Saturday, May 10, 2014

သတ္တ၀ါ



မောင်လေး သက်ဝေဖြိုးမေးထားတာပါ ..... အားလုံးလဲသိသင့်တယ် ထင်လို့ ချတ်ဘောက်မှာဖြေရမယ့်အစား ... ပိုစ့်တင်ပေးတာပါ ....။

★ အမ …. မေးစရာရှိတယ်ဗျို့

★ ★ မေး

★ စကြာဝဠာအနန္တအတွင်းမှာ ရှိတယ့် သတ္တ၀ါအနန္တရဲ့ အရေအတွက်ဟာ ကိန်းသေလား။ တိုလားသလား။ ဒါမှ မဟုတ်လျှော့နည်းသွားတာလား။

★ ★ အနန္တလေ

★ အနန္တဆို မရေတွက်နိင်တာကိုပဲပြောတာ … တိကျတယ့် အတိုင်းတာ ပမာဏတော့ ရှိပြီးသားပဲကို မဟုတ်ဘူးလား။ တရားတပုဒ် ထည်းမှာ ဥပမာ ပြထားတယ်

ယုဇနာ ၅၀၀ အနားတဖက်စီ ကျယ်တယ့် ကန်းကြီးထည်းက မုန့်ညှင်းစေ့တွေ ဖြည့်ထားသလို သတ္တ၀ါတွေက လောကကြီးမှာ ပြည့်နေတယ်တဲ့။ မရေတွက်နိင်အောင် များပြားတယ် ရေးထားပါတယ်။

အဲသတ္တ၀ါတွေ ထည်းမှာ အရေတွက်အားဖြင့် ယှဉ်လျှင် အနည်းကျဉ်းလောက်ပဲက နိဗန် ရောက်ကြတယ်တဲ့ ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်တယ်။

ဥပမာပေါ့ ကမ္ဘာပေါ်မှာရှိတယ့် သမုဒ္ဒယာကြီး ၄ ဆင်းက ရေတွေဟာ အရမ်းများပါတယ်။ အဲများပြားလှတယ့် ရေတွေထည်းက နေပြီးတော့ တစ်နှစ်လျှင် ရေစက်လေး တစ်စက်စာ ပမာဏရှိတယ် ရေလေးဟာ အာကာသထည်းကို လွင့်စင်ဆုံးရှုံးနေတယ်ဆိုပါစို့...
ရေစက်လေး တစ်စက်ရယ့် ပမာဏဟာ မများပြားဘူးဆိုတာမှန်ပါတယ်။

ဒါပေမယ့် အဲဒီလိုပဲ အမြဲဆုံးရှုံးသွားမယ်ဆိုရင် တနေ့နေ့ တချိန်ချိန်မှာတော့ သမုဒ္ဒရာ ကြီးထည်းမှာ ရေတွေအားလုံးကုန်သွားမယ်ဆိုတာ သေချာပါတယ်။ အဲဒီအချိန်ကျရောက်ဖို့ အရမ်းကြာချင်ကြာလိမ့်မယ်။

ဒါပေမယ့် ကုန်သွားမှာပဲ မလား။ အဲဒီကုန်သွားတယ့် အချိန်ကို ကျွန်တော့တို့ မမှီနိင် ပါဘူး... ဒါပေမယ့် ကုန်သွားမယ်ဆိုတာ ကြိုသိနိင်တယ် မလား.....အဲအကြောင်းပြချက်က ယုတ္တိရှိတယ်မလား။

အဲဒီလိုပဲ စကြာဝဠာ အနန္တမှာ ရှိနေတယ့် သတ္တ၀ါတွေ ကို သမုဒ္ဒရာ ကြီးလိုသဘောထား။ အာကသထည်းကို လွင့်စင် ဆုံးရုံးသွားတယ့်ရေစက်ကလေးကို နိဗါန် ရောက်သွားတယ့် အရေတွက်လို့ မှတ်ကြည့်ကြမယ်။

ဒီအတိုင်း ဆိုရင် ဆက်ပြီးသွားမယ် ဆိုရင် မှန်းဆလို့ မရနိင်အောင် ဝေးကွာလှတယ့် တနေ့မှာ လောကကြီးမှာ သတ္တ၀ါတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားလိမ့်မယ်။

သံသရာလောကကြီးက အမြဲတည်မြဲတယ် ဆိုတယ့် ယူဆရင် အဲလိုတည်မြဲဖို့ အတွက် အသစ်သစ်သောသတ္တ၀ါတွေက အဲလျော့နည်းသွားတယ့် နိဗါန်ရောက်သွားတယ့် အရေတွက်ကို အစားထိုးဖို့ အသစ်တွေ ဖြစ်ပေါ်နေရမယ်။

အဲဒါကြောင့် အမ ကို မေးကြည့်တာလေ... အမ ဘယ်လိုယူဆလဲဆိုတာ.....

အနန္တသတ္တ၀ါတို့ရဲ့ အရေတွက်ဟာ ကိန်းသေလား။ လျှော့နည်းနေတာလား။ တိုးပွားနေတာလား။ ဆိုတာ.....

အနန္တ ဟူသော အဖြေဆိုရင်တော့ နားမလည်နိင်စရာ ဖြစ်ပါလိမ့်မည်။

အဖြေဟာ သုံးခုထည်းက တစ်ခု ဖြစ်ရမယ်။ ကိန်းသေလား.... တိုးနေတာလား.. လျှော့သွားတာလား တစ်ခုခုပေါ့။

မရေတွက်နိင်အောင်များပြားတာကို အနန္တလို့ ပဲခေါ်ပါတယ်။ ဒါပေမယ့် အနန္တဟာ လူသာမန်တွေမရေတွက်နိင်လို့သာ အနန္တလို့သတ်မှတ်ထားတာမဟုတ်လား။
သူ့မှာ တိကျတယ့် အတိုင်းတာ အရေတွက် ပမာဏကတော့ ရှိပြီးသားပါ။

★ ★ နိုး … မောင်လေးက ကိန်းသေ တွက်ထားသလိုပဲ ….. ဆိုကရေးတီးက … အင်ဖန်နတီဆိုတာကို လွန်ခဲ့တဲ့ နှစ် ၅၀၀ မတိုင်ခင်ကမှ … သိလာတာ …။

အင်ဖန်နတီဆိုတဲ့ စကားကို ဗုဒ္ဓက … ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၆၀၀ ) လောက် ကတည်းက ဟော ခဲ့တာ…

သင်္ချာ ဘာသာ ပြီးတော့ တွက်ချက်တာပါတဲ့ ဘာသာအားလုံးမှာ အင်ဖန်နတီဆိုတာ ရှိတယ် မောင်လေး …

၂၀ ကို ၆ နဲ့ စားကြည့်လေ …. ဒီတော့ အမတို့က Infinity သဘောတရားကို မပစ်ပယ်သင့်ဘူး။

((( ယုဇနာ ၅၀၀ အနားတဖက်စီ ကျယ်တယ့် ကန်းကြီးထည်းက မုန့်ညှင်းစေ့တွေ ဖြည့်ထားသလို သတ္တ၀ါတွေက လောကကြီးမှာ ပြည့်နေတယ်တဲ့။ ))) မောင်လေး ပြောတဲ့ ကန်ကြီးထဲမှာ အင်ဖန်နတီ (Infinity ) ကိုထည့်သွင်း ဆင်ခြင် လိုက် …အဲ့တာမောင်လေးလိုချင်တဲ့ အဖြေပဲ …။

★ စိတ်ညစ်နေပြီလား ခဏခဏ ခေါင်းလာစားလို့

★ ★ ညစ်ပါဘူးး

★ အားတော့ နာပါတယ် ဒါပေမယ့် ကျွန်တော့် တာဝန်က မေးရမှာပဲ
စိတ်ထည်းကတော့ မေတ္တာတွေပို့နေလောက်ပါပြီ ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး။
နောက်တစ်ခု.. စဉ်းစာမိတာ အမ ဟိုနေ့က ရေးတယ့် ဓါတ်၆ ပါးအကြောင်းကို
အမ ရေးထားတာလေးတွေ့တယ်

★ ★ အင်း

★ အတိုချုပ်ပြောရ ရင်တော့ ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင်
ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိတယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့
ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား ....။

★ ★ မောင်လေးရေ .... အမက အဘိဓမ္မာကို ... အခြေခံတောင် မလေ့လာဘူးသေးပါဘူး ... ခုမှ လေ့လာဖို့ ဆရာတော်တွေနဲ့ အကိုတော်တွေကို အကူအညီတောင်းထားတုန်းပါ .... ဒီတော့ အဘိဓမ္မာနဲ့ပတ်သက်တာဆို ... ပြောင်ပြောင် ( မင်းကန်စီ ) ကိုမေးရင် ပိုသင့်တော် ပါလိမ့်မယ် .... အမသိသလောက်ရှင်းပြရရင် .....

သတ္တ၀ါဆိုတာ …. သတ္တ + အာဝါသ ဆိုတဲ့ ပါဋိစကားကလာတာပါ
သတ္တ ဆိုတာကတော့ …. ၃၁ ဘုံမှာ ကိလေသာဆိုတဲ့ တပ်မက်မှု တဏှာ အစေးနဲ့ မလွှတ်နိုင်အောင် ငြိကပ်တွယ်တာတတ်ကြတဲ့ သူတွေကို သတ္တလို့ခေါ်ပြီး ….

အာဝါသဆိုတာကတော့ …. နေရာဌာနကိုတော့ ခေါ်တာပါ ….

ဒီတော့ သတ္တ၀ါဆိုတဲ့ အဓိပါယ်ဟာ …. ကိလေသာမှ မလွတ်ကင်းနိုင်သူများ ရဲ့ နေရာ ဌာနလို့အဓိပါယ်ရတာပေါ့ ….

လူ့ဘုံ … နတ်ဘုံ … အားလုံးကိုခေါ်တာပါ …
တိရိစ္ဆန်တို့မှာတော့ သူတို့နေရာလေးဟာ သူတို့ရဲ့ အာဝါသပါ ...

တခုတော့ရှိပါတယ် …. ရဟန္တာတွေက တဏှာတော့မရှိတော့ဘူး ၃၁ဘုံကို မတွယ်တာ တော့ဘူး … ဒါပေမယ့်တင်စားသော ရုဠှီနည်း အားဖြင့် သတ္တဝါလို့ခေါ်နိုင် ပါတယ် …

ဥပမာ ငယ်ငယ်တထဲက ၀ဲပေါက်သူတစ်ယောက်ကို …၀ဲထူလို့ခေါ်နေကြရာကနေ … ကြီးလာတော့လဲ … ၀ဲမပေါက်တော့မေမယ့် ..ခေါ်နေကျအတိုင်း …၀ဲထူလို့ခေါ်မိနေတာပေါ့ … ဒါမျိုးကို ရုဠှီနည်းလို့ခေါ် ပါတယ် ..။

ဘုရားက လွှဲရင် အားလုံးကို သတ္တဝါလို့ သုံးပါတယ် တစ်ယောက်ချင်းအတွက်တော့ ကိုယ့်ကိုယ်ကိုလည်း ကိုယ့် သတ္တဝါသပဲ ...

အထွတ်အမြတ်ထားသော ဘုရားမှတစ်ပါး တဏှာ မရှိတော့တဲ့ ရဟန္တာကိုတောင် သတ္တ၀ါလို့ ခေါ်သေးတာ …ကျန်တာအားလုံးကိုသတ္တ၀ါလို့ခေါ်တာပေါ့ ….

★ ★ ပြီးတော့ အသညသနဲ့ အရူပဘုံသားတွေဟာ … အယူမှားပြီး အဲ့ဘုံကို ရောက်ကုန်ကြရတာ … သူတို့တွေက ဈာန်ရပြီး …

သြော် …လောကမှာ စိတ်ဆိုတဲ့ … နာမတရားသာမရှိရင် … ဘယ်လောက် ဒါဏ်ရာ ..အနာတွေကိုယ်မှာရနေပါစေ … မဆင်းရဲနိုင်ဘူးလို့ အယူမှားသွားတဲ့ သူက …
ရုပ်မရှိတဲ့ … အသညသဘုံကိုရောက်တော့တာ …

ဒီလိုပဲ …ရုပ်သာမရှိပါစေ … ငါ့မှာ ဘာဝေဒနာမှ … ဘာေ၇ာဂါမှ မဖြစ်တော့ ဘူး ချမ်းသာ လေစွလို့ …. အယူမှားတဲ့ သူတွေကတော့ … အရူပ ဘုံကိုရောက်ေ၇ာ …

သူတို့က ရူပ အရူပဆိုတဲ့ ကုသလိုလ်ဆိုတဲ့ ကံကြောင့်ဖြစ်တာ … ကံကုန်တာနဲ့ လူတွေလိုပဲ …ပြန်ပြီးလည်ရတာ …

သိတ်တတ်ကြတာလေ … ဒါကြောင့် သူတို့အတတ်နဲ့ သူတို့စူး … အဲ့ဘုံတွေရောက်ပြီး … ဘုရားနဲ့ လွဲ လွဲနေတတ်ရော … တရားနာလို့ ဘုရားလှူလို့မှမရတာကို …
ဒါကြောင့် မရောက်သင့်တဲ့နေရာ ရပ်ပြစ်ရှစ်ပါးထဲ သူတို့ဘုံတွေထည့်ထားတာ ….

★ ★ ဗြဟ္မာဘုံတွေမှာ … သုဒ္ဓါဝါသ ( ၅ ) ဘုံကတော့ … အရိယာတွေချည်းနေလို့ သူတော်စင်တွေ နေတဲ့ … စင်ကြယ်တဲ့ … မြတ်သောဘုံ ( အရိယ ဘ၀ဂ္ဂ ) လို့ခေါ်တယ်။

ဒိထက်မြတ်တဲ့ ဘုံဖြစ်တဲ့ …. ဟိုး အထက်ဆုံး နေ၀သည နာသညာ ယတန ဘုံကတော့ …အမြင့်ဆုံး … အမြတ်ဆုံးဘုံဖြစ်လို့ … သဗ္ဗဘ၀ဂ္ဂ (သဗ္ဗဘ၀ဂ် ) လို့ခေါ်တာပေါ့ …။

နောက်တစ်ခုက …. သတ္တ၀ါတွေမှာ … အကြမ်းအားဖြင့် ….
ကမ္မဇရူပ
ဥတုဇရူပ
စိတ္တဇရူပ
အာဟာရဇရူပ ……
စတဲ့ အသီးအပွင့် သွေးသားစတဲ့ရုပ်ကို ဖြစ်စေတဲ့အကြောင်းတရား ၄မျိုးရှိရာမှာ ...

သစ်ပင် တွေမှာကတော့ ...

စိတ္တမရှိ စိတ္တဇရုပ်မရှိ
စိတ်လည်း မရှိလို့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လည်းမရှိပါဘူး

ကမ္မ မရှိ ကမ္မဇရုပ်မရှိ
ကာယ ၀ဇီ မနော စတဲ့ ကံတွေ မရှိတဲ့ အတွက် …. ကံကြောင့်ဖြစ်သောရုပ်မရှိ ပါဘူး …

ဥတုရှိ တဲ့အတွက် တုဇရုပ် နဲ့
အာဟာရရှိတဲ့ အတွက် အာဟာရဇရုပ် ရှိပါတယ် ….

ဒါကြောင့် သစ်ပင်တွေကို သတ္တ၀ါလို့မခေါ်တာပေါ့ ….

ကဲ ဒါဆို …ငါ့မောင်လေးက ရူပ အရူပ ဗြဟ္မာ နဲ့ သစ်ပင် ခွဲတတ်ပြီပေါ့နော် ….

( အကိုတော် ဆရာတော် အရှင် ဥာဏိသရ Ashin Nanissara ကိုဦးတင်လျှက် )

ချမ်းမြေ့ကြပါစေရှင် ....

Comments ..... 
မင်းကန် စီ
အနန္တ ဆိုတဲ့ အယူအဆမှာညီအစ်ကိုတော်တွေးသလို ကျနော်တို့လည်း တွေးဖူးတယ်... ဧရာမပုပ်တောင်းကြီးထဲ မုန်ညင်းစေ့တွေထည့် တစ်လုံးစီယူပစ်.... တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အဲ့ဒီမုန်ညင်းစေ့တွေ ကုန်ကိုကုန်သွားရမယ်.... ဒါဆို တို့တတွေလည်း ဘာမှလုပ်မနေနဲ့ တစ်ချိန်ချိန်ကျွတ်တဲ့စာရင်းထဲ ပါကိုပါမှာပဲ လို့လေ....
ဒါပေမယ့် မြတ်စွာဘုရားဟောတော်မူခဲ့တာ စကြာဝဠာအနန္တပါ ထပ်ပါသေးတယ်လေ.... မယ်လုဆိုတဲ့ ဒေါ်အိုဇာကြီးပြောသလို အင်ဖနတီမှာ အင်ဖနတီထပ်မြောက်ပေါ့.... ဟုတ်ကဲ့လား.... ဒါဆို စကြာဝဠာတစ်ခုချင်းမှာ သတ္တဝါအနန္တ... စကြာဝဠာအနန္တက သတ္တဝါအနန္တ...........
ဘယ်မှဆုံးနိုင်ပါလိမ့်..........................
 ((( အတိုချုပ်ပြောရ ရင်တော့ ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင်
ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိတယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့
ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား ....။)))

ဒီနေရာမှာ မရှိတာနဲ့ ခဏရပ်နေတာနဲ့ ကွာသွားပါတယ်... ရုပ်သာရှိ နာမ်မရှိတဲ့ ဗြဟ္မာတွေနဲ့ နာမ်သာရှိ ရုပ်မရှိတဲ့ဗြဟ္မာတွေမှာ ရုပ်ဖြစ်စဉ် နာမ်ဖြစ်စဉ်တွေဟာ မရှိတာမဟုတ်ဘူး... ခေတ္တခဏ ဈန်တန်ခိုးနဲ့ ရပ်တန့်သွားတာပါ... ဈန်ကုသိုလ်ကုန်ချိန်မှာ သူတို့မလိုချင်ခဲ့တဲ့ ရုပ်တွေ နာမ်တွေဟာ သူတို့အလိုကိုမလိုက်ဘဲ အနတ္တ အစိုးမရဆိုတဲ့ သဘောတရားအတိုင်း ပြန်လည်ပေါ်ပေါက်လာရမှာပဲဖြစ်ပါတယ်... ဖယောင်းနဲ့ မီးဆာရှိနေရင် မီးနဲ့မတွေ့ခင်သာ မီးတောက်မစွဲသေးဘဲ မီးနဲ့တွေ့ရင် မီးတောက်စွဲကို စွဲရမှာ သဘာဝပါ.... သတ္တဝါရယ်လို့ ဖြစ်လာပြီး ကံကပြစ်ချရာမှာ ကျင်လည်နေရကတည်းကိုက လောင်စာအပြည့်နဲ့ပါ.... မီးနဲ့မတွေ့သေးလို့ အေးချမ်းနေတာပါ... ကိလေသာလောင်စာတွေ မဖယ်နိုင်သေးသမျှတော့ တစ်နေ့နေ့တစ်ချိန်ချိန် မီးနဲ့တွေ့ရင် လောင်ကိုလောင်ရဦးမှာပါ.... ကိလေသာလောင်စာတွေကို အကုန်အစင်ပယ်ရှင်းနိုင်မှသာလျှင် အမှန်တကယ် ရုပ်နာမ်ချုပ်ငြိမ်းတဲ့ အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာဖြစ်ပါတယ်....
အဆိုပါ ဗြဟ္မာတွေဟာ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းမဟုတ်ပါမူဘဲ ခေတ္တခဏသာ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်.... သစ်ပင် တော တောင် ဆိုတဲ့ သြကာသလောကနဲ့ လားလားမျှမဆိုင်တဲ့ သတ္တလောကသားတွေဖြစ်တဲ့အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရုပ်နာမ်အစုံနဲ့ နေရင်းဌာန အပါယ်လေးဘုံကို မလွဲမသွေ ပြန်ရဦးမှာပါ....

အဲ့သလို လောကသုံးပါးကို ခွဲခြားသိမြင်နိုင်တဲ့ လောကသုံးပါးမှာ အတုမရှိတဲ့ တစ်ဦးတည်းသော မဟာလူသား သဗ္ဗေညုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတုမရှိသဗ္ဗေညုဥာဏ်တော်ကြီးနဲ့ လောကသုံးပါးကို ခွဲခြားဟောပြောခဲ့လို့သာလျှင် ကျနော်တို့ ယခုလိုသိနိုင်ခြင်းဖြစ်ပါတယ်... သာသနာပမှာဆိုလျှင်တော့ ညီအစ်ကိုတော်ရဲ့ ယခုအမြင်မျိုးဟာ ဘုရားတစ်ဆူတောင် လုပ်လို့ရနိုင်တဲ့အမြင်မျိုးပါ... ခပ်တည်တည်နဲ့ ဖိန့်ဖိန့်ပေါ့လေ.. သင်္ခါရလောက သြကာသလောက သတ္တလောကဆိုပြီး လောကသုံးပါးကို ခွဲခြားသိမြင်တာ အတုမရှိ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတော်ပါ...။
  (((Cos Mos ဝေနေယျဆိုတာ တရားဟောရင်ကျွတ်မဲ့သူ သတ္တဝါဆိုတာက တရားဟောပေးသော်လဲ မကျွတ်နိုင်သူလို့သိထားပါတယ် အမသိတာနဲ့မတူဘူးဖြစ်နေတယ် ရှင်းပြပါလား)))

ဟုတ်ကဲ့ အဲ့ဒီအယူကတော့ အခုမြန်မာပြည်မှာ တော်တော်လေးခေါင်းထောင်နေတဲ့ ပစ္စုပ္ပန်ကမ္မဝါဒီအယူနဲ့ တော်တော်လေးဆင်နေတယ်ဗျ.... သတ္တဝါဆိုတာ ကိလေသာရှိနေသူ ဆိုပီး ယူတာလေ....
ထေရဝါဒအယူမှာတော့ သတ္တဝါဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို မူလဘူတပိုင်ဆိုင်ထားသူလို့ ဆိုလိုပါတယ်.... ကျနော်တော့ အဲ့သလိုပဲ သဘောပိုက်မိတယ်ဗျာ..
 Sa Nay Thar
ကျနော်ကတော့ ရုပ်ပဲ ရှိ ဗြဟ္မဘုံ နာမ်ပဲရှိတဲ့ဗြဟ္မဘုံ ကို ကက်ဆက်နဲ့ ကဒ်ဆက်ခွေလိုပဲ မှတ်ထားလိုက်တယ်...ဒိဋ္ဌိဆိုတဲ့ ဘတ်ထရီ ကို မဖြုတ်ပဲ ဘ၀ကို လိုချင်တဲ့ တဏှာခလုတ်ကို လည်းမပိတ် သီချင်းမလာစေချင်လို့ ဘ၊လုပ်ရမယ်ဆိုတာ မသိတာကြောင် ခွေ ဆံ ထုတ်ထားမိတဲ့သဘောပဲ...လို့ပဲ မြင်တယ်ဗျာ...မဟုတ်လည်းပြန်ရှင်းပေးဦးဗျ...
 မင်းကန် စီ သူတို့က ခွေဆံထုတ်ထားလိုက်နိုင်တာမဟုတ်ဘူးဗျ.... Pause ဖမ်းထားလိုက်တာဆို ပိုမှန်မယ်.... ဒါတောင် ခလုပ်နှိပ်တာမျိုးမဟုတ်ဘဲ timer နဲ့ဖမ်းလိုက်တာမျိုးပေါ့... သတ်မှတ်ချိန်ပြည့်ရင် ပြန်ကိုမြည်လာမှာ မလွဲမသွေပါပဲ ....။

Saturday, May 3, 2014

ဗြ ဟ္မာ ဘုံ ( ၂၀ )



ဗြဟ္မာ

မင့်မြတ်သော ဈာန် သမာပတ်များဖြင့်ပြည့်စုံပြီး  ဗြဟ္မ၀ိဟာရတရားလေးပါးကို စောင့်ထိန်းသော သူများကို ဗြဟ္မာ ဟုခေါ်သည်။

ကာမဂုဏ်အာရုံ နဲနိုင်သမျှ နဲမှသာ ဈာန်စသည့်တရားများ ရရှိနိုင်ပြီး  ဗြဟ္မာဘုံ (၂၀)
(((( ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ ၊ ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊ နေဝသညာနာသညာယတန )))) သို့ရောက်ရှိနိုင်ပါတယ်။

( ၃ ) ရူပါဝစရဘုံ ( ၁၆ ) ဘုံ
( ၄ ) အရူပါဝစရ ( ၄ ) ဘုံ   ဆိုပြီးဗြဟ္မာဘုံ ( ၂၀ ) ကို - ၂ ပိုင်း ခွဲခြားထားပါတယ်။

ရူပဗြဟ္မာဘုံ( ၁၆ ) ဘုံ 

ရူပဗြဟ္မာ

ဤရူပဗြဟ္မာ များသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားစွာနေကြသည်။
ယောင်္ကျား မိန်းမ(ဖိုမ) အင်္ဂါများမရှိပေ။
သို့သော် ပုံသဏ္ဍာန်မှာ ယောင်္ကျားပုံ ဖြစ်သည်။
ဗြဟ္မာများ နေထိုင်ပုံမှာ ယောကီကြီး များ နေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။
အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသောဗြဟ္မဝိဟာရတရားလေးပါးကို ပွားများနေကြသည်။
အချို့ကား ဈာန် သမာပတ် ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။ ၄င်းဘုံတွင်

( ၁ ) ပထမဈာန် ( ၃ ) ဘုံ
   ၁ … ဗြဟ္မပါရိသဇ္ဖာ ဘုံ
  ၂ ... ဗြဟ္မပုရောဟိတာ ဘုံ
  ၃ ... မဟာဗြဟ္မာ ဘုံ

( ၂ ) ဒုတိယဈာန် ( ၃ ) ဘုံ
  ၄ ... ပရိတ္တာဘာ ဘုံ
  ၅ ... အပ္ပမာဏာဘာ ဘုံ
  ၆ ... အာဘဿရာ ဘုံ

( ၃ ) တတိယဈာန် ( ၃ ) ဘုံ
    ၇ … ပရိတ္တာသုဘာ ဘုံ
    ၈ ... အပ္မမာဏာသုဘာ ဘုံ
    ၉ ... သုဘကိဏှာ ဘုံ

( ၄ ) စတုတ္ထဈာန် ( ၇ ) ဘုံ ရှိပါတယ် …။
      ၁၀  ... ဝေဟပ္ဖိုလ် ဘုံ
     ၁၁ ... အသညသတ် ဘုံ
     ၁၂ ... အဝိဟာ ဘုံ
     ၁၃ ... အတပ္ပါ ဘုံ
     ၁၄ ... သုဒဿာ ဘုံ
     ၁၅ … သုဒဿီ ဘုံ
     ၁၆ ...  အကနိဋ္ဌ ဘုံ

ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိပြီး
ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြါတယ် ....

ပထမဈာန် ( ၃ ) ဘုံ 

ဗြဟ္မပါရိသဇ္ဇာ
((( မဟာဗြဟ္မာမင်း၏ ကျေးကျွန်အစေအပါးပရိသတ် ဖြစ်ကြသောဗြဟ္မာငယ်များ  )))

ဗြဟ္မပုရောဟိတာ
((((မဟာဗြဟ္မာမင်း၏ မှူးမတ်ကြီးများ ပုရောဟိတ်ကြီးများသဖွယ်ဖြစ်သော ဗြဟ္မာလတ်များ ))))

မဟာဗြဟ္မာ
ပါရိသဇ္ဖာ၊ ပုရောဟိတာဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာကြီးဖြစ်သည်။ စကြ၀ဠာတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ကို အစိုးရကြ၍ မြင့်မြတ်သာလွန်သော အဓိပတိဗြဟ္မာပင် ဖြစ်သည်။

ကမ္ဘာတည်စကတည်ရှိသော ဤမဟာဗြဟ္မာကြီး ကိုပင် အခြားသော ဘာသာဝင်များက `ထာဝရ ဘုရား´ဟုခေါ်ကြသည်။

 ( ဗြဟ္မာမင်းကို အောက်တန်း ဗြဟ္မာတို့က တမင်ကိုယ်ထင်မပြလျှင် မမြင်နိုင်ကြပေ )

ပထမဈာန်ရ ဗြဟ္မာတို့ နေထိုင်ရာဘုံ များမှာ အဆင့်ဆင့် မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြပေမယ့် အသက် အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော ကျင့်စဉ် အားလျော်စွာ ကွာခြားကြပါတယ်။

ဘုရားရှင်အောင်နိုင်တော်မူတဲ့  အောင်ခြင်း ရှစ်ပါးထဲက ပကဗြဟ္မာကြီးဟာ ပထမဈာန်ဘုံကပါ …

သူဟာအခြွေအရံပေါတယ် .. ဘုန်းတန်ခိုးကြီးတယ် …ပြီးတော့ ကမ္ဘာပေါင်းများစွာ အသက်ရှင်တဲ့အတွက် …  ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်အမြဲ၏ ၊ ထာဝရခိုင်ခံ့တည်တံ့၏  စသည်ဖြင့်  သဿသမိစ္ဆာဒါဌိအယူကို စွဲယူနေတဲ့ ဗြဟ္မာကြီးပေါ့ ….

မြတ်စွာဘုရားက ပကဗြဟ္မာကြီးရဲ့  မိစ္ဆာဒိဌိစိတ်အကြံကို သိတော်မူတော့ ဗကဗြဟ္မာကြီးကို ဆုံးမကယ်ချွတ်ရန် ဗြဟ္မာပြည်သို့ ကြွတော်မူခဲ့ပါတယ်….  မြတ်စွာဘုရားကိုမြင်လျှင် ဗကဗြဟ္မာကြီးက …

အသျှင်မြတ် လာပါလော့၊ အသျှင်မြတ် (အသျှင်မြတ်၏) လာခြင်းသည် ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ်ဤဗြဟ္မလောက သို့ လာခြင်း၏ အလှည့်ကို ကြာမြင့်မှပင် ပြုဘိ၏၊

အသျှင်မြတ် ဤဗြဟ္မလောကသည်မြဲ၏၊ ဤဗြဟ္မ လောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည်သီးသန့်ဖြစ်၏၊ ဤဗြဟ္မ လောကသည် ရွေ့လျောခြင်းသဘော မရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သောထွက်မြောက်ရာလည်း မရှိ ဟု ဆို၏။

ဒီအခါမှာ ထက်ရပ် ၀န်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိသတ်ရှေ့မှာ မြတ်စွာဘုရားက  အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား ...
မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊
မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊
မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊
သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊
ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။
 (ပထမဈာန်) ဗြဟ္မာဘုံလောက၌ ပဋိသန္ဓေ နေသူ၊ အိုသူ၊ သေသူ၊ ရွေ့လျားသူ၊ တဖန်ရောက် လာသူများ ရှိနေပါလျက် မရှိဟုလည်းဆို၏ ၊
ဤ ပထမဈန်လောကမှ တပါး ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဗြဟ္မာဘုံလောကများ၊ မဂ်ဖိုလ်နှင့် နိဗ္ဗန်ဟူသော သာလွန် မြင့်မြတ် သောထွက်မြောက်ရာ များရှိပါလျက် မရှိဟုလည်းဆို၏ စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန် တော်မူလေသည်။

ထိုအခါ ဗကဗြဟ္မာက .... ရဟန်းကြီး……ဤလောက၌ သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏ တို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါးအခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြ၏ ။ သင် သည် အခြားလွတ် မြောက်ရာကို တွေ့လိမ့်မည်မဟုတ်’ ဟုပြောဆိုပြန်လေသည်။

 မြတ်စွာဘုရားက- ဗြဟ္မာ… ဤပထမဈာန်ဘုံလောကမှ တပါးသော ဘုံဘ၀ လောကများ ရှိသေးသည် သာ။ သင်သည်အာဘဿရ ဗြဟ္မာ့ဘုံဘ၀မှ စုတေခဲ့၍ ဤပထမဈာန်ဘုံဘ၀သို့ ရောက်လာ ရသူဖြစ်၏။ ထိုအာဘဿရဘုံဘ၀ကို သင်ကမသိမမြင်တော့သော်လည်း ငါဘုရားသိမြင်၏ …. 

ထိုမျှမက ဗက ဗြဟ္မာ၏ ရှေးဘ၀က ကျင့်ခဲ့သော တရားများ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဘကိဏှဘုံ ၊ အာဘ ဿရ ဘုံများ ၌ ဗကဗြဟ္မာဖြစ်ခဲ့ ပုံများ၊ ရှေးလူဘ၀တွင် ဗကဗြဟ္မာလောင်း ရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ် ကံများ ကိုပါ အကျယ်တ၀င့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ်ဘ၀ဖြစ်စဉ်မျာိးကု ထင်မြင်မှတ်မိ သတိရလာလေ၏ ။

ထို့ပြင် မြတ်စွာဘုရားက ဓါတ် ( ၆ ) ပါးတရားကို ဆက်လက်ဟောပြတော်မူရာ-
ဗကဗြဟ္မာကြီးသည် မိမိ၏ သဿသမိစ္ဆာဒိဌိအယူဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်မထားနိုင် တော့ချေ။ သို့ရာတွင် မိမိ၏အရှုံးကို ဖုံးကွယ်လို၍ တန်ခိုးချင်းပြိုင် ရန်ပြောဆိုသည်။

ရဟန်းကြီး…..သင်၏ အရှေ့မှောက်၌ ယခုပင် ကျွန်ုပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလော့ ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက

သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့ ဟုမိန့်၏

သို့သော် … ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်ဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် ပဒေသာပင်အတွင်းသို့ ၀င်၍ ပုန်းအောင်းနေ၏ ။

သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏ ။

မကြံသာသည့်အဆုံး ဆောင့်ကြောင့်ထိုင်နေသော ဗကဗြဟ္မာကို ဗြဟ္မာများက ပြောင်လှောင်သဖြင့် ဗကဗြဟ္မာကြီး မျက်နှာ မသာမယာ ရှိလေတော့သည် ။

ဗြဟ္မာ…….သင် မပုန်းကွယ်နိုင်လျှင် ငါဘုရားပုန်းကွယ်ပြမည် ဟုမြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်စေတော်မူ လျက် တရားဓမ္မကို ဟောပြတော်မူလေ၏ ။

 မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင် ကျွတ် တမ်း ၀င်ကြလေသည်။
ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေ တော့ သည်။

( ၂ ) ဒုတိယဈာန် ( ၃ ) ဘုံ 

ပရိတ္တာဘာဘုံ
အပ္ပမာဏာနှင့် အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ကိုယ်ရောင်မတောက်ဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာ တို့နေထိုင်ရာဘုံကို ပရိတ္တာဘာဘုံ ဟုခေါ်သည်။

အပ္ပမာဏာဘာ
အတိုင်းအရှည် ပမာဏကို မပြောပြနိုင်လောက်အောင်ပင် များလှစွာသော ကိုယ်ရောင် ကိုယ်ဝါရှိသော ဗြဟ္မာ တို့နေထိုင်ရာဘုံကို အပ္ပမာဏာုဘာ ဘုံဟု ခေါ်သည်။

အာဘဿရာဘုံ
တိမ်တိုက်မှ လျှပ်စီးများ ကွန့်မြူး၍နေသကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါများသည်လည်း စိတ်ကြည်လင်သည်နှင့်အမျှ ခန္ဓာကိုယ်မှ တလျှပ်လျှပ် ထွက်ပေါ်နေကြသော ဗြဟ္မာများဖြစ်သည်။

ဤသုံးဘုံမှာ ဒုတိယဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။
ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။

( ၃ ) တတိယဈာန်ဘုံ ( ၃ ) ဘုံ 

ပရိတ္တာသုဘာဘုံ
အောက်ဘုံများမှ ဗြဟ္မာများထက် ကိုယ်ရောင်ကိုယ်ဝါ သာလွန်သော်လည်း အထက်ဗြဟ္မာများ ကဲ့သို့ မတောက်ပသော ဗြဟ္မာများဖြစ်သည်။

အပ္မမာဏာသုဘာဘုံ
အတိုင်းမသိ၊ ပမာဏမရှိ၊ တင့်တယ်သည့် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာများဖြစ်သည်။

သုဘကိဏှာဘုံ
တင့်တယ်သည့် ကိုယ်ရောင်ကိုယ်ဝါဖြင့် ရောပြွန်းသော ဗြဟ္မာများဖြစ်သည်။ (မှတ်ချက်။ ။ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။)

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ 

( ၄ ) စတုတ္တဈာန်ဘုံ ( ၇ ) ဘုံ 

ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ  ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ ၊ သုဒဿာဘုံ ၊ သုဒဿီဘုံ
အကနိဋ္ဌဘုံ ဟူ၍ စတုတ္ထဈာန် ၇-ဘုံ ရှိ၏။

ဝေဟပ္ဖိုလ်ဘုံ

ပြန့်ပြောကြီးမားသောအကျိုးရှိသော ဗြဟ္မာကြီးများ၏ ဌာန

အသညသတ်ဘုံ

စိတ်, စေတသိက်တို့ မရှိဘဲ ရုပ်ခန္ဓာကြီးသာရှိသော ဗြဟ္မာကြီးများ၏ ဌာန

အသညသတ်ဗြဟ္မာ

လူပြည့်တွင်ကျင့်ကြံအားထုတ် လျှက် ...  ဈာန်ရပြီသောအခါ တချို့က စိတ်ဝိညာဉ်နှင့်အမှတ် သညာရှိ၍သာ မြင်ချင်၊ ကြားချင်၊ နံချင်၊ စာချင်၊ တွေ့ချင်၊ ထိချင်၊ သိချင်သော သဘောများဖြစ်နေရသည်။ စိတ်နှင့်သညာသာမရှိလျှင် အင်မတန် အေးမြပေလိမ့်မည် ဟု စိတ်နှင့် သညာအပေါ် အတော်များစွာ အပြစ်မြင်နေ၏။

ထိုသို့ အပြစ်မြင်သည့် အတိုင်းပင် စိတ်သည် စက်ဆုပ်ဖွယ်၊ စိတ်သည်စက်ဆုပ်ဖွယ် ဟု ကြပ်ကြပ် အပြစ်ရူမိသောအခါ  သညာဝိရာဂ - ဘာဝနာ ခေါ် စိတ်သညာနှင့် နာမ်အားလုံးကို ရွံမုန်းသော ကမ္မဋ္ဌာန်းတစ်မျိုး ပေါ်လေသည်။

ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ်ဗြဟ္မာ့ဘုံ၌ ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ မသိတော့၊ ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ်၊ တချို့က ထိုင်၊ တချို့က အိပ်လျက် နေလေသည်။

 ဤဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှာ တပြင်တည်း ရှိ၏။

အဝိဟာဘုံ = မိမိတို့ဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းများစွာကြာအောင် တည်နေသော ဗြဟ္မာကြီးများ၏ ဌာန

အတပ္ပါဘုံ = မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာကြီးများ၏ ဌာန

သုဒဿာဘုံ = အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်ဖွယ်အလွန်ကောင်းသော) ဗြဟ္မာကြီးများ၏ ဌာန

သုဒဿီဘုံ = သူတစ်ပါးကို ပကတိစက္ခု၊ ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာကြီးများ၏ ဌာန

အကနိဋ္ဌဘုံ = စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သောသဘော မရှိကြ၊ အထက်တန်းကျသော ဗြဟ္မာကြီးများ၏ ဌာန

ဤအဝိဟာဘုံမှ အကနိဋ္ဌဘုံ ၅-ဘုံကို စင်ကြယ်သော ပုဂ္ဂိုလ်များ၏နေရာ သုဒ္ဓါဝါသ ၅-ဘုံဟု ခေါ်၏။
အနာဂါမ်ပုဂ္ဂိုလ်များမှာ ဤဘုံများတွင် ဖြစ်၏။

အရူပဘုံ (အရူပဗြဟ္မာ ၄-ဘုံ)

အရူပဗြဟ္မာ

ဤဗြဟ္မာလောင်းတို့ကမူ ဈာန်ရိုးရိုး ရပြီးနောက် ရုပ်ခန္ဓာ ကြီးရှိနေ၍သာ အရာရာ အပြစ်များရ ဆင်းရဲဒုက္ခ များရလေသည်။ စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြေ့ပေလိမ့်မည် ဟု ရုပ်ကို အပြစ်ရူကာ ဘာဝနာပွားများသောအခါ  ရူပ၀ိရာဂ - ဘာဝနာ ခေါ်သော ရုပ်ခန္ဓာကို ရွံမုန်းသော ကမ္မဋ္ဌာန်းတစ်မျိုးပေါက်လေသည်။

ထိုပုဂ္ဂိုလ်စုတေလျှင် အရူပဘုံဟုခေါ်သော ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ တည်ရှိလေတော့၏။ ဤစိတ်ဝိညာဉ်အစဉ်ကိုပင် အရူပဗြဟ္မာဟု ခေါ်ဝေါ်ရလေသည်။

(ဘာသာခြားတို့ကမူ ဤဗြဟ္မာ ၂-မျိုးကို ယုံကြည်ဖို့ ခဲယဉ်းပေလိမ့်မည်။)

ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံဆိုသော်လည်း တကယ့်ဘုံဗိမာန် ရှိသည်မဟုတ်။

( ၁၇ ) အာကာသာနဉ္စာယတနဘုံ
 အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသေန္ဓေတည်နေလျက် ... ကမ္ဘာနှစ်သောင်း အသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၁၈ ) ၀ိညာဏဥစ္စာယတနဘုံ
 ဝိညာဏဉ္စယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် ကမ္ဘာလေးသောင်း အသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၁၉ ) အာကိဉ္စာညာယတနဘုံ
 အာကိဉ္စညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။ကမ္ဘာခြောက်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊

( ၂၀ ) နေဝသညာနာသညာယတနဘုံ
 နေဝသညာနာသညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။ ကမ္ဘာရှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ ဟုခေါ်သည်။
ဤ ၄-ခုမြောက်ဘုံကိုပင် ဘ၀ဂ်ဟုခေါ်သည်။

ဗြဟ္မာ့ပြည်၌ ဖြစ်ရသူတို့သည် အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ အောက်ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့်ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကြလေတော့သည်။ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန်ကုန်သောအခါ လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေနေကြရပြန်သည်။ သို့ရာတွင် ဈာန်မရမီက မိမိအားထုတ်ခဲ့သော ကုသိုလ်အဟုန်ကြောင့် ရုတ်တရက် အောက်တန်းမကျသေးဘဲ ဒွိဟိတ် တိဟိတ် ပုဂ္ဂိုလ် (ဒွိဟိတ် လူနတ်၊ တိဟိတ် လူနတ်)များ ဖြစ်ပြီးလျှင် ထိုလူနတ်အဖြစ်မှ တစ်ဆင့် ကံအကြောင်းမသင့်၍ လျှော့ကျရပြန်သောအခါ အပါယ် ၄-ပါး၌ ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင်များလည်း ဖြစ်ခွင့်ရှိကြလေပြန်သည်။

...........................................................................................................

ရူပါဝစရစိတ် ၁၅-ပါး
 
၁။ ရူပါဝစရ ကုသိုလ်စိတ် ၅-ပါး (ရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ ရူပဈာန်ကုသိုလ်စိတ်များ)
၂။ ရူပါဝစရ ၀ိပါက်စိတ် ၅-ပါး (ရူပဈာန်ကုသိုလ်၏ အကျိုးစိတ်များ)
၃။ ရူပါဝစရ ကြိယာစိတ် ၅-ပါး (ရူပဈာန်ရ ရဟန္တာတို့၏ ရူပဈာန်စိတ်များ)



ဤစိတ်တို့သည် ရူပဗြဟ္မာဘုံတို့၌ အများအားဖြင့် ဖြစ်ကြသော်လည်း ရူပကုသိုလ်စိတ်နှင့် ရူပကြိယာစိတ်တို့သည် လူ့ဘုံ၌လည်း ဖြစ်နိုင်ကြ၏။ 
ဈာန်ရသည်အထိ သမထဘာဝနာ ပွားများကြသော သူတို့၌ ဖြစ်နိုင်ကြ၏။ ရူပကုသိုလ်စိတ်တို့သည် ဈာန်ရသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်နှင့် အနာဂါမ်တို့၌ ဖြစ်ကြ၏။ 
 ရူပကြိယာစိတ်တို့သည် ဈာန်ရသည့် ရဟန္တာအရှင်မြတ်တို့၌ ဖြစ်ကြ၏။ ရူပါဝစရ ၀ါပါက်စိတ်တို့သည် ရူပဗြဟ္မာတို့၏ ပဋိသန္ဓေစိတ်များ ဖြစ်ကြ၏။

ဈာန်ဟူသည်မှာ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ(ဥပေက္ခာ)၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါတို့၏ အပေါင်းအစုဖြစ်၏။

ဝိတက် = ယှဉ်ဖက် စိတ်စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်းသဘော၊
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော
ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော
သုခ = ချမ်းသာသည့် ခံစားခြင်းသဘော
(ဥပေက္ခာ) = ချမ်းသာ ဆင်းရဲမဖြစ်ဘဲ အလယ်အလတ် ခံစားခြင်းသဘော
ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ စိုက်ဝင်တည်တံ့ခြင်းသဘော

ဤဈာန်အင်္ဂါစေတသိက်တို့သည် စိတ်နှင့်စေတသိက် အပေါင်းအစုက ဘာဝနာအာရုံ၌ စူးစိုက်၍ တည်နေကြရန် ဆောင်ရွက်ပေးကြ၏။

ပထမဈာန်တွင် ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါး ပါဝင်ကြ၏။
အလေ့အကျင့်များလာသည့်အခါ ၀ိတက်မပါဘဲ ဈာန်သို့တက်နိုင်၏။ ထိုဈာန်ကို ဒုတိယဈာန်ဟုခေါ်သည်။ 
တတိယဈာန်တွင် ၀ိစာရကိုပါ ထပ်ပယ်သဖြင့် ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးသာ ကျန်၏။ 
စတုတ္ထဈာန်တွင် ပီတိကိုပါ ထပ်ပယ်သဖြင့် သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးသာ ကျန်၏။ ပဉ္စမဈာန်တွင် သုခထက် ပိုမို သိမ်မွေ့သော ဥပေက္ခာနှင့် ဧကဂ္ဂတာဟူ၍ ဈာန်အင်္ဂါ ၂-ပါးသာ ပါဝင်၏။

ရူပါဝစရကုသိုလ်စိတ် ၅-ပါး

၁။ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန် ကုသိုလ်စိတ် ၁၊
၂။ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန် ကုသိုလ်စိတ် ၁၊
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန် ကုသိုလ်စိတ် ၁၊
၎။ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော စတုတ္ထဈာန် ကုသိုလ်စိတ် ၁၊
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန် ကုသိုလ်စိတ် ၁၊

ရူပါဝရစ၀ိပါက်စိတ် ၅-ပါးနှင့် ရူပါဝစရကြိယာစိတ် ၅-ပါးတို့ကို အထက်ပါအမည်များ အတိုင်းပင် ခေါ်ဆို၏။ `ကုသိုလ်စိတ်´နေရာ၌ `၀ိပါက်စိတ်´သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲပေးရန်သာ လိုအပ်၏။

ဤလူ့ဘ၀၌ ပထမဈာန်ရအောင် အားထုတ်သောသူသည် ထိုဈာန်မပျက်ဘဲကွယ်လွန်လျှင် ပထမဈာန်ဝိပါက်စိတ်ဖြင့် ပထမဈာန်ရူပဘုံ၌ ဥပပတ်ပဋိသန္ဓေဖြစ်ရ၏။ အခြားဈာန်ကုသိုလ်စိတ်တို့ကလည်း အလားတူ အကျိုးပေးကြပါသည်။

ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်(မေတ္တာရိပ်)
အရူပါဝစရစိတ် ၁၂-ပါး
 
၁။ အရူပါဝစရကုသိုလ်စိတ် ၄-ပါး (အရူပဈာန်ရ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၏ အရူပဈာန် ကုသိုလ်စိတ်များ)
၂။ အရူပါဝစရ၀ိပါက်စိတ် ၄-ပါး (အရူပဈာန် ကုသိုလ်၏ အကျိုးစိတ်များ)
၃။ အရူပါဝစရကြိယာစိတ် ၄-ပါး (အရူပဈာန်ရ ရဟန္တာတို့၏ အရူပဈာန်စိတ်များ)



အရူပါဝစရကုသိုလ်စိတ် ၄-ပါး

၁။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် ၁၊
၂။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ၀ိညာဏဉ္စာယတန ကုသိုလ်စိတ် ၁၊
၃။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော အာကိဉ္စညာယတန ကုသိုလ်စိတ် ၁၊
၎။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော နေ၀သညာနသညာယတန ကုသိုလ်စိတ် ၁၊

အရူပါဝစရ၀ိပါက်စိတ် ၄-ပါးနှင့် အရူပါဝစရကြိယာစိတ် ၄-ပါးတို့ကို အထက်ပါ အမည်များအတိုင်းပင် ခေါ်ဆိုပါသည်။ `ကုသိုလ်စိတ်´ နေရာ၌ `၀ိပါက်စိတ်´ သို့မဟုတ် `ကြိယာစိတ်´ဟု ပြောင်းလဲရန်သာလိုပါသည်။

အရူပဈာန်စိတ်များ ဖြစ်ပေါ်လာပုံ

ရူပါဝစရပဉ္စမဈာန်ကို ကောင်းစွာ လေ့ကျင့်ထားပြီးသောသူသည် ရုပ်ခန္ဓာ၏ အပြစ်ကိုမြင်၍ ရုပ်နှင့် မဆက်ဆံသော အရူပဈာန်ကို အလိုရှိသော် ကသိုဏ်းနိမိတ်ကို လျစ်လျူရူလျက် အာကာသဟူ၍ ကောင်းကင်ပညတ်ကို အာရုံပြုကာ ဘာဝနာပွားများရ၏။ ဈာန်ဇောကျသည့်အခါ အာကာသကို အာရုံပြုသော အာကာသာနဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် အာကာသာနဉ္စာယတနစိတ်(၀ိညာဏ်)ကို အာရုံပြု၍ ဘာဝနာဆက်ပွားလျှင် ဈာန်ဇောကျသည့်အခါ ၀ိညာဏဉ္စာယတနကုသိုလ်စိတ် ဖြစ်၏။

ထို့နောက်တစ်ဖန် ထိုအာကာသာနဉ္စာယတနစိတ်၏ စိုးစဉ်မျှ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုလျက် ဘာဝနာ ဆက်ပွားလျှင် ဈာန်ရောက်သည့်အခါ အာကိဉ္စညာယတနကုသိုလ်စိတ် ဖြစ်၏။

ဤတတိယ ရုပ္ပ၀ိညာဏ်ကို အာရုံပြု၍ နောက်တစ်ဆင့်မြင့်သော ဈာန်သို့ရောက်အောင် ဘာဝနာဆက်ပွားသော် နေ၀သညာနာသညာယတနကုသိုလ်စိတ် ဖြစ်၏။ ဤစိတ်သည် `သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်´ဟု ဆိုရလောက်အောင် အလွန်သိမ်မွေ့သော စိတ်ဖြစ်၏။

ရဟန္တာအရှင်မြတ်တို့က အထက်ပါနည်းအတိုင်း ရူပါဝစရပဉ္စဈာန် ကြိယာစိတ်ကို အခြေခံပြီးနောက် ဆက်လက်အားထုတ်သွားကြလျှင် အရူပါဝစရ ကြိယာစိတ်များကို ရရှိကြ၏။

အရူပါဝစရစိတ် ၁၂-ပါးလုံးပင် ပဉ္စမဈာန်စိတ်များ ဖြစ်ကြ၏။

ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်(မေတ္တာရိပ် )

 ( ၃၁ ) ဘုံအကြောင်းနှင့်စပ်လျှဉ်း၍ ..... အကိုးအကားတရားများ ကျမ်းများ ဆိုဒ်များ


 မောင်ဝိဇ္ဖာ "ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း"
ဓမ္မာစရိယဦးအေးနိုင်‎`ဗုဒ္ဓကျမ်းလာ နတ်ဒေ၀ါများ
ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်
(ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်) ကိုအထူးကိုးကားပါသည။်
အွန်လိုင်းမှတ်စုစာအုပ်စာမျက်နှာ
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ( အသေမြတ်ချင် သေနည်းသင်)
ပေတဝတ္ထုပါဠိ ၊ အဌကထာ (စတုမဟာရာဇ)
ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ္တံ
လောကပညတ္တိကျမ်း
(ဗုဒ္ဓဝင်အဋ္ဌကထာ)
မဃဒေဝ
အာဠာဝက သုတ်
အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)
http://www.nandathitsa.com/ .... များမှကိုးကားပါတယ်..