Tuesday, February 3, 2015

ပစ္စေကဗုဒ္ဓါအကြောင်း


အမ ပစ္စေကဗုဒ္ဓအကြောင်းရှင်းပြပါလား .... ရိုးရိုးရရဟန်းတွေတောင် တရားဟောနိုင်တာ ပစ္စေက ဗုဒ္ဓတွေက ဘာလို့တရားမဟောတတ်ရတာလဲ ... ကျွန်တော်ကတော့ ဒါသဘာဝမကျဘူး လို့ ထင်ပါတယ်အမ ... ပစ္စေကဗုဒ္ဓလဲ ဘုရားပဲမဟုတ်လားအမ ... ။

ဟင် ... မဟုတ်ဘူးမောင်လေး ပစ္စေကဗုဒ္ဓတွေက တရားကဟောတတ်တယ်လေ သတ္တ၀ါတွေကို မင်္ဂ ဖိုလ် နိဗ္ဗာန် ဆိုတဲ့လောကုတ္တရာတရားကို လူတွေသိနားလည်အောင် ဟောပြောနိုင်စွမ်းမရှိတာပါ ...။

ပြီးတော့ ပစ္စေကဗုဒ္ဓနဲ့ သဗ္ဗညုတ ဘုရားရှင်တို့က ...
 ပါရမီ ဆယ်ပါးဖြည့်ကျင့်တော်မူတာ  တူညီကြတယ် 
သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူတဲ့ ...  ဒီနှစ်ချက်တော့ တူညီကြပါတယ် .... 
ဒါပေမယ့် 
ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီပါဘူး
သစ္စာလေးပါးကို သူတပါးသိအောင် ဟောပြောနိုင်မှု မတူညီပါဘူး
ရရှိတော်မူတဲ့ ဉာဏ်တော်ချင်းလဲ မတူညီပါဘူး မောင်လေးရေ
မောင်လေးနားလည်အောင် ... ဗုဒ္ဓ ဆိုတဲ့ သစ္စာတရားဆိုတဲ့ ဥာဏ်အလင်းရရှိသူ သုံးမျိုး အကြောင်းပြောမှ ရလိမ့်မယ် ...

ဘုရားရှင်တွေ အကြောင်းကို ပြောတော့မယ်ဆိုရင် ... ဗောဓိဥာဏ် အကြောင်းကို အရင်ပြောမှ ရမှာမောင်လေးရ ...

ဗောဓိဥာဏ် ဆိုတာက
မဂ်ဥာဏ် 
ဖိုလ်ဥာဏ် 
သဗ္ဗညုတ ဥာဏ်တွေကိုပြောတာ ပါ ...
ဒီဥာဏ်တွေကို ရဖို့ ပါရမီဖြည့်ကျက်ပြီး ကျင့်ကြံကြတဲ့  အလောင်းတော်တွေကိုတော့ ..
ဗောဓိသတ္တ ... လို့ ခေါ်ကြတာပါ ....
.
ဗောဓိဥာဏ် သုံမျိုးရှိပါတယ် ...
( ၁ ) သမ္မာသမ္ဗောဓိ 
( ၂ )  ပစ္စေကဗောဓိ 
( ၃ ) သာဝကဗောဓိ
 တို့ဖြစ်ပါတယ် .... ဒီဗောဓိဉာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့ ဘုရားအလောင်းတော်များကိုလည်း ..
( ၁ ) သမ္မာသမ္ဗောဓိသတ္တ
( ၂ ) ပစ္စေကဗောဓိသတ္တ
( ၃ ) သာဝကဗောဓိသတ္တ

လို့ခေါ်ကြပါတယ် ....  ဒီဗောဓိသတ္တများဟာ ဘ၀အမျိုးမျိုးမှာ
.
✔  ဒါနပါရမီ ... လို့ခေါ်တဲ့ စွန့်လွှတ်ခြင်း .... ( ပစ္စည်း ဥစ္စာ ကိုယ်အင်္ဂါ အသက် )
✔  သီလပါရမီ ... လို့ခေါ်တဲ့ သီလစောင့်ထိန်းခြင်း ... ( ၅ပါးသီလ ၈ပါးသီလ )
✔   နေက္ခမပါရမီ ... လို့ခေါ်တဲ့ လူ့ဘောင်ကာမဂုဏ်ကိုစွန့်တောထွက်ရဟန်းပြုခြင်း ...
✔  ပညာပါရမီ ... လို့ခေါ်တဲ့ လောကီ လောကုတ္တရာ ပညာတို့ကိုဆည်းပူးခြင်း
✔  ၀ိရိယပါရမီ ... လို့ခေါ်တဲ့ မိမိအကျိုး သတ္တ၀ါများ အကျိုးအတွက် လုံ့လ ၀ိရိယ ထက်သန်စွာ ကြိုးစားအားထုတ်ခြင်း 
✔  ခန္တီပါရမီ ... လို့ခေါ်တဲ့ သည်းခံခြင်း တရားနှင့်ပြည့်စုံခြင်း
✔  သစ္စာပါရမီ ... လို့ခေါ်တဲ့ မှန်ကန်ဖြောင့်မတ်စွာပြောဆိုနေထိုင်းခြင်း
✔  မေတ္တာပါရမီ...လို့ခေါ်တဲ့ မေတ္တာတရားကြီးမာခြင်း  အဓိဌာန်ပါရမီ....လို့ခေါ်တဲ့ဆုံးဖြတ်ချက်အတိုင်းဆုံးခန်းတိုင်အောင်ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဥပေက္ခာပါရမီ...လို့ခေါ်တဲ့ဥပေက္ခာတရားနှင့်ပြည်စုံခြင်း....
စတဲ့ပါရမီဆယ်ပါးကို ဖြည့်ကျင့်ပြီး....ပါရမီပြည့်မြောက်တဲ့အခါမှာ..

ရရှိလာတဲ့ ဗောဓိဥာဏ်တော်အလိုက်....
 ၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား 
(အလုံးစုံးကို သိတော်မူတဲ့ဘုရား)  ၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်)  ၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို အဂ္ဂသာဝကဗုဒ္ဓ မဟာသာဝကဗုဒ္ဓ ပကတိသာဝကဗုဒ္ဓ (သက်ရှိထင်ရှား ဘုရား တပည့်သား အရိယာ သာဝကဗုဒ္ဓ သုံးမျိုး )
လို့ ဖြည့်ကျင့်ပြီး ရရှိတဲ့ ဗောဓိဉာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားသွားပါတယ် ... 
.
★  ၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ် သဗ္ဗညုမြတ်စွာဘုရား 
(အလုံးစုံးကို သိတော်မူတဲ့ဘုရား)
.
သဗ္ဗညုမြတ်စွာဘုရားဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ ကတော့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ ဘယ်အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ် လို့ နိယတဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ ....
ပညာကို အဓိကထားကျင့်တဲ့ ပညာဓိက ဘုရားလောင်းဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ 
သဒ္ဓါကို အဓိကထားကျင့်တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင် ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ 
ဝီရိယကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီတော် အထွတ်အထိပ်ကို ရောက်တော်မူတဲ့ အခါမှာတော့ ဆရာမကူပဲ မိမိကိုယ်တော်တိုင်  ထိုးထွင်းပြီး သဗ္ဗညုတဉာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူပါတယ်။ 
အဲဒီလို သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ လောကသုံးပါးမှာ အတုမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညုမြတ်စွာဘုရား)လို့ ခေါ်ဆိုတပါ။ 
.
သဗ္ဗညု မြတ်စွာဘုရားရှင်တို့ကို အတုမရှိ တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။ 
သဗ္ဗညုတဉာဏ်ကိုရရှိတော်မူတဲ့  မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော် တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့နဲ့ သင်တော်တဲ့  သစ္စာတရားနဲ့ ဟောပြော ချေချွတ်တော်မူနိုင်လို့ တာရယိတုပုဂ္ဂိုလ်လို့ခေါ်တာပါ ...။
 ဒီလို သတ္တဝါ ဝေနေယျတွေနဲ့ သင့်တော်မယ် တရား ကျွတ်တန်းဝင်နိုင်တဲ့ တရားကိုသိပြီး  သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတ ဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အနှိုင်းမဲ့ ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင်သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်း ဖြစ်ပါတယ်။ 

★  ၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ် ....  ပစ္စေကဗုဒ္ဓ (ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်) 
ပစ္စေကဗောဓိသတ္တခေါ် ပစ္စေကဗုဒ္ဓါ အလောင်းအလျာတွေ အနေနဲ့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိတ်ကို ရောက်တဲ့အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ 
အဲဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်) လို့ ခေါ်ဆိုတာ ဖြစ် ပါတယ်။ 
.
ပစ္စေကဗုဒ္ဓါတို့ကိုတော့ တရိတပုဂ္ဂိုလ် (မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်နိုင်ပြီး သူတပါးတို့ကို သံသရာမှ ထုတ်ဆောင်ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။
.
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလ မျိုးမှာ ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြား သာသနာပ ကာလမှာပဲ ပွင့်တော်မူကြပါတယ်။ 
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေလို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတပါး ကိုလည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ပြီး သူတပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ 
မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမယ့် အဲဒီ မဂ်ဖိုလ် နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ တရားကို နာမပညတ်တင်ကာ သူတပါးတို့သိအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။
.
ပစ္စေကဗုဒ္ဓါ တွေက ရဟန်းပြုချင်ကြတဲ့ သူတပါးတို့ကို ရဟန်းပြုပေးပြီး အာဘိသမာစရိက လို့ခေါ်တဲ့ ရဟန်းတွေနေထိုင်စားသောက်ပုံ ကျင့်ဝတ်ကိုသာ သင်ကြားပေးတော်မူနိုင်ပြီး နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြောပြသတော် မမူနိုင်ကြပါဘူး။ 
.
ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာသိပြီး သူတပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စားဘုရား၊ ဘုရားငယ်လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။  
.
ဒါကြောင့် အဋ္ဌကထာ ဆရာတွေက ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားသိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယကို စကားမပြောတတ်သူ အိမ်မက်မက်ခြင်းနဲ့တူတယ်လို့  ဥပမာပေး ပြောဆိုကြပါတယ် ။ 

★  ၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို အဂ္ဂသာဝကဗုဒ္ဓ မဟာသာဝကဗုဒ္ဓ ပကတိသာဝကဗုဒ္ဓ (သက်ရှိထင်ရှား ဘုရား တပည့်သား အရိယာ သာဝကဗုဒ္ဓ သုံးမျိုး )
သာဝကဗောဓိသတ္တခေါ် သာဝကဗုဒ္ဓ အလျောင်းအလျာတွေ အနေနဲ့ .... 
.
အဂ္ဂသာဝကလောင်း 
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမေဂ္ဂလာန် .... တို့လိုမျိုး ဆိုရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊
.
မဟာသာဝကလောင်း 
အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာ .... စတဲ့ မဟာသာဝက မထေရ်ကြီးတွေလိုမျိုး ဆိုရင် ကမ္ဘာတစ်သိန်း၊
.
ပကတိသာဝက (သာမန်အရိယာ သာဝကမျိုး) 
ဆိုရင် ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်စတဲ့ ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်ရပါတယ် ..... 
.
ပါရမီပြည့်မြောက် တဲ့ အခါ မှာတော့ .... သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ သဗ္ဗညုမြတ်စွာဘုရား တစ်ဆူဆူရဲ့ အကူအညီနဲ့  မဂ်ဉာဏ်လို့ခေါ်တဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ 
အဲဒီလို သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
.
ဒီမထေရ်ကြီးတွေရဲ့ထူးခြားချက်ကတော့ ပါရမီဖြည့်ကျင့်ပြီး အမြင့်ဆုံးရောက်တဲ့အခါ ဆရာမရှိဘဲနဲ့ သစ္စာလေးပါးကို မသိနိုင်ပါဘူး သဗ္ဗညုတ မြတ်စွာဘုရား တစ်ပါးပါး အကူအညီနဲ့သာ သစ္စာလေးပါး ကိုသိနိုင် မဂ်ဖိုလ်ရနိုင်ပြီး
သူတစ်ပါးကိုလည်း ဆရာသင်ပြတဲ့တရားတွေနဲ့  ဟောကြားနိုင်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရအောင်ပြုလုပ်နိုင်တဲ့ မထေရ်ကြီးတွေဖြစ်ပါတယ် ။
.
ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေအတွက် ပြောတာဖြစ်ပါတယ်။ 
ဆုမပန်ဘဲ သာမာန် ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်တဲ့ ရဟန္တာတွေကတော့ အချိန်တိုင်း ရှိတတ်ပါတယ် .... 
ဒီရဟန္တာ သူမြတ်တွေ အတွက်ကတော့ သီးသန့်သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာ ကာလ အတိအကျ မရှိပါဘူး။
.
သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား သာဝကတွေကို တာရိတပုဂ္ဂိုလ် (အထုတ်အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်) လို့ ခေါ်ပါတယ်။ 
.
ဗုဒ္ဓဆိုတဲ့အဓိပါယ်က သစ္စာတရားကို သိမြင်ခြင်းလို့အဓိပ္ပါယ်ရပြီး  သာဝကဗုဒ္ဓ ဆိုတာကတော့ သစ္စာ တရားကို သိမြင်တဲ့ ဘုရားတပည့် သာဝကကြီးများလို့ ဆိုလိုတာ ဖြစ်ပါတယ်။ 
.
အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿ  ...ပရိဗိုဇ်ဟာ အရှင်အဿ ....ဇိ မထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကိုထောက်ပြီး တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်လည်း သူတပါးတို့ကို ကယ်တင်တော်မူတတ်တဲ့ (တာရယိတု) ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါတယ်။ 
.
တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင်ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန်မပါဘဲ ကိုယ်တိုင်သီးခြား နည်းနဲ့ သိမြင်ပြီး  ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာသာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။

ကဲ ... မောင်လေးညီမလေးတို့တစ်တွေကရော ... 
ဒီတိုင်းပဲမေ့လျှော့နေကြပြီး ၃၁ဘုံက ဖြစ်ရာ ဘ၀မှာပဲ ကျင်လည်ကြမှာလား ...
ကုသိုလ်မျိုးစေ့လေးတွေ အဆင့်ဆင့်ချ  ပါရမီဖြည့်ကျင့်ပြီး ပါရမီစဉ်အတိုင်း သွားမှာလား .... 
ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုယူပြီး ဒီဘဝကစလို့ ဘဝနာအလုပ် အားထုတ်ရင်း ဘ၀အဆက်ဆက် သာသနာတော်ဝင်ဖြစ်စေကြောင်း ဆုတောင်းကျင့်ကြံလို့ ကိလေသာကင်းရာ နိဗ္ဗာန်ကို မြန်သထက်မြန်အောင် ကူးခတ်ကြမှာလား ...။
အွန်လိုင်းတက်ပြီး ဆန့်ကျင်ဘက်လိင်တွေနဲ့ အာသာဖြေ ကစား .... ရံခါ ဆဲဆို အကုသိုလ်တွေများ  ပြီး အပါယ်လေးဘုံကိုပဲ သွားမှာလား .... 
မိမိသွားရမယ့်လမ်းကို မိမိကိုယ်တိုင်ဖောက်ရမှာဖြစ်သလို ... ကိုယ်သွားမယ့်ဘုံဟာ ကိုယ်ပိုင်ရွေးချယ်မှု ပါလို့ပြောရင်း ..... အချိန်မနှောင်းခင် ..... 

မနာပဒါယီဆရာတော်အ၇ှင်ဝိစိတ္တတရားတော်များမှကိုးကားပါတယ်ရှင်...
.
ချမ်းမြေ့ကြပါစေရှင် .... 
.

No comments:

Post a Comment