Tuesday, July 11, 2017

ကာမေသု မိစ္ဆာ ဖြစ်ကြောင်း

မောင်လေးညီမလေးတို့ရေ …
မာလု အကောင့်မှာ ကံငါးပါးထဲက လေးပါးအကြောင်းကို တင်ပြီးပါပြီ ။
နူးက ကာမေသု အကြောင်းကိုတော့ ရေးဘို့ရှောင်ခဲ့ပါတယ် ။
ဘာလို့လဲဆိုတော့ မိန်းခလေးတစ်ယောက် ဖြစ်တဲ့အတွက် ရေးရတာ အဆင်မပြေ ဘူးလေ ။ ဒါပေမယ့် ကာမေသုအကြောင်းတွေချတ်ဘောက်ကနေ လာလာမေးကြတယ် ပြီးတော့ ပိုစ့်တင်ဘို့ ခနခန လာပြောကြတယ် ။
.
လက်ရှိ အခြေအနေကလည်း တစ်ချို့သော ပြည်သူကို လမ်းပြနေကြတဲ့ အနုပညာရှင် တွေကစလို့ လူကြီး လူငယ် အမတ် ၀န်မင်းတွေအဆုံး က ကာမေသု အမှုကို ပျော်ရွှင် စရာ ဖျော်ဖြေမှု တစ်ခုလို ယုတ်ညံ့စွာ သတ်မှတ်နေကြတဲ့ နူးတို့မြန်မာ တစ်ချို့ အတွက် ရေးလိုက် ရတာပါ …
အမျိုးကောင်းသား သမီးတွေအတွက် ဖတ်၇တာအဆင်မပြေပေမယ့် အထူး သိသင့်တဲ့ အကြောင်းပါ …
.
အစ်မရေ သိချင်တာလေးရှိလို့ပါ
( 1 ) ယောက်ျားလေးအချင်းချင်း မိန်းကလေးအချင်းချင်း ကြို က်နေတာကို မိစ္ဆာဒိဋ္ဌိ ဖြစ်လား ငါးပါးသီလ မလုံရင်ရော မိစ္ဆာဒိဋ္ဌိ ဖြစ်လား
အစ်မရေ ဖြေပေးပါအုံး
ဒါမှမဟုတ် post တင်ပေးပါ အစ်မ အခုခေတ်က အဲ့လိုမျိုးတွေ တွေ့နေရတာ များနေလို့ပါ အစ်မတင်တာကို ဖတ်ပြီး အသိတရားတွေ ရလို့ ရငြားပေါ့ အစ်မရယ်
ကာမေသူကံဆိုတာက ကာမပိုင် ရှိမှ မြောက်တာ မဟုတ်ဖူးလားအစ်မ
.
( 2 ) အဖေက သမီးကို ကာမ အမှု ပြုတာ( နှစ်ဦးနှစ်ဖက်ကြည်ဖြူ )
အဓမ္မပြုတာ ( အလိုမတူ ) ကာမေသုကံ မြောက်လား။
.
( 3 ) အချောက်တွေ ယောက်ျားယူရင် ကာမေသူမြောက်လား ။
.
( 4 ) ကျွန်တော်တို့မလေးမှာဆို လူအများစုက သမီးရီးစားဆိုတာ မရှိဘူး တွေ့တာနဲ့ လင်မယားတန်းပြီး ဖြစ်ပျက် ကြတယ်။ တစ်ချို့မိန်းခလေးတွေ မိန်းမတွေ ယောက်ျားတွေဆို ရောက်ပြီး သုံးလ မပြည့် ဘူး မြန်မာပြည်မှာ အိမ်ထောင်တွေနဲ့ ဒီမှာလည်း မလေးရှား လင်မယား လုပ်နေကြတယ်။ အထူးသဖြင့် အိမ်ထောင်သည်ချင်း ၊ အပျို လူပျို နဲ့ အိမ်ထောင်သည် မိန်းမယောက်ျား တွေ ၊ ပြီးတော့ အပျို လူပျိုချင်း အတူနေကြတာတွေ ပြီးရင် ဒီလူနဲ့ပြတ် နောက်လူနဲ့ လိုက်အိပ် ပေါ့ အမ ။ အဲ့တာတွေအတွက် ပိုစ့်လေးရေးပေးပါအမ ။
.
( 5 ) ရဟန်းတစ်ပါးကြောင့် အမျိုးသမီးတစ်ယောက် အရှက်တစ်ကွဲ မဖုံးနိုင် မဖိနိုင်ဖြစ်ရင် ဒီရဟန်းမှာဘာကံမြောက်လဲ ဖြေပေးပါအမ ။
.
ဒီမေးခွန်း ငါးခုကို ဖြန့်လိုက်ရင် မေးခွန်းက ၁၅ခုလောက် ဖြစ်သွားမယ် ထင်ပါတယ်။
နံပါတ်စဉ်မဟုတ်ပေမယ့် ကာမေသုနဲ့ ဆိုင်တာအားလုံးကို ရေးပေးလိုက်ပါတယ်။
.
★ ကာမေသုဆိုတဲ့ အဓိပါယ်ကို ပိဋကတ်တော်တွေမှာဖွင့်ထားတာကတော့ …
ကာမေသူတိ မေထုနသမာစာရေသု။ မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။ [ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄]
ကာမေသူတိ - ကာမေသု ဟူသည်ကား၊
မေထုနသမာစာရေသု - မေထုန်အကျင့်တို့၌။
မိစ္ဆာစာရောတိ - မိစ္ဆာစာရဟူသည်ကား၊
ဧကန္တနိန္ဒိတော - စင်စစ်ကဲ့ရဲ့ထိုက်သော၊
လာမကာစာရော- ယုတ်မာသောအကျင့်တည်း။
.
★ ဆိုလိုတာက ယုတ်ညံ့သော လူ့အသိုင်းအ၀ိုင်းက လက်မခံ ကဲ့ရဲ့သော မေထုန် အမှုကို ပြုကျင့်ခြင်းကို ကာမေသု မိစ္ဆာ လို့ခေါ်တာပါ ….
တစ်နည်း …. ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းကို ကာမေသုမိစ္ဆာစာရ လို့ ခေါ်ပါတယ် ။
.
★ ယောင်္ကျားများသည် လက်ရှိမိမိတို့ပေါင်းသင်းနေတဲ့ မိမိ၏ ဇနီးမှတစ်ပါး အခြား ပိုင်ဆိုင်သူ အုပ်ထိန်းသူရှိသည့် မိန်းမတို့နှင့် ဖောက်ပြန်လျှင်၊
ကာမပိုင် မရှိသေးသော ယောက်ျားလေးများသည် မည်သည့် မိန်းခလေး နှင့်မဆို လက်မထပ် ပဲ ပေါင်းသင်းလျှင်
.
★ ထို့အတူ မိန်းမသည်လည်း မိမိ၏ လက်ရှိပေါင်းသင်းဆက်ဆံနေဆဲ့ လင်ယောင်္ကျားမှ တစ်ပါး အခြားပိုင်ဆိုင်သူ အုပ်ထိန်းသူရှိသည့် ယောင်္ကျားတို့နှင့် ဖောက်ပြန်လျှင် ကာမေသု မိစ္ဆာစာရ ဖြစ်သည်လို့ ယေဘုယျ မှတ်သားထားရပါမယ်။
.
★ ကာမေသုကံ မြောက်ကြောင်း အင်္ဂါ လေးပါးရှိပါတယ်။
( ၁ ) မသွားလာထိုက်သော မိန်းမ - ယောက်ျားဖြစ်ခြင်း
( ၂ ) မသွားလာထိုက်သော မိန်းမ ယောက်ျားတို့မှန်းသိလျှက် ကာမ မှီဝဲလိုစိတ်ရျှိခြင်း
( ၃ ) တစ်ကယ်လည်း လုံလပြုမှီဝဲခဲ့ခြင်း
( ၄ ) ကာမအမှုပြုခြင်းကို သာယာခြင်း စတဲ့ အင်္ဂါလေးပါးစုံမှ ကာမေသုမိစ္ဆာစာရကံ မြောက်ပါတယ်။
.
မသွားလာထိုက်တဲ့ မိန်းမ ( ၂၀ ) ပါးရှိပါတယ် ( ပိုစ့်ရဲ့ အောက်ခြေမှာ တင်ပေးထားပါ့မယ် ) ။ ဒီအပါး ( ၂၀ ) ကို ချုံ့လိုက်ရင်
.
★ ကာမပိုင် ရှိသူနဲ့
★ ကာမပိုင်မရှိသူ ဆိုပြီး …. နှစ်ပိုင်းကွဲပါတယ်
.
★ ကာမပိုင်ရှိသူ
.
ကာမပိုင် ရှိသူအမျိုးသမီးများ ကတော့ မိမိ ကာမပိုင် ခင်ပွန်းက လွဲပြီး မည်သူနဲ့ ပဲ ကာမအမှုကို ပြုပြု ကာမေသုဖြစ်ပါတယ် ။
.
★ ကာမပိုင် မရှိသူ -
.
အိမ်ထောင်မရှိတဲ့ ( သို့မဟုတ် ) အိမ်ထောင်မရှိသေးတဲ့ မိဘမောင်နှမ ဆွေမျိုး ကျောင်း တရားစခန်း စတာတွေကို အမှီပြုနေတဲ့မိန်းမ
( ဆိုလိုတာက …. အိမ်ထောင်မဲ့ ( အကြောင်းကြောင့်ကြောင့် အိမ်ထောင်ပျက် ၊ ယောက်ျားသေ ) စတာတွေ နဲ့ အိမ်ထောင်မကျ သေးတဲ့ အပျိုတွေဟာ မိဘဆွေမျိုးတွေနဲ့ ဒါမှမဟုတ် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ စောင့်ရှောက်မှုနဲ့ နေကြတယ် ၊ ဒါတွေကိုပြောတာပါ။ )
.
ဒီလိုမိန်းမတွေဟာ မိဘစသည်တို့ စောက်ရှောက်သည် ဆိုသော်လည်း သူစိမ်းယောက်ျား မစော်ကားနိုင်ရုံသာ စောက်ရှောက်ခြင်းဖြစ်ပြီး စောင့်ရှောက်သူများဟာ ဒီမိန်းမတွေရဲ့ ကာမကို မပိုင်ပါဘူး ။ ဒီမိန်းခလေးတွေဟာ မိမိတို့ကာမကို မိမိတို့သာပိုင်ကြပါတယ် ။
.
ဒီလိုမိန်းခလေးတွေဟာ မိမိကာမကို လွပ်လပ်တဲ့ တစ်ပါးသူကိုပေး တဲ့ အခါ မိန်းမမှာ ကာမေသု မဖြစ်ပါဘူး ။
.
ယောက်ျားလေးမှာသာ သူတစ်ပါး အမျိုးကောင်းသမီးကို လက်မထပ်ပဲ စောင့်ရှောက်သူ မသိအောင် တိတ်တဆိတ် ခိုးယူပေါင်းသင်းတဲ့ အတွက် ကာမေသုဖြစ်ပါတယ် ။
.
★ မိမိကာမကို တန်ဘိုးမဲ့ လိုက်ပေးတဲ့ မိန်းခလေးဟာ ကာမေသု မဖြစ်ပေမယ့်လည်း ။
ကာမေသုထက် အဆမတန်ဆိုးရွားတဲ့ ….
အဆင့်အတန်း အလွန် နိမ့်ကျတဲ့ အရှက်နည်းခြင်း သိက္ခာမဲ့ခြင်း အမျိုးဂုဏ်ကို မစောင့် ထိန်းခြင်း ယုတ်ညံ့သော ကာမကြူးသော မိန်းမဖြစ်ခြင်း ။
မိမိက ယောက်ျားတစ်ကာနဲ့ ကာမ ပြုခဲ့တာကို လိမ်လည်ပြီး အခြားတစ်ပါးယောက်ျားကို လှည်းကျိုး ထမ်းခိုင်းခြင်း စတဲ့ မြောက်များစွာသော အကုသိုလ် ကံတွေအပြင် မိမိဘ၀ တစ်လျှောက်လုံး မိမိကိုယ်ကို အပျိုပါလို့ အထပ်ထပ် လိမ်လည် ရတဲ့ ယုတ်ညံ့မှု တွေ အတွက် အပါယ်ငရဲကိုကျရမှာပါ ။
.
မိမိကာမကို ပေးခံရတဲ့သူဟာ မလွပ်လပ်တဲ့ အိမ်ထောင်သည်
( နိုင်ငံခြားမှာ ရောက်နေပေမယ့်လည်း မိမိဇနီး နေ့စဉ် ပြောဆို နဲ့ ထိတွေ့ နေတဲ့ မပြတ်စဲတဲ့ အိမ်ထောင်သည် )
သို့မဟုတ် စေ့စပ်ပြီးသူ ယောက်ျား ဖြစ်ရင်တော့ ဒီမိန်းမဟာ အပေါ်က အပြစ်တွေအပြင် ကာမေသုပါ ဖြစ်ပါတယ်။



★ အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ လက်မထပ်ခင် မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံ လျှင် ၊ တစ်ကယ်လည်း မယားမှတ်မှတ် သားမှတ်မှတ် တစ်ဘ၀လုံး ပေါင်းသင်းလျှင် (မိဘ သဘောတူတူ, မတူတူ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာ မြောက်၍ ယောက်ျား ကံ မထိုက်။
.
အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်။
.
ဤကာမေသု မိစ္ဆာစာရ အရာ၌ သွားလာအပ်သူ (ဆက်ဆံဘက်)က သီလ စသော ဂုဏ်နှင့် ပြည့်စုံလျှင် အပြစ်ကြီး၏။
သီလ စသော ဂုဏ်ကင်းလျှင် အပြစ်ငယ်၏။ [အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊]
.
သီလစသော ဂုဏ်ကင်းသူ၌လည်း အနိုင်အထက် ပြုကျင့်လျှင် အပြစ်ကြီး၏။ နှစ်ဦးသဘောတူ၍ ကျူးလွန်ရာ၌ အပြစ်ငယ်၏။
.
နှစ်ဦးသဘောတူ ဆက်ဆံရာ၌လည်း ကိလေသာ အားကြီး, မကြီး၊ လုံ့လ အနည်း အများ လိုက်၍ အပြစ်အကြီး အသေးကွာခြား၏။ [ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀]



.
ကာမ အမှုကိုပြုရာမှာ ဓမ္မတာမဟုတ်တဲ့ နည်းတွေနဲ့ ပြုခြင်းဖြစ်တဲ့ …
ပဿာဝမဂ် (vagina) ကျင်ငယ်သွားရာ လမ်း
ဝစ္စမဂ် (anus) ကျင်ကြီးသွားရာလမ်း
မုခမဂ် (mouth) ပါးစပ် စတဲ့ မဂ် သုံးပါးမှာကျူးလွန် သူများဟာလည်း ကာမေသု ဖြစ်ပါတယ် ။
.
ဒါကြောင့် အချောက် အချင်းချင်း ၊ ယောက်ျား ချင်း မိန်းမချင်း ၀စ္စမဂ်, မုခမဂ် တို့မှာ
သွားလာလွန်ကျူးလျှင် ကာမေသု မိစ္ဆာစာရ ဖြစ်ပါတယ်။
.
ဒီလိုလူတွေဟာ သူတို့ရဲ့အတိတ်ဘ၀က ကာမေသုကံတွေကြောင့် ဒီဘ၀မှာ ယောက်ျား စင်စစ်ဖြစ်သော်လည်း ပဏ္ဍုတ်ဖြစ်နေပါလျှက်နဲ့ ဒီဘ၀ပါ ထပ်ခါ ရှောင်မထွက် နိုင်ပဲ ကာမေသုအမှုကိုပြုနေသူတွေ ဖြစ်ပါတယ်။
.
နှစ်ထပ်ကွမ်းကာမေသုတွေလို့ ပြောရပါမယ် ။ ဆိုးလှပါတယ်။ ရုန်းထွက်နိုင်အောင်ကြိုးစားရင် အပြစ်ငယ်တဲ့အတွက် လွတ်ပါတယ်။


★ အရူးမကို မိဘ ဆွေမျိုး ဆေးရုံ အုပ်ထိန်းသူ ရှိလျှင်ကာမေသုမြောက်ပါတယ် ။
ယောက်ျားတစ်ယောက်ကို မိန်းမတွေက ကြိုးတုတ်ပြီး ကျူးလွန်ရင် မိမိပယောဂ မပါပေမယ့် ။
မိမိက သာယာလို့ကိစ္စပြီးမြောက်ရင် ကံမြောက်ပါတယ်။
မိမိကမသာယာပဲ ဘာခံစားမှု မှမဖြစ်ရင် မိန်းမတွေက ဘာဆက်လုပ်လို့ ရမှာတုန်း။


.
★ မိမိဇနီးပင် ဖြစ်လင့်ကစား လွန်လွန်ကဲကဲ ယုတ်ယုတ်မာမာ ပြုကျင့်လျှင် ကာမေသု မိစ္ဆာစာရ ကံထိုက်ကြောင်း ရှေးဆရာအဆက်ဆက် ဟောတော်မူပါတယ်။
.
(၁) မိမိမိန်းမ၏ ကိုယ်ဝန်အလွန်ရင့်သောအခါ၊
(၂)မိဘဆရာလူများတို့ မြင်ရသဖြင့် မသင့်တော်သည့်နေရာ၊
(၃) ကျင့်ရိုးမဟုတ်ဘဲ ဆန်းပြားသောနည်းဖြင့် လွဲမှားစွာပြုကျင့်သောအခါ၊
(၄) ဆေးဝါးသုံးပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ၊ ကာမေသု ဖြစ်ပါတယ်။
.


★ ကာ မေသုမိစ္ဆာစာရကံဟာ
မည်သူ့ကို မဆို အဓမ္မ ပြုကျင့်လျှင် ကာမေသုမိစ္ဆာ အဖြစ် သေလွန်တဲ့အခါ ငရဲဘုံကို တန်းပြီးရောက်ရပါတယ်
သီလမရှိသူကို ကျူးလွန်ခြင်းထက် သီလရှိသူကို ကျူးလွန်းခြင်းက သာ၍ အပြစ်ကြီးပါတယ်
နန္ဒလုလင်ဟာ ဥပ္ပလ၀ဏ် ရဟန္တာမကို လူခြေတိတ်ချိန်မှာ ကျောင်းပေါ်တက်ပြီး ကာမ အမှုကို ပြုကျင့်ပြီး ကျောင်းပေါ်ကပြန်အဆင်းမှာ လှေခါးရင်းမှာ မြေမျိုပြီးသေရပါတယ်။



★ ကာမပိုင်ရှိသော မိန်းမ ယောက်ျား တွေဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ ကျူးလွန်ရာ မှာလည်း ကာမေသု မိစ္ဆာစာရ ကံ ဖြစ်ပါတယ်။
မလ္လိကာမိဖုရားကို ရှုပါ ။



★ မိမိမှာကာမပိုင် ရှိတဲ့ဘယ်ယောက်ျားမဆို ( မိမိကာမပိုင်မယား ခွင့်မပြုပဲ ) အပျော်မယ် ပြည့်တန်ဆာတွေနဲ့ပျော်ပါးရင် ကာမေသုကံ မြောက် ပါတယ်။
မိမိမယားက ခွင့်ပြုရင်တော့ ယောက်ျားမှာ ကာမေသုအဖြစ်ပါဘူး ။
သီရိမာ ဥတ္တရာ ကိုရှု



လွပ်လပ်တဲ့ယောက်ျားဟာ အပျော်မယ်တွေနဲ့ငွေပေးပျော်ပါးတာ ကာမေသုမဖြစ်ပါဘူး။



★ ရဟန်းတွေ မေထုန်မှုပြုရင် ပါရာဇိက ကျပါတယ် ရဟန်းဘ၀ကိုဆုံးရှုံး တဲ့အပြင် ဒီဘ၀ ဒီခန္တာနှင့် မဂ်ဖိုလ်မှ ဆုံးရှုံးခြင်းဖြစ်ပါတယ်။
ဒါပေမယ့် လူထွက်ပြီးတရားကျင့်ရင်တော့ မဂ်ဖိုလ်မတားပါဘူး။
.
( ရဟန်းတော်က ပါရာဇိက ကျရင် လူထွက်ရတယ်။ လူထွက်ခဲ့ရင် အဲ အပြစ်က ပြေပျောက်င်္ပြီ။ လူဝတ် နဲ့  တရားကျင့်ရင် တရားရနိုငတယ် ။ မဂ်ဖိုလ်မတားဘူး ( ရဟန်း ၀တ် နဲ့ ကတော့  သူဒီဘ၀ ဘယ်လို မှ မဂ်ဖိုလ်မရနိုင် ။ လူထွက်ပြီး လဲ ပြန်ဝတ်ကို မရ ) ပြဿ နာက လူဝတ် နဲ့  ရဟန္တာ ဖြစ်ရင်သာ နောက်ရဟန်း ပြန်ဝတ်လို့  မရလို့  ၇ရက်အတွင်း ပရိနိဗ္ဗာန် ပြုရမှာပါ ( လူဝတ်သည် ရဟန္တာရဲ့  ခန္ဓာကို မဆောင်နိုင် ) Crdt : အကိုတော် Ahmyin Hman


★ ဘုရင်တွေဟာ ချစ်ကြည်ရေးအတွက် သမီးတော်ဆက်သ၍ဖြစ်စေ အကြောင်းကြောင်းကြောင့် တော်ကောက်ပြီး တရားဝင် လက်ထပ်ယူ မိဖုရားမြှောက်လျှင် ကာမေသုမဖြစ်ပါ။
တိတ်တိတ်ပုန်းယူလျှင်တော့ ကာမေသုအပြင် မင်းကျင့်တရားကိုပါ ချိုးဖောက်ရာရောက်ပါတယ်။



★ အချုပ်ဆိုရရင် ယောက်ျားလေး တွေဟာ ကာမပိုင် ရှိရှိ မရှိရှိ တရားဝင် ပေါင်းသင်း လက်ထပ်တာ မဟုတ်ပဲ ဘယ်ကာမ အမှုကို မဆို ပြုရင် ကာမေသုဖြစ်ပါတယ် ။
အိမ်ထောင်ရှိတဲ့ သူက ပိုဆိုး တာပေါ့ ။
.
မိန်းမတွေကတော့ မိမိမှာ ကာမပိုင် မရှိလို့ မိမိကာမကို လွပ်လပ်သောယောက်ျားတစ်ယောက်ကို ပေးရင် ကာမေသုမဖြစ်ပေမယ့် တစ်ယောက်ထက်ပိုတဲ့ ယောက်ျားတွေကိုပေးနေရင်တော့ ပြည့်တန်ဆာနဲ့ နင်လား ငါလား ဖြစ်သွားပြီး သိက္ခာ ထိခိုက်နိုင်သလို လောက၀တ်ကို ချိုးဖောက်ရာ ကျပါတယ်။ လောက ကပေးတဲ့အပြစ်ကိုခံရမှာပါ။



★ မိမိမှာ ကာမပိုင်ရှိလျှက်နဲ့ မိမိကာမကို ပိုင်ဆိုင်သော မိမိ လင်ယောက်ျား မသိအောင် ကာမကို သူတစ်ပါးအား ခိုးပေးရင် ကာမေသုဖြစ်ပါတယ် ။



★ ပြီးတော့ ကာမပိုင် ရှိသော ယောက်ျားတစ်ယောက်ရဲ့ ကာမကို ၊ သူ့ရဲ့ ကာမ ပိုင်ရှင် မယား မသိအောင် ခိုးယူသုံးစွဲရင် ကာမေသုဖြစ်ပါတယ်။



★ ကာမေသု ဖြစ်ခြင်း တွေမှာသူ့ သီလ သမာဓိ ပညာအလိုက် ။ အခြေအနေ အချိန်ခါ စိတ်ခံစားမှု အလိုက် အကုသိုလ် အကြီးအသေးကွာပါတယ်။
.
ဒါပေမယ့် သူတစ်ပါး စိတ်နှလုံးကို ထိခိုက်စေမယ့် ယုတ်ညံ့တဲ့ ကာမအမှု ၊ လူ့အသိုင်းအ၀ိုင်း လက်မခံတဲ့ အမှု ၊ လူမှုရေးဖောက်ပြားမှု နဲ့၊ မုဒိန်းမှုတွေ ကတော့ အကြီး အသေး မရှိပါဘူး ငရဲကိုပဲ တန်းကျပါတယ် ။



★ သမီးရင်းကို ဖခင်က ကျူးလွန်ရာမှာလည်း
အဓမ္မပြုကျင့်လျှင် ကံမြောက်ပါတယ်
မိခင်ရှိနေပါလျှက် မိမိသမီးရင်ကိုပြုကျင့်လျှင် ကံမြောက်ပါတယ်။
မိခင်မရှိတော့ လို့ အခြား ညီအစ်ကို မောင်နှမ ဆွေမျိုးများ ခေါ်ယူစောင့်ရှောက်ထားတဲ့ သူဖြစ်ရင် ကံမြောက်ပါတယ်။
မိခင်မရှိတော့ပဲ အဖအိမ်မှာနေပြီး အဖအစောင့်ရှောက်နဲ့နေပြီး အဖက သမီးရင်း ကို ပြုလျှင် လည်းကံမြောက်ပါတယ်။
သီလရှင်ဖြစ်လို့ ဓမ္မရက္ခိတဖြစ်နေသူကို အဖကပြုကျင့်လည်း ကာမေသုမိစ္ဆာဖြစ်ပါတယ်။
.
အစောင့် အရှောက် မရှိ နှစ်ဦးသဘောတူ ဆိုရင် ကံမမြောက်ပါဘူး တဲ့ ။
ဒါပေမယ့် ဖခင် တစ်ယောက်လုံး ရှိတာ ဖခင်က အစောင့်ရှောက်ဖြစ်ရမှာဖြစ်တဲ့အတွက် အဓိပါယ်မရှိပါဘူး။
.
ထားပါတော့



★ ★ လူ့လောကမှာ သီလ နှစ်မျိုး ရှိပါတယ် ။
.
★ လိုက်နာရမယ့်သီလ = စာရိတ္တသီလ


★ ရှောင်ကြဉ်ရမယ့်သီလ = ၀ါရိတ္တ သီလ … တို့ပါ


ဘုရားရှင်က သိင်္ဂါလောဝါဒသုတ်မှာ မိဘကျင့်ဝတ်တွေကို ပြဆိုပြီး ဖြစ်ပါတယ်။


ဒါကြောင့် ဒီကျင့်ဝတ်တွေကိုမိဘများက မဖြစ်မနေ လိုက်နာရပါမယ် ။


.
★ အဖဟာ သမီးအပေါ် ကျင့်ရမယ့် ၀တ္တရားကို မကျင့်ပဲ ဇနီးအပေါ်ကျင့်သကဲ့သို့ ကျင့်နေတယ် ဆိုတာနဲ့ သူဟာ လောက၀တ် ဖောက်ပြန်နေသူဖြစ်တဲ့အတွက် စေတနာ ယုတ်မာလှပါတယ်။


.
ဒီလိုပဲ ညီအစ်ကို မောင်နှမရင်းချင်း ကျင့်ရမယ့် ကျင့်ဝတ်တွေကို မကျင့်ပဲ ဇနီး မယားလို ကျင့်ကြံကုန်ကြရင်လည်း လောက၀တ်ဖောက်ပြန်နေသူပါပဲ


.
လွန်ကျူးပြီးနောက် မှာလည်း သမီးရင်း မောင်နှမ ရင်း ဆိုတဲ့ အသိနဲ့ တစ်ဘ၀လုံး ပူပန် နေရမှာ ဖြစ်တဲ့အတွက် အချို့စည်းကမ်းအရ ကာမေသုမှ လွတ်နိုင်သော်လည်း အပါယ် သွားရမှာ သေချာပါတယ်။


.
★ ★ လူ့လောကမှာ လူသားတွေဟာ အပြစ်ပြု တဲ့အခါ


★ လောကအပြစ် နဲ့


★ ပညတ် အပြစ် …. ဆိုပြီး နှစ်မျိုး ပြုမိလေ့ ရှိပါတယ်။
.
★ တစ်ချို့နေရာတွေမှာ ဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ပညတ်အပြစ် မမြောက်လို့ လွတ်နိုင်ပေမယ့်


.
★ လောက၀တ် အားဖြင့် ကြီးလေးတဲ့ အပြစ်တွေဖြစ်တဲ့ အတွက် လောကပြစ် ဖြစ်တတ်တဲ့ အတွက် မပြုမိအောင် လိုက်နာ စောင့်ထိန်း သင့်ပါတယ် ။
မဟုတ်ရင်တော့ လောကကြီးက ပေးတဲ့အပြစ်ကို ခံယူရတော့မှာဖြစ်ပါတယ်။


.
ဒါကြောင့် နူးတို့ဘုရားရှင်ဟာ ကာမနဲ့ပါတ်သက်ပြီး ၀ိနည်းတွေ ပဉာတ်တွေ အများကြီး ချမှတ်ခဲ့ရပါတယ် …


…. ဣမသ္မိံ လောကေ ကာမသဒိသံ ဗန္ဓနံ နတ္ထိ-


ဤလောက၌ ကာမနှင့်တူသော နှောင်ဖွဲ့ခြင်းသည် မရှိဆိုတဲ့ ဘုရားဟော ဒေသနာတော်ကို သတိပြုဆင်ခြင်ကြပြီး မောင်လေး ညီမလေးတို့ကလည်း မိမိတို့ကိုယ်ကို …


.
စာရိတ္တ သီလ ပျက်ယွင်းနေပြီလား


ဝါရိတ္တသီလလို့ခေါ်တဲ့ ရှောင်ကျဉ် သင့်တဲ့သီလ တွေ ပျက်ယွင်းနေပြီလား


ဘုရားရှင်ပဉာတ်တော်မူခဲ့တဲ့ ကာမေသုမိစ္ဆာ ဆိုတဲ့ ကံငါးပါးထဲကတစ်ပါးဖြစ်တဲ့ ပဉာတ်ကံကို ချိုးဖျက် ကျူးလွန်နေပြီလား


လောက၀တ်တွေ ချိုးဖောက်ကျူးလွန်ပြီး လောက ကအပြစ်ပေးမယ့် အရာတွေပြုမိပြီလား စတာတွေကို ဆင်ခြင်တွေးတောပြီး


မဖြစ်သင့်သော မှားယွင်းမှုများ မဖြစ်စေရန်အတွက် မိမိကိုယ်ကို စောင့်ထိမ်းကြပါလို့ သတိပေးရင်း ……
.
.
ချမ်းမြေ့ကြပါစေရှင် ….
.
.
မသွားလာထိုက်သော မိန်းမ (၂၀) ……
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ်တူ လူတို့က စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမတို့သည် မိမိကာမကို မိမိပိုင်ဆိုင်သည့်အတွက် မိမိကာမကို သူတစ်ပါးအား ပေးသော်လည်း ကာမေသုကံမဖြစ်။ မိဘစသည်တို့ စောက်ရှောက်ဆိုသော်လည်း မစော်ကားနိုင်ရုံသာ စောက်ရှောက်ခြင်းဖြစ်၏။ ကာမကို မပိုင်။ ထို့ကြောင့် လွန်ကြူးကြရာတွင် မိန်းမမှာ ကာမေသု မဖြစ်၊ ယောင်္ကျားကား ကာမေသုကံ ဖြစ်သည်။ မိန်းမအား ကာမေသုကံ မထိုက်သော်လည်း အရှက်ကွဲခြင်း အကျိုးနဲခြင်း ဟူသော အပြစ်ကား ကာမေသုအပြစ်ထက် ကြောက်ဖွယ်ကောင်းရုံသာမက ပူပန်စိတ်ဖြင့် အပါယ်သွားရမည်မှာ သေချာနေ၏။
.
(၉)သာရက္ခ -ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊ (လက်မထပ်သေးသော်လည်း စေ့စပ်ထားပြီးသော မိန်းမ။)
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်းမ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
ထို (၁၂) ယောက်တို့၌ လွန်ကြူးလျှင် ယောင်္ကျားရော မိန်းမပါ ကာမေသု မိစ္ဆာစာရကံမြောက်သည်။ ယောင်္ကျားအတွက် မိမိ၏မယားမှ တစ်ပါး အထက်ပါ မိန်းမ (၂၀)လုံးတွင် ကာမေသုကံမြောက်သည်။
။။။။။။။။။။။။။။။။။။။။။။။။။
ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်း၏ အပြစ်များ-
၁။ အပါယ်လေးပါး လားရခြင်း၊
၂။ မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
၃။ မလိုမုန်းထားသူ ပေါများခြင်း၊ ရန်သူလည်းများခြင်း၊
၎။ ချမ်းသာမှ ကင်းဆိတ်ခြင်း၊
၅။ အစား အသောက်, အ၀တ် အထည်, အိပ်ရာနေရာ ရခဲခြင်း၊
၆။ အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ ယွင်းချို့သေးသိမ်ခြင်း၊
၇။ အမျက် ဒေါသကြီးခြင်း၊
၈။ လောကုတ္တရာတရား မရနိုင်ခြင်း၊
၉။ စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊ လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
၁၁။ ယောင်္ကျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
၁၂။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း၊
၁၄။ အသက်တိုခြင်း၊
၁၅။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
ဟူ၍ ဖြစ်ပါသည်။
.

No comments:

Post a Comment