းသောအသံ ထွက်ပေါ်လာပါတယ် ....
.
ရဟန်းတို့ ယ္ခုအခါ အကျဉ်းအားဖြင့်သင်တို့အားငါမှာထားအံ့ ...
ပြုင်၍ ဖြစ်သမျှသော သင်္ခါရတရားတို့သည် 
ပျက်တတ်သောသဘောရှိကုန်၏
မမေ့မလျှော့သော သတိတရားဖြင့်
ပြည့်စုံစေကုန်လော့ ချစ်သားတို့ ....။ 
.
✔ ✔ ဆိုတဲ့ ..... နောက်ဆုံးစကားကို ... မြတ်ဘုရား မိန့်မှာတော်မူခဲ့ပြီး ... ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါတယ် ...။
ဟန္ဒ-ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ .... ။
.
နူးတို့ဗုဒ္ဓဟာ နောက်ဆုံးအချိန်အထိ ... မနားမနေ သတ္တ၀ါအပေါင်းတို့ကို ကယ်တင်တော်မူခဲ့တာပါ ... 
.
ခန္တာကိုယ်သည် ... ငှက်သိုက်ဖြစ်၍ 
မနောစိတ် သည် ငှက်ဖြစ်ပေသည် ....
ငှက်တို့သည် ... အသိုက်ကို  စွန့်ခွာသွားကြသလို 
မနောစိတ်ဟာလည်း ခန္တာကို စွန့်ခွာကြပေမည် ...
စိတ်မနောငှက်တို့သည် သူတို့လိုရာအရပ်သို့သာ 
သံသရာ၌ ရွှင်မြူးကူးခတ် .... သွားပေတော့မည် ...။
.
✔ ✔ မာင်လေးညီမလေးတို့ကလဲ ဒီပိုစ့်လေးကိုဖတ်ပြီး ... ဗုဒ္ဓက သူ့ကိုယ်ပွား ချန်ထားခဲ့တဲ့ တရား အဆုံးအမလေးတွေကို လိုက်နာလို့ .... 
 မောင်လေးညီမလေးတို့ရဲ့ မနောစိတ်ဆိုတဲ့ ဟသာင်္ငှက်လေး ... တစ်ခြားအသိုက်ကို ကူးခတ်သွားမယ့် အချိန်မှာ ... ဘာမှသယ်မသွားနိုင်တောင် .... ဒါနအခြေခံလေးတော့ အနဲဆုံး မိမိနဲ့အတူ ပါသွားအောင် လုပ်နိုင်ကြပါစေ .... သီလ သို့မဟုတ် ဘာဝနာတစ်ခုခုဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ ... နော် ။
.
ချမ်းမြေ့ကြပါစေရှင် ...
.

No comments:

Post a Comment